ယုံကြည်ချက်ကြောင့် ထောင်ချခံရ—ယူကရိန်း
ယူကရိန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို အစားထိုးအရပ်ဘက်လုပ်ငန်း လုပ်ခွင့်ပေးတဲ့ဥပဒေကြောင့် ဆယ်စုနှစ်သုံးခုနီးပါး အကျိုးခံစားခဲ့ရပါသည်။ အစားထိုး အရပ်ဘက်လုပ်ငန်းကြောင့် ကြေညာသူတွေဟာ ကိုယ့်ကိုယ်ကိုယ်သိစိတ် ကြည်လင်တဲ့ အလုပ်အမျိုးမျိုးကို လုပ်ဆောင်ခွင့် ရခဲ့ကြတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းမှာ စစ်စတင်ဖြစ်ပွားပြီး နောက်ပိုင်း စစ်အတွက် စစ်သားစုဆောင်းချိန်အတွင်း အရပ်ဘက်အစားထိုးအလုပ် လုပ်ခွင့် မပေးတော့တဲ့အတွက် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ရာနဲ့ချီဟာ ပြစ်မှုနဲ့ တရားစွဲဆိုခံရတယ်။ ဒီအခြေအနေက ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်ကို အသိအမှတ်ပြုဖို့ ပျက်ကွက်ရာ ရောက်တဲ့အပြင် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်သိတဲ့စိတ်နဲ့အညီ လုပ်ဆောင်ပိုင်ခွင့်ကိုလည်း မလေးစားရာရောက်တယ်။ ဒါ့အပြင် လူ့အခွင့်အရေး စည်းမျဉ်းတွေနဲ့ရော၊ ယူကရိန်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ဒီအချက်နဲ့ပါ ကိုက်ညီခြင်း မရှိပါ– “စစ်မှုထမ်းခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ဘာသာရေးယုံကြည်မှုတွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင် ဒီတာဝန်နေရာမှာ (စစ်နဲ့မဆိုင်တဲ့) အစားထိုးအရပ်ဘက်လုပ်ငန်းနဲ့ အစားထိုးပေးရပါမယ်။”
၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်အထိဆိုရင် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ယေဟောဝါသက်သေ ၄ ယောက်ဟာ ထောင်ဒဏ် ၃၆ လ ကျခံနေရပါတယ်။ နောက်ထပ် ၃ ယောက်က အချုပ်ထောင်မှာ ရှိနေပြီး ပြစ်ဒဏ်ကို စောင့်ဆိုင်းနေကြရတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှု
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၃ ယောက်က ယူကရိန်းမှာ အစားထိုးအရပ်ဘက်လုပ်ငန်းမရှိတဲ့ အခြေအနေကို တွေ့ရှိပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်စွဲနဲ့ ယူကရိန်းအစိုးရဆီပို့တဲ့ စာထဲမှာ ဒီလိုဖော်ပြထားတယ်– “ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကိုရော ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ရဖို့ ကြိုးစားနေသူတွေကိုပါ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မကင်းဖြစ်ရပါတယ်။”
အချိန်ပြဇယား
မေ ၁၉၊ ၂၀၂၅
ယေဟောဝါသက်သေ ၇ ယောက် ထောင်ကျနေပါတယ်။
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂
စစ်အုပ်ချုပ်ရေး စတင်ပြီး စစ်သားစုဆောင်းခြင်း စတင်ခဲ့တယ်။
ဇွန် ၂၃၊ ၂၀၁၅
စစ်သားစုဆောင်းချိန်အတွင်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ရှိကြောင်း ဗစ်တာလီ ရှာလိုင်ကိုရဲ့ အမှုကို ယူကရိန်း တရားရုံးချုပ်က အတည်ပြုဆုံးဖြတ်လိုက်တယ်။
ဒီဇင်ဘာ ၁၉၉၁
(စစ်နဲ့မသက်ဆိုင်တဲ့) အရပ်ဘက်အစားထိုးအလုပ်လုပ်ခွင့် ဥပဒေထုတ်ပြန်ခဲ့တယ်။
ဖေဖော်ဝါရီ ၂၈၊ ၁၉၉၁
ယူကရိန်းမှာ ယေဟောဝါသက်သေတွေကို တရားဝင်မှတ်ပုံတင်လိုက်တယ်။