ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၇/၈ စာ. ၂၂-၂၃
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရောဂါအသစ်အဆန်းနှင့် ပြန်လည်ခေါင်းထောင်လာသော ရောဂါများ
  • ကယ်လ်စီယံလုံလောက်မှုမရှိခြင်း
  • ဆေးလိပ်သောက်ခြင်းကိုအားပေးသည့်ကားပြိုင်ပွဲများ
  • ဘီယာပေါများ—အစာရှား
  • ဥရောပမှသဲကန္တာရများ
  • မျက်စိထဲမှမီးခိုး
  • ကျမ်းစာမတတ်မှု တိုးပွားလာခြင်း
  • ဧဝရက်တောင်နွေဦးရာသီသန့် ရှင်းရေး
  • အသက်ရှူကိရိယာဖြင့်ရေငုပ်ခြင်းဆိုင်ရာ မတော်တဆထိခိုက်မှု
  • စာကြည့်တိုက်ထဲမှ သူခိုးများ
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၆
န၉၆ ၇/၈ စာ. ၂၂-၂၃

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ရောဂါအသစ်အဆန်းနှင့် ပြန်လည်ခေါင်းထောင်လာသော ရောဂါများ

ရောဂါအသစ်အဆန်းများအပါအဝင် ရောဂါများတိုးပွားလာခြင်းက လူသန်းပေါင်းများစွာ၏အသက်ကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကသတိပေးလိုက်သည်။ အထင်ရှားဆုံးသာဓကတစ်ခုမှာ လွန်ခဲ့သောဆယ်နှစ်က လုံးလုံးမသိခဲ့သော ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ရောဂါပင်ဖြစ်သည်။ နောက်ရောဂါဆန်းတစ်မျိုးမှာ အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်းတွင် များမကြာမီကတွေ့ရှိသည့် ဟန်တာဗိုင်းရပ်စ်အဆုတ်ရောဂါလက္ခဏာစု (hantavirus pulmonary syndrome) ဖြစ်သည်။ အာရှတိုက်တွင် ကာလဝမ်းရောဂါအသစ်တစ်မျိုး ဖြစ်ပေါ်လျက်ရှိသည်။ တောင်အမေရိကတိုက်တွင် သွေးလွန်အဖျားရောဂါနှစ်မျိုး ဖြစ်ပေါ်လျက်ရှိရာ နှစ်မျိုးစလုံးသည် အသက်အန္တရာယ်ပြုနိုင်သည်။ ၁၉၉၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် လူသိများသောကူးစက်ရောဂါများအနက် လက်တင်အမေရိကမှ ကာလဝမ်းရောဂါ၊ ကင်ညာနိုင်ငံမှငန်းဝါအဖျားရောဂါ (yellow fever) ကောစတာရီကာနိုင်ငံမှ သွေးလွန်တုတ်ကွေးရောဂါနှင့် ရုရှားနိုင်ငံမှ ဒစ်ဖသီရီးယားဆုံဆို့နာ (diphtheria) ရောဂါတို့ပါဝင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါအသစ်အဆန်းနှင့် ပြန်လည်ခေါင်းထောင်လာသောရောဂါများကို ဖော်ထုတ်တိုက်ဖျက်ရေးအတွက် ဆက်သွယ်ရေးကွန်ရက်ဗဟိုဌာနများ ထူထောင်ရန်ညွှန်ကြားထားသည်။

ကယ်လ်စီယံလုံလောက်မှုမရှိခြင်း

The New York Times သတင်းစာ၏အလိုအရ “အရွယ်ရောက်ပြီးသော အမေရိကန်လူမျိုးထက်ဝက်သည် ကယ်လ်စီယံ အလုံအလောက်မရရှိကြောင်း၊ ယင်းကြောင့် အရိုးကြွပ်ဆတ်ခြင်း၊ အရိုးကွဲအက်ခြင်းများဖြစ်ပွား၍ တစ်နှစ်တစ်နှစ်လျှင် ဆေးဖိုးဝါးခဒေါ်လာ ၁၀ ဘီလီယံကုန်ကျနေရကြောင်း” အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ပေးခန့်အပ်သည့် ကျွမ်းကျင်သူများကော်မတီက များမကြာမီက ကောက်ချက်ချခဲ့သည်။ သတင်းအဆိုအရ အမေရိကန်ပြန်ထောင်စုတွင် ပြည်သူ ၂၅ သန်းကျော်သည် အရိုးရောဂါတစ်မျိုးဖြစ်သော အရိုးပွရောဂါ (osteoporosis) ခံစားနေရကြသည်။ လက်ရှိထောက်ခံအကြံပြုထားသည့် နေ့စဉ်မှီဝဲရမည့်ကယ်လ်စီယံမှာ လုံလောက်မှုမရှိကြောင်း အဆိုပါကော်မတီက ၎င်းတို့၏အစီရင်ခံစာတွင် ရှင်းလင်းတင်ပြထားသည်။ နေ့စဉ်စားသုံးသည့်အာဟာရထဲတွင် ကယ်လ်စီယံအကြွယ်ဝဆုံးအစာမှာ “အဓိကအားဖြင့် နို့ထွက်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်စိမ်းများ” ဖြစ်ကြောင်း ကျွမ်းကျင်သူများကဖော်ပြထားသည်။ သို့သော်လည်း “အမေရိကန်ပြည်သူအများစုအနေဖြင့် ကယ်လ်စီယံဆေးတောင့်သုံးရန်၊ သို့မဟုတ် ကယ်လ်စီယံဓာတ်ကြွယ်ဝသော တာရှည်စီမံပြုပြင်ထားသည့် အစားအစာများကိုစားသုံးရန် လိုအပ်ဖွယ်ရှိသည်” ဟု ၎င်းတို့ကထပ်လောင်းဆိုထားသည်။

ဆေးလိပ်သောက်ခြင်းကိုအားပေးသည့်ကားပြိုင်ပွဲများ

အစဉ်အလာအားဖြင့် ရေပန်းစားသော ဖော်မြူလာ ဝမ်း ဂရန့် ပရိခ်စ် (Formula One Grand Prix) ကားပြိုင်ပွဲများကို ဥရောပနိုင်ငံများက လက်ခံကျင်းပခဲ့ကြသည်။ သို့သော် ယခုအခါ၌ ပြိုင်ပွဲစည်းရုံးသူတို့က ဂျပန်နှင့်တရုတ်ကဲ့သို့သော အာရှနိုင်ငံများတွင်ကျင်းပရန် ပို၍လိုလားလာကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဆေးလိပ်ကြော်ငြာနှင့်စပ်လျဉ်း၍ ဥရောပနိုင်ငံများ၏ ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများကြောင့်ဖြစ်ပါသည်။ ပြိုင်ပွဲများကို အဓိက ကမကထပြုသူများမှာ ဆေးလိပ်ကုမ္ပဏီများဖြစ်ကြသဖြင့် ပြိုင်ကားများ၌ ဆေးလိပ်ကြော်ငြာများကို ပေါ်လွင်ထင်ရှားစွာဖော်ပြကြသည်။ ဂျပန်သတင်းစာ Asahi Evening News အဆိုအရ ဆေးလိပ်ကုမ္ပဏီတစ်ခုသည် “အသင်းနှစ်သင်းအား ငွေကြေးထောက်ပံ့သည့်အနေနှင့် နှစ်စဉ်ယန်းငွေဘီလီယံများစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။” ဥရောပတွင်ယှဉ်ပြိုင်သည့်အခါ၌ ပြိုင်ကားများပေါ်မှကြော်ငြာများကို ဖျက်ပစ်ရသည်၊ သို့မဟုတ် ဖုံးအုပ်ထားရသည်။ မကြာမီက ပြစ်သစ်နိုင်ငံတွင်ကျင်းပသည့် ဂရန့် ပရိခ်စ်ကားပြိုင်ပွဲသည် စီးကရက်ကြော်ငြာတားမြစ်မှုကြောင့် ပျက်လုမတတ်ဖြစ်ခဲ့ရသည်။ အရွယ်ရောက်သူအမျိုးသားအားလုံးအနက် ၆၀ ရာခိုင်နှုန်းခန့် ဆေးလိပ်သောက်ကြသော အာရှနိုင်ငံများသည် စီးကရက်ကြော်ငြာရန် အကောင်းဆုံးနေရာအဖြစ် ယခုအခါတွင်မှတ်ယူထားကြသည်။

ဘီယာပေါများ—အစာရှား

ဗင်နီဇွဲလားသတင်းစာ El Universal ၏ဖော်ပြချက်အရ ဗင်နီဇွဲလားနိုင်ငံတွင် ခြောက်နှစ်နှင့်ခြောက်နှစ်အောက် ကလေးသူငယ် ၇၂၆,၀၀၀ သည် အာဟာရချို့တဲ့မှုကြောင့် ရှိသင့်သည့်အရပ်အမောင်းထက် နိမ့်နေကြသည်။ ကလေး ၄ ယောက်တွင် ၁ ယောက်နီးပါးရှိ ထိတ်လန့်ဖွယ်ကောင်းသောဤအရေအတွက်မှာ ထိုအသက်အရွယ်အုပ်စု၏ ၂၃.၈ ရာခိုင်နှုန်းရှိသည်။ ကလေးသူငယ်များကို ကျွေးမွေးရန်အာဟာရပြည့်ဝသောအစာများ အလုံအလောက်မရှိလင့်ကစား ထိုနိုင်ငံတွင် ဘီယာအလျှံပယ်ရှိသည့်ပုံရသည်။ လက်တင်အမေရိကနိုင်ငံများအနက် ဗင်နီဇွဲလားနိုင်ငံသည် ဘီယာသောက်သုံးမှုတွင် ထိပ်ဆုံးနေရာ၌ရောက်ရှိနေကြောင်း El Universal သတင်းစာကရေးသားဖော်ပြသည်။ ၁၉၉၁ ခုနှစ်တွင် ဗင်နီဇွဲလားပြည်သူတို့သည် လူတစ်ဦးလျှင် ပျမ်းမျှ ၇၉ ကွတ်သောက်သုံးခဲ့ကြသည်။

ဥရောပမှသဲကန္တာရများ

သဲကန္တာရကျယ်ပြန့်ခြင်း၊ မြေသြဇာကြွယ်ဝသောလယ်ယာမြေများ တစ်စတစ်စနှင့် သဲကန္တာရအဖြစ်ပြောင်းလဲသွားခြင်းသည် “စိုးရိမ်စရာအကောင်းဆုံး ကမ္ဘာ့ပတ်ဝန်းကျင်ပြဿနာများအနက် တစ်ခု” ဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က အခိုင်အမာဆိုလိုက်သည်။ သဲကန္တာရကျယ်ပြန့်လာခြင်းသည် ယေဘုယျအားဖြင့် အာဖရိကတိုက်၌သာ အဖြစ်များခဲ့သော်လည်း ယခုအခါတွင် ဥရောပ၏စိုက်ပျိုးမြေ ၁၀ ရာခိုင်နှုန်းခန့်ကိုထိခိုက်လျက်ရှိကြောင်း The European သတင်းစာကရေးသားဖော်ပြလိုက်သည်။ စပိန်နိုင်ငံသည် အဆိုးဆုံးထိခိုက်ခံရသည့်နိုင်ငံပင်ဖြစ်သည်။ တိရစ္ဆာန်များကို စားကျက်၌အကန့်အသတ်မရှိလှန်ထားခြင်းနှင့် ရေဖြုန်းတီးခြင်းတို့ကြောင့် မိုးခေါင်ခြင်းနှင့်မြေဆီလွှာတိုက်စားမှု ဖြစ်ပေါ်စေရာ စိုက်ပျိုးမွေးမြူရေးသမားများသည် တစ်နှစ်တစ်နှစ်လျှင်ဒေါ်လာသန်းပေါင်း ၁,၅၀၀ ခန့်အရှုံးပေါ်ရသည်ဟု သိပ္ပံပညာရှင်များကယုံကြည်ကြသည်။ ဖြစ်ပေါ်လာသည့်အကျိုးဆက်တစ်ခုမှာ မြို့ပြများသို့ လူများပြောင်းရွှေ့နေထိုင်မှု များပြားလာပြီး ယင်းကြောင့်လူဦးရေပြွတ်သိပ်ခြင်းနှင့် လူမှုရေးထကြွလှုပ်ရှားမှု ဖြစ်ပေါ်စေသည်။ မိုးလေဝသပညာရှင်များက ဥရောပတောင်ပိုင်းတွင် မိုးခေါင်မှုအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု ဟောကိန်းထုတ်ထားကြသည်။

မျက်စိထဲမှမီးခိုး

စီးကရက်မီးခိုးမှဓာတုပစ္စည်းများသည် အတွင်းတိမ်ဖြစ်စေသည့် အငြင်းပွားဖွယ်မရှိသော အထောက်အထားများကို ရရှိထားကြောင်း ဩစတြေးလျနိုင်ငံ အမျိုးသားစက္ခုအာရုံ သုတေသနဌာနမှညွှန်ကြားရေးမှူး ပါမောက္ခ ရောဘတ် ဩဂတ်စတင်းက ထုတ်ဖော်ပြောကြားလိုက်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အတွင်းတိမ်ဖြစ်နိုင်သည့်အလားအလာ နှစ်ဆသုံးဆ ပိုမိုကြောင်းလေ့လာမှုတစ်ခုက ထင်ရှားစေသည်။ စီးကရက်မီးခိုးမှဓာတုပစ္စည်းများကို ကိုယ်ခန္ဓာက ဦးစွာစုပ်ယူပြီးနောက် ၎င်းတို့သည် မျက်စိထဲရောက်သွား၍ မျက်စိ၏အလင်းမှန်မှ ပိုလျှံသောဆားဓာတ်နှင့်ရေတို့ကို စစ်ထုတ်ပေးသည့် “ပန့်ပ်များ” ကိုဖျက်ဆီးပစ်သည်။ သို့နှင့် မျက်စိထဲမှ ဆဲလ်များပွလာပြီးရောင်ရမ်းလာရာမှ အတွင်းတိမ်ဖြစ်ပွားလာသည်။ “စီးကရက်မီးခိုး၌ပါဝင်သည့် အရာတစ်ခုခုက မျက်စိ၏အလင်းမှန်များတွင် ပန့်ပ်များအလုပ်မလုပ်နိုင်အောင် တားဆီးနေသည်မှာ လုံးဝသံသယမရှိကြောင်း ကျွန်ုပ်အကြွင်းမဲ့ယုံကြည်သည်” ဟု ပါမောက္ခ ဩဂတ်စတင်းက ရှင်းပြသည်။

ကျမ်းစာမတတ်မှု တိုးပွားလာခြင်း

“အနောက်တိုင်းလူ့ဘောင်အဖွဲ့အစည်း၏ အစိတ်အပိုင်းအားလုံးတွင် ကျမ်းစာပညာမသိနားမလည်မှု ကြောက်ခမန်းလိလိ တိုးပွားလျက်ရှိသည်” ဟူ၍ ကမ္ဘာ့ခရစ်ယာန်အသင်းတော်များကောင်စီမှ ထုတ်ဝေသည့် Ecumenical Press Service သတင်းစဉ်၌ရေးသားဖော်ပြလိုက်သည်။ အနောက်နိုင်ငံများမှခရစ်ယာန် ၈၅ ရာခိုင်နှုန်းသည် သမ္မာကျမ်းစာတစ်အုပ်လုံးကို လုံးဝမဖတ်ဖူးကြောင်း သမ္မာကျမ်းစာအသင်းများက ခန့်မှန်းကြသည်။ ဘုရားရှိခိုးကျောင်းတက်သူ ၁၂ ရာခိုင်နှုန်းမျှသာ ကျမ်းစာကိုမှန်မှန်ဖတ်ရှုကြကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆန္ဒကောက်ယူမှုတစ်ခုကဖော်ပြသည်။ ယနေ့တက္ကသိုလ်ကျောင်းသားများသည် “အာဗြဟံ၊ ဣဇာတ်နှင့်ယာကုပ်ကဲ့သို့သော သမ္မာကျမ်းစာမှလူပုဂ္ဂိုလ်များနှင့် ယေရှု၏တမန်တော်များ၏နာမည်များကို အကျွမ်းတဝင်မရှိကြသောကြောင့် ဥရောပစာပေထဲမှ ဂန္ဓဝင်စာပေများ၏အကြောင်းအချက်ကိုပင် နားမလည်နိုင်ဘဲရှိကြသည်” ဟူ၍စကော့တလန်နိုင်ငံမှ အမျိုးသားသမ္မာကျမ်းစာအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဖားဂါ့စ် မက္ကဒေါနယ်လ်က ပြောကြားလိုက်သည်။

ဧဝရက်တောင်နွေဦးရာသီသန့် ရှင်းရေး

ဧဝရက်တောင်သည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်ရုံမျှမက ယခုအခါတွင် ကမ္ဘာ့ “အမြင့်ဆုံးအမှိုက်ကျင်း” ဟူ၍လည်းကျော်ကြားလာသည်ဟု UNESCO Sources မဂ္ဂဇင်းကဆိုသည်။ လွန်ခဲ့သည့်အနှစ် ၄၀ အတွင်း တောင်တက်သမားများသည် ဧဝရက်တောင်ပေါ်တွင် အောက်ဆီဂျင်ဘူးများ၊ တဲများ၊ လူဝင်အိပ်ရသောအိတ်ကြီးများနှင့် အစားအစာအိတ်များ စုစုပေါင်းတန်ချိန် ၂၀ ခန့် နေရာအနှံ့စွန့်ပစ်ထားခဲ့ကြသည်။ တဖျပ်ဖျပ်လှုပ်လျက်ရှိသော အိမ်သာသုံးစက္ကူများပြန့်ကျဲနေသည့် အနိမ့်ပိုင်းဆင်ခြေလျှောများရှိရာ ဧဝရက်အခြေစိုက်စခန်းများသို့ သွားရာလမ်းသည် ယခုအခါ၌ “အိမ်သာသုံးစက္ကူလမ်းအဖြစ် လူသိများလာသည်။” ပို၍မြင့်သောအထက်ပိုင်း၌ အမှိုက်သရိုက်များ၏ပမာဏမှာ ထိတ်လန့်ဖွယ်ပင်ကောင်းသည်။ “ထိုမြင်ကွင်းများကိုရိုက်ကူးထားသည့် ဓာတ်ပုံများသည် ဧဝရက်တောင်ကို လူသူအရောက်အပေါက်မရှိသော၊ နဂိုမူလအတိုင်းတည်ရှိနေသည့် တောတောင်ကန္တာရအဖြစ် ထင်မှတ်ထားသူများအဖို့ ထိတ်လန့်ဖွယ်ပင်ဖြစ်သည်” ဟူ၍ UNESCO Sources မဂ္ဂဇင်းကရေးသားဖော်ပြသည်။ ဧဝရက်တောင်မှ အကျည်းတန်သော၎င်းမြင်ကွင်းများကို ဖယ်ရှားသည့်အနေနှင့် နီပေါလ်အစိုးရက ၁၉၉၄ ခုနှစ်အတွင်း “နွေဦးရာသီသန့်ရှင်းရေး” အဖွဲ့အချို့ကိုစေလွှတ်ရန် သဘောတူခဲ့သည်။

အသက်ရှူကိရိယာဖြင့်ရေငုပ်ခြင်းဆိုင်ရာ မတော်တဆထိခိုက်မှု

အမေရိကန်ပြည်ထောင်စုတွင် “လူပေါင်း ၉၀ ခန့်သည် အသက်ရှူကိရိယာဖြင့်ရေငုပ်ရင်းနှင့် နှစ်စဉ်သေဆုံးလျက်ရှိကြောင်း” The New York Times သတင်းစာကရေးသားဖော်ပြသည်။ ဘန်ဂျီဂျမ့်ပင်း (bungee jumping, ဆန့်နိုင်ကျုံ့နိုင်သောကြိုးနှင့်ချီ၍ အမြင့်မှခုန်ချသည့်အားကစားတစ်မျိုး) နှင့်ကိုယ်ပိုင်လေယာဉ်မောင်းနှင်ခြင်း အစရှိသောအခြားစွန့်စားသည့် လုပ်ဆောင်မှုများနှင့်မတူဘဲ အသက်ရှူကိရိယာဖြင့်ရေငုပ်ခြင်းလုပ်ဆောင်မှုကို ထိန်းချုပ်သည့်ဥပဒေမရှိဟူသောအချက်ကို အစိုးရအရာရှိများက လက်မခံကြချေ။ အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံတည်း၌ လက်မှတ်ရရေငုပ်သမား သုံးသန်းမှငါးသန်းအကြားရှိသည်။ အသက်ရှူကိရိယာရောင်းချသည့်ဆိုင်များက တစ်နှစ်တစ်နှစ်တွင် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ခန့်ရှိသောလူများကို လက်မှတ်ထုတ်ပေးလျက်ရှိသည်။ ပြဿနာမှာ “ရေငုပ်သမားများသည် ညွှန်ကြားချက်အတိုင်း အမြဲမလိုက်နာကြခြင်း” ပင်ဖြစ်ကြောင်း ဆိုင်ရှင်တစ်ဦးကရှင်းပြသည်။ ရေငုပ်ခြင်းဆိုင်ရာ မတော်တဆထိခိုက်မှုအရေအတွက်မှာ တကယ်တမ်းအားဖြင့် ကျဆင်းသွားသည်ဟု ရေငုပ်နည်းပြများဆိုင်ရာ ကြေးစားအဖွဲ့မှ အယ်လ် ဟွန်းဇ်ဘီးကဆိုသည်။ “၁၉၇၀ ပြည့်လွန်နှစ်များအလယ်လောက်တွင် ရေငုပ်သမား ၁၀၀,၀၀၀ လျှင် ၁၂ ယောက်နှုန်းသေဆုံးခဲ့သော်လည်း ယခုအခါတွင် ၁၀၀,၀၀၀ လျှင် ၂ ယောက်သာသာ သာရှိတော့သည်ဟု သူပြောသည်” ဟူ၍ Times သတင်းစာကရေးသားဖော်ပြသည်။

စာကြည့်တိုက်ထဲမှ သူခိုးများ

များမကြာမီက ရောမယဉ်ကျေးမှုဌာန လက်အောက်ခံစာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များသမဂ္ဂမှ လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့သည်။ သုတေသီများ၏အဆိုအရ ယခုလောလောဆယ်၌ အီတလီပြည်ရှိစာကြည့်တိုက် အနည်းငယ်မျှ၌သာ သူခိုးကာကွယ်ရေး အီလက်ထရောနစ်စနစ်ဖြင့် ကာကွယ်မှုပြုလုပ်ထားသည်။ အီတလီသတင်းစာ La Repubblica ရေးသားချက်အရ အကျိုးဆက်အဖြစ် နှစ်စဉ်စာအုပ်ပေါင်း ၁၀၀,၀၀၀ ခန့်သည် ပြင်ဆင်၍မရသည့်အထိ လက်သရမ်းဖျက်ဆီးခံရသည်၊ သို့မဟုတ် အခိုးခံရသည်။ တက္ကသိုလ်ပါမောက္ခများပင် ၎င်းတို့၏လေ့လာမှုအတွက် အသုံးဝင်သော်လည်း ဈေးကွက်တွင်ဝယ်၍မရတော့သည့်စာအုပ်များကို ခိုးဝှက်သည့်အပြစ် ကျူးလွန်ကြကြောင်း ၎င်းသတင်းစာက သတိပြုရေးသားထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ