ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၁/၈ စာ. ၄-၈
  • ၂၀ ရာစု ရောဂါကပ်ဘေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂၀ ရာစု ရောဂါကပ်ဘေး
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရောဂါဟောင်းများကြောင့် သေသူပိုများလာ
  • ရောဂါနှင့် ဆင်းရဲနွမ်းပါးမှု
  • အသစ်တွေ့ ရှိလာသောရောဂါများ
  • ပိုးမွှားများအကြိုက်တွေ့သည့် အချက်များ
  • ပိုးမွှားများ၏ လက်စားချေမှု
    နိုးလော့!—၁၉၉၇
  • ကမ္ဘာကြီးပေါ်တွင် ရောဂါဘယကင်းစင်
    နိုးလော့!—၂၀၀၄
  • ကမ္ဘာ့ကျန်းမာရေးအခြေအနေ—ကြီးမားကျယ်ပြန့်လျက်ရှိသော ကွာဟချက်
    နိုးလော့!—၁၉၉၇
  • ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၁/၈ စာ. ၄-၈

၂၀ ရာစု ရောဂါကပ်ဘေး

၁၄ ရာစု ဥရောပ ပလိပ်ရောဂါသည် အများတွက်ဆကြသကဲ့သို့ ကမ္ဘာကို ဆုံးခန်းမရောက်စေခဲ့ပါ။ သို့သော် ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့ခေတ်၏ ကပ်ရောဂါများနှင့် အဖျားရောဂါများက ‘နောက်ဆုံးနေ့ရက်များ’ ဟုကျမ်းစာကခေါ်ထားသည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း ဖော်ပြပါသလော။—၂ တိမောသေ ၃:၁။

‘မဖော်ပြပါ’ ဟု သင်ယူဆပေမည်။ ယခုအချိန်တွင် ဆေးဘက်ဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများကြောင့် လူ့သမိုင်းတွင် မည်သည့်အချိန်ကထက်မဆို ရောဂါအကြောင်းပို၍နားလည်လာကာ ယင်းတို့ကို တိုက်ဖျက်တတ်အောင် အကူအညီများရထားပြီဖြစ်သည်။ ဆေးသိပ္ပံပညာရှင်များသည် ရောဂါများနှင့် ယင်းတို့ကိုဖြစ်ပွားစေသည့် ပိုးများကို တိုက်ဖျက်သည့် အစွမ်းထက်လက်နက်များဖြစ်သော ပဋိဇီဝဆေးများနှင့် ကာကွယ်ဆေးများကို အကြီးအကျယ်ထုတ်လုပ်ထားပြီ။ ဆေးရုံများတွင် ကုသမှုနည်းစနစ်များ တိုးတက်လာသည့်အပြင် ရေအသုံးပြုနည်း၊ ကျန်းမာသန့်ရှင်းရေးနှင့် အစားအသောက်ပြင်ဆင်ပုံတို့တွင် တိုးတက်မှုများရှိလာခြင်းက ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အထောက်အကူပြုခဲ့ပြီ။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က လူအများသည် ဤသို့သောရောဂါများနှင့် လုံးပန်းရခြင်းမှ ကင်းလွတ်တော့မည်ဟု ထင်ခဲ့ကြသည်။ ကျောက်ရောဂါ ပျောက်ကွယ်ခဲ့ပြီး အခြားရောဂါများကိုလည်း ကွယ်ပျောက်သွားစေဖို့ ပစ်မှတ်ထားကြိုးစားနေသည်။ ဆေးဝါးများကလည်း နေထိုင်မကောင်းဖြစ်မှုများစွာကို ထိထိရောက်ရောက် ကုသနိုင်ခဲ့သည်။ ကျန်းမာရေးပညာရှင်များအနေဖြင့် အနာဂတ်ကို အကောင်းဘက်မှ ရှုမြင်ကြသည်။ ကူးစက်ရောဂါများကို နှိမ်နင်းနိုင်မည်; ဆက်တိုက်အောင်ပွဲဆင်မည်။ ဆေးသိပ္ပံပညာသည် အောင်ပွဲဆင်မည်။

သို့သော် အောင်ပွဲမဆင်နိုင်ခဲ့ပေ။ ယနေ့ ကူးစက်ရောဂါသည် ကမ္ဘာတွင် အများဆုံးသေဆုံးစေသည့် အကြောင်းရင်းအဖြစ်ဆက်ရှိနေရာ ၁၉၉၆ တစ်နှစ်တည်းတွင် လူပေါင်းသန်း ၅၀ ကျော်၏အသက်ကို ခြွေယူခဲ့သည်။ တစ်ချိန်က အကောင်းမြင်သဘောထားများသည် အနာဂတ်အတွက်ကြီးထွားလာသည့်စိုးရိမ်ပူပန်မှုဖြင့် အစားထိုးခံလာရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ချ်အို) ကထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာ ၁၉၉၆ က “လူသားထုကျန်းမာရေးနှင့်ပတ်သက်ပြီး မကြာသေးမီဆယ်စုနှစ်များတွင် ရရှိခဲ့သည့် တိုးတက်မှုအများအပြားမှာ ယခုအခါ အရာမထင်ဖြစ်နေပြီ။ ကျွန်ုပ်တို့သည် ကူးစက်ရောဂါများကြောင့် ကမ္ဘာ့အကျပ်ရိုက်မှု၏ ချောက်နှုတ်ခမ်းဝတွင် ရောက်နေကြသည်။ မည်သည့်နိုင်ငံမျှ ဤဘေးမှမလွတ်” ဟု သတိပေးလိုက်သည်။

ရောဂါဟောင်းများကြောင့် သေသူပိုများလာ

စိုးရိမ်စရာအကြောင်းရင်းတစ်ခုမှာ နှိမ်နင်းနိုင်ပြီဟု တစ်ချိန်ကယူမှတ်ခဲ့သော အများသိရောဂါများသည် ပို၍သေစေနိုင်သည့်အပြင် ကုသဖို့လည်းပို၍ခက်သည့်အသွင်များဖြင့် ပြန်ပေါ်လာခြင်းပင်ဖြစ်သည်။ သာဓကတစ်ခုမှာ ဖွံ့ဖြိုးတိုးတက်သောကမ္ဘာ့နိုင်ငံများတွင် အမှန်ပင်ထိန်းချုပ်နိုင်ပြီဟု တစ်ချိန်ကယူဆခဲ့သော တီဘီရောဂါဖြစ်သည်။ သို့သော် တီဘီရောဂါမှာ ပျောက်မသွားပေ; ယခုအခါ ယင်းသည် နှစ်စဉ်လူ သုံးသန်းခန့်၏အသက်ကို ခြွေယူလျက်ရှိသည်။ ထိန်းချုပ်နိုင်စွမ်းမတိုးတက်ပါမူ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း လူပေါင်း သန်း ၉၀ ခန့်ဤရောဂါစွဲကပ်ဖို့အကြောင်းရှိသည်။ နိုင်ငံအများတွင် ဆေးမတိုးတော့သော တီဘီရောဂါများ ပျံ့နှံ့နေသည်။

ပြန်ပေါ်လာသည့်ရောဂါနှင့်ပတ်သက်သည့် နောက်သာဓကတစ်ခုမှာ ငှက်ဖျားရောဂါဖြစ်သည်။ လွန်ခဲ့သည့်အနှစ်လေးဆယ်က ဆရာဝန်များသည် ငှက်ဖျားရောဂါကို လျင်မြန်စွာအမြစ်ဖြတ်ဖယ်ရှားပစ်နိုင်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ ယနေ့ ဤရောဂါသည် နှစ်စဉ် လူနှစ်သန်းခန့်ကို သတ်နေပါသည်။ ငှက်ဖျားရောဂါသည် နိုင်ငံပေါင်း ၉၀ ကျော်တွင် ကူးစက်နေပြီး သို့မဟုတ် ရှိနေပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ခြိမ်းခြောက်နေသည်။ ငှက်ဖျားကပ်ပါးပိုးသယ်ဆောင်သည့် ခြင်များသည် ပိုးသတ်ဆေးများပင် မတိုးတော့သည့်အပြင် ဤကပ်ပါးပိုးများကိုယ်နှိုက် ဆေးမတိုးတော့ဘဲဖြစ်လာရာ ဆရာဝန်များအနေဖြင့် ငှက်ဖျားရောဂါဆန်းတချို့သည် မကြာမီ ကု၍မရဘဲဖြစ်သွားမည်ကို စိုးရိမ်လျက်ရှိသည်။

ရောဂါနှင့် ဆင်းရဲနွမ်းပါးမှု

အချို့ရောဂါတို့သည် ယင်းတို့ကို ချေမှုန်းနိုင်သည့် အစွမ်းထက်လက်နက်များရှိပါလျက်ကယ် မညှာမတာသတ်ဖြတ်လျက်ရှိသည်။ ဥပမာ၊ ဦးနှောက်နှင့်ကျောရိုးနဗ်ကြိုးဖုံးအမြှေးရောင်ရမ်းနာကို သုံးသပ်ကြည့်ပါ။ ဦးနှောက်မြှေးရောင်ရမ်းနာအတွက် ကာကွယ်ဆေးများနှင့် ကုသဖို့ ဆေးဝါးများရှိသည်။ ၁၉၉၆ ခုနှစ်အစောပိုင်း၌ အာဖရိကရှိ ဆာဟာရတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။ သင်သိပ်ကြားဖူးမည်မဟုတ်ပေ; သို့တိုင် လူပေါင်း ၁၅,၀၀၀ ထက်မနည်းသေခဲ့ရပြီး အများစုမှာ ဆင်းရဲသားနှင့် ကလေးသူငယ်များဖြစ်ကြသည်။

အဆုတ်ရောင်နာအပါအဝင် အပျော့စား အသက်ရှုအင်္ဂါဆိုင်ရာ ကူးစက်နာများကလည်း နှစ်စဉ် လူလေးသန်း၏အသက်ကို ခြွေယူနေသည်။ အများစုမှာ ကလေးများဖြစ်သည်။ ဝက်သက်ရောဂါကြောင့် နှစ်စဉ် လူတစ်သန်းသေဆုံးကြရပြီး ကြက်ညှာချောင်းဆိုးရောဂါကြောင့် နောက်ထပ် ၃၅၅,၀၀၀ အသက်ဆုံးကြရသည်။ ဤသေဆုံးမှုများစွာကိုလည်း အကုန်အကျမများသည့် ကာကွယ်ဆေးများဖြင့် တားဆီးကာကွယ်နိုင်ပါသည်။

တစ်ရက်လျှင် ရှစ်ထောင်ခန့်သောကလေးများမှာ ဝမ်းလျှောကာခန္ဓာကိုယ်အရည်ဆုတ်ခန်းမှုကြောင့် သေကြရသည်။ ဤသေဆုံးမှုအားလုံးနီးပါးသည် ကျန်းမာသန့်ရှင်းအောင်နေခြင်း၊ သောက်ရေသန့်များသောက်သုံးခြင်းနှင့် အရည်ဓာတ်ဖြည့်ပေးသည့် ဆားပျော်ရည်များကို သောက်သုံးပေးခြင်းတို့ဖြင့် တားဆီးကာကွယ်နိုင်ပါသည်။

ဤသေဆုံးမှုအများစုမှာ ဆင်းရဲနွမ်းပါးမှုအများအပြားဖြစ်နေသည့် မဖွံ့ဖြိုးသောကမ္ဘာ့ဒေသများတွင် ဖြစ်ပွားသည်။ လူပေါင်း သန်း ၈၀၀ ခန့်—ကမ္ဘာ့လူဦးရေ၏အတော်အတန်များသော အရေအတွက်—သည် ကျန်းမာရေးဂရုစိုက်ဖို့ အခွင့်အလမ်းမရှိကြရှာပေ။ ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာ ၁၉၉၅ က “ကမ္ဘာ့အကြီးမားဆုံး လူသတ်ကောင်၊ ကမ္ဘာတစ်ခွင်လုံး ကျန်းမာရေးချို့တဲ့မှုနှင့်ရောဂါဝေဒနာခံစားရမှုကိုဖြစ်စေသည့် အကြီးမားဆုံးအကြောင်းတရားတို့ကို အပြည်ပြည်ဆိုင်ရာ ရောဂါအဆင့်အတန်းခွဲစာရင်း၏အဆုံးလောက်တွင် ဖော်ပြထားသည်။ ကုတ်နံပါတ်မှာ ဇက်၅၉.၅—ဆင်းရဲမွဲတေမှု ဟုပေးထားသည်” ဟု ဖော်ပြထားသည်။

အသစ်တွေ့ ရှိလာသောရောဂါများ

အချို့ရောဂါများသည် မကြာသေးမီကမှ တွေ့ရှိလာသော ရောဂါသစ်များဖြစ်သည်။ ဒဗ္ဗလျူအိတ်ချ်အိုက မကြာသေးမီက ဖော်ပြလိုက်သည်မှာ “လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ရောဂါသစ် အနည်းဆုံး ၃၀ ပေါ်လာပြီး သန်းပေါင်းရာနှင့်ချီသောလူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေပါသည်။ ဤရောဂါအများစုမှာ ကုရာနတ္ထိဆေးမရှိပေ၊ ယင်းတို့ကိုကာကွယ်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းမှာ အကန့်အသတ်နှင့်သာဖြစ်နေသည်။”

ဥပမာ၊ အိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်တို့ကို သုံးသပ်ဆင်ခြင်ကြည့်ပါ။ လွန်ခဲ့သည့် ၁၅ နှစ်ဝန်းကျင်လောက်က မသိခဲ့သော်လည်း ယခုအခါ တိုက်ကြီးတိုင်းပေါ်ရှိ လူများကို ရောဂါစွဲကပ်နေပြီ။ လက်ရှိအချိန်တွင် လူကြီး သန်း ၂၀ ခန့် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရပြီး ၄.၅ သန်းထက်မနည်း အေအိုင်ဒီအက်စ်ဖြစ်နေပြီ။ လူသားထုဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ ၁၉၉၆ အရ အေအိုင်ဒီအက်စ်သည် ယခုအခါ ဥရောပနှင့်မြောက်အမေရိကရှိ ၄၅ နှစ်အောက် လူကြီးများ သေဆုံးရခြင်း၏အဓိကအကြောင်းရင်းဖြစ်နေလေပြီ။ ကမ္ဘာတစ်ဝန်း နေ့စဉ်ရောဂါပိုးကူးစက်ခံနေရသူ ၆,၀၀၀ ခန့်ရှိရာ ၁၅ စက္ကန့်လျှင် တစ်ယောက်နှုန်းဖြစ်ပါသည်။ အေအိုင်ဒီအက်စ်ဖြစ်မှုအရေအတွက်သည် အလျင်အမြန်ဆက်၍တိုးများလာမည်ဖြစ်ကြောင်း လေ့လာခန့်မှန်းချက်များက ဖော်ပြသည်။ ယူ.အက်စ်.အေဂျင်စီတစ်ခု၏အဆိုအရ သက္ကရာဇ် ၂၀၁၀ အရောက်တွင် အေအိုင်ဒီအက်စ်အပြင်းအထန်ခံရသည့် အာဖရိကန်နှင့်အာရှသားများသည် သက်တမ်း ၂၅ နှစ်သို့ကျဆင်းသွားမည်ဟု မျှော်လင့်ရသည်။

အေအိုင်ဒီအက်စ်သည် မည်သည့်ရောဂါမှမယှဉ်နိုင်သည့် ရောဂါဖြစ်သလော၊ သို့မဟုတ် အလားတူဒုက္ခပေးမည့်၊ ထိုထက်ပင်ပို၍ဒုက္ခပေးမည့် အခြားကူးစက်ရောဂါများ ပေါ်လာနိုင်ဦးမည်လော။ ဒဗ္ဗလျူအိတ်ချ်အိုက ဤသို့အဖြေပေးသည်– “မသိရှိသေးသော်လည်း အေအိုင်ဒီအက်စ်တမျှ ဒုက္ခပေးမည့်ရောဂါများသည် အမှောင်ရိပ်မှထွက်လာကြဦးမည်မှာ သေချာသည်။”

ပိုးမွှားများအကြိုက်တွေ့သည့် အချက်များ

အနာဂတ်ရောဂါကပ်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးကျွမ်းကျင်သူများက အဘယ်ကြောင့် စိတ်ပူနေကြသနည်း။ အကြောင်းရင်းတစ်ခုမှာ မြို့နေလူဦးရေထူထပ်လာခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ်တစ်ရာက ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသာ မြို့ကြီးများတွင် နေထိုင်ကြသည်။ သို့သော် ကြိုတင်ခန့်မှန်းချက်အရ သက္ကရာဇ် ၂၀၁၀ တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်သည် မြို့ပြဒေသများ၊ ဖွံ့ဖြိုးမှုသိပ်မရှိသည့် နိုင်ငံများရှိ မြို့ကြီးများတွင် သိသိသာသာနေထိုင်လာကြမည်ဖြစ်သည်။

ကူးစက်တတ်သောပိုးမွှားများသည် လူနေထူထပ်သည့်ဒေသများတွင် ပေါက်ပွားလွယ်သည်။ မြို့တစ်မြို့တွင် ကောင်းမွန်သော အိမ်ရာရှိသည့်အပြင် အဆင့်မီမိလ္လာပိုက်၊ ရေပေးစနစ်နှင့် ကျန်းမာရေးဂရုစိုက်မှုကောင်းကောင်းရှိမည်ဆိုလျှင် ရောဂါကပ်များ၏အန္တရာယ်မှာ လျော့ကျသွားမည်သာ။ သို့သော် လူဦးရေ အမြန်ဆုံးတိုးပွားလာသော မြို့ကြီးများမှာ ဆင်းရဲသောနိုင်ငံများရှိ မြို့ကြီးများဖြစ်သည်။ အချို့မြို့ကြီးများတွင် လူအယောက် ၇၅၀ သို့မဟုတ် ထို့ထက်မကသော အရေအတွက်တွင် အိမ်သာတစ်လုံးကျသာရှိသည်။ မြို့ပြဒေသအများတွင်လည်း ကောင်းမွန်သော အိုးအိမ်၊ သောက်ရေသန့်အပြင် ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများမရှိပေ။ ထောင်သောင်းချီသောလူများ ညစ်ညစ်ပတ်ပတ်ဖြင့် ပြွတ်သိပ်ကျပ်ညှပ်နေထိုင်သည့်နေရာများတွင် ရောဂါကူးစက်မှု အလွန်များဖို့ အကြောင်းရှိသည်။

ယင်းကပြွတ်သိပ်ကျပ်ညှပ်နေသည့် ဆင်းရဲဒဏ်ခံနေရသော မြို့ကြီးများတွင်သာ အနာဂတ်ရောဂါကပ်များဖြစ်မည်ဟု ဆိုလိုပါသလော။ ကိုယ်တွင်းဆေးပညာ၏အောင်မြင်မှုများဂျာနယ်က “ဆင်းရဲမွဲတေမှု၊ စီးပွားရေးလုံးဝနာလန်မထူနိုင်မှုနှင့် ယင်းတို့၏အကျိုးဆက်များကိုခံနေရသော ရပ်ကွက်ငယ်များသည် ကူးစက်ရောဂါမျိုးစေ့အပင်ပေါက်ရန် မြေသြဇာအကောင်းဆုံးလယ်ကွင်းများဖြစ်လာရာ ကျန်လူသားတစ်ရပ်လုံး၏စက်မှုနည်းပညာအား လွှမ်းမိုးသွားသည်ကိုကျွန်ုပ်တို့ကောင်းစွာ နားလည်ရမည်” ဟုအဖြေပေးသည်။

ရောဂါပိုးကို တစ်နေရာတစ်ဒေသတည်းတွင် ထိန်းချုပ်ထားရန် မလွယ်ပေ။ လူများစွာတို့သည် တစ်နေရာမှတစ်နေရာသို့ သွားလာနေကြသည်။ နေ့စဉ်ပင် ​လူတစ်သန်းခန့်သည် နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်နေကြသည်။ ​အပတ်စဉ်ပင် လူတစ်သန်းသည် ချမ်းသာသောနိုင်ငံနှင့် ဆင်းရဲသောနိုင်ငံများအကြားသွားလာနေကြသည်။ ​လူအများပြောင်းရွှေ့သွားလာကြသည်နှင့်အမျှ သေစေနိုင်သောပိုးမွှားများသည် သူတို့နှင့်အတူပါသွားသည်။ အမေရိကန်ဆေးဘက်ဆိုင်ရာ အသင်းဂျာနယ်က သတိပြုမိသည်မှာ “နေရာတကာတွင် ရောဂါရုတ်တရက်ဖြစ်ပေါ်မှုအား နိုင်ငံအများစုကို ခြိမ်းခြောက်နေသည့်အရာအဖြစ် ယခု ယူမှတ်ရတော့မည်၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာခရီးသွားလာရေးဗဟိုဌာနများအဖြစ် အသုံးပြုသည့် နိုင်ငံများကိုဖြစ်သည်။”

ထို့ကြောင့် ၂၀ ရာစု၏ဆေးဘက်ဆိုင်ရာတိုးတက်မှုရှိနေလျက်နှင့် ရောဂါကပ်ဘေးများသည် လူ့အသက်ပေါင်းများစွာကို ခြွေယူမြဲခြွေယူလျက်ရှိရာ လူများစွာတို့က အနာဂတ်တွင် အဆိုးဆုံးဖြစ်လာမည့်အရေးကို စိုးရိမ်နေကြသည်။ သို့သော် ကျမ်းစာက အနာဂတ်နှင့်ပတ်သက်ပြီး အဘယ်သို့ဆိုထားသနည်း။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ကူးစက်ရောဂါသည် ကမ္ဘာတွင် အများဆုံးသေဆုံးစေသည့်အကြောင်းရင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်တစ်နှစ်တည်းတွင် လူပေါင်း သန်း ၅၀ ကျော်၏ အသက်ကို ခြွေယူခဲ့

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ပဋိဇီဝဆေးဝါး ခုခံနိုင်စွမ်း

ကူးစက်ရောဂါအများအပြားသည် ပဋိဇီဝဆေးဝါးများကို ခုခံနိုင်စွမ်းရှိလာသောကြောင့် ကုသဖို့သာ၍ခက်ခဲလာသည်။ ဖြစ်ပျက်ပုံမှာ ဘက်တီးရီးယားပိုးသည် လူတစ်ဦးတွင် ဝင်ရောက်ကူးစက်နေချိန်၌ မပြတ်ပွားနေပြီး မိမိတို့၏မျိုးရိုးဗီဇများကို သားစဉ်မြေးဆက်များအား လက်ဆင့်ကမ်းပေးသွားသည်။ မျိုးဆက်သစ်ဘက်တီးရီးယားများကို ထွက်ပေါ်စေရင်း အနည်းငယ် အမှားကူးမိသည့် ဇီဝရုပ်ပြောင်းမှုဖြစ်တတ်သည်၊ ဤသို့ဖြစ်ခြင်းက ဗီဇသစ်ပါသော ဘက်တီးရီးယားမျိုးသစ်တစ်မျိုးကို ဖြစ်ပေါ်လာစေသည်။ ပဋိဇီဝဆေးဝါးကို ခုခံနိုင်စွမ်းရှိစေနိုင်သည့် နည်းဖြင့် ဘက်တီးရီးယားတစ်မျိုး ဇီဝရုပ်ပြောင်းဖို့ ဖြစ်နိုင်ခြေသည် အလွန်တရာမှ နည်းပါးပါသည်။ သို့သော် ဘက်တီးရီးယားသည် သန်းထောင်နှင့်ချီ၍ မျိုးပွားသည်၊ တစ်ခါတစ်ရံတွင် တစ်နာရီအတွင်း ဘက်တီးရီးယားမျိုးဆက် သုံးဆက်အထိ ပေါ်ထွက်စေသည်။ ထို့ကြောင့် ဖြစ်နိုင်ဖွယ်မရှိသောထိုအရာ ဖြစ်ပျက်လာတတ်ရာ တစ်ခါတစ်ရံတွင် ပဋိဇီဝဆေးဝါးတစ်မျိုးဖြင့်သတ်ရန် ခက်နေသည့် ဘက်တီးရီးယားတစ်မျိုးကို တွေ့ ရှိရတတ်သည်။

ထို့ကြောင့် ရောဂါကူးစက်ခံထားသူသည် ပဋိဇီဝဆေးတစ်မျိုးကို သောက်သုံးသည့်အခါ ခံနိုင်ရည်အစွမ်းမရှိသော ဘက်တီးရီးယားများကို ရှင်းလင်းပစ်လိုက်နိုင်ကာ သက်သာသွားပြီဟု ခံစားရလေသည်။ သို့သော် ခံနိုင်ရည်ရှိသော ဘက်တီးရီးယားများမှာ ဆက်၍အသက်ရှင်နေသည်။ ယခု ယင်းတို့သည် အစားအစာနှင့် နယ်မြေအတွက် ပိုးမွှားချင်းတို့နှင့် လုယက်ဆိုင်ပြိုင်စရာမလိုတော့ချေ။ အတားအဆီးမရှိ မျိုးပွားနိုင်ကြပြီ။ ဘက်တီးရီးယားတစ်မျိုးတည်းမှ တစ်ရက်အတွင်းပင် ဘက်တီးရီးယား ၁၆ သန်းကျော်ပွားနိုင်သောကြောင့် များမကြာမီ ထိုသူမှာ ပြန်၍ဖျားလေတော့သည်။ သို့သော် ယခုသူသည် သတ်နိုင်သည်ဟုအဆိုရှိသောဆေးကို ခုခံနိုင်စွမ်းရှိသည့် ဘက်တီးရီးယားမျိုးထူးတစ်မျိုး၏ ကူးစက်ခြင်းကို ခံနေရပြီဖြစ်သည်။ ဤဘက်တီးရီးယားများသည် အခြားသူများကိုလည်း ကူးစက်နိုင်ပြီး အချိန်တန်သော် အခြားပဋိဇီဝဆေးဝါးများကို ခုခံနိုင်စွမ်းရှိသည့် ဇီဝရုပ်ပြောင်းမှုဖြစ်ပြန်သည်။

ကိုယ်တွင်းဆေးပညာ၏အောင်မြင်မှုများဂျာနယ်တွင် အယ်ဒီတာ့အာဘော်ကဤသို့ဆိုသည်– “ကျွန်ုပ်တို့၏လက်ရှိကုထုံးများအား ခုခံနိုင်စွမ်းရှိသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနှင့် ကပ်ပါးပိုးတို့လျင်မြန်စွာဖြစ်ပေါ်ခြင်းကြောင့် လူတစ်ဦးအနေဖြင့် ပိုးမွှားလောကတိုက်ဖျက်မည့် လူသားတို့၏စစ်ပွဲသည် အောင်မည်မအောင်မည်ဆိုသည်ကို မဟုတ်ဘဲ ကျွန်ုပ်တို့မည်သည့်အချိန်တွင် ရှုံးမည်ဆိုသည်ကိုသာ တွေးတောစေသည်။”—ကျွန်ုပ်တို့စာလုံးစောင်းထား။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

၁၉၇၆ ခုနှစ်မှစ၍ပေါ်လာသော ကူးစက်ရောဂါသစ်တချို့

ကွဲကွဲပြားပြားသိရှိသည့် ဦးဆုံးဖြစ်ပေါ်ခဲ့သည့် သို့မဟုတ် ကွဲကွဲပြားပြားသိရှိခဲ့သည့် ဖြစ်ပွားရာဒေသ

နှစ် ရောဂါအမည်

၁၉၇၆ လီဂျနဲရက်စ်အဆုတ်နာ အမေရိကန်ပြည်ထောင်စု

၁၉၇၆ ခရစ်ပတိုစပိုရီဒီယိုးစစ်အူရောင်နာ အမေရိကန်ပြည်ထောင်စု

၁၉၇၆ အီဘိုလာ သွေးလွန်အဖျား ဇိုင်ယာ

၁၉၇၇ ဟန်တန် ဗိုင်းရပ်စ် ကိုရီးယား

၁၉၈၀ အသည်းရောင် ဒီ (ဒယ်လတာ) အီတလီ

၁၉၈၀ အိတ်ချ်တီအယ်လ် ဗွီ ၁ ဗိုင်းရပ်စ် ဂျပန်

၁၉၈၁ အေအိုင်ဒီအက်စ် အမေရိကန်ပြည်ထောင်စု

၁၉၈၂ အီး. ကိုလိုင် ရောဂါပိုး အမေရိကန်ပြည်ထောင်စု

၁၉၈၆ နွားရူးရောဂါ* ယူနိုက်တက်ကင်းဒမ်း

၁၉၈၈ ဆယ်လ်မွန်နဲလား အူရောင်ရောဂါ ယူနိုက်တက်ကင်းဒမ်း

၁၉၈၉ အသဲရောင် စီ အမေရိကန်ပြည်ထောင်စု

၁၉၉၁ ဗင်နီဇွဲလန် သွေးလွန်အဖျား ဗင်နီဇွဲလား

၁၉၉၂ ပိုးကောက်ကွေးကာလဝမ်းရောဂါ ၀၁၃၉ အိန္ဒိယ

၁၉၉၄ ဘရာဇီးလျံ သွေးလွန်အဖျား ဘရာဇီး

၁၉၉၄ လူနှင့်မြင်းတွင်းဖြစ်တတ်သော မော်ဘီလီဗိုင်းရပ်စ် ဩစတြေးလျ

*တိရစ္ဆာန်တွင်သာဖြစ်သည်။ ရင်းမြစ်– ဒဗ္ဗလျူအိတ်ချ်အို

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

ရောဂါဟောင်းများ ပြန်ပေါ်လာ

တီဘီရောဂါ– ဤဆယ်စုနှစ်အတွင်း တီဘီရောဂါကြောင့် လူပေါင်း သန်း ၃၀ ကျော်အသက်ရှုံးရမည်ဟု ခန့်မှန်းထားသည်။ ယခင်က ရောဂါကို ထိထိရောက်ရောက်မကုသသောကြောင့် ဆေးမတိုးတော့သည့် တီဘီရောဂါသည် ယခုအခါ ကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီ။ ဘက်တီးရီးယားမျိုးထူးတချို့သည် ယခင်က ဘက်တီးရီးယားအား ဖျက်ဆီးနိုင်စွမ်းအမှန်ရှိသည့် ဆေးဝါးများကိုပြီးနေလေပြီ။

ငှက်ဖျားရောဂါ– နှစ်စဉ် လူပေါင်း သန်း ၅၀၀ အထိဖြစ်ပွားပြီး လူ ၂ သန်း၏အသက်ကို ခြွေယူနေသည်။ ဆေးဝါးများမရှိခြင်း သို့မဟုတ် အလွဲသုံးခြင်းကြောင့် ထိန်းချုပ်ဖို့ အဟန့်အတားဖြစ်နေသည်။ ရလဒ်အနေဖြင့် တစ်ချိန်က သတ်ဖြတ်နှိမ်နင်းနိုင်စွမ်းရှိသည့် ဆေးဝါးများကို ငှက်ဖျားကပ်ပါးပိုးများသည် ခုခံနိုင်စွမ်းရှိလာသည်။ ခြင်များသည် အင်းဆက်ပိုးသတ်ဆေးများကို ခုခံနိုင်စွမ်းရှိသောကြောင့် ပို၍ခက်ခဲလာသည်။

ကာလဝမ်းရောဂါ– ကာလဝမ်းရောဂါသည် နှစ်စဉ် ၁၂၀,၀၀၀ သောလူတို့၏အသက်ကို ခြွေယူနေသည်၊ အများစုမှာ ရောဂါကပ်များ ပို၍ပျံ့နှံ့ကာ ဖြစ်သည့်အကြိမ်လည်းပိုများလာသည့် အာဖရိကမှဖြစ်သည်။ တောင်အမေရိကတွင် ဆယ်စုနှစ်နှင့်ချီပြီး မသိရှိလိုက်သော ကာလဝမ်းရောဂါသည် ၁၉၉၁ ၌ ပီရူးတွင်ဖြစ်ပွားပြီးနောက် တစ်တိုက်လုံးကို ပျံ့နှံ့သွားခဲ့သည်။

သွေးလွန်တုတ်ကွေး– ခြင်မှပေါက်ပွားသော ဤဗိုင်ရပ်စ်ပိုးသည် နှစ်စဉ် လူပေါင်း သန်း ၂၀ ခန့်ကို ဒုက္ခပေးနေသည်။ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသရှိအနည်းဆုံး ၁၄ နိုင်ငံ၌ ၁၅ နှစ်အတွင်း အဆိုးရွားဆုံးသွေးလွန်တုတ်ကွေးရောဂါကပ်သည် ၁၉၉၅ ခုနှစ်အတွင်းတွင် ဖြစ်ပွားခဲ့သည်။ သွေးလွန်တုတ်ကွေးရောဂါကပ်များ တိုးပွားလာရခြင်းမှာ မြို့နေ လူဦးရေထူထပ်လာခြင်း၊ သွေးလွန်တုတ်ကွေးသယ်ဆောင်သည့် ခြင်များ ပျံ့နှံ့ခြင်းနှင့် ကူးစက်ခံထားရသည့် ရွှေ့ပြောင်းသွားလာသူမြောက်မြားစွာရှိခြင်းတို့ကြောင့် ဖြစ်သည်။

ဆုံဆို့နာ– လွန်ခဲ့သည် အနှစ် ၅၀ ကစတင်ခဲ့သည့် ကြီးကျယ်သည့် ရောဂါကာကွယ်ဆေးထိုးရေးအစီအစဉ်များကြောင့် ဤရောဂါသည် စက်မှုနိုင်ငံကြီးများတွင် အလွန်အဖြစ်နည်းသွားသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်မှာစ၍ ဆုံဆို့ရောဂါကပ်များသည် အရှေ့ဥရောပ ၁၅ နိုင်ငံနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုတို့တွင် ဖြစ်ပွားခဲ့သည်။ ဤရောဂါကူးစက်ခံရသူ လေးဦးလျှင် တစ်ဦးနှုန်းအထိ အသက်ဆုံးခဲ့သည်။ ၁၉၉၅ ၏ပထမနှစ်ဝက်အတွင်း လူပေါင်း ၂၅,၀၀၀ ခန့်ဖြစ်ပွားကြောင်း သိရှိရသည်။

ဆင်ထွက်ပလိပ်ရောဂါ– ၁၉၉၅ ခုနှစ်အတွင်း လူတွင်ဖြစ်တတ်သောပလိပ်ရောဂါသည် အနည်းဆုံး ၁,၄၀၀ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ချ်အို) သို့အစီရင်ခံသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားဒေသများတွင် ဆယ်စုနှစ်နှင့်ချီပြီး ပလိပ်ရောဂါကင်းဝေးခဲ့သည့်ဒေသများသို့ ရောဂါပျံ့နှံ့သွားခဲ့သည်။

[Credit Line]

ရင်းမြစ်– ဒဗ္ဗလျူအိတ်ချ်အို

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဆေးသိပ္ပံပညာသည် ကျန်းမာရေးဂရုစိုက်မှုကို တိုးတက်စေလင့်ကစား ကူးစက်ရောဂါပျံ့နှံ့ မှုကို မရပ်စေနိုင်ခဲ့

[Credit Line]

WHO photo by J. Abcede

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ညစ်ညစ်ပတ်ပတ်နှင့် ပြွတ်သိပ်ကျပ်ညှပ်စွာနေထိုင်ကြသည့်အခါ ရောဂါပိုး ပျံ့နှံ့လွယ်သည်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သန်း ၈၀၀ ခန့်သော လူတို့သည် ကျန်းမာရေးဂရုစိုက်ဖို့ အခွင့်အလမ်းမရှိကြပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ