ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ နိုဝင်ဘာ စာ. ၁၄-၁၉
  • ခက်ခဲချိန်မှာတောင် ယုံကြည်စိတ်ချမှု ရှိနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခက်ခဲချိန်မှာတောင် ယုံကြည်စိတ်ချမှု ရှိနိုင်
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထင်မထားတာတွေ ကြုံရလို့ ပြည်တော်ပြန် ဂျူးတွေ ဒုက္ခရောက်
  • ဘုရားအလို ဆောင်တာကို အာရုံစိုက်ပါ
  • ယေဟောဝါကို ပိုယုံကြည်ကိုးစားလာနိုင်ပုံ
  • အဆုံးထိ ယေဟောဝါကို ယုံကြည်ကိုးစားနေပါ
  • ဧဇရမှတ်စာမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင်၏သွန်သင်ခြင်းသည် ထိရောက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “ငါသည် သင်တို့နှင့်အတူရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ နိုဝင်ဘာ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၄၈

ခက်ခဲချိန်မှာတောင် ယုံကြည်စိတ်ချမှု ရှိနိုင်

“‘ရဲရင့်ကြ။ . . . မင်းတို့နဲ့အတူ ငါ ရှိနေတယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။”—ဟဂ္ဂဲ ၂:၄။

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများစေပါ’

အကြိုသုံးသပ်ချက်a

၁-၂။ ဂျေရုဆလင်မြို့ကို ပြန်လာတဲ့ ဂျူးတွေနဲ့ ကျွန်တော်တို့ရဲ့ အခြေအနေ ဘာဆင်တူသလဲ။ (“ဟဂ္ဂဲ၊ ဇာခရိ၊ ဧဇရတို့ခေတ်” လေးထောင့်ကွက်ကို ကြည့်ပါ။)

တစ်ခါတလေ ရှေ့ရေး တွေးပူမိသလား။ အလုပ်ပြုတ်သွားလို့ မိသားစုကို ဘယ်လို ရှာကျွေးရမလဲ စိုးရိမ်နေနိုင်တယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ဟောပြောခြင်းလုပ်ငန်း ဆန့်ကျင်ခံရမှုကြောင့် မိသားစု ဘေးကင်းရေး စိတ်ပူနေနိုင်တယ်။ ဒီလိုအခက်အခဲတွေ ရှေးခေတ် အစ္စရေးလူမျိုး ကြုံရချိန်မှာ ယေဟောဝါဘုရား ဘယ်လို ကူညီပေးကြောင်း သုံးသပ်တဲ့အခါ အားရှိလာမယ်။

၂ တစ်သက်လုံး ဗာဗုလုန်ပြည်မှာပဲ နေလာတဲ့ ဂျူးအများစုဟာ ဂျေရုဆလင်မြို့အထာ မသိကြဘူး။ အိုးအိမ်စည်းစိမ် ထားခဲ့ပြီး အထာ မသိတဲ့ ဒေသ ပြောင်းလာဖို့ ယုံကြည်ခြင်း တော်တော် လိုတယ်။ ရောက်လာတော့ အလုပ်အကိုင် အခြေမကျတာ၊ နိုင်ငံရေး မတည်ငြိမ်တာ၊ အတိုက်အခံ လုပ်ခံရတာနဲ့ တော်တော် ဒုက္ခရောက်ကြတယ်။ ယေဟောဝါရဲ့ ဗိမာန်တော် ပြန်ဆောက်တဲ့ လုပ်ငန်းမှာ အာရုံစိုက်ဖို့ တချို့အတွက် ခက်တယ်။ ဒါကြောင့် သူတို့ကို အားသစ်လောင်းပေးဖို့ ဘီစီ ၅၂၀ လောက်မှာ ပရောဖက် ဟဂ္ဂဲနဲ့ ဇာခရိကို ယေဟောဝါ တာဝန်ပေးတယ်။ (ဟဂ္ဂဲ ၁:၁။ ဇာ. ၁:၁) ပရောဖက်တွေ အားပေးတာ တော်တော်လေး အလုပ်ဖြစ်တယ်။ ဒါပေမဲ့ နောက်အနှစ် ၅၀ နီးပါးအကြာမှာ ပြည်တော်ပြန် ဂျူးတွေ အားလျော့လာကြပြန်တယ်။ ဒါနဲ့ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဦးစားထားကြဖို့ ပညတ်ကျမ်းကူးသူ ဧဇရ ဗာဗုလုန်ကနေ ဂျေရုဆလင်ကို ပြန်လာပြီး အားပေးတယ်။—ဧဇ. ၇:၁၊ ၆။

ဟဂ္ဂဲ၊ ဇာခရိ၊ ဧဇရတို့ခေတ်

ဟဂ္ဂဲ၊ ဇာခရိ၊ ဧဇရခေတ် အဓိက ဖြစ်ရပ်များ အချိန်ဇယား (ရက်စွဲအားလုံး ဘီစီ)။ ၅၃၇။ ဗာဗုလုန်ပြည်ကနေ ဂျူးပြည်နှင်ခံတွေ ထွက်လာ။ ၅၂၀။ ဂျေရုဆလင်မြို့က အစ္စရေးတွေကို ပရောဖက် ဟဂ္ဂဲနဲ့ ဇာခရိ စကားပြောနေ။ ၅၁၅။ ဂျေရုဆလင် ဗိမာန်တော်။ ၄၈၄။ ဘုရင် အာရွှေရုဆီ မိဖုရား ဧသတာ အခစားဝင်။ ၄၆၈။ ခရီးသွားတစ်စုနဲ့ ဧဇရ ခရီးနှင်လာ။ ၄၅၅။ ဂျေရုဆလင်မြို့ရိုး။

ရက်စွဲအားလုံး ဘီစီ

  1. ၅၃၇။ ပြည်နှင်ခံ ဂျူး ပထမတစ်သုတ် ဂျေရုဆလင်မြို့ ပြန်လာ

  2. ၅၂၀။ ဂျေရုဆလင်မြို့မှာ ဟဂ္ဂဲနဲ့ ဇာခရိ ပရောဖက်ပြု

  3. ၅၁၅။ ဗိမာန်တော် ပြန်ဆောက်တာ ပြီးစီး

  4. ၄၈၄။ ဂျူးအားလုံးကို သုတ်သင်ပယ်ရှားဖို့ ဇားဇိခ် ၁ (အာရွှေရု) အမိန့်ထုတ်ပြီးနောက် ဧသတာ ကြားဝင်ဆောင်ရွက်

  5. ၄၆၈။ ဧဇရနဲ့ ပြည်နှင်ခံ ဂျူး ဒုတိယတစ်သုတ် ဂျေရုဆလင်မြို့ ပြန်လာ

  6. ၄၅၅။ ဂျေရုဆလင်မြို့ရိုး ပြီးစီး

၃။ ဘာမေးခွန်းတွေ ဆွေးနွေးကြမလဲ။ (ပညာအလိမ္မာ ၂၂:၁၉)

၃ ဟဂ္ဂဲနဲ့ ဇာခရိရဲ့ ကြိုဟောချက်တွေက ခက်ခဲချိန်မှာ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားဖို့ ရှေးခေတ် ဘုရားလူမျိုးကို ကူညီပေးသလို ကျွန်တော်တို့ကိုလည်း ကူညီပေးနိုင်တယ်။ (ပညာအလိမ္မာ ၂၂:၁၉ ကို ဖတ်ပါ။) ဟဂ္ဂဲနဲ့ ဇာခရိ ပြောတဲ့ ဘုရားရဲ့ သတင်းစကား၊ ဧဇရရဲ့ စံနမူနာကို လေ့လာရင်း ဒီမေးခွန်းတွေ ဆွေးနွေးကြရအောင်– ထင်မထားတာတွေ ကြုံရလို့ ပြည်တော်ပြန် ဂျူးတွေ ဘယ်လို ဒုက္ခရောက်ကြသလဲ။ ခက်ခဲချိန်မှာတောင် ဘုရားအလို ဆောင်တာကို ကျွန်တော်တို့ ဘာကြောင့် ဆက်အာရုံစိုက်သင့်သလဲ။ အကျဉ်းထဲ အကျပ်ထဲ ရောက်ချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားနေဖို့ ဘယ်လို လုပ်ရမလဲ။

ထင်မထားတာတွေ ကြုံရလို့ ပြည်တော်ပြန် ဂျူးတွေ ဒုက္ခရောက်

၄-၅။ ဗိမာန်တော် ပြန်ဆောက်တဲ့ အလုပ်မှာ ဂျူးတွေ ဘာကြောင့် ဇွဲလျော့သွားတာ ဖြစ်မလဲ။

၄ ပြည်တော်ပြန် ဂျူးတွေ ဂျေရုဆလင် ရောက်တော့ လုပ်စရာတွေမှ တစ်ပုံကြီးပဲ။ မြန်မြန်ဆန်ဆန်ပဲ ပူဇော်ရာ ပလ္လင် တည်ကြတယ်။ ဗိမာန်တော် အုတ်မြစ် ချကြတယ်။ (ဧဇ. ၃:၁-၃၊ ၁၀) ဒါပေမဲ့ ခဏလေးအတွင်းမှာ ဇွဲလျော့သွားကြတယ်။ ဘာကြောင့်လဲ။ လုပ်စရာဆိုလို့ ဗိမာန်တော် ဆောက်စရာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ နေမယ့် အိမ် ဆောက်ရတယ်။ စိုက်ပျိုးရတယ်။ မိသားစုကို ရှာကျွေးရတယ်။ (ဧဇ. ၂:၆၈၊ ၇၀) ဒီကြားထဲ ဗိမာန်တော် ပြန်ဆောက်တဲ့ အလုပ်ကို ရန်သူတွေ ကဖျက်ယဖျက် လုပ်ကြတယ်။—ဧဇ. ၄:၁-၅။

၅ ငွေကြေး ကျပ်တည်းလို့၊ နိုင်ငံရေး မတည်ငြိမ်လို့လည်း ပြည်တော်ပြန် ဂျူးတွေ ဒုက္ခရောက်ကြတယ်။ အဲဒီအချိန်မှာ ဂျေရုဆလင်ဟာ ပါးရှား အင်ပါယာအပိုင်။ ဘီစီ ၅၃၀ မှာ ပါးရှား ဘုရင် ဆိုင်းရပ် ကွယ်လွန်တော့ နောက်တက်တဲ့ ဘုရင် ကဲမ်ဘိုင်းဆစ္စက အီဂျစ်ကို သိမ်းချင်နေတယ်။ အီဂျစ်ကို ချီတက်တဲ့ လမ်းမှာ အစ္စရေးနယ်မြေကို စစ်သားတွေ ဖြတ်သွားကြတယ်။ စစ်သားတွေ အစာရေစာ၊ နေစရာ တောင်းလို့ ဂျူးတွေ တစ်ပူပေါ် နှစ်ပူ ဆင့်သွားနိုင်တယ်။ နောက်တက်တဲ့ ဒါရိမင်း ၁ နန်းသက် အစပိုင်းမှာလည်း ဆူပူအုံကြွမှုတွေ အပြည့်ပဲ။ ဒီအခြေအနေတွေကြားမှာ မိသားစုကို ဘယ်လို ရှာကျွေးရမလဲဆိုပြီး ပြည်တော်ပြန် ဂျူးတွေ စိုးရိမ်မိကြမှာပဲ။ ဗိမာန်တော် ပြန်ဆောက်ဖို့ အချိန်အခါကောင်း မဟုတ်ဘူးလို့ တချို့ ခံစားကြရတယ်။—ဟဂ္ဂဲ ၁:၂။

၆။ ဂျူးတွေ တခြားဘာအခက်အခဲ ကြုံကြရသလဲ။ ဇာခရိ ဘယ်လို အားပေးသလဲ။ (ဇာခရိ ၄:၆၊ ၇)

၆ ဇာခရိ ၄:၆၊ ၇ ကို ဖတ်ပါ။ ငွေကြေး အခက်အခဲ၊ နိုင်ငံရေး မတည်ငြိမ်မှုအပြင် ဆန့်ကျင်မှုလည်း ဂျူးတွေ ကြုံကြရတယ်။ ဘီစီ ၅၂၂ မှာ ဗိမာန်တော် ပြန်ဆောက်တဲ့ အလုပ်ကို ပိတ်ပင်ဖို့ အစိုးရကို ရန်သူတွေ သွေးထိုးတာ အောင်မြင်သွားတယ်။ ဒါပေမဲ့ တန်ခိုးကြီး စွမ်းအားတော် သုံးပြီး အခက်အခဲမှန်သမျှ ယေဟောဝါ ဖယ်ရှားမယ်လို့ ဂျူးတွေကို ဇာခရိ အားပေးတယ်။ တကယ်လည်း ဗိမာန်တော် ပြန်ဆောက်တဲ့ လုပ်ငန်း ပိတ်ပင်ထားတာကို ဘီစီ ၅၂၀ မှာ ဒါရိမင်း ရုပ်သိမ်းလိုက်တယ်။ ငွေကြေး ထောက်ပံ့ပေးတယ်။ ဝိုင်းဝန်းထောက်မပေးဖို့ ဒေသခံ အာဏာပိုင်တွေကို အမိန့်ပေးတယ်။—ဧဇ. ၆:၁၊ ၆-၁၀။

၇။ ဘုရားရဲ့ လုပ်ငန်းကို ပြည်တော်ပြန် ဂျူးတွေ ဦးစားထားလို့ ဘာကောင်းချီးတွေ ရသလဲ။

၇ ဗိမာန်တော် ပြန်ဆောက်တဲ့ အလုပ်ကို ဦးစားထားရင် ထောက်မပေးမယ်လို့ ဟဂ္ဂဲနဲ့ ဇာခရိကတစ်ဆင့် ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၁:၈၊ ၁၃၊ ၁၄။ ဇာ. ၁:၃၊ ၁၆) ပရောဖက်တွေရဲ့ အားပေးမှုကြောင့် ဘီစီ ၅၂၀ မှာ ပြည်တော်ပြန် ဂျူးတွေ ဗိမာန်တော် ဆောက်တဲ့ အလုပ် ပြန်စကြတယ်။ ငါးနှစ် မပြည့်ခင်မှာပဲ ဆောက်ပြီးသွားတယ်။ အခက်အခဲတွေ ရှိပေမဲ့ ဘုရားရဲ့ လုပ်ငန်းကို ဦးစားထားတဲ့အတွက် စားဝတ်နေရေး ပြေလည်ဖို့ ယေဟောဝါ ကူညီပေးတယ်။ ဝတ်ပြုရေးမှာ ထောက်မပေးတယ်။ ဒါကြောင့် ယေဟောဝါကို ရွှင်ရွှင်လန်းလန်း ဝတ်ပြုလာနိုင်ကြတယ်။—ဧဇ. ၆:၁၄-၁၆၊ ၂၂။

ဘုရားအလို ဆောင်တာကို အာရုံစိုက်ပါ

၈။ ဘုရားအလို ဆောင်တာကို ဦးစားထားဖို့ ဟဂ္ဂဲ ၂:၄ က ဘယ်လို ကူညီပေးနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၈ ကြီးစွာသောဒုက္ခ နီးလာတာနဲ့အမျှ ဟောပြောခြင်းလုပ်ငန်း ပိုအရေးကြီးလာမှန်း ကျွန်တော်တို့ သိကြတယ်။ (မာ. ၁၃:၁၀) ဒါပေမဲ့ ငွေကြေး ကျပ်တည်းတဲ့အခါ၊ ဟောပြောခြင်းလုပ်ငန်း ဆန့်ကျင်ခံရတဲ့အခါ အမှုဆောင်လုပ်ငန်းကို အာရုံစိုက်ဖို့ ခက်လာနိုင်တယ်။ အာရုံစိုက်ဖို့ ဘာက ကူညီပေးမလဲ။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ”b ကိုယ့်ဘက်မှာ ရှိတယ်ဆိုတာ စိတ်ချနေခြင်းပါ။ ကိုယ့်အရေးထက် ဘုရားအလို ဆောင်တာကို ဆက်ဦးစားထားရင် ယေဟောဝါ ထောက်မပေးမယ်။ ဘာမှ ကြောက်စရာ မလိုဘူး။—ဟဂ္ဂဲ ၂:၄ ကို ဖတ်ပါ။

၉-၁၀။ မဿဲ ၆:၃၃ ပါ ယေရှုစကားတွေ မှန်ကန်ကြောင်း မောင်နှံတစ်စုံ ဘယ်လို ကိုယ်တွေ့ သိရသလဲ။

၉ ရှေ့ဆောင် မောင်နှံ အိုလက်နဲ့ အီရီနာc ဟာ တခြားဒေသက အသင်းတော်ကို ကူညီပေးဖို့ ပြောင်းသွားတယ်။ နိုင်ငံတွင်း စီးပွားရေး ကျဆင်းလာလို့ သူတို့ အလုပ်အကိုင် အဆင်မပြေတော့ဘူး။ တစ်နှစ်လောက် ကျပန်းအလုပ်တွေ လုပ်ရတယ်။ ဒါပေမဲ့ ယေဟောဝါ ထောက်မပေးတယ်လို့ အမြဲ ခံစားရတယ်။ တစ်ခါတလေ ညီအစ်ကို/မတွေဆီက အကူအညီ ရတယ်။ ဒီလို ခက်ခဲချိန်ကို ဘယ်လို ကျော်ဖြတ်သလဲ။ အစပိုင်းမှာ စိတ်ဓာတ်ကျမိပေမဲ့ “အမှုဆောင်မှာ အချိန်များများ ပါဝင်တာက ဘဝမှာ အရေးကြီးဆုံးအရာကို ဦးစားထားဖို့ ကူညီပေးတယ်” လို့ အိုလက် ပြောတယ်။ အိုလက်တို့ ဇနီးမောင်နှံ တောက်လျှောက် အလုပ်ရှာတယ်။ တစ်ဖက်မှာလည်း အမှုဆောင်မှာ အချိန်များများ ပါဝင်တယ်။

၁၀ တစ်ရက် အမှုဆောင်ကနေ ပြန်လာတော့ မိတ်ဆွေတစ်ယောက် လာသွားတယ်လို့ အိမ်နီးချင်း ပြောပြတယ်။ မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀) လောက် ဝေးတဲ့ နေရာမှာ နေတဲ့ သိပ်ခင်ရတဲ့ မိတ်ဆွေ။ သူတို့အတွက် ရိက္ခာအိတ် နှစ်အိတ် လာပေးသွားတာ။ “ကျွန်တော်တို့ကို ယေဟောဝါနဲ့ အသင်းတော် ဘယ်လောက် ဂရုစိုက်မှန်း အဲဒီနေ့မှာ ထပ်ခံစားလိုက်ရတယ်။ ဘယ်လောက်ပဲ မျှော်လင့်ချက် မဲ့နေပုံ ပေါက်ပါစေ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူးဆိုတာ စိတ်ချသွားတယ်” လို့ အိုလက် ပြောတယ်။—မ. ၆:၃၃။

၁၁။ ဘုရားအလို ဆောင်တာကို ဦးစားထားမယ်ဆိုရင် ဘာစိတ်ချနိုင်သလဲ။

၁၁ တပည့် ဖြစ်စေခြင်းဆိုတဲ့ အသက်ကယ်လုပ်ငန်းမှာ ကျွန်တော်တို့ကို ယေဟောဝါ အာရုံစိုက်နေစေချင်တယ်။ စာပိုဒ် ၇ မှာ ဖော်ပြခဲ့တဲ့အတိုင်း ဗိမာန်တော် ဆောက်တဲ့ အလုပ်ကို စိတ်သစ်လူသစ်နဲ့ ပြန်စကြဖို့ ဘုရားလူမျိုးကို ဟဂ္ဂဲ တိုက်တွန်းတယ်။ ပြန်စတာနဲ့ “ကောင်းချီးပေးမယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၂:၁၈၊ ၁၉) ကျွန်တော်တို့လည်း ပေးထားတဲ့ တာဝန်ကို ဦးစားထားမယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

ယေဟောဝါကို ပိုယုံကြည်ကိုးစားလာနိုင်ပုံ

၁၂။ ဧဇရနဲ့ ပြည်တော်ပြန်တွေ ဘာကြောင့် ယုံကြည်ခြင်း တော်တော် လိုသလဲ။

၁၂ ဘီစီ ၄၆၈ မှာ ဗာဗုလုန်ကနေ ဂျေရုဆလင် ပြန်လာတဲ့ ဂျူးဒုတိယတစ်သုတ်နဲ့ ဧဇရ လိုက်လာတယ်။ ဒီလို ပြန်လာဖို့ သူတို့ ယုံကြည်ခြင်း တော်တော် လိုတယ်။ လမ်းမှာ အန္တရာယ် များက များနဲ့။ ဗိမာန်တော်အတွက် လှူလိုက်တဲ့ ရွှေငွေ အများကြီး သယ်လာကြလို့ သူခိုးဓားပြ မျက်စိကျစရာ ဖြစ်နေမှာ။ (ဧဇ. ၇:၁၂-၁၆။ ၈:၃၁) ဂျေရုဆလင် ရောက်တော့လည်း လုံခြုံရေး စိတ်ချရတာ မဟုတ်ဘူး။ မြို့အနှံ့ ဟိုတစ်စု ဒီတစ်စု ကျိုးတိုးကျဲတဲ နေနေကြတာ။ မြို့ရိုးတွေ၊ မြို့တံခါးတွေ ပြင်ရဦးမယ်။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းနဲ့ပတ်သက်ပြီး ဧဇရဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၃။ ယေဟောဝါကို ဧဇရ ဘာကြောင့် ပိုယုံကြည်စိတ်ချလာသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၃ လူမျိုးတော် အခက်ကြုံချိန်မှာ ယေဟောဝါ ထောက်မပေးတာ ဧဇရ တွေ့ဖူးတယ်။ ဘီစီ ၄၈၄ မှာ ပါးရှား အင်ပါယာတစ်ခွင်က ဂျူးအားလုံးကို သုတ်သင်ပယ်ရှင်းဖို့ အာရွှေရုမင်း အမိန့်ထုတ်တုန်းက ဗာဗုလုန်ပြည်မှာ ဧဇရ ရှိနေနိုင်တယ်။ (ဧသ. ၃:၇၊ ၁၃-၁၅) အသက်အန္တရာယ် ကြုံနေကြပြီ။ ဒါနဲ့ “ခရိုင်အားလုံး” က ဂျူးတွေ အကြီးအကျယ် ငိုကြွေးမြည်တမ်းပြီး အစာရှောင်ကြတယ်။ ယေဟောဝါဆီ အကူအညီ တောင်းကြတယ်။ (ဧသ. ၄:၃) မကောင်းကြံသူတွေ ကိုယ့်ရှူးကိုယ် ပတ်သွားတာ မြင်တော့ ဧဇရနဲ့ ဂျူးတွေ ဘယ်လို ခံစားရမလဲ မြင်ယောင်ကြည့်ပါ။ (ဧသ. ၉:၁၊ ၂) အဲဒီလို ဘေးကျပ်နံကျပ် ကာလမှာ ကြုံခဲ့ရတာတွေကြောင့် အနာဂတ် စမ်းသပ်မှုအတွက် ဧဇရ အသင့်ဖြစ်နေတယ်။ ယေဟောဝါရဲ့ ကာကွယ်နိုင်စွမ်းကို ပိုယုံကြည်စိတ်ချလာတယ်။d

၁၄။ အကျပ်အတည်းကာလအတွင်း ယေဟောဝါ ဂရုစိုက်ပေးလို့ ညီအစ်မတစ်ယောက် ဘာစိတ်ချသွားသလဲ။

၁၄ အကျပ်အတည်းကာလအတွင်း ယေဟောဝါဘုရား ဂရုစိုက်ပေးတာ ခံရတဲ့အခါ ဘုရားကို ပိုယုံကြည်စိတ်ချလာတယ်။ အရှေ့ ဥရောပမှာ နေတဲ့ ညီအစ်မ အနာစတာစီယာအကြောင်း စဉ်းစားကြည့်ပါ။ နိုင်ငံရေးမှာ ပါဖို့ အလုပ်ဖော်တွေ ဖိအားပေးလွန်းလို့ အလုပ်ထွက်လိုက်တယ်။ “ဒီလို လက်ထဲ ငွေပြတ်သွားတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါနဲ့ ဆုတောင်းတယ်။ ဘုရား မေတ္တာပါပါ ဂရုစိုက်တာ မြင်ရတယ်။ နောက်တစ်ခေါက် အလုပ်ပြုတ်လည်း လုံးဝ မမှုဘူး။ ကောင်းကင်ဘုံစံ အဖ ဒီနေ့ ဂရုစိုက်ရင် မနက်ဖြန်လည်း ဂရုစိုက်မှာပဲ” လို့ ညီအစ်မ ပြောတယ်။

၁၅။ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားဖို့ ဧဇရကို ဘာက ကူညီပေးသလဲ။ (ဧဇရ ၇:၂၇၊ ၂၈)

၁၅ ယေဟောဝါ ထောက်မပေးတာ ဧဇရ ကိုယ်တွေ့ ကြုံဖူးတယ်။ ကိုယ့်ကို ယေဟောဝါဘုရား ထောက်မပေးချိန်တွေ ပြန်စဉ်းစားလိုက်တော့ ဘုရားကို ဧဇရ ပိုယုံကြည်ကိုးစားလာတယ်။ “ယေဟောဝါဘုရား ထောက်မနေ” ဆိုတဲ့ အသုံးအနှုန်းကို သတိပြုပါ။ (ဧဇရ ၇:၂၇၊ ၂၈ ကို ဖတ်ပါ။) အဓိပ္ပာယ် ဆင်တဲ့ အသုံးအနှုန်း ဧဇရကျမ်းမှာ နောက်ထပ် ငါးကြိမ် သုံးထားတယ်။—ဧဇ. ၇:၆၊ ၉။ ၈:၁၈၊ ၂၂၊ ၃၁။

ဘုရား ထောက်မပေးတာကို ဘယ်လို အခြေအနေမှာ မျက်ဝါးထင်ထင် မြင်ရနိုင်သလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)e

၁၆။ ယေဟောဝါ ထောက်မပေးတာကို ဘယ်လို အခြေအနေမှာ မျက်ဝါးထင်ထင် မြင်ရနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးနိုင်တယ်။ ဥပမာ၊ အစည်းအဝေးကြီး တက်နိုင်အောင် အလုပ်ရှင်ဆီ ခွင့်တောင်းတဲ့အခါ၊ အသင်းတော် အစည်းအဝေးအားလုံး တက်နိုင်အောင် အလုပ်ချိန် ညှိပေးဖို့ တောင်းဆိုတဲ့အခါ ယေဟောဝါ ဘယ်လို ထောက်မပေးမယ်ဆိုတာ မြင်ရနိုင်တယ်။ အံ့ဩရလောက်အောင် အခြေအနေတွေ အဆင်ပြေသွားနိုင်တယ်။ ဒီလိုနဲ့ ယေဟောဝါကို ပိုယုံကြည်ကိုးစားလာမယ်။

ဧဇရနဲ့ အစ္စရေးတွေ ဗိမာန်တော်မှာ ပျပ်ဝပ်ပြီး ငိုကြွေးနေ။ ဧဇရကို ရှေခနိ အားပေး။

လူတွေ အပြစ် များလွန်းလို့ ဧဇရ သောကရောက်ပြီး ဗိမာန်တော်မှာ ငိုကြွေး၊ ဆုတောင်း။ လူအုပ်လည်း ငို။ “အစ္စရေးတွေအတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ . . . ကျွန်တော်တို့လည်း ခင်ဗျားနဲ့အတူ ရှိနေပါတယ်” ဆိုပြီး ဧဇရကို ရှေခနိ နှစ်သိမ့်။—ဧဇရ ၁၀:၂၊ ၄ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ ခက်ခဲချိန်မှာ ဧဇရ နှိမ့်ချမှု ဘယ်လို ပြသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၇ ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတယ်။ တာဝန်ကြီးတယ်လို့ ခံစားရချိန်တိုင်း ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ ဆုတောင်းတယ်။ (ဧဇ. ၈:၂၁-၂၃။ ၉:၃-၅) ယေဟောဝါကို ဧဇရ အားကိုးတာ ကြည့်ပြီး တခြားသူတွေ ကူညီပေးချင်လာတယ်။ အတုယူချင်လာတယ်။ (ဧဇ. ၁၀:၁-၄) ကျွန်တော်တို့လည်း စားဝတ်နေရေး၊ မိသားစု ဘေးကင်းရေးအတွက် ခေါင်းနားပန်း ကြီးလာတဲ့အခါ ယေဟောဝါဆီ စိတ်ချလက်ချ အကူအညီ တောင်းရမယ်။

၁၈။ ယေဟောဝါကို ယုံကြည်ကိုးစားစိတ် တိုးလာဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၈ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတဲ့အခါ၊ ညီအစ်ကို/မတွေရဲ့ အကူအညီ လက်ခံတဲ့အခါ ဘုရားကို ယုံကြည်ကိုးစားစိတ် တိုးလာမယ်။ သားသမီး သုံးယောက် မိခင် အဲရစ်ကာ အကြောင်း စဉ်းစားကြည့်ပါ။ ကိုယ်ဝန် ပျက်ကျသွားတယ်။ သိပ်မကြာခင်မှာ ခင်ပွန်း ဆုံးသွားတယ်။ အဖြစ်ဆိုးတွေ ကြုံရချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားမြဲ ကိုးစားတယ်။ “ယေဟောဝါ ဘယ်လို ထောက်မပေးမလဲ ကြိုမသိနိုင်ဘူး။ အံ့ဩစရာကောင်းလောက်အောင် နည်းအမျိုးမျိုးနဲ့ ထောက်မတာ။ ညီအစ်ကို/မတွေကတစ်ဆင့် ကျွန်မ ဆုတောင်းချက် တော်တော်များများ ဖြေပေးတယ်။ ညီအစ်ကို/မတွေ ကူညီပေးရ ပိုလွယ်အောင်တော့ ကိုယ့်ဘက်က ရင်ဖွင့်ရတာပေါ့” လို့ ပြောတယ်။

အဆုံးထိ ယေဟောဝါကို ယုံကြည်ကိုးစားနေပါ

၁၉-၂၀။ ဂျေရုဆလင် မပြန်နိုင်တဲ့ ဂျူးတွေဆီက ဘာသင်ယူရသလဲ။

၁၉ ဂျေရုဆလင် မပြန်နိုင်တဲ့ ဂျူးတွေဆီကလည်း သင်ခန်းစာ ယူနိုင်တယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစု တာဝန်ကြောင့် တချို့ မပြန်နိုင်ကြဘူး။ ဒါပေမဲ့ ဗိမာန်တော် ဆောက်ဖို့ ပြန်မယ့်သူတွေနဲ့ အလှူပစ္စည်းတွေ ရက်ရက်ရောရော ထည့်ပေးလိုက်ကြတယ်။ (ဧဇ. ၁:၅၊ ၆) ပြည်တော်ပြန် ပထမတစ်သုတ် ရောက်ပြီးနောက် ၁၉ နှစ်လောက် ကြာတဲ့အထိ အလှူပစ္စည်းတွေ ပို့နေကြတုန်းပဲ။—ဇာ. ၆:၁၀။

၂၀ ဘုရားအမှုတော်မှာ လုပ်နိုင်တာ သိပ်မရှိဘူးလို့ ခံစားနေရရင်တောင် စိတ်ရင်းမှန်နဲ့ ကျွန်တော်တို့ လုပ်သမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သိရတယ်။ ဘယ်လို သိရသလဲ။ ဇာခရိခေတ်တုန်းက ဗာဗုလုန်က ပြည်နှင်ခံတွေ ပို့လိုက်တဲ့ ရွှေငွေတွေ ယူပြီး ယေဟောဝါ သရဖူ လုပ်ခိုင်းတယ်။ (ဇာ. ၆:၁၁) အဲဒီ “သရဖူ” ဟာ ပြည်နှင်ခံတွေရဲ့ ရက်ရောတဲ့ အလှူကို “ပြန်အောက်မေ့စေတဲ့အရာ” ဖြစ်တယ်။ (ဇာ. ၆:၁၄) ခက်ခဲချိန်မှာ ဘုရားအမှု ဆောင်ဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားတာ ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။—ဟီ. ၆:၁၀။

၂၁။ အနာဂတ်ကို ယုံကြည်စိတ်ချမှု ရှိရှိ ရင်ဆိုင်ဖို့ ဘာက ကူညီပေးမလဲ။

၂၁ နောက်ဆုံးကာလမှာ အခက်အခဲတွေ ကြုံနေရဦးမယ်။ အနာဂတ်မှာ အခြေအနေတွေ ပိုတောင် ဆိုးလာနိုင်တယ်။ (၂ တိ. ၃:၁၊ ၁၃) ဒါပေမဲ့ အစိုးရိမ်လွန်ဖို့ မလိုပါဘူး။ “မင်းတို့နဲ့အတူ ငါ ရှိနေတယ်။ . . . မကြောက်ကြနဲ့” ဆိုပြီး ဟဂ္ဂဲခေတ်တုန်းက မိမိလူမျိုးကို ယေဟောဝါ ပြောတဲ့ စကားတွေ သတိရပါ။ (ဟဂ္ဂဲ ၂:၄၊ ၅) အတတ်နိုင်ဆုံး ဘုရားအလို ဆောင်နေသရွေ့ ယေဟောဝါ အတူ ရှိမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဟဂ္ဂဲနဲ့ ဇာခရိရဲ့ ကြိုဟောချက်၊ ဧဇရရဲ့ စံနမူနာကနေ ရလာတဲ့ သင်ခန်းစာတွေအတိုင်း လက်တွေ့ကျင့်ကြရအောင်။ ဒါဆိုရင် အနာဂတ်မှာ ဘာအခက်အခဲပဲ ကြုံရပါစေ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားနိုင်ပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ဘယ်အခက်အခဲတွေက ဘုရားအမှုတော်မှာ ဇွဲလျော့သွားစေနိုင်သလဲ။

  • အခက်အခဲတွေ ရှိပေမဲ့ ဘုရားအလို ဆောင်တာကို ဘာကြောင့် အာရုံစိုက်သင့်သလဲ။

  • အကျပ်အတည်းကာလမှာ ယေဟောဝါကို ယုံကြည်ကိုးစားနေဖို့ ဘာလုပ်နိုင်သလဲ။

သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်နေကြ

a ငွေကြေး ကျပ်တည်းတဲ့အခါ၊ နိုင်ငံရေး မတည်ငြိမ်တဲ့အခါ၊ ဟောပြောခြင်းလုပ်ငန်း ဆန့်ကျင်ခံရတဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားစိတ် တိုးများနေစေဖို့ ဒီဆောင်းပါးက ရည်ရွယ်ပါတယ်။

b “ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါ” ဆိုတဲ့ အသုံးအနှုန်း ဟဂ္ဂဲကျမ်းမှာ ၁၄ ကြိမ် ပါတယ်။ ယေဟောဝါဟာ တန်ခိုး အကန့်အသတ် မရှိကြောင်း၊ ကောင်းကင်တမန်တပ်ကြီးကို ထိန်းချုပ်ထားကြောင်း ဂျူးတွေအတွက်ကော ကျွန်တော်တို့အတွက်ပါ သတိပေးချက်ပါပဲ။—ဆာ. ၁၀၃:၂၀၊ ၂၁။

c အမည်လွှဲများ။

d ဧဇရဟာ ပညတ်ကျမ်းကူးသူ ဖြစ်လို့ ယေဟောဝါရဲ့ ပရောဖက်ပြုစကားတွေကို ဂျေရုဆလင်မြို့ မသွားခင်ကတည်းက အခိုင်အမာ ယုံကြည်တယ်။—၂ ရာ. ၃၆:၂၂၊ ၂၃။ ဧဇ. ၇:၆၊ ၉၊ ၁၀။ ယေ. ၂၉:၁၄။

e ပုံအညွှန်း– အစည်းအဝေးကြီး တက်ဖို့ ညီအစ်ကို ခွင့်တောင်းတာကို အလုပ်ရှင် မပေး။ ဘုရားဆီက အကူအညီ၊ လမ်းညွှန်မှု တောင်းပြီး အလုပ်ရှင်ဆီ ခွင့်ထပ်တောင်းဖို့ ပြင်။ အလုပ်ရှင်ကို အစည်းအဝေးကြီး ဖိတ်စာ ပြပြီး ကျမ်းစာ သွန်သင်ချက်တွေရဲ့ တန်ဖိုးကို ပြောပြ။ အလုပ်ရှင် လေးစားပြီး စိတ်ပြောင်းသွား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ