ယုံကြည်ချက်ကြောင့် ထောင်ချခံရ—တောင်ကိုရီးယား
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားမှာ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို စစ်မှုထမ်းမယ့်အစား တခြားအရပ်ဘက်ဆိုင်ရာ ဌာနတွေမှာ အမှုထမ်းဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ တောင်ကိုရီးယားရဲ့ အစားထိုးအရပ်ဘက်အလုပ် စနစ်ဟာ အချိန်ကြာမြင့်မှုမှာရော ပြင်းထန်မှုမှာပါ ဒဏ်ခတ်မှု၊ ခွဲခြားဆက်ဆံမှု ဖြစ်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်တယ်။ ၃၆ လကြာတဲ့ အစားထိုးအရပ်ဘက်အလုပ်ဟာ စစ်မှုထမ်းရမယ့်သက်တမ်းထက် နှစ်ဆပိုကြာမြင့်နေတယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့လည်း ဆန့်ကျင်နေတယ်။ ဒီစံနှုန်းတွေအရ ခိုင်လုံတဲ့ အကြောင်းပြချက်တွေမရှိရင် အစားထိုးအရပ်ဘက်အလုပ်က စစ်မှုထမ်းကာလရဲ့ တစ်ဆခွဲထက် ပိုမကျော်လွန်ရဘူး။ တောင်ကိုရီးယား ယေဟောဝါသက်သေ အမျိုးသားတချို့က အစားထိုးအရပ်ဘက်အလုပ် အစီအစဉ်ကို ငြင်းပယ်ကြတယ်။ တချို့က တရားရုံးဆီ တိုင်ကြားစာတွေ တင်ကြတယ်။ ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်မှာ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက အစားထိုးအရပ်ဘက်အလုပ်အပေါ် တိုင်ကြားစာအားလုံးကို ၅-၄ ဆုံးဖြတ်ချက်နဲ့ ပယ်ချလိုက်တယ်။ အစားထိုးအရပ်ဘက်အလုပ်ဟာ ပြစ်ဒဏ်ပေးရာရောက်နေမှန်း တရားရုံးက ဒီလိုအလေးပေး ဖော်ပြခဲ့တယ်– “အစားထိုးအရပ်ဘက်အလုပ်ဟာ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ လွတ်လပ်မှုကို ချိုးဖောက်တဲ့ ဒဏ်ခတ်နည်း တစ်မျိုးပါပဲ။”
၂၉ နှစ်အရွယ် အိမ်ထောင်သည် ညီအစ်ကို ဝူဂျင် ဘွန်ဟာ တောင်ကိုရီးယားမှာ အရပ်ဘက် အစားထိုးအလုပ်ကို ငြင်းဆိုမှုနဲ့ ထောင်ချခံရတဲ့ ပထမဆုံးသူပါ။ အစားထိုးအလုပ်ကို ငြင်းဆိုဖို့ ဆုံးဖြတ်လိုက်တယ်။ ပြစ်ဒဏ်ပေးရာမကျတဲ့ တခြားအစားထိုးအရပ်ဘက်အလုပ် ရှိမယ်ဆိုရင် လုပ်ဖို့ တလိုတလားရှိတယ်လို့ တင်ပြပေမဲ့ ၂၀၂၄၊ ဇူလိုင် ၂၄ ရက်မှာ တရားရုံးက သူ့ကို ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်လိုက်တယ်။
အခုအချိန်အထိ ညီအစ်ကို ဘွန်အပါအဝင် အရပ်ဘက် အစားထိုးအလုပ်ကို ငြင်းဆိုသူ စုစုပေါင်း ၁၃ ယောက် ရှိပါတယ်။ ညီအစ်ကို ၁၁ ယောက် အမှုရင်ဆိုင်နေရတယ်။ သူတို့လည်း ပြစ်ဒဏ်၊ ထောင်ဒဏ် ပေးခံရနိုင်တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူအများစုကတော့ ပြစ်ဒဏ်ပေးရာရောက်တဲ့ အစားထိုးအရပ်ဘက်အလုပ် လုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ကြတယ်။
အချိန်ပြဇယား
ဇူလိုင် ၂၄၊ ၂၀၂၄
အစားထိုးအရပ်ဘက်အလုပ် ငြင်းဆိုမှုနဲ့ ဝူဂျင် ဘွန် ထောင်ဒဏ် ၁၈ လ ချမှတ်ခံရ
နိုဝင်ဘာ ၁၀၊ ၂၀၂၂
စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရတော့ ဝူဂျင် ဘွန်က စစ်မှုထမ်းဖို့နဲ့ အစားထိုးအရပ်ဘက်အလုပ် ငြင်းဆိုတဲ့အကြောင်း စစ်သားစုဆောင်းရေး စီမံခန့်ခွဲရေးရုံးဆီ စာရေး
အောက်တိုဘာ ၂၆၊ ၂၀၂၀
တောင်ကိုရီးယား အစိုးရက ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအတွက် အစားထိုးအရပ်ဘက်အလုပ် ရွေးခွင့်ပေး
နိုဝင်ဘာ ၁၊ ၂၀၁၈
ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း တောင်ကိုရီးယား တရားရုံးချုပ်က ၉-၄ မဲနဲ့ စီရင်ဆုံးဖြတ်
ဇွန် ၂၈၊ ၂၀၁၈
ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအတွက် အစားထိုး အရပ်ဘက်လုပ်ငန်း မပြင်ဆင်ပေးတဲ့အတွက် တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက စစ်မှုထမ်းဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီဘူးလို့ ကြေညာ
အောက်တိုဘာ ၁၈၊ ၂၀၁၆
ဂွမ်ဂျူ အယူခံတရားရုံးက ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူသုံးဦးကို အပြစ်မရှိကြောင်း ဦးဆုံးအကြိမ်အဖြစ် စီရင်ဆုံးဖြတ်
ဩဂုတ် ၃၀၊ ၂၀၁၁
ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို အပြစ်ပေးတဲ့ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ထပ်မံအတည်ပြု
ဩဂုတ် ၂၆၊ ၂၀၀၄
ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို အပြစ်ပေးတဲ့ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အတည်ပြုဆုံးဖြတ်
၁၉၇၅
အစိုးရက စစ်မှုမထမ်းမနေရစနစ် ကျင့်သုံး
၁၉၇၃
၁၉၇၃ ကနေ ၁၉၉၅ ဝန်းကျင်အထိ အစိုးရက ထောင်ကျနေတဲ့ ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်း
၁၉၅၃
ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ယေဟောဝါသက်သေတစ်ဦးကို ဦးဆုံးထောင်ချ