တာပနီ ဗစ်တာလာ | ဘဝအတ္ထုပ္ပတ္တိ
နားမကြားသူတွေကို ကူညီပေးချင်တဲ့ဆန္ဒ ပြည့်ဝ
ယေဟောဝါသက်သေတွေကို ကျွန်တော် စတွေ့ခါစက ကျမ်းစာထဲမှာ ကတိပြုထားတဲ့ “နားမကြားသူတွေ နားကြားလာမယ်” ဆိုတဲ့ ကျမ်းစကားကို သူတို့ပြကြတယ်။ (ဟေရှာယ ၃၅:၅) ကျွန်တော်က နားမကြားဘဲမွေးလာတော့ အသံဆိုတာကို စိတ်ကူးလို့မရဘူး။ ဒါကြောင့် အဲဒီကတိက ကျွန်တော့်အတွက် သိပ်အရာမထင်ခဲ့ဘူး။ သူတို့က ကျမ်းစာကနေ ဘုရားနိုင်ငံတော်ဟာ မတရားမှု၊ စစ်ပွဲ၊ ဖျားနာမှုနဲ့ သေခြင်းကိုတောင် ဖယ်ရှားပစ်မယ်ဆိုတာကို ပြတော့ ကျွန်တော် စွဲမှတ်သွားတယ်။ နောက်တော့၊ ကျွန်တော် သိရှိလာတာကို တခြားနားမကြားသူတွေကိုဝေမျှဖို့ စိတ်ပြင်းပြလာတယ်။
ကျွန်တော်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ ဖင်လန်နိုင်ငံ၊ ဗစ်ရတ်မြို့မှာ နေထိုင်ကြပြီး နားမကြားတဲ့မိသားစုထဲကပါ။ မိဘနှစ်ပါးစလုံး၊ ဆွေမျိုးအတော်များများနဲ့ ညီလေး၊ ညီမလေးဟာ နားမကြားသူတွေပါ။ ကျွန်တော်တို့ လက်သင်္ကေတပြ ဘာသာစကားနဲ့ ဆက်သွယ်ကြတယ်။
ကျမ်းစာကနေ အံ့သြစရာတွေ သင်ယူခြင်း
ကျွန်တော်တက်တဲ့ ဘော်ဒါကျောင်းက အိမ်ကနေ မိုင် ၁၅၀ ဝေးတယ်။ အဲဒီမှာ လက်သင်္ကေတပြ ဘာသာစကားကိုမသုံးဖို့ လုံးဝ တားမြစ်ထားတာ။ အဲဒီအချိန်တုန်းက ဖင်လန်နိုင်ငံက နားမကြားကျောင်းတွေမှာ နှုတ်နဲ့ပဲ သင်ကြားပေးကြတယ်။ ဒါကြောင့် ကျွန်တော်တို့ကို နှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး နားလည်အောင် အတင်းအကျပ် သင်ယူခိုင်းတယ်။ ဆရာ/မတွေက ကျွန်တော်တို့ လက်သင်္ကေတပြနေတာကိုမြင်ရင် ပေတံ၊ တုတ်တံနဲ့ တအားရိုက်ပါလေရော။ ကျွန်တော်တို့ရဲ့ လက်ချောင်းတွေဆိုရင် ရက်အတော်ကြာ ရောင်ကိုင်းနေတာ။
အထက်တန်းပြီးတော့ စိုက်ပျိုးရေးကောလိပ် တက်တယ်။ မိဘတွေမှာ လယ်ယာရှိတော့ စိုက်ပျိုးရေး အတတ်ပညာ သင်ယူဖို့ လိုတယ်လေ။ ကျွန်တော် အိမ်ပြန်လာတော့ စားပွဲပေါ်မှာ ကင်းမျှော်စင်နဲ့ နိုးလော့! စာစောင်တွေ တွေ့တယ်။ အဖေက ဒီစာစောင်တွေဟာ ကျမ်းစာထဲက အံ့သြစရာတွေ ရှင်းပြပေးပြီး နားကြားသူတွေက အဖေနဲ့အမေကို ကျမ်းစာသင်ပေးနေတဲ့အကြောင်း ပြောပြတယ်။ သူတို့က အဖေနဲ့အမေကို စာရေးပြပြီး ဆက်သွယ်ပြောဆိုကြတာ။
ဘုရားနိုင်ငံတော်အုပ်ချုပ်တဲ့အခါ ကမ္ဘာမြေဟာ လှပတဲ့ပရဒိသုဖြစ်လာပြီး သေဆုံးသွားသူတွေ ပြန်ထမြောက်လာမယ့်အကြောင်း အဖေ ပြောပြတယ်။ ကျွန်တော်သင်ခဲ့ဖူးတာက သေသွားတဲ့သူတွေဟာ ကောင်းကင်သွားကြတာ။ ယေဟောဝါသက်သေတွေက လက်သင်္ကေတပြ ဘာသာစကားနဲ့ မပြောတော့ အဖေ နားလည်မှုလွဲနေတာဖြစ်မယ်လို့ ကျွန်တော်ထင်မိခဲ့တယ်။
အဲဒီဇနီးမောင်နှံ အဖေနဲ့အမေဆီ ပြန်လာတဲ့အခါ အဖေပြောပြတာတွေအကြောင်း သူတို့ကို မေးကြည့်တယ်။ “အဖေပြောတာ မှန်တယ်” လို့ သူတို့ ပြန်ပြောတယ်။ ပြီးတော့ ယောဟန် ၅:၂၈၊ ၂၉ မှာ ယေရှုပြောတဲ့ ထမြောက်ခြင်းအကြောင်း ပြတယ်။ ကမ္ဘာပေါ်က မတရားမှုတွေကို ပယ်ရှင်းတော့မယ့်အကြောင်း၊ လူတွေဟာ ပြီးပြည့်စုံလင်တဲ့ကျန်းမာရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ထာဝစဉ်နေကြမယ့်အကြောင်း ပြောပြတယ်။—ဆာလံ ၃၇:၁၀၊ ၁၁။ ဒံယေလ ၂:၄၄။ ဗျာဒိတ် ၂၁:၁-၄။
ကျွန်တော်လည်း ထပ်သိချင်တာနဲ့ အဲန်တီရိုလို့ခေါ်တဲ့ နားကြားတဲ့ သက်သေခံတစ်ယောက်နဲ့ ကျမ်းစာလေ့လာတယ်။ သူက လက်သင်္ကေတပြ ဘာသာစကားကို နားမလည်တော့ ကျွန်တော်က လေ့လာတဲ့စာအုပ်ထဲက မေးခွန်းတွေရဲ့အဖြေကို စာရွက်ပေါ်မှာ ချရေးတယ်။ အဲန်တီရိုက ဖတ်ပြီး ထပ်ဆင့် မေးခွန်းတွေ၊ မှတ်ချက်တွေ ရေးတယ်။ အဲဒီနည်းကိုသုံးပြီး တစ်ပတ်ကို နှစ်နာရီ စိတ်ရှည်ရှည် သင်ပေးခဲ့တယ်။
၁၉၆၀ မှာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ဘာသာပြန်ပေးတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးကို ကျွန်တော် တက်ရောက်ခဲ့တယ်။ သောကြာနေ့ မွန်းလွဲပိုင်းအစီအစဉ်မှာ နောက်တစ်နေ့ကျရင် နှစ်ခြင်းအစီအစဉ်ရှိကြောင်း ကြေညာတယ်။ ဒါနဲ့ စနေမနက်မှာ ကျွန်တော် ရေကူးဘောင်းဘီနဲ့ ကိုယ်သုတ်ပဝါယူပြီး နှစ်ခြင်းခံလိုက်တယ်။a မကြာပါဘူး၊ ကျွန်တော့်အဖေနဲ့အမေ၊ ညီမလေးနဲ့ ညီလေးလည်း နှစ်ခြင်းခံကြတယ်။
နောက်ဆုံးမှာ ကျွန်တော့် မိသားစုဝင်အားလုံး နှစ်ခြင်းခံခဲ့
ကျမ်းစာ အမှန်တရား ဝေမျှခြင်း
ကျွန်တော်သိလာတာတွေကို တခြားနားမကြားတဲ့သူတွေကို ဝေမျှပေးချင်တယ်။ သူတို့ကို အကောင်းဆုံးဝေမျှနိုင်တဲ့နည်းက လက်သင်္ကေတပြ ဘာသာစကားနဲ့ပါ။ အစပိုင်းမှာတော့ ကိုယ့်မြို့က နားမကြားသူတွေကို ထက်ထက်သန်သန် ဟောပြောခဲ့တယ်။
မကြာခင်မှာ စက်မှုမြို့ဖြစ်တဲ့ တမ်ပါရီကို ပြောင်းသွားတယ်။ ကျွန်တော် တစ်အိမ်ပြီးတစ်အိမ် သွားပြီး နားမကြားသူတွေကို ရှာဖွေတယ်။ နားမကြားသူတစ်ယောက်ယောက်ကိုများ သိသလားလို့ အိမ်ရှင်ကို မေးတယ်။ ဒီလိုနည်းနဲ့ ကျမ်းစာသင်အံမှုတွေ စနိုင်ခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ တမ်ပါရီမြို့မှာ နားမကြား ကြေညာသူ ဆယ်ယောက်ကျော် ရှိလာတယ်။
၁၉၆၅ မှာ ချစ်စရာကောင်းတဲ့ ညီအစ်မ မာရီနဲ့ ဆုံတယ်။ နောက်တစ်နှစ်မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ မာရီက လက်သင်္ကေတပြ ဘာသာစကားကို မြန်မြန်ပဲ တတ်ကျွမ်းလာတယ်။ သူနဲ့အတူ ယေဟောဝါရဲ့ အမှုတော်ကို ထမ်းဆောင်ခဲ့တဲ့ အနှစ်ငါးဆယ်ကာလအတွင်း မာရီဟာ သစ္စာရှိတဲ့၊ အလုပ်ကြိုးစားတဲ့ အဖော်အဖက်ကောင်းပါ။
ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့၊ ၁၉၆၆
လက်ထပ်ပြီးလို့ နှစ်နှစ်ကြာတော့ သားလေး မာကိုကို ရလာတယ်။ သူက နားကြားတယ်။ အိမ်ကနေ မိခင်ဘာသာစကားဖြစ်တဲ့ ဖင်လန်ဘာသာစကားနဲ့ ဖင်လန် လက်သင်္ကေတပြ ဘာသာစကားကို သူတတ်လာတယ်။ အသက် ၁၃ နှစ်မှာ မာကို နှစ်ခြင်းခံခဲ့တယ်။
တမ်ပါရီမြို့က ကျွန်တော်တို့ရဲ့ လက်သင်္ကေတပြ ဘာသာစကားအုပ်စုမှာ လူသစ်တွေ အများကြီး ပူးပေါင်းလာကြတယ်။ ဒါကြောင့်၊ ၁၉၇၄ ခုနှစ်မှာ နားမကြားသက်သေခံမရှိတဲ့ နောက်တစ်မြို့ တာရ်ခူကို ကျွန်တော်တို့ ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာ တစ်အိမ်မှတစ်အိမ်သွားပြီး နားမကြားသူတွေကို ရှာဖွေခဲ့တယ်။ တာရ်ခူမြို့မှာ နေထိုင်တဲ့ နှစ်တွေအတွင်း ကျွန်တော်ရဲ့ ကျမ်းစာသင်သား ၁၂ ယောက် နှစ်ခြင်းခံခဲ့တယ်။
ဘောလ်တစ်နိုင်ငံတွေမှာ အမှုဆောင်
၁၉၈၇ မှာ ဗေသလမှာ အမှုဆောင်ဖို့ မာကို ဖိတ်ခေါ်ခံရတယ်။ တာရ်ခူမြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လက်သင်္ကေတပြ ဘာသာစကားအုပ်စုက အခြေခိုင်နေပြီဖြစ်လို့ ကျွန်တော်တို့ ပြောင်းရွှေ့ဖို့ စီစဉ်ကြပြန်တယ်။
အဲဒီအချိန်လောက်မှာ ဥရောပအရှေ့ပိုင်းမှာ လွတ်လွတ်လပ်လပ် ဟောပြောခွင့်ရလာပြီ။ ဒါနဲ့၊ ၁၉၉၂၊ ဇန်နဝါရီမှာ တခြားနားမကြား ညီအစ်ကိုတစ်ယောက်နဲ့အတူ အက်စတိုးနီးယားနိုင်ငံ၊ တာလင်းမြို့ကို သွားခဲ့တယ်။
ညီအစ်မတစ်ယောက်နဲ့ ဆက်သွယ်တယ်။ သူ့အကိုက နားမကြားသူပါ။ သူက နိုင်ငံတော်သတင်းကို စိတ်ဝင်စားမှုမပြပေမဲ့ နားမကြားတဲ့ အက်စတိုးနီးယားနိုင်ငံသားတွေနဲ့ အဆက်အသွယ်ရဖို့ ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ လည်ပတ်တဲ့ နောက်ဆုံးညမှာ အက်စတိုးနီးယားနိုင်ငံ နားမကြားသူများအသင်းက ကျင်းပတဲ့ အစည်းအဝေးကို သူခေါ်သွားတယ်။ ကျွန်တော်တို့ စောစောရောက်သွားပြီး စားပွဲတစ်လုံးမှာ အက်စတိုးနီးယား ဘာသာစကား၊ ရုရှားဘာသာစကားနဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေကို ခင်းကျင်းပြသခဲ့တယ်။ စာအုပ် ၁၀၀ နဲ့ မဂ္ဂဇင်း ၂၀၀ လောက်ဝေငှခဲ့ပြီး စိတ်ဝင်စားသူတွေရဲ့ လိပ်စာ ၇၀ လောက် ရခဲ့တယ်။ အဲဒီညက အက်စတိုးနီးယားမှာ လက်သင်္ကေတပြ ဘာသာစကားနဲ့ အမှုဆောင်ဖို့ အုတ်မြစ်ချခဲ့တာပါ။
ဘောလ်တစ်နိုင်ငံတစ်ခုကို ဟောပြောဖို့သွားတဲ့ ခရီးစဉ်
အဲဒီနောက်ပိုင်း မကြာခင်မှာ၊ မာရီနဲ့ကျွန်တော် အက်စတိုးနီးယားမှာ ဟောပြောဖို့ ပုံမှန် ခရီးထွက်ကြတယ်။ အလုပ်ချိန်ကို လျှော့လိုက်ကြပြီး မှန်မှန်ရှေ့ဆောင် လုပ်တယ်။ ၁၉၉၅ မှာ တာလင်းမြို့ကိုသွားတဲ့ ကူးတို့ဆိပ်နဲ့နီးအောင်ဆိုပြီး ဟဲလ်စင်ကီမြို့နားကို ပြောင်းရွှေ့ခဲ့ကြတယ်။ အက်စတိုးနီးယားမှာ အမှုဆောင်တာက ထင်တာထက် ပိုကောင်းခဲ့တယ်။
ကျွန်တော်တို့ ကိုင်တွယ်နိုင်သလောက် ကျမ်းစာသင်အံမှုတွေ ရတယ်။ ကျမ်းစာသင်သား ၁၆ ယောက် နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။ အဲဒီအထဲမှာ မျက်စိလည်းမမြင် နားလည်းမကြားတဲ့ ညီအစ်မအရင်း နှစ်ယောက်ပါတယ်။ သူတို့က လက်သင်္ကေတပြနေတဲ့ ကျွန်တော့်လက်ကို ကိုင်ထားတဲ့အတွက် ကျွန်တော် ဘာပြောသလဲဆိုတာ နားလည်ကြတယ်။ အဲဒီနည်းနဲ့ ကျမ်းစာ သင်ယူခဲ့ကြတယ်။
နားမကြားသူတွေကို ကျမ်းစာသင်ပေးရတာ တကယ်ခက်တယ်။ အဲဒီအချိန်တုန်းက လက်သင်္ကေတပြ ဘာသာစကားနဲ့ စာပေတွေမရှိတော့ အဖွဲ့အစည်းထုတ် စာပေတွေထဲက ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံတွေကို ဗလာစာအုပ်တစ်အုပ်မှာ ဖြတ်ညှပ်ကပ်လုပ်ပြီး အဲဒီစာအုပ်ကို လယ်ကွင်းမှာ အသုံးပြုခဲ့တယ်။
ဖင်လန်ဌာနခွဲရုံးက ကျွန်တော့်ကို လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံမှာရှိတဲ့ လက်သင်္ကေတပြ ဘာသာစကားပြော သူတွေကို ကူညီပေးနိုင်တဲ့ နည်းလမ်းရှာဖို့ အဲဒီနိုင်ငံတွေကို လည်ပတ်ဖို့ စေလွှတ်ခဲ့တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် လည်ပတ်ခဲ့ကြပြီး နယ်ခံသက်သေခံတွေ နားမကြားသူတွေကို ရှာဖွေရာမှာ ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား လက်သင်္ကေတပြ ဘာသာစကားနဲ့ ဘောလ်တစ်နိုင်ငံတွေမှာနေထိုင်တဲ့ ရုရှားလူမျိုး နားမကြားတွေ အသုံးပြုတဲ့ ရုရှား လက်သင်္ကေတပြ ဘာသာစကားတွေ ကျွန်တော် နည်းနည်းတတ်လာတယ်။
ဝမ်းနည်းစရာက အက်စတိုးနီးယားနဲ့ တခြားဘောလ်တစ်နိုင်ငံတွေကို ရှစ်နှစ် လည်ပတ်ပြီးနောက်မှာတော့ မာရီမှာ ဦးနှောက်အာရုံကြောဆိုင်ရာ ပါကင်ဆန်ရောဂါရလာလို့ ဆက်မသွားနိုင်ကြတော့ဘူး။
နားမကြားသူတွေကို ကူညီဖို့ ဖွဲ့စည်းစီစဉ်
၁၉၉၇ မှာ ဖင်လန်ဌာနခွဲက လက်သင်္ကေတပြ ဘာသာစကားအတွက် ဘာသာပြန်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ကျွန်တော်တို့က ဌာနခွဲနားမှာပဲနေတော့ မာရီနဲ့ကျွန်တော်က လက်သင်္ကေတပြ ဘာသာစကားနဲ့ စာပေတွေ ထုတ်လုပ်ရာမှာ ကူညီပေးနိုင်ခဲ့ကြတယ်။ အခုအချိန်ထိ တစ်ခါတစ်ခါ ကူညီပေးနေဆဲပါ။ သားမာကိုနဲ့အတူ လုပ်ဆောင်ရတယ်။ နောက်ပိုင်း မာကိုဟာ ဇနီးဖြစ်သူ ကစ်စီနဲ့အတူ တခြားနိုင်ငံတွေက လက်သင်္ကေတပြ ဘာသာစကားအုပ်စုတွေကို လေ့ကျင့်ကူညီပေးတယ်။
ဖင်လန်လက်သင်္ကေတပြ ဘာသာစကားနဲ့ ဗီဒီယိုတွေထုတ်လုပ်ဖို့ ကူညီပေးနေ
ဒီအပြင် ဌာနခွဲရုံးက နားကြားတဲ့ကြေညာသူတွေ လက်သင်္ကေတပြ ဘာသာစကား သင်ယူဖို့ သင်တန်းတွေ စီစဉ်ပေးတယ်။ ဒီသင်တန်းတွေအတွက် ကျေးဇူးတင်တယ်။ အတော်များများက လက်သင်္ကေတပြ ဘာသာစကားအုပ်စု၊ အသင်းတော်တွေနဲ့ ပူးပေါင်းလာကြပြီး ဟောပြောခြင်းနဲ့ အစည်းအဝေးတွေကို ထောက်ကူပေးကြတယ်။ အသင်းတော် တာဝန်တွေ ထမ်းဆောင်ပေးကြတယ်။
ကူညီပေးချင်စိတ် ပြင်းပြနေဆဲ
၂၀၀၄ မှာ မာရီနဲ့ကျွန်တော် ဟဲလ်စင်ကီမြို့က ပထမဦးဆုံး ဖင်လန်လက်သင်္ကေတပြ ဘာသာစကားအသင်းတော် ဖွဲ့စည်းရာမှာ ကူညီပေးခဲ့တယ်။ သုံးနှစ်ကြာတော့ ရှေ့ဆောင်တွေအများကြီးရှိတဲ့ ခိုင်ခံ့၊ ထက်သန်တဲ့အသင်းတော် ဖြစ်လာတယ်။
ကျွန်တော်တို့လည်း ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ဖို့ စီစဉ်ပြန်တယ်။ ၂၀၀၈ မှာ ကျွန်တော်တို့ တမ်ပါရီမြို့နားကို ပြောင်းရွှေ့ပြီး လွန်ခဲ့တဲ့ ၃၄ နှစ်လောက်က နေခဲ့တဲ့ လက်သင်္ကေတပြ ဘာသာစကားအုပ်စုကို ပြန်သွားခဲ့တယ်။ တစ်နှစ်ကြာတော့ အဲဒီလက်သင်္ကေတပြ ဘာသာစကားအုပ်စုဟာ ဖင်လန်မှာ ဒုတိယ လက်သင်္ကေတပြ ဘာသာစကားအသင်းတော် ဖြစ်လာတယ်။
အဲဒီအချိန်လောက်မှာ မာရီရဲ့ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာတယ်။ သူသေဆုံးသွားတဲ့ ၂၀၁၆ အထိ ကျွန်တော် ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ကျွန်တော် သူ့ကို သိပ်သတိရတယ်။ ဒါပေမဲ့ ဖျားနာမှုမရှိတော့မယ့် ကမ္ဘာသစ်မှာ ပြန်တွေ့ဖို့ စောင့်မျှော်နေပါတယ်။—ဟေရှာယ ၃၃:၂၄။ ဗျာဒိတ် ၂၁:၄။
လွန်ခဲ့တဲ့အနှစ် ၆၀ လုံးလုံး ကျွန်တော့်ရဲ့ အသက်တာလုပ်ငန်းဖြစ်ခဲ့တဲ့ နားမကြားသူတွေကို သတင်းကောင်းဝေမျှချင်တဲ့ စိတ်ဆန္ဒကတော့ ကမ္ဘာသစ်မရောက်မချင်း ဆက်ထက်သန်နေဦးမှာပါ။
a ဒါကတော့ နှစ်ခြင်းခံမယ့်သူတွေဟာ အသင်းတော်အကြီးအကဲတွေနဲ့ အရင်တွေ့ဆုံတဲ့ အစီအစဉ် မရှိခင်တုန်းက ဖြစ်ခဲ့တာပါ။