သင့်ဘဝသည် ငြီးငွေ့ ဖွယ်ကောင်းသလော ထိုအခြေအနေကို သင်ပြောင်းလဲပစ်နိုင်သည်!
စပိန်နိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
မာဂရက်နှင့် ဘရိုင်ယန်တို့သည် အသက် ၅၅ နှစ်ဝန်းကျင်လောက်တွင် ရတောင့်ရခဲသည့် အခွင့်အရေးတစ်ခုကို ရရှိခဲ့ကြသည်။ ၎င်းမှာ အသက်မပြည့်ဘဲ ပင်စင်လစာကောင်းကောင်းနှင့် အငြိမ်းစားခံစားခွင့် ရရှိလိုက်ခြင်းဖြစ်သည်။ ထိုအခါ သူတို့သည် မြေထဲပင်လယ်ရှိရာ တောင်ပိုင်းအရပ်သို့သွားကာ နေရောင်ထွန်းတောက်သည့်ကမ်းခြေတွင် အနားယူရန်ဆုံးဖြတ်လိုက်ကြသည်။ ပင်လယ်ကမ်းခြေရှိ ၎င်းတို့ပိုင်ပျဉ်ထောင်အိမ်တွင် ပူပင်သောကကင်းဝေးစွာနှင့် ဘဝတစ်သက်တာ အေးဆေးစွာနေထိုင်သွားရတော့မည်။
နှစ်နှစ်ကြာပြီးနောက် သူတို့၏အိပ်မက်လှလှလေးသည် စိတ်ပျက်ဖွယ်ကောင်းလာသည်။ ဘရိုင်ယန်က ဤသို့ရှင်းပြသည်– “ကျွန်တော်တို့ရဲ့ဘဝဟာ ဘာမှအဓိပ္ပာယ်မရှိသလိုပါပဲ၊ ဘာမှလုပ်စရာမရှိဘဲ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားတယ်။ ကျွန်တော်ရေကူးတယ်၊ ဂေါက်သီးရိုက်တယ်၊ ဒါမှမဟုတ် တင်းနစ်ရိုက်တယ်၊ ပြီးတော့ နားထောင်မယ့်လူရှိရင် ကရားရေလွတ်တတွတ်တွတ် စကားပြောတာကတော့မှန်ပါတယ်။ ဘာအကြောင်းတွေပြောကြသလဲ။ အရေးမပါတဲ့ အသေးအဖွဲအကြောင်းတွေပါ။”
အသက် ၂၀ ကျော်ကျော်အရွယ်ရှိသော မိခင်တစ်ဦးဖြစ်သူ ဂီဆယ်လာ၌ သမီးချောလေးတစ်ယောက်ရှိသည်။ မွန်းလွဲပိုင်းတွင် သားအမိနှစ်ယောက်သည် ထုံးစံအတိုင်း ပန်းခြံသို့သွားကြပြီး သမီးဖြစ်သူက သဲပုံ၌ပျော်ရွှင်စွာဆော့ကစားလျက် ဌာပနာမုန့်ပုံစံနှင့် ရဲတိုက်ပုံစံသဲပုံပြုလုပ်ခြင်းတွင် နစ်မျောနေသည်။ ထိုအချိန်တွင် မိခင်ဖြစ်သူသည် အနီးအနားရှိခုံတန်းတစ်ခုတွင်ထိုင်ကာ သူမ၏မတ်တတ်ပြေးစကလေးကို စောင့်ကြည့်နေသည်။ သူမတကယ်ပင် စောင့်ကြည့်နေပါသလော။ သူမသည် ကလေးအနားတွင်ထိုင်နေသော်ငြားလည်း သူမ၏အာရုံမှာ ခရီးဆောင်ရေဒီယို၌ နစ်မျောလျက်ရှိသည်။ မိမိ၏စီးကရက်မီးခိုးငွေ့များကြားတွင် သူမသည်ကလေးကို လုံးဝမမြင်ချေ။ သူမသည် မျက်ရည်များစီးကျလာသည့်အထိ ပျင်းရိငြီးငွေ့လျက်ရှိသည်။
အသက် ၁၇-အရွယ် အထက်တန်းကျောင်းသား ပီတာသည် နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းများ အပြည့်ဝိုင်းရံလျက်ရှိသောအခန်းတွင် ထိုင်နေသည်။ သူသည် ဗီဒီယိုဂိမ်းတစ်ခုကိုဖွင့်လိုက်သည့်အခါ ၎င်းသည်လုံးဝစိတ်ဝင်စားစရာ မကောင်းတော့သည်ကိုသာတွေ့ရသည်။ ထိုဂိမ်းကို အခါပေါင်းတစ်ရာမက ကစားပြီးပြီဖြစ်၍ စက်ကိုမည်သို့အနိုင်ကစားရမည်ကို သူကောင်းကောင်းသိထားနေပြီ။ တေးဂီတနားထောင်ရမည်လော။ သူ့မှာရှိသည့်ဓာတ်ပြားတို့သည်လည်း အကြိမ်ပေါင်းများစွာ နားထောင်ပြီးသားဖြစ်နေသည်။ သေမလောက်ငြီးငွေ့သောကြောင့် သူက “ဘာလုပ်ရမှန်းတောင်မသိတော့ဘူး” ဟူ၍ညည်းရှာသည်။
အချိန်မကုန်ကုန်အောင် တစ်ခုခုလုပ်နေရသလော
လူတိုင်းလူတိုင်း၏အသက်တာသည် ငြီးငွေ့စရာ၊ ပျင်းရိစရာမကောင်းသည်မှာ သေချာပါသည်။ ပျော်ရွှင်ချမ်းမြေ့၍ အနှစ်သာရနှင့်ပြည့်ဝသော အသက်တာဖြင့်နေထိုင်သူများ ဒုနှင့်ဒေးရှိနေသေးသည်။ သူတို့သည် အသစ်သောအရာများကို လေ့လာဆည်းပူးခြင်းအားဖြင့်လည်းကောင်း၊ ဖန်တီးနိုင်စွမ်းရှိသော ပင်ကိုအသိစိတ်၏လိုအင်ကို ဖြည့်ဆည်းခြင်းအားဖြင့်လည်းကောင်း၊ အခြားသူတို့၊ အထူးသဖြင့် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးကို ထူထောင်ခြင်းအားဖြင့်လည်းကောင်း ဘဝပြည့်စုံမှုကိုတွေ့ရှိကြသည်။
သို့သော်လည်း ငြီးငွေ့ ခြင်းသည် လူတန်းစားအလွှာအသီးသီးကို ထိခိုက်သည်။ များမကြာမီက ကောက်ခံရရှိသည့်ဆန္ဒသဘောထားအရ ဂျာမန်ပြည်သူ သုံးဦးအနက်တစ်ဦးက ဘဝသည်ငြီးငွေ့ဖွယ်ကောင်းကြောင်း ခံစားကြရသည်။ မြို့ပေါ်ရှိရေပန်းစားသော ပျော်စရာရွှင်စရာနေရာမှန်သမျှတွင် စက်ကျတတ်သော ရည်မှန်းချက်ကြီးမားသည့် ပညာရှင်လူငယ် ယပ္ပီများ (Yuppie)၊ ဆူညံကျယ်လောင်သောတေးဂီတများနှင့် အပေါစားဘီယာတို့ဖြင့် အချိန်ကိုအလဟဿဖြုန်းတီးကြသော အလုပ်လက်မဲ့လူငယ်များ၊ သီတင်းပတ်ကုန်ရက်များကို ရုပ်မြင်သံကြားကြည့်ခြင်းဖြင့် ဖြုန်းတီးပစ်ကြသည့် လူလတ်ပိုင်းကာယလုပ်သားများ၊ ရုံးဆင်းပြီးနောက် ဘာလုပ်ရမှန်းဘာကိုင်ရမှန်းမသိသော အမှုဆောင်လူကြီးများအားလုံးတို့သည် တူညီသောဝေဒနာတစ်မျိုးဖြစ်သည့် ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကို တန်းတူခံစားကြရသည်။
ရှေးခေတ်တွေးခေါ်ရှင်ကြီးများက ယင်းကို တိုက်ဒယွမ် ဝီတိုင် (လက်တင်ဘာသာအရ ပင်ပန်းသောဘဝ) ဟုခေါ်ကြသည်။ ဂျာမန်ဘာသာဖြင့် လန်ဂါဝိုင်းလာ (ရှည်ကြာသောအချိန်ကာလ) ဖြစ်သည်။ ကုန်ခဲလှသောအချိန်၊ အဓိပ္ပာယ်ကင်းမဲ့ဟန်တူသည့် အလုပ်၊ “လက်ရှိဘဝမှ အပြီးရုန်းထွက်လိုသည့်” ပြင်းပြသောဆန္ဒတို့မှာ ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေ၏ ထင်ရှားသောလက္ခဏာများဖြစ်သည်။
ချမ်းသာသူများပင် မလွတ်ကြချေ။ ငွေကိုရေလိုသုံးဖြုန်းနိုင်သူတို့၏ မနှမြောတတ်သောဘဝဟန်အကြောင်း ဖော်ပြပြီးနောက် Time မဂ္ဂဇင်းမှ ရော်ဂျာ ရိုးဇန်ဘလတ်ဆိုသူက ဤသို့တင်ပြထားသည်– “အိမ်ကြီးရခိုင်၊ ကြီးမားသောပန်းခြံနှင့် ကြီးမားသောတိရစ္ဆာန်တို့ ပိုင်ဆိုင်ပြီးနောက်၊ ပါတီပွဲကြီးများတက်၍ အရေးပါအရာရောက်သူတို့နှင့် ခင်မင်သိကျွမ်းပြီးနောက် ကမ္ဘာပေါ်မှ အနှမြောမရှိသုံးဖြုန်းနိုင်သူအများစုက မည်သို့ထုတ်ဖော်ကြေညာကြသနည်း။ သူတို့ငြီးငွေ့ ကြသည်။ ငြီးငွေ့သည်။”
ကိုယ်ပိုင်အားလပ်ချိန်များများရခြင်းသည် ငြီးငွေ့ဖွယ်အခြေအနေကိုကုစားသည့်ဆေး ဖြစ်သည်ဟု တစ်ချိန်ကယူဆခဲ့ကြသည်။ ၎င်းတို့၏ယူဆချက်မှာ လုပ်ငန်းခွင်အခြေအနေကို တိုးတက်အောင်ပြုပြင်ပေးခြင်း၊ ယခင်က ငြီးငွေ့ဖွယ်ကောင်းသည့် တကုပ်ကုပ်လုပ်ရသောအလုပ်ကို အဆုံးသတ်ပစ်ခြင်း၊ ကိုယ်ပိုင်အားလပ်ချိန် များများရရှိစေခြင်းဖြင့် သာမန်ပြည်သူတို့၏ဘဝကို သာယာစိုပြည်စေနိုင်သည် ဟူ၍ဖြစ်သည်။ သို့သော် စိတ်ပျက်ဖွယ်ကောင်းသည်မှာ ထိုမျှလွယ်လွယ်ကူကူနှင့် ဖြစ်မလာခြင်းပင်ဖြစ်သည်။ ရရှိလာသည့်အားလပ်ချိန်တွင် ဘာလုပ်ရမည်ဟုဆုံးဖြတ်ရခြင်းသည် မျှော်လင့်ထားသည်ထက် များစွာခက်ခဲသည်။ လူအများတို့သည် ပျော်စရာကောင်းသည့် သီတင်းပတ်ကုန်ရက်များကို တစ်ပတ်လုံးစိတ်အားထက်သန်စွာ စောင့်မျှော်လာခဲ့ပြီးကာမှ မျှော်လင့်ထားသည့်အတိုင်း ပျော်စရာမကောင်းသည်ကိုသာ တွေ့ရှိရကြသည်။
ငြီးငွေ့ ဖွယ်ကောင်းသောအခြေအနေ၏ အနုတ်လက္ခဏာရလဒ်များ
အချို့သူတို့က မိမိတို့ကိုယ်ကို အလုပ်တွင်စုံးစုံးနှစ်မြှုပ်ထားခြင်းအားဖြင့် ငြီးငွေ့ဖွယ်အခြေအနေကို ရှောင်ရှားရန်ကြိုးစားကြသည်။ အလုပ်မလုပ်ဘဲမနေနိုင်သော အလုပ်စွဲလမ်းလွန်းသူတို့သည် ရုံးမတက်ရသည့်အချိန်၌ ကိုယ်ပိုင်အချိန်တွင် ဘာလုပ်ရမှန်းမသိသောကြောင့် ထိုသို့အလုပ်စွဲလမ်းလွန်းသူ ဖြစ်လာရခြင်းဖြစ်သည်။ အခြားသူတို့မူကား ၎င်းတို့၏ငြီးငွေ့ဖွယ်အခြေအနေကို အရက်ထဲ၌နစ်ထားကြသည်၊ သို့မဟုတ် မူးယစ်ဆေးဝါးများ စမ်းသုံးခြင်းဖြင့် စိတ်တက်ကြွလှုပ်ရှားမှုကိုရှာကြသည်။ ဖျော်ဖြေရေးလောကမှ အကျော်အမော်တို့သည် လက်ခုပ်သြဘာသံများစဲသွားပြီးနောက် ဖြစ်ပေါ်သည့်ဟာတာတာခံစားမှုကို ကိုကင်းအစရှိသောမူးယစ်ဆေးတို့ဖြင့် ဖြေဖျောက်ကြသည်။ ငြီးငွေ့ဖွယ်အခြေအနေသည် လက်မထပ်သည့် ဆယ်ကျော်သက်မိခင်အရေအတွက် တိုးပွားလျက်ရှိခြင်း၏ အကြောင်းတရားများအနက်မှ တစ်ခုဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့သောမိခင်အများက ကလေးတစ်ယောက်ယူလိုက်လျှင် သူတို့ဘဝ အဓိပ္ပာယ်ပြည့်ဝလာမည်ဟု ယူဆကြသည်။
ငြီးငွေ့ဖွယ်အခြေအနေသည် ရာဇဝတ်မှုတိုးပွားခြင်းနှင့် ဆက်စပ်မှုရှိသည်ဟုပင် ယူဆကြသည်။ အသက် ၁၆ နှစ်အရွယ်တွင် ကျောင်းထွက်ပြီးနောက် ဘာအလုပ်မှမလုပ်ဘဲနေသည့်လူငယ် အတော်များများနှင့် အနောက်ဥရောပမှ အလုပ်လက်မဲ့တို့သည် အလုပ်လုပ်နေသည့်၎င်းတို့၏ သက်တူရွယ်တူတို့နှင့်ယှဉ်လိုက်လျှင် “မိမိကိုယ်ကိုသတ်သေရန်၊ မူးယစ်ဆေးအလွဲသုံးရန်၊ လက်မထပ်ဘဲ ကိုယ်ဝန်ရရန်၊ ဥပဒေချိုးဖောက်ရန် ပို၍လွယ်ကူကြောင်း” Time မဂ္ဂဇင်းက ရေးသားဖော်ပြသည်။ ဤအချက်က “စာတန်သည် အားအားယားယားနေသူတို့အတွက် မဟုတ်ကဟုတ်ကအလုပ် ရှာပေးတတ်သည်” ဟူသောရှေးထုံးစကားကို အတည်ပြုထောက်ခံနေပုံရသည်။— ဧဖက် ၄:၂၈ နှိုင်းယှဉ်။