စစ်ရဲ့မြေစာပင်တွေ
စစ်မက်ပဋိပက္ခလောက် လူတွေကို ဒုက္ခရောက်စေတဲ့အရာ မရှိသလောက်ပဲ။ စစ်ကြောင့် ကြားထဲကနေ မြေစာပင် ဖြစ်သွားတာကတော့ ကမ္ဘာတစ်ဝန်းက စစ်သားတွေ၊ အရပ်သားတွေပါ။
စစ်သားတွေရဲ့ ပြောစကား
“လူတွေ အတုံးအရုံး သေတာ၊ ဒုက္ခိတ ဖြစ်သွားတာလိုမျိုး အနိဋ္ဌာရုံတွေ မမြင်ချင်မှအဆုံး။ ငါ့အလှည့် ဘယ်တော့လဲဆိုပြီး အမြဲ စိုးရိမ်နေရတယ်။”—ဂယ်ရီ၊ ဗြိတိန်နိုင်ငံ။
“ကျွန်တော့်ကျောနဲ့ မျက်နှာကို ကျည်လာမှန်တယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူအများကြီး သေသွားတာ မြင်ရတယ်။ ကြာလာတော့ ခံစားချက်တွေ ထုံလာတယ်။ သွေးထွက်သံယိုတွေ မြင်လည်း စိတ်ထဲ ဘယ်လိုမှ မနေတော့ဘူး။”—ဝေလ်မာ၊ ကိုလံဘီယာနိုင်ငံ။
“ကိုယ့်ရှေ့မှာ တစ်ယောက်ယောက် ကျည်ထိသွားပြီဆိုရင် အဲဒီ မြင်ကွင်းက မျက်လုံးထဲက မထွက်တော့ဘူး။ သူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံ၊ ညည်းတွားတဲ့အသံလည်း နားထဲက မထွက်တော့ဘူး။ ကုန်ကုန်ပြောရရင် ကျွန်မခေါင်းထဲကကို ထုတ်လို့မရတော့တာ။”—ဇာဖီရာ၊ အမေရိကန်ပြည်ထောင်စု။
အရပ်သားတွေရဲ့ ပြောစကား
“ပျော်စရာနေ့ရက်တွေ မရှိနိုင်တော့ဘူးလို့ ကျွန်မ ခံစားရတယ်။ အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပဲ။ ကိုယ့်အတွက်လည်း စိတ်ပူရ၊ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေအတွက်လည်း စိတ်ပူရနဲ့။”—အိုလက်စန်ဒရာ၊ ယူကရိန်းနိုင်ငံ။
“စားစရာ ရဖို့ မနက် ၂ နာရီကနေ ည ၁၁ နာရီအထိ တန်းစီရတဲ့ဘဝက တော်တော်ဆိုးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကနေ ဘယ်တော့ ကျည်ဆန်လာမှန်မလဲဆိုပြီး စိတ်တထင့်ထင့်နဲ့ တန်းစီရတာ။”—ဒေလာ၊ တာဂျစ်ကစ္စတန်နိုင်ငံ။
“စစ်တွင်းမှာ မိဘတွေ ဆုံးပါးသွားလို့ ကျွန်မ မိဘမဲ့ဘဝ ရောက်သွားတယ်။ အားကိုးရာမဲ့သွားတယ်။”—မာရီ၊ ရဝမ်ဒါနိုင်ငံ။
အထက်မှာ ဖော်ပြထားသူတွေဟာ စစ်ရဲ့ ဆိုးကျိုးတွေ ခံခဲ့ရပေမဲ့ အခု စိတ်အေးချမ်းနေကြပြီ။ စစ်မက်ပဋိပက္ခအားလုံး မကြာခင် ချုပ်ငြိမ်းတော့မယ်ဆိုတာလည်း ယုံကြည်နေကြပြီ။ စစ်မှု ဘယ်လို ချုပ်ငြိမ်းသွားမယ်ဆိုတာ သမ္မာကျမ်းစာကို အခြေခံပြီး ဒီကင်းမျှော်စင် စာစောင်မှာ ရှင်းပြသွားပါမယ်။