လေ့လာရန် ဆောင်းပါး ၇
ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရအောင် လုပ်ပါ
“ခင်ဗျား ဘယ်လို ဖတ်ဖူးသလဲ။”—လု. ၁၀:၂၆။
သီချင်း ၉၇ ဘုရားစကားမှာ အသက်တည်
အကြိုသုံးသပ်ချက်a
၁။ ယေရှုအတွက် ကျမ်းစာ အရေးကြီးကြောင်း ဘာက ဖော်ပြသလဲ။
ယေရှု သွန်သင်ပေးတာကို နားထောင်ရတာ ဘယ်လို နေမလဲလို့ မြင်ယောင်ကြည့်ပါ။ ကျမ်းစာကို မကြာမကြာ ကိုးကားတယ်။ အလွတ်ကို ကိုးကားတာ။ နှစ်ခြင်းခံပြီးနောက် ဦးဆုံး ပြောတဲ့ စကားနဲ့ မသေဆုံးခင် နောက်ဆုံး ပြောတဲ့ စကားတချို့ဟာ ကျမ်းစာကနေ ကိုးကားထားတာ ဖြစ်တယ်။b (တရား. ၈:၃။ ဆာ. ၃၁:၅။ လု. ၄:၄။ ၂၃:၄၆) နှစ်ခြင်းခံပြီးကတည်းက မသေဆုံးခင်အထိ သုံးနှစ်ခွဲအတွင်း လူအများရှေ့မှာ အကြိမ်ကြိမ် ကျမ်းစာ ဖတ်ပြ၊ ကိုးကားပြ၊ အဓိပ္ပာယ် ရှင်းပြခဲ့တယ်။—မ. ၅:၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၇၊ ၂၈။ လု. ၄:၁၆-၂၀။
ကျမ်းစာကို ချစ်မြတ်နိုးကြောင်း၊ လက်တွေ့ကျင့်သုံးကြောင်း ဘဝတစ်လျှောက်လုံး ယေရှု ပြသ (စာပိုဒ် ၂ ကို ကြည့်ပါ)
၂။ ငယ်စဉ်တုန်းက ကျမ်းစာအကြောင်း ကောင်းကောင်း နားလည်ဖို့ ယေရှုကို ဘာက ကူညီပေးသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၂ အမှုဆောင်လုပ်ငန်း မစခင် နှစ်တွေတုန်းက ယေရှု အကြိမ်ကြိမ် ကျမ်းစာ ဖတ်ခဲ့တယ်။ ကျမ်းစာ ဖတ်ပြတာ ကြားခဲ့တယ်။ နေ့စဉ် မိသားစု စကားဝိုင်းမှာ ကျမ်းစာအကြောင်း မာရိနဲ့ ယောသပ် ပြောပြတာတွေကို ကြားခဲ့ရမှာ သေချာတယ်။c (တရား. ၆:၆၊ ၇) ဥပုသ်နေ့တိုင်း မိသားစုနဲ့အတူ တရားဇရပ် သွားတယ်။ (လု. ၄:၁၆) အဲဒီမှာ ကျမ်းစာ ဖတ်ပြတာကို ဂရုတစိုက် နားထောင်ခဲ့မှာပဲ။ နောက်ပိုင်း၊ ကိုယ့်ဘာသာကိုယ် ဖတ်တတ်လာတယ်။ ဒါကြောင့် ကျမ်းစာကို နှံ့စပ်ရုံသာမက ချစ်မြတ်နိုးလာတယ်။ လက်တွေ့ကျင့်သုံးတယ်။ ဥပမာ၊ အသက် ၁၂ နှစ်တုန်းက ဗိမာန်တော်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ မောရှေပညတ် ကျွမ်းကျင်တဲ့ ဆရာတွေက ယေရှု “အဖြေပေးပုံ၊ ဉာဏ်ထက်မြက်ပုံကို တအံ့တဩ ဖြစ်” ခဲ့ကြရတယ်။—လု. ၂:၄၆၊ ၄၇၊ ၅၂။
၃။ ဒီဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။
၃ ကျွန်တော်တို့လည်း ကျမ်းစာ မှန်မှန် ဖတ်တဲ့အခါ ကျမ်းစာအကြောင်း သိလာတယ်။ ချစ်မြတ်နိုးလာတယ်။ ဒါပေမဲ့ ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရအောင် ဘာလုပ်ရမလဲ။ ကျမ်းတတ်၊ ဖာရိရှဲ၊ ဇဒ္ဒုကဲတွေ အပါအဝင် ပညတ်တရား ကျွမ်းကျင်သူတွေကို ယေရှု ပြောတဲ့ စကားကနေ သင်ယူနိုင်တယ်။ အဲဒီဘာသာရေး ခေါင်းဆောင်တွေက ကျမ်းစာကို မကြာမကြာ ဖတ်ပေမဲ့ အကျိုးမရကြဘူး။ ပိုအကျိုးရအောင် လုပ်နိုင်တဲ့ နည်းသုံးနည်းကို ယေရှု ပြောတယ်။ ယေရှုရဲ့ စကားတွေက (၁) ဖတ်တာကို နားလည်ဖို့၊ (၂) ဘုရားရေးရာ ရတနာတွေ ရှာတွေ့ဖို့၊ (၃) ကျမ်းစာရဲ့ ပုံသွင်းမှု ခံယူဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။
နားလည်အောင် ဖတ်ပါ
၄။ လုကာ ၁၀:၂၅-၂၉ က ကျမ်းစာ ဖတ်ရှုခြင်းနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။
၄ ကျမ်းစာ ဖတ်တဲ့အခါ အဓိပ္ပာယ်ကို ကျွန်တော်တို့ နားလည်ချင်ကြတယ်။ နားမလည်ရင် အကျိုး အပြည့်အဝ ရမှာ မဟုတ်ဘူး။ ဥပမာ၊ “ပညတ်ကျမ်း နှံ့စပ်သူတစ်ယောက်” နဲ့ ယေရှု ပြောတဲ့ စကားကို စဉ်းစားကြည့်ပါ။ (လုကာ ၁၀:၂၅-၂၉ ကို ဖတ်ပါ။) ထာဝရအသက် ရဖို့ ဘာလုပ်ရမလဲလို့ အဲဒီလူ မေးတဲ့အခါ “ပညတ်ကျမ်းမှာ ဘာရေးထားသလဲ။ ခင်ဗျား ဘယ်လို ဖတ်ဖူးသလဲ” လို့ မေးပြီး ကျမ်းစာကနေ အဖြေရှာဖို့ ယေရှု ကူညီပေးတယ်။ ဘုရားနဲ့ လူလူချင်းကို ချစ်ရမယ်ဆိုတဲ့ ကျမ်းပိုဒ်တွေ ကိုးကားပြီး အဲဒီလူ အဖြေမှန် ပေးနိုင်တယ်။ (ဝတ်. ၁၉:၁၈။ တရား. ၆:၅) ဒါပေမဲ့ “ကျွန်တော် ချစ်ရမယ့် လူသားချင်းဟာ ဘယ်သူလဲ” လို့ သူ ဆက်မေးတာကို ကြည့်ရင် ဖတ်တာကို ကောင်းကောင်း နားမလည်ဘူးဆိုတာ ထင်ရှားတယ်။ နားမလည်တော့ ဘဝမှာ မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ဘူး။
နားလည်အောင် ဖတ်ရှုခြင်းဟာ တိုးတက်အောင် လုပ်နိုင်တဲ့ စွမ်းရည် ဖြစ်
၅။ ဆုတောင်းခြင်း၊ ဖြည်းဖြည်းမှန်မှန် ဖတ်ခြင်းက ဖတ်တာကို ပိုနားလည်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၅ ဖတ်ရှုလေ့လာမှု အလေ့အထကောင်း ရှိရင် ကျမ်းစာကို ပိုနားလည်နိုင်တယ်။ အကြံပြုချက်တချို့ကို စဉ်းစားကြည့်ပါ။ မဖတ်ခင် ဆုတောင်းပါ။ ကျမ်းစာကို နားလည်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုတယ်။ ဒါကြောင့် အာရုံစိုက်ပြီး ဖတ်နိုင်အောင် ကူညီပေးဖို့ သန့်ရှင်းသော စွမ်းအားတော် တောင်းပါ။ ဖြည်းဖြည်းမှန်မှန် ဖတ်ပါ။ ဒါက ဖတ်နေတာကို နားလည်ဖို့ ကူညီပေးတယ်။ အသံထွက် ဖတ်တာ ဒါမှမဟုတ် ကျမ်းစာ အသံဖိုင် နားထောင်ပြီး လိုက်ဖတ်တာ အကျိုးရှိနိုင်တယ်။ ဖတ်လည်း ဖတ်၊ နားလည်း ထောင်ရတော့ ပိုနားလည်တယ်။ ပိုမှတ်မိတယ်။ (ယောရှု ၁:၈) ဖတ်ပြီးသွားတဲ့အခါ ကျမ်းစာ လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြောဖို့၊ လက်တွေ့ကျင့်သုံးနိုင်အောင် ကူညီပေးဖို့ ထပ်ဆုတောင်းပါ။
မှတ်စုတို ရေးတာက ဖတ်တာကို နားလည်ဖို့၊ မှတ်မိဖို့ ဘာကြောင့် ကူညီပေးနိုင်သလဲ (စာပိုဒ် ၆ ကို ကြည့်ပါ)
၆။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးတာ၊ မှတ်စုတို ရေးတာက ဘာကြောင့် အကူအညီ ဖြစ်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၆ ကျမ်းစာကို ပိုနားလည်လာအောင် ကူညီပေးမယ့် နောက်ထပ် အကြံပြုချက် နှစ်ခုကို စဉ်းစားကြည့်ပါ။ ကျမ်းမှတ်တမ်း တစ်ခု ဖတ်တဲ့အခါ ‘အဓိက ဇာတ်ကောင်တွေက ဘယ်သူတွေလဲ။ ဘယ်သူ ပြောနေတာလဲ။ ဘယ်သူ့ကို ပြောနေတာလဲ။ ဘာကြောင့်လဲ။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာလဲ’ စသဖြင့် ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးပါ။ ဒါက ဖတ်နေတဲ့ အကြောင်းအရာကို စဉ်းစားဖို့၊ နားလည်ဖို့ ကူညီပေးလိမ့်မယ်။ ဖတ်ရင်းနဲ့ မှတ်စုတိုလေးတွေ ရေးပါ။ ချရေးရလို့ ပိုစဉ်းစားမိတယ်။ ပိုမှတ်မိတယ်။ မေးခွန်းတွေ၊ ရှာဖွေလေ့လာထားတဲ့ အကြောင်းအရာတွေ၊ အဓိက အချက်တွေ၊ လက်တွေ့ကျင့်နိုင်ပုံတွေ၊ ကိုယ့်ခံစားချက်တွေ ချရေးနိုင်တယ်။ အဲဒီလိုချရေးတာက ကျမ်းစာကို ကိုယ့်ဆီ ဘုရား သတ်သတ်မှတ်မှတ် ရေးတဲ့ စာအဖြစ် သဘောထားဖို့ ကူညီပေးပါလိမ့်မယ်။
၇။ ကျမ်းစာ ဖတ်တဲ့အခါ ဘယ်အရည်အသွေး လိုအပ်သလဲ။ ဘာကြောင့်လဲ။ (မဿဲ ၂၄:၁၅)
၇ ကျမ်းစာကို နားလည်ဖို့ အရေးကြီးတဲ့ အရည်အသွေးတစ်ခု လိုကြောင်း ယေရှု ပြောတယ်။ ပိုင်းခြားသိမြင်မှုပါ။ (မဿဲ ၂၄:၁၅ ကို ဖတ်ပါ။) ပိုင်းခြားသိမြင်မှုဆိုတာ ဘာလဲ။ အယူအဆ တစ်ခုနဲ့ တစ်ခု ဘယ်လို ဆက်စပ်သလဲ၊ ဘယ်လို ကွာသလဲ၊ တိမ်မြုပ်နေတဲ့ အကြောင်းအရာက ဘာလဲဆိုတာ သိမြင်နိုင်တဲ့ စွမ်းရည်ပါ။ ဘယ်ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်ကို ပြည့်စုံနေစေသလဲဆိုတာ သိဖို့ ပိုင်းခြားသိမြင်မှု လိုတယ်လို့ ယေရှု ပြောတယ်။ ကျွန်တော်တို့လည်း ကျမ်းစာမှာ ဖတ်သမျှကနေ အကျိုး အပြည့်အဝ ရဖို့ ပိုင်းခြားသိမြင်မှု လိုတယ်။
၈။ ပိုင်းခြားသိမြင်မှု သုံးပြီး ကျမ်းစာ ဘယ်လို ဖတ်နိုင်သလဲ။
၈ ကျေးကျွန်တွေကို ယေဟောဝါ ပိုင်းခြားသိမြင်မှု ပေးတယ်။ ဒါကြောင့် ဒီအရည်အသွေး ရှိလာအောင် ကူညီပေးဖို့ ဘုရားဆီ ဆုတောင်းပါ။ (ပညာ. ၂:၆) ဆုတောင်းချက်နဲ့အညီ ဘယ်လို လုပ်ဆောင်နိုင်သလဲ။ ဖတ်နေတာနဲ့ ကိုယ်သိထားတဲ့ တခြားအချက်တွေ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ သေသေချာချာ ဆန်းစစ်ပါ။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် လိုမျိုး လေ့လာမှု အထောက်အကူပြု စာပေတွေမှာ ရှာဖွေပါ။ အဲဒီစာပေတွေက ကျမ်းပိုဒ်ရဲ့ အဓိပ္ပာယ်နဲ့ လက်တွေ့ကျင့်နိုင်ပုံကို ပိုင်းခြားသိမြင်ဖို့ ကူညီပေးပါလိမ့်မယ်။ (ဟီ. ၅:၁၄) ပိုင်းခြားသိမြင်မှု သုံးပြီး ကျမ်းစာ ဖတ်တဲ့အခါ ပိုနားလည်လာပါလိမ့်မယ်။
ဘုရားရေးရာ ရတနာတွေ တွေ့အောင် ဖတ်ပါ
၉။ အရေးကြီးတဲ့ ဘယ်ကျမ်းစာ အမှန်တရားကို ဇဒ္ဒုကဲတွေ လျစ်လျူရှုထားကြသလဲ။
၉ ဇဒ္ဒုကဲတွေဟာ ဟီဘရူးကျမ်းရဲ့ ဦးဆုံး ကျမ်းငါးစောင်ကို ကောင်းကောင်း နှံ့စပ်ပေမဲ့ အဲဒီမှာ ပါတဲ့ အရေးကြီး အမှန်တရားတွေကိုတော့ လျစ်လျူရှုထားကြတယ်။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မေးခွန်းထုတ်တဲ့ ဇဒ္ဒုကဲတွေကို ‘မီးလောင်နေတဲ့ ချုံပုတ်အကြောင်း မောရှေ ရေးခဲ့တဲ့ မှတ်တမ်းကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား။ အဲဒီမှာ “ငါဟာ အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရား” ဆိုပြီး မောရှေကို ဘုရားသခင် ပြောတယ်’ လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၁၈၊ ၂၆) အဲဒီကျမ်းပိုဒ်ကို ဇဒ္ဒုကဲတွေ အကြိမ်ပေါင်းများစွာ ဖတ်ခဲ့မှာပဲ။ ဒါပေမဲ့ အရေးကြီး ကျမ်းစာအမှန်တရား ဖြစ်တဲ့ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်ကို သူတို့ လျစ်လျူရှုထားကြောင်း ယေရှုရဲ့ မေးခွန်းက ဖော်ပြတယ်။—မာ. ၁၂:၂၇။ လု. ၂၀:၃၈။d
၁၀။ ကျမ်းစာ ဖတ်တဲ့အခါ ဘာတွေကို တွေ့အောင် ရှာရမလဲ။
၁၀ ဘာသင်ခန်းစာ ရသလဲ။ ကျမ်းစာ ဖတ်တဲ့အခါ ကျမ်းပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် ကျမ်းမှတ်တမ်း တစ်ခုကနေ ရနိုင်သမျှ သင်ခန်းစာ ရှာပါ။ အခြေခံ သွန်သင်ချက်တွေကို သာမက နက်နဲတဲ့ အမှန်တရားတွေ၊ ကျမ်းစာမူတွေ တွေ့အောင် ရှာပါ။
၁၁။ ၂ တိမောသေ ၃:၁၆၊ ၁၇ အရ ကျမ်းစာ ဖတ်တဲ့အခါ ရတနာတွေ ဘယ်လို ရှာတွေ့နိုင်သလဲ။
၁၁ ကျမ်းစာ ဖတ်တဲ့အခါ ဘုရားရေးရာ ရတနာတွေ ဘယ်လို ရှာတွေ့နိုင်သလဲ။ “ကျမ်းစောင်အားလုံးဟာ” (၁) သွန်သင်တဲ့အခါ၊ (၂) အမှားတွေ ဖော်ထုတ်တဲ့အခါ၊ (၃) ပဲ့ပြင်တဲ့အခါ၊ (၄) ဆုံးမတဲ့အခါ “အကျိုးဖြစ်ထွန်းစေတယ်” လို့ ၂ တိမောသေ ၃:၁၆၊ ၁၇ မှာ ဖော်ပြထားတယ်။ (ဖတ်ပါ။) ကိုယ်အကျွမ်းမဝင်တဲ့ ကျမ်းစောင်တွေကနေတောင် အဲဒီအကျိုးကျေးဇူး လေးခု ရနိုင်တယ်။ ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်တဲ့အခါ ဒီလို စဉ်းစားပါ– ‘ဒီကျမ်းပိုဒ်က ယေဟောဝါအကြောင်း၊ ဘုရားရည်ရွယ်ချက်အကြောင်း၊ ကျမ်းစာမူတွေအကြောင်း ဘာသွန်သင်ပေးသလဲ။ မှားယွင်းတဲ့ အလိုဆန္ဒတွေ၊ သဘောထားတွေကို သိဖို့၊ ငြင်းပယ်နိုင်ဖို့၊ ဘုရားအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ဘယ်လို ကူညီပေးသလဲ၊ ဘယ်လိုနည်းနဲ့ အမှားတွေ ဖော်ထုတ်ပေးသလဲ။ အမှုဆောင်မှာ ကြုံရတတ်တဲ့ ရှုမြင်ပုံအမှားတွေကို ပဲ့ပြင်ဖို့ ဘယ်လို ကူညီပေးသလဲ။ ယေဟောဝါ တွေးသလို တွေးတတ်လာအောင် ကိုယ့်ကို ဘယ်လို ဆုံးမပေးသလဲ။’ ဒီအကျိုးကျေးဇူး လေးခုကို မှတ်ထားပြီး ကျမ်းစာ ဖတ်မယ်ဆိုရင် ဘုရားရေးရာ ရတနာတွေ ရှာတွေ့ပါလိမ့်မယ်။
ကျမ်းစာရဲ့ ပုံသွင်းမှု ခံယူပါ
၁၂။ “မဖတ်ဖူးဘူးလား” လို့ ဖာရိရှဲတွေကို ယေရှု ဘာကြောင့် မေးသလဲ။
၁၂ ကျမ်းစာ ဖတ်တဲ့အခါ ဖာရိရှဲတွေမှာ မှားယွင်းတဲ့ သဘောထား ရှိတယ်ဆိုတာ ဖော်ပြဖို့ “မဖတ်ဖူးဘူးလား” လို့ ယေရှု မေးတယ်။ (မ. ၁၂:၁-၇)e အဲဒီတုန်းက ယေရှုတပည့်တွေ ဥပုသ်ပညတ် ချိုးဖောက်တယ်လို့ ဖာရိရှဲတွေ စွပ်စွဲနေကြတာ။ ဥပုသ်ပညတ်ရဲ့ ရည်ရွယ်ချက်ကို ဖာရိရှဲတွေ နားမလည်မှန်း၊ ကရုဏာ မရှိမှန်း ပေါ်လွင်စေဖို့ ကျမ်းမှတ်တမ်း နှစ်ခုကို ယေရှု ကိုးကားတယ်။ ပြီးနောက် ဟောရှေကျမ်းထဲက ကျမ်းပိုဒ်တစ်ပိုဒ် ရွတ်ပြတယ်။ အဲဒီဖာရိရှဲတွေ ကျမ်းစာ ဖတ်ပြီး ဘာကြောင့် အကျိုးမရသလဲ။ အပြစ်ရှာတဲ့၊ မာနကြီးတဲ့ သဘောထားနဲ့ ဖတ်ကြလို့ပါ။ အဲဒီသဘောထားကြောင့် ဖတ်တာကို နားမလည်ကြတာ။—မ. ၂၃:၂၃။ ယော. ၅:၃၉၊ ၄၀။
၁၃။ ဘယ်လို သဘောထားနဲ့ ကျမ်းစာ ဖတ်ရမလဲ။ ဘာကြောင့်လဲ။
၁၃ သဘောထားမှန်နဲ့ ကျမ်းစာ ဖတ်ဖို့ လိုတယ်ဆိုတာ ယေရှုရဲ့ စကားတွေက သင်ပေးတယ်။ ဖာရိရှဲတွေလို မဟုတ်ဘဲ ကျွန်တော်တို့ စိတ်ရင်းမှန်ရမယ်။ သွန်သင်ပေးလို့ ရတဲ့သူတွေ ဖြစ်ရမယ်။ “တရားစကားတော် စိုက်ပျိုးတာကို နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ လက်ခံ” ရမယ်။ (ယာ. ၁:၂၁) နူးညံ့သိမ်မွေ့တဲ့စိတ် ရှိရင် စိတ်နှလုံးထဲ ဘုရားသခင့်တရားစကားတော် အမြစ်စွဲပါလိမ့်မယ်။ အပြစ်ရှာတဲ့၊ မာနကြီးတဲ့ သဘောထား မရှိမှ ကရုဏာ၊ ထောက်ထားစာနာမှု၊ မေတ္တာနဲ့ပတ်သက်တဲ့ ကျမ်းစာ သင်ခန်းစာတွေက ကျွန်တော်တို့ကို ပုံသွင်းပေးမှာ ဖြစ်တယ်။
ကျမ်းစာပုံသွင်းမှု ခံယူနေ၊ မနေ ဘယ်လို သိနိုင်သလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ)f
၁၄။ ကျမ်းစာပုံသွင်းမှု ခံယူနေ၊ မနေ ဘယ်လို သိနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၄ ဖာရိရှဲတွေဟာ ကျမ်းစာပုံသွင်းမှု မခံယူတဲ့အတွက် ‘အပြစ်မရှိသူတွေကို အပြစ်တင်’ ကြတယ်။ (မ. ၁၂:၇) အဲဒီလိုပဲ တခြားသူတွေကို ကျွန်တော်တို့ ရှုမြင်ပုံ၊ ဆက်ဆံပုံက ကျမ်းစာပုံသွင်းမှု ခံယူနေ၊ မနေ ဖော်ပြတယ်။ ဥပမာ၊ တခြားသူတွေရဲ့ ကောင်းကွက်ကို မြင်သလား။ ဒါမှမဟုတ် ထစ်ခနဲဆို အပြစ်ထောက်တတ်သလား။ ကရုဏာစိတ် ရှိသလား။ ခွင့်လွှတ်ဖို့ အသင့်ရှိသလား။ ဒါမှမဟုတ် အပြစ်ရှာသလား။ အငြိုးထားသလား။ အဲဒီလို ဆန်းစစ်ခြင်းက ကိုယ့်အတွေး၊ ခံစားချက်၊ လုပ်ရပ်တွေကို ကျမ်းစာ ပုံသွင်းပေးနေ၊ မနေ သိစေနိုင်တယ်။—၁ တိ. ၄:၁၂၊ ၁၅။ ဟီ. ၄:၁၂။
ကျမ်းစာ ဖတ်တာက ပျော်ရွှင်စေ
၁၅။ ကျမ်းစာနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ခံစားရသလဲ။
၁၅ ကျမ်းစာကို ယေရှု ချစ်မြတ်နိုးတယ်။ ယေရှုရဲ့ ခံစားချက်ကို ဆာလံ ၄၀:၈ မှာ ဒီလိုကြိုပြောထားတယ်– “အို ဘုရားသခင်၊ အလိုတော် ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။” ကျမ်းစာကို ယေရှု ချစ်မြတ်နိုးလို့ ယေဟောဝါရဲ့ အမှုတော်မှာ အောင်မြင်ပျော်ရွှင်ခဲ့တယ်။ ကျွန်တော်တို့လည်း စိတ်နှလုံးထဲ စိမ့်ဝင်တဲ့အထိ ကျမ်းစာ ဖတ်မယ်ဆိုရင် အောင်မြင်ပျော်ရွှင်နိုင်ပါတယ်။—ဆာ. ၁:၁-၃။
၁၆။ ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရဖို့ ဘာလုပ်ရမလဲ။ (“ဖတ်တာကို နားလည်ဖို့ ယေရှုရဲ့ စကားတွေက ကူညီပေးနိုင်” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၆ ယေရှုရဲ့ စကား၊ စံနမူနာအတိုင်း ကျမ်းစာ ဖတ်ရှုခြင်း စွမ်းရည် တိုးတက်အောင် လုပ်ကြပါစို့။ ဆုတောင်းခြင်း၊ ဖြည်းဖြည်းမှန်မှန် ဖတ်ခြင်း၊ မေးခွန်းတွေ မေးခြင်း၊ မှတ်စုတို ရေးခြင်းအားဖြင့် ကျမ်းစာကို ပိုနားလည်လာနိုင်တယ်။ ကျမ်းစာအခြေပြု စာပေတွေရဲ့ အကူအညီနဲ့ ကိုယ်ဖတ်နေတာကို သေသေချာချာ ဆန်းစစ်လေ့လာခြင်းအားဖြင့် ပိုင်းခြားသိမြင်မှုကို သုံးနိုင်တယ်။ ကိုယ်အကျွမ်းမဝင်တဲ့ ကျမ်းပိုဒ်တွေ ဖြစ်နေရင်တောင် ဘုရားရေးရာ ရတနာတွေ တွေ့အောင် ရှာခြင်းအားဖြင့် ကျမ်းစာ ပိုနှံ့စပ်လာနိုင်တယ်။ မှန်ကန်တဲ့ သဘောထားနဲ့ ကျမ်းစာ ဖတ်ခြင်းအားဖြင့် ကျမ်းစာပုံသွင်းမှု ခံယူနိုင်တယ်။ ဒါဆိုရင် ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရမယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ဆာ. ၁၁၉:၁၇၊ ၁၈။ ယာ. ၄:၈။
သီချင်း ၉၅ လင်းသည်ထက် လင်းလာ
a ယေဟောဝါကို ဝတ်ပြုသူအားလုံး နေ့တိုင်း ကျမ်းစာ ဖတ်ဖို့ ကြိုးစားကြတယ်။ တခြားသူတွေလည်း ဖတ်တာပဲ။ ဒါပေမဲ့ ဖတ်တာကို နားမလည်ကြဘူး။ ယေရှုခေတ်က လူတချို့လည်း အဲဒီလိုပဲ။ ကျမ်းစာ ဖတ်တဲ့သူတွေကို ယေရှု ပြောတဲ့ စကားတွေအကြောင်း ဆန်းစစ်ခြင်းအားဖြင့် ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရစေနိုင်တဲ့ သင်ခန်းစာတွေ သင်ယူကြပါမယ်။
b ယေရှု နှစ်ခြင်းခံချိန်မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ အဲဒီအချိန်မှာ လူသားဘဝ မတိုင်ခင်က အကြောင်းတွေ ပြန်မှတ်မိလာတယ်။—မ. ၃:၁၆။
c မာရိဟာ ကျမ်းစာကို ကောင်းကောင်း ကျွမ်းကျင်တယ်။ ကိုးကားတယ်။ (လု. ၁:၄၆-၅၅) ကိုယ်ပိုင်ကျမ်းစာ ဝယ်ဖို့ ယောသပ်နဲ့ မာရိ တတ်နိုင်ပုံ မပေါ်ဘူး။ ဒါကြောင့် တရားဇရပ်မှာ ကျမ်းစာ ဖတ်ပြတဲ့အခါ နောက်ပိုင်း မှတ်မိနေအောင် သေသေချာချာ နားထောင်ခဲ့ကြရမယ်။
d ၂၀၁၃၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် “ဘုရားသခင်အကြောင်း ပိုသိအောင် လုပ်ပါ—‘ဘုရားသခင်သည် အသက်ရှင်သောသူတို့၏ ဘုရား ဖြစ်တော်မူသည်’” ဆောင်းပါးကို ကြည့်ပါ။
e မဿဲ ၁၉:၄-၆ မှာလည်း “မဖတ်ဖူးဘူးလား” ဆိုပြီး ဖာရိရှဲတွေကို ယေရှု မေးထားတယ်။ ဖန်ဆင်းခြင်း မှတ်တမ်းအကြောင်း ဖတ်ဖူးပေမဲ့ အဲဒီမှတ်တမ်းက သင်ပေးတဲ့ အိမ်ထောင်အပေါ် ဘုရားအမြင်ကို သူတို့ လျစ်လျူရှုထားကြတယ်။
f ပုံအညွှန်း– နိုင်ငံတော်ခန်းမ အစည်းအဝေးမှာ အသံနဲ့ ဗီဒီယိုပိုင်း ကိုင်တဲ့ ညီအစ်ကိုတစ်ယောက် အမှားတွေ လုပ်မိ။ ဒါတောင် အစည်းအဝေး ပြီးနောက် ညီအစ်ကိုတွေက သူ့ကြိုးစားမှုအတွက် ချီးမွမ်းနေ။ သူ့အမှားကို အာရုံမစိုက်။