အဖိုးတန်သော ကမ္ဘာ့လေထု
၁၉၆၁ မေလ ၄ ရက်၊ မယ်လ်ကမ် ရိုးစ်နှင့် ဗစ်ခ် ပရာသာတို့သည် လေပူဖောင်းဖြင့် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၂၁.၅ မိုင်အထိ လိုက်ပါသွားခဲ့သည်။ ထိုအချိန်၌ စံချိန်သစ် တင်နိုင်ခြင်းသည် ရိုးစ်အဖို့ သိပ်အရေးကြီးလှသည် မဟုတ်ပါ။ သူ့စိတ်ထဲ၌ အထူး စွဲမှတ်မိသည့်အရာမှာ တရုတ်ကတ်ကို ဖြည်းဖြည်းလေး လှပ်၍ လှောင်ချိုင့်ထဲမှ အပြင်ဘက်သို့ ပထမဦးဆုံးအကြိမ် ကြည့်လိုက်စဉ် တွေ့လိုက်ရသည့် မြင်ကွင်းသာ ဖြစ်သည်။
“အမြင့်ပေ ၁၀၀,၀၀၀ မှ မြင်လိုက်ရသည့် မြင်ကွင်းမှာ အလွန့်အလွန် ကြီးကျယ်ခမ်းနားလှသည်” ဟူ၍ သူ သတိတရနှင့် ပြောပြသည်။ ရိုးစ်သည် ကမ္ဘာ့လေထုအလွှာ အသီးသီးတို့၏ အရောင်များကြောင့် အလွန် အံ့သြမိခဲ့သည်။ ပထမတွင် ထရိုပိုစဖီးယား (troposphere) ခေါ် အောက်လေထုလွှာ၏ “တောက်ပသည့် ဖြူပြာရောင်” ဖြစ်ပြီး ယင်းအလွှာသည် မြေပြင်အထက် ဆယ်မိုင်ခန့် ကျယ်ဝန်းသည်။ ထိုနောက် အပြာရင့်ရောင်ရှိသော စထရက်တိုစဖီးယား (stratosphere) ခေါ် အထက်လေထုလွှာ ဖြစ်ပြီး အရောင်သည် ရင့်သည်ထက် ရင့်လာပြီး နောက်ဆုံးတွင် မှောင်မည်းသည့် အာကာသနှင့် တစ်သားတည်း ဖြစ်သွားသည်။ “ကျွန်တော်တို့သည် တိတ်ဆိတ်မှင်တက်စွာဖြင့် ကမ္ဘာ့လေထုကြီး၏ အထက်ပိုင်း သာယာလှပပုံကို တွေးတောငေးမောခဲ့ကြသည်” ဟူ၍ ရိုးစ်က National Geographic ဂျာနယ်တွင် ရေးသားထားသည်။
မှန်ပါသည်၊ ချစ်စရာကောင်းသော ကမ္ဘာ့လေထုကြီးသည် အမှန်ပင် တွေးတောငေးမောထိုက်ပေသည်။
အသက်ရှင်ရေး ထောက်ပံ့ပေး
စင်စစ်အားဖြင့် ကမ္ဘာ့လေထုဆိုသည်မှာ မြေပြင်အထက်မိုင် ၅၀ ခန့်တိုင်အောင် ကမ္ဘာမြေကြီးကို လွှမ်းခြုံထားသည့် လေသမုဒ္ဒရာကြီးပင် ဖြစ်သည်။ အလေးချိန် တန်သန်းပေါင်းသန်း ၅,၀၀၀ (5 quadrillion) ရှိပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ်၌ ဧရိယာ တစ်စတုရန်းလက်မလျှင် ၁၄.၇ ပေါင်အားဖြင့် ကျွန်ုပ်တို့အပေါ် ဖိထားသည်။ လေဖိအားသာ မရှိပါက ကျွန်ုပ်တို့ အသက်ရှင်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လေဖိအားက ကျွန်ုပ်တို့၏ ကိုယ်ထဲမှ အရည်များကို အငွေ့မပြန်ရအောင် အကာအကွယ်ပေးသောကြောင့် ဖြစ်သည်။ လေထုအထက်ပိုင်းတွင် လူ့အသက်ရှင်ရေးကို ထောက်ပံ့ပေးနိုင်လောက်သော လေဖိအား မရှိပေ။ ယင်းအတွက်ကြောင့် ရိုးစ်နှင့် ပရာသာတို့သည် ဖိအားပေးထားသည့် အာကာသဝတ်စုံများ ဝတ်ဆင်ကြရသည်။ “ဖိအားတု မရှိပါက ကျွန်တော်တို့၏သွေး ဆူပွက်လာမည်၊ ကျွန်ုတော်တို့၏ သွေးကြောများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပေါက်ပြဲကုန်မည်” ဟု ရိုးစ်က ရှင်းပြသည်။
ကျွန်ုပ်တို့ ဆက်၍ အသက်ရှူနိုင်အောင်လည်း ယင်းလေသမုဒ္ဒရာကို လိုအပ်သည်မှာ ဆိုဖွယ် မရှိ။ သို့ရာတွင် ကျွန်ုပ်တို့အထဲမှ လူအများစုက လေထုကို မမြင်ရခြင်းကြောင့် ယင်းကို အလေးအနက် မထားကြချေ။ ရှေးခေတ်မှ ဘာသာတရား ကြည်ညိုကိုင်းရှိုင်းသူတစ်ဦးက ကျေးဇူးတင်လေးစားစွာဖြင့် ဤသို့ဆိုခဲ့သည်– “ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက် . . . တို့ကို ပေးတော်မူ” ၏။—တမန်တော် ၁၇:၂၄၊ ၂၅။
ကမ္ဘာ့လေထု မရှိလျှင် ရေစက်ရေပေါက်များ ဖွဲ့တည်စရာ အမှုန်များကို အထက်အရပ်သို့ သယ်ဆောင်ပေးသည့် ကြားခံလည်း ရှိမည် မဟုတ်။ သို့ဖြစ်ပါက မိုးရေလည်း ရှိမည် မဟုတ်။ ကမ္ဘာ့လေထုသာ မရှိပါက နေရောင်ခြည် တိုက်ရိုက် ကျရောက်မည် ဖြစ်ရာ ကျွန်ုပ်တို့သည် လောင်ကျွမ်းမည် ဖြစ်ပြီး ညဘက်တွင် အေးခဲသွားပေမည်။ သို့သော် စိတ်သက်သာစရာကောင်းသည်မှာ လေထုကြီးသည် ခြုံစောင်သဖွယ် အပူဓာတ်ကို စုပ်ယူထားသည့်အတွက် ညဘက်တွင် အလွန်ချမ်းအေးခြင်း မရှိခြင်း ဖြစ်သည်။
၎င်းပြင်၊ လေထုသည် ကမ္ဘာသူကမ္ဘာသားများကို ဥပဒ်ပေးနိုင်သည့် ဥက္ကာပျံများ၏ ဘေးမှလည်း ကာကွယ်ပေးသည်။ “လေထု၏ အပြင်လွှာသို့ ရောက်လာကြသည့် အာကာသမှ အစိုင်အခဲဝတ္ထုများသည် ခန့်မှန်းခြေအားဖြင့် တစ်နေ့တစ်နေ့တွင် တန်ချိန်ထောင်ပေါင်းများစွာ ရှိသည်” ဟု ဟားဘတ် ရီးလ်က ၎င်းရေးသားသည့် Introduction to the Atmosphere စာအုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ သို့သော်လည်း ဥက္ကာပျံအများစုမှာ ကမ္ဘာမြေပြင်သို့ ရောက်မလာမီ လေထုအတွင်း၌ပင် ကြေပျက်ကုန်ကြသည်။
လေထုသည် ကျွန်ုပ်တို့၏ ဘဝသာယာမှုကိုလည်း တိုးပွားစေသည်။ ချစ်စရာကောင်းသော မိုးကောင်းကင်ပြာ၊ ဖောင်းအိဖြူဆွတ်သည့် မိုးတိမ်၊ လန်းဆန်းမှု ပေးသည့် မိုးရေ၊ ခမ်းနားထည်ဝါသော နေထွက်နှင့် နေဝင်ဆည်းဆာတို့ကို ခံစားနိုင်အောင် ဖန်တီးပေးသည်။ ထိုမျှမက လေထုသာ မရှိပါက ကျွန်ုပ်တို့ ချစ်ခင်သူတို့၏ အသံကို ကြားနိုင်မည် မဟုတ်သကဲ့သို့ အနှစ်သက်ဆုံး တေးသံများကိုလည်း နားဆင်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အသံလှိုင်းသည် ဒြပ်ဝတ္ထုတစ်မျိုးမျိုးကို အမှီပြု၍သာ သွားနိုင်သောကြောင့်တည်း။ လေသည် အသံကို သယ်ဆောင်သည့် အကောင်းဆုံးအရာပင် ဖြစ်သည်၊ လေမရှိသည့် ပြင်ပအာကာသ၌ မည်သည့်အသံကိုမျှ မကြားနိုင်ပေ။
အံ့ဖွယ်ကောင်းသော ဒြပ်နှော
ရှေးအခါက လူတို့သည် လေထုကို ဒြပ်ဝတ္ထုတစ်မျိုးတည်းအဖြစ် ယူဆခဲ့ကြသည်။ ၎င်းနောက် ၁၈ ရာစုနှစ် အနှောင်းပိုင်းသို့ ရောက်သော် သိပ္ပံပညာရှင်များက လေထုသည် ဖြည့်ဖက်ဓာတ်ငွေ့နှစ်မျိုး ဖြစ်သော နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် အဓိက ပါဝင်ဖွဲ့စည်းထားကြောင်း တွေ့ရှိလာသည်။ လေထု ၇၈ ရာခိုင်နှုန်းခန့်မှာ နိုက်ထရိုဂျင် ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်သည်။ ကျန် ၁ ရာခိုင်နှုန်းမှာ အာဂွန်၊ ရေခိုးရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နီယွန်၊ ဟီလီယမ်၊ ခရစ်ပတွန်၊ ဟိုက်ဒရိုဂျင်၊ ဇီနွန်နှင့် အိုဇုန်း အစရှိသော ဓာတ်ငွေ့များဖြင့် ဖွဲ့စည်းထားသည်။
သိကြသည့်အတိုင်း အောက်ဆီဂျင်မှာ အသက်ရှူခြင်းဖြင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်က စုပ်ယူသည့် အသက်ရှင်ရေး ထောက်ပံ့ပေးသော ဓာတ်ငွေ့ ဖြစ်သည်။ ကမ္ဘာ့လေထုထဲ၌ ပါဝင်သည့် အောက်ဆီဂျင်အဆင့်မှာ မြေကြီးပေါ်ရှိ သက်ရှိများအတွက် အသင့်တော်ဆုံး ဖြစ်သည်။ ထိုအဆင့်ထက် သိသိသာသာ ကျဆင်းခဲ့သည် ရှိသော် ကျွန်ုပ်တို့သည် အိပ်ချင်မူးတူး ဖြစ်လာပြီး နောက်ဆုံးတွင် သတိလစ်သွားပေမည်။ အကယ်၍ ယခုထက် များစွာ ပို၍ ပါဝင်ခဲ့ပြန်လျှင်လည်း သစ်တောမှ သစ်ကိုင်းအစိုများနှင့် မြက်ပင်များပင် မီးစွဲလောင်လိမ့်မည်ဟု ဆိုကြသည်။
နိုက်ထရိုဂျင်သည် အောက်ဆီဂျင်အတွက် အကောင်းဆုံး ရောစပ်ဓာတ်ငွေ့ ဖြစ်ရုံမက အသက်ရှင်ရေးအတွက် ထောက်ပံ့ရာ၌လည်း အရေးပါလှသည်။ သက်ရှိဇီဝရုပ်အားလုံးသည် နိုက်ထရိုဂျင်ရှိမှ အသက်ရှင်နိုင်ကြသည်။ အပင်များသည် လျှပ်စီးလက်ခြင်းနှင့် အထူးဘက်တီးရီးယား ပိုးမွှားတစ်မျိုးတို့၏ အကူအညီဖြင့် လေထုထဲမှ နိုက်ထရိုဂျင်ကို ရရှိကြသည်။ တစ်ဖန် ကျွန်ုပ်တို့က စားသောက်သော အစားအစာမှတစ်ဆင့် နိုက်ထရိုဂျင်ကို ရရှိကြသည်။
ကမ္ဘာ့လေထုထဲ၌ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်တို့၏ မှန်ကန်သော အချိုးအစား အစဉ် တစ်သမတ်တည်း ရှိနေခြင်းသည် အံ့ဖွယ်တစ်ပါးပင် ဖြစ်သည်။ အဏုဇီဝရုပ်များ၏ အဖိုးမဖြတ်နိုင်သော လုပ်ဆောင်မှုကျေးဇူးကြောင့် နိုက်ထရိုဂျင်သည် လေထုတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။ အောက်ဆီဂျင်ကော။ မီးလောင်ခြင်းကြောင့်လည်းကောင်း၊ လူနှင့် တိရစ္ဆာန်များ ရှူရှိုက်ခြင်းကြောင့်လည်းကောင်း အောက်ဆီဂျင် အများအပြား ကုန်ခန်းသွားသည်။ သို့နှင့်ပင် လေထုသည် ယင်း၏ အောက်ဆီဂျင်အဆင့် ၂၁ ရာခိုင်နှုန်းကို ထိန်းထားသည်။ အဘယ်သို့အားဖြင့်နည်း။ အလင်းမှီစုဖွဲ့ ခြင်း (photosynthesis) ခေါ် အရွက်စိမ်းနှင့် အယ်လဂျီတို့၌ ဓာတ်ပြုခြင်း ဖြစ်စဉ်အားဖြင့် ဖြစ်ပါသည်။ ဤဖြစ်စဉ်ကြောင့် နေ့စဉ် လေထုတွင်းသို့ အောက်ဆီဂျင် တန်ချိန် သန်းပေါင်းတစ်ထောင်ကျော် ထုတ်လွှတ်ပေးသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် မရှိပါက အလင်းမှီစုဖွဲ့ ခြင်း ဖြစ်ပေါ်နိုင်မည် မဟုတ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဆိုသည်မှာ လေထု၏ ၀.၀၃ ရာခိုင်နှုန်းမျှသာ ဖြစ်သော စိုးစဉ်းမျှ ပါဝင်သည့် ဓာတ်ငွေ့တစ်မျိုး ဖြစ်သည်။ အလင်း၏ အကူအညီဖြင့် အပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အမှီပြု၍ ကြီးထွားပြီး အသီးများ၊ ခွံမာသီးများ၊ ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များ သီးပွင့်ထုတ်လုပ်ပေးသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကြီး ပူနွေးနေစေရန် ကမ္ဘာပေါ်သို့ အပူဓာတ်ကိုလည်းရောင်ပြန်ဟပ်ပေးသည်။ သို့သော် ထင်း၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံတို့ကို အလွန်အကျွံ လောင်ကျွမ်းစေခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၏ အဆင့် မြှင့်တက်လာမည်ဆိုလျှင် ကမ္ဘာပေါ်မှ အပူချိန်သည် သက်ရှိများ ချုပ်ငြိမ်းနိုင်သည်အထိ အလွန် ပူပြင်းလာပေမည်။ တစ်ဖက်က ကြည့်ပြန်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် အလွန့်အလွန် ကျဆင်းသွားပြန်လျှင်လည်း အလင်းမှီစုဖွဲ့ ခြင်း ရပ်ဆိုင်းသွားမည် ဖြစ်သဖြင့် ကျွန်ုပ်တို့ ငတ်မွတ်၍ သေဆုံးကြမည် ဖြစ်သည်။
အိုဇုန်းမှာ ကမ္ဘာပေါ်မှ သက်ရှိများ အမှီသဟဲပြုနေရသည့် စိုးစဉ်းမျှ ပါဝင်သော ဓာတ်ငွေ့ နောက်တစ်မျိုး ဖြစ်သည်။ အိုဇုန်းသည် စထရက်တိုစဖီးယားခေါ် လေထု၏ အထက်ပိုင်းတွင် တည်ရှိပြီး နေမှ လာသော ခရမ်းလွန်ရောင်ခြည်များကို စုပ်ယူသည်။ ယင်းကြောင့် ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့သည် အဆိုပါ အန္တရာယ်ပြုသည့် ခရမ်းလွန်ရောင်ခြည်၏ ဘေးမှ အကာအကွယ် ရရှိကြသည်။
မှန်ပါသည်၊ လေထုအကြောင်း ပို၍ သိရှိလာလေလေ အံ့ဩစရာအကြောင်းလည်း ပို၍ များလာလေလေ ဖြစ်သည်။ ပါဝင်သည့် နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့် အခြားစိုးစဉ်းသာ ပါဝင်သည့် ဓာတ်ငွေ့များ၏ ဖွဲ့စည်းပုံမှာ တိကျမှန်ကန်လှသည်။ ကမ္ဘာ၏ အရွယ်အစားမှာလည်း ယင်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် အလောတော် ဖြစ်ပေသည်။ အကယ်၍ ကမ္ဘာသည် ယခုထက် သေးငယ်ပြီး အလေးချိန်လည်း လျော့နည်းမည် ဆိုပါက ယင်း၏ ဆွဲအားသည် အလွန် ပျော့သွားမည် ဖြစ်ရာ အဖိုးတန်သော ကမ္ဘာ့လေထု အများအပြားသည် အာကာသအတွင်းသို့ လွင့်မျောဆုံးပါးကုန်ကြမည်။
“အခြားတစ်ဖက်တွင် အကယ်၍ ကမ္ဘာမြေကြီးသည် ယခုလက်ရှိထက် မဆိုစလောက် ထုထည်ပမာဏ ပို၍ ကြီးမားလေးလံမည်ဆိုလျှင် တိုးလာသည့် ကမ္ဘာ့ဆွဲအားက ပို၍ ကြီးမားသော ဓာတ်ငွေ့ပမာဏကို ထိန်းချုပ်ထားပေမည်။ . . . လေထုထဲမှ ဓာတ်ငွေ့များ အချင်းချင်း၏ သိမ်မွေ့လှသည့် တည်ငြိမ်မှုမှာလည်း ကမောက်ကမ ဖြစ်ကုန်ပေမည်” ဟူ၍ သိပ္ပံဖတ်စာအုပ် Environment of Life က ဆို၏။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ “သိမ်မွေ့လှသည့် တည်ငြိမ်မှု” သည် လူတို့၏ ခေတ်သစ်လူနေမှုဟန်ပန်ကြောင့် ကမောက်ကမ ဖြစ်နေလေပြီ။ အခြေအနေ မည်မျှ ဆိုးသနည်း။ အဖိုးတန်သော ကမ္ဘာ့လေထုကို ပျက်စီးခြင်းမှ ကယ်တင်ရန် အဘယ် မျှော်လင့်ချက် ရှိသနည်း။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
နေဝင်ဆည်းဆာ ပို၍ သာယာလှပမည့် အခါသမယ
ကမ္ဘာ့လေထုသည် နေရောင်ခြည်များကို ရောင်ပြန်ဟပ်စေခြင်းအားဖြင့် မိုးကောင်းကင်တစ်ပြင်လုံးကို ကြည်နူးဖွယ်ကောင်းသော အပြာရောင် ဖြစ်ပေါ်စေသည်။ နေလုံးကြီး မိုးကုပ်စက်ဝိုင်းဆီသို့ နိမ့်ဆင်းသွားသည်နှင့်အမျှ နေရောင်ခြည်များသည် လေထုကို ပိုမို ဖြတ်သန်းလာရသဖြင့် တောက်ပရွှမ်းစိုသော အရောင်အသွေးများ ဖြစ်ပေါ်စေသည်။ တောက်ပသည့် ဤအရောင်အသွေးများကို မြို့နေပြည်သူများ မည်သည့်အခါမျှ တွေ့ မြင်နိုင်ဖွယ် ရှိမည် မဟုတ်။
စက်မှုမြို့ကြီးများမှ တွေ့ မြင်ရသည့် နေဝင်ဆည်းဆာမှာ အသွေးကွဲပြားသော အနီရောင်မှလွဲလျှင် အများအားဖြင့် အခြားအရောင်များ မရှိဘဲ အုံ့မှိုင်းနေတတ်သည်။ အကယ်၍ ထိုဒေသသည် အလွန် ညစ်ညမ်းနေမည်ဆိုလျှင် “နေလုံးကြီးသည် တောက်ပခြင်း မရှိသော အနီရောင် စက်ဝိုင်းကြီးသဏ္ဌာန်အဖြစ် တွေ့ရပြီး မိုးကုပ်စက်ဝိုင်းဆီသို့ မရောက်မီမှာပင် မှေးမှိန်သွားတတ်သည်” ဟု New Scientist ဂျာနယ်က ရေးသားဖော်ပြထားသည်။
“အကယ်၍ လေထုသည် ထူးထူးခြားခြား ကြည်လင်၍ ညစ်ညမ်းမှု ကင်းနေမည်ဆိုပါက နေဝင်ဆည်းဆာ၏ အရောင်အသွေးများသည် အထူးတလည် တောက်ပရွှမ်းစိုနေတတ်သည်။ နေလုံးကြီးမှာ တောက်ပသည့် အဝါရောင် ဖြစ်ပြီး တစ်ဆက်တစ်စပ်တည်း ကပ်လျက်ရှိသည့် ကောင်းကင်ပြင်မှာလည်း လိမ္မော်နှင့် အဝါ အသွေးရောင်များ ဖြစ်နေတတ်သည်။ မိုးကုပ်စက်ဝိုင်းအောက်သို့ နေလုံးကြီး ပျောက်ကွယ်သွားသည်နှင့်အမျှ အရောင်များသည် လိမ္မော်ရောင်မှ အပြာရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ နေလုံးကြီး ပျောက်ကွယ်သွားသည့်တိုင်အောင် အောက်ပိုင်း၌ ရှိသည့် မိုးတိမ်များက နေ၏ အလင်းရောင်ကို ဆက်၍ ရောင်ပြန်ဟပ်လျက် ရှိသည်” ဟူ၍ အထက်ပါဂျာနယ်က ရှင်းပြထားသည်။
ညစ်ညမ်းမှု ကင်းသော ကမ္ဘာတွင် တွေ့ မြင်ခံစားရမည့် လှပသာယာသည့် နေဝင်ဆည်းဆာ အမျိုးမျိုးကို စိတ်ကူးကြည့်ပါလေ!—ဗျာဒိတ် ၂၁:၃-၅။