စစ်မှု မငြိမ်းသေးပေမဲ့ စိတ်ငြိမ်သက်နေနိုင်
“ကျမ်းစာမလေ့လာခင်တုန်းကဆိုရင် ကမ္ဘာပေါ်မှာ ရက်စက်မှု၊ မတရားမှု၊ ဒုက္ခတွေ ဘာကြောင့် ဒီလောက်များနေသလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ကမ္ဘာကို ဘေးကင်းလုံခြုံတဲ့နေရာ ဖြစ်အောင် ယေဟောဝါဘုရား လုပ်ပေးမယ်ဆိုတာ သိလိုက်ရလို့ စိတ်ငြိမ်သက်နေပါပြီ” လို့ စစ်မှုထမ်းဟောင်း ဂယ်ရီ ပြောတယ်။
ဒီလိုခံစားရတာ ဂယ်ရီ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျမ်းစာအဆိုတွေ သိရလို့ တခြားသူတွေ ဘယ်လို အကျိုးရသလဲ သုံးသပ်ကြည့်ပါ။
ကျမ်းစာအဆို။ “အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။”—ဆာလံ ၈၆:၅။
အကျိုးရပုံ။ “ယေဟောဝါဟာ ကရုဏာရှင် ဖြစ်တယ်ဆိုတာ ဒီကျမ်းပိုဒ်ကနေ သိရတယ်။ စစ်သားဘဝမှာ လုပ်ခဲ့မိတာမှန်သမျှကို ယေဟောဝါ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးမယ်ဆိုတာ ကျွန်တော် စိတ်ချသွားတယ်။”—ဝေလ်မာ၊ ကိုလံဘီယာနိုင်ငံ။
ကျမ်းစာအဆို။ “ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ငါ ဖန်ဆင်းနေတယ်။ အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်လာတော့မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၁၇။
အကျိုးရပုံ။ “စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကြောင့် ကျွန်မ စိတ်ချောက်ချားတဲ့ဝေဒနာ၊ စိတ်ကျဝေဒနာ ရသွားတယ်။ ဒါပေမဲ့ မကြာခင် အဲဒီမှတ်ဉာဏ်ဆိုးတွေကို လုံးဝ မေ့ပျောက်သွားအောင် ယေဟောဝါ လုပ်ပေးမယ်၊ ဘယ်တော့မှ ခေါင်းထဲ ပေါ်လာတော့မှာ မဟုတ်ဘူးဆိုတာ ဒီကျမ်းပိုဒ်က စိတ်ချစေတယ်။ ဘယ်လောက် ကျေးဇူးတင်စရာကောင်းလိုက်သလဲ။”—ဇာဖီရာ၊ အမေရိကန်ပြည် ထောင်စု။
ကျမ်းစာအဆို။ “မင်းကြီးရဲ့ လက်ထက်မှာ ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ လမင်း တည်ရှိနေသရွေ့ ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။”—ဆာလံ ၇၂:၇။
အကျိုးရပုံ။ “ဒီကျမ်းစကားတွေကို ကျွန်မ မကြာခဏ တွေးဖြစ်တယ်။ မကြာခင် စစ်ဆိုတာကော စစ်ရဲ့ ဆိုးကျိုးတွေပါ မရှိတော့ဘူး။ ချစ်ရသူတွေ ဘေးမကင်းမှာကို စိတ်ပူစရာ မလိုတော့ဘူး။”—အိုလက်စန်ဒရာ၊ ယူကရိန်းနိုင်ငံ။
ကျမ်းစာအဆို။ “လူသေတွေ ပြန်ရှင်လာမယ်။ . . . မြေမှုန့်ထဲမှာ နေထိုင်သူတို့၊ နိုးထပြီး ရွှင်လန်းစွာ သီချင်းဆိုကြ။”—ဟေရှာယ ၂၆:၁၉။
အကျိုးရပုံ။ “တွတ်စီ လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျွန်မရဲ့ မိသားစုဝင်အားလုံးနီးပါး အသတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူတို့နဲ့ ပြန်ဆုံစည်းရမယ်လို့ ဒီကျမ်းပိုဒ်မှာ အာမခံထားတယ်။ သူတို့ အသက်ပြန်ရှင်လာပြီး ရယ်မောပျော်ရွှင်နေမှာကို ကျွန်မ တွေ့ချင်လှပြီ။”—မာရီ၊ ရဝမ်ဒါနိုင်ငံ။
ကျမ်းစာအဆို။ “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ . . . စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁။
အကျိုးရပုံ။ “စစ်ပြီးသွားပေမဲ့ မတရားမှုတွေ ရှိနေတုန်းပဲ။ လူဆိုးတွေရဲ့ဒဏ် ခံနေရတုန်းပဲ။ ဒါပေမဲ့ ကျွန်တော် ကြုံနေရသမျှကို ယေဟောဝါ မြင်တယ်၊ မကြာခင် မတရားမှုတွေ၊ လူဆိုးတွေကို ဖယ်ရှားပေးမယ်ဆိုတာ ကျမ်းစာကနေ သိထားလို့ သိပ်အားရှိတယ်။”—ဒယ်လာ၊ တာဂျစ်ကစ္စတန်နိုင်ငံ။
ဒီစာစောင်မှာ ဖော်ပြထားတဲ့သူတွေဟာ သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေထဲက တချို့ ဖြစ်ပါတယ်။ ယေဟောဝါသက်သေတွေဟာ ကျမ်းစာအကူအညီကြောင့် စိတ်ငြိမ်သက်မှု ရှာတွေ့လာကြတယ်။ လူမျိုး၊ နိုင်ငံ၊ မျိုးနွယ်စုကြောင့် ပေါ်လာတဲ့ အမုန်းတရားတွေကို ဖျောက်ပစ်နိုင်ခဲ့ကြတယ်။ (ဧဖက် ၄:၃၁၊ ၃၂) နိုင်ငံရေးမှာ ကြားနေတယ်၊ စစ်မက်ပဋိပက္ခတွေမှာ မပါဝင်ကြဘူး။—ယောဟန် ၁၈:၃၆။
ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ အချင်းချင်း မိသားစုလို ဖေးမကြတယ်။ (ယောဟန် ၁၃:၃၅) ဥပမာ၊ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အိုလက်စန်ဒရာဟာ အစ်မဖြစ်သူနဲ့အတူ တခြားနိုင်ငံကို စစ်ဘေးရှောင်ခဲ့ရတယ်။ “နယ်စပ်ရောက်တာနဲ့ တစ်ဖက်နိုင်ငံက ယေဟောဝါသက်သေတွေ ကြိုဆိုနေတာ ကျွန်မတို့ ချက်ချင်း တွေ့လိုက်ရတယ်။ နေရာအသစ်မှာ နေသားကျလာဖို့ သူတို့ အများကြီး ကူညီပေးတယ်” လို့ ပြောတယ်။
လောလောဆယ် စိတ်ငြိမ်သက်မှု ဘယ်လို ရနိုင်တယ်၊ ကမ္ဘာတစ်ခုလုံး ဘယ်လိုငြိမ်းချမ်းလာမယ်ဆိုတဲ့အကြောင်း ကျမ်းစာဖော်ပြချက်ကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုအစည်းအဝေးမှာ လာလေ့လာကြည့်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ jw.org ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး သင့်အနီးအနားမှာ ရှိတဲ့ အစည်းအဝေးခန်းမ တည်နေရာကို ရှာနိုင်တယ်။ ဒါမှမဟုတ် ပျော်စရာဘဝ ထာဝရ စံစားကြ ဆိုတဲ့ စာအုပ်နဲ့ ယေဟောဝါသက်သေတစ်ယောက် အခမဲ့ ကျမ်းစာလာဆွေးနွေးပေးဖို့ တောင်းဆိုနိုင်တယ်။