ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၁၀/၈ စာ. ၅-၇
  • ငြီးငွေ့ ဖွယ်အခြေအနေအတွက် လွယ်ကူသော ဖြေရှင်းနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငြီးငွေ့ ဖွယ်အခြေအနေအတွက် လွယ်ကူသော ဖြေရှင်းနည်း
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငြီးငွေ့ ဖွယ်ကောင်းသောအခြေအနေဖြစ်ရသည့် အကြောင်းရင်း
  • ငြီးငွေ့ ဖွယ်အခြေအနေကို လျော့ပါးစေခြင်း—အဘယ်သို့အားဖြင့်နည်း
  • သင့်ဘဝသည် ငြီးငွေ့ ဖွယ်ကောင်းသလော ထိုအခြေအနေကို သင်ပြောင်းလဲပစ်နိုင်သည်!
    နိုးလော့!—၁၉၉၆
  • သားသမီးတွေ အိမ်မှာ ပျင်းရိငြီးငွေ့နေရင် ဘယ်လို လုပ်ရပါ့မလဲ
    မိသားစုအတွက် အကူအညီ
  • ပျင်းနေရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ ထာဝစဉ်အသက်ရှင်ရခြင်းက ငြီးငွေ့စရာဖြစ်မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၁၀/၈ စာ. ၅-၇

ငြီးငွေ့ ဖွယ်အခြေအနေအတွက် လွယ်ကူသော ဖြေရှင်းနည်း

ငြီးငွေ့နေသည့် ဖောက်သည်သန်းပေါင်းများစွာအတွက် မကုန်မခန်းနိုင်သော ပျော်ရွှင်မြူးထူးဖွယ်ရာများ ဖန်တီးပေးခြင်းသည် ယခုအခါတွင် စီးပွားရေးလုပ်ငန်းကြီးတစ်ရပ် ဖြစ်လာလေပြီ။ နိုင်ငံခြားသို့ခရီးထွက်ခြင်း၊ ခေတ်မီဆန်းပြားသည့် အီလက်ထရောနစ် ပစ္စည်းကိရိယာများ၊ အလွန်ရှုပ်ထွေးသောဝါသနာများ အားလုံးတို့သည် ဖောက်သည်တို့အချိန်ဖြုန်းရန် ဖန်တီးထားခြင်းဖြစ်သည်။ သို့သော်လည်း ငြီးငွေ့ဖွယ်အခြေအနေမှာ ကြီးမားသောပြဿနာအဖြစ် ရပ်တည်နေဆဲပင်။ ငြီးငွေ့သည့် အားလပ်ရက်အပန်းဖြေသူတို့သည် အားလပ်ရက်အပန်းဖြေနေစဉ်၌ပင် စိတ်ဓာတ်တက်ကြွပျော်ရွှင်ရန်အတွက် လှုံ့ဆော်ပေးသည့်အရာများ လိုအပ်သည်။ လုံ့လရှိသော ဖြည်းဖြည်းမှန်မှန်ပြေးသူအများပင် ခရီးဆောင်ရေဒီယိုလေးမပါလာလျှင် တစ်ခုခုလိုနေသကဲ့သို့ ခံစားရသည်။

ရုပ်မြင်သံကြားအစရှိသော ဖြေဖျော်မှုတို့သည် စိတ်လှုပ်ရှားတက်ကြွမှုဖြစ်စေပြီး ငြီးငွေ့ဖွယ်အခြေအနေကို လွင့်ပါးပျောက်ကွယ်စေနိုင်သည်မှာ သံသယရှင်းပါသည်။ သို့သော် မည်မျှကြာကြာဖြစ်မည်နည်း။ အချို့သူတို့အဖို့ဆိုလျှင် ရုပ်မြင်သံကြားသည် စွဲစေတတ်သောဆေးဝါးနှင့်တူသည်။ နောက်တစ်ကြိမ်တွင် သာ၍ပြင်းသောလှုံ့ဆော်အားနှင့် သာ၍စိတ်လှုပ်ရှားတက်ကြွသည့်အရာများ လိုအပ်လာသည်။ သို့မဟုတ်ပါက ကြည့်ပြီးသားဟူသော ငြီးငွေ့ဖွယ်ကောင်းသောခံစားချက် ပြန်၍ပေါ်လာမည်ဖြစ်သည်။ ထိုသို့သော ဖြေဖျော်မှုတို့သည် ပြဿနာကိုဖြေရှင်းပေးသည်ထက် ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများပင်ဖြစ်တတ်သည်။

ရုပ်မြင်သံကြားကိုယ်နှိုက်က ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကို ဖြစ်ပေါ်စေသည်ကားမဟုတ်သော်လည်း ရုပ်မြင်သံကြားကို အလွန်အမင်းကြည့်ခြင်းကလည်း ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကို ပပျောက်မသွားစေနိုင်ပါ။ သာ၍ဆိုးသည်မှာ ရုပ်မြင်သံကြားကြည့်ရန် အချိန်များများပေးလေလေ အရှိတရားနှင့် ပို၍ပို၍ကင်းကွာလေလေဖြစ်မည်။ ကလေးများနှင့်ပတ်သက်လာလျှင် ဤသို့ဖြစ်လေ့ဖြစ်ထရှိသည်။ အသက်လေးငါးနှစ်အရွယ်ကလေးတို့အား ရုပ်မြင်သံကြားနှင့် သူတို့ဖေဖေ နှစ်မျိုးအနက် မည်သည့်အရာကိုစွန့်ပစ်နိုင်သနည်းဟု မေးမြန်းလေ့လာမှုတစ်ခုတွင် ကလေးသုံးပုံတစ်ပုံက ရုပ်မြင်သံကြားမရှိသည်နှင့်စာလျှင် အဖေမရှိသည်က ပို၍ခံသာသည်ဟု ဆုံးဖြတ်ကြသည်!

အာသာဆန္ဒတိုင်းကို လိုက်လျောဖြည့်ဆည်းခြင်းသည်လည်း ဖြေရှင်းနည်းမဟုတ်ပေ။ လူငယ်အများသည် ယခုအခါ “ကစားစရာအမျိုးစုံ၊ ပျော်စရာရွှင်စရာအားလပ်ရက်မျိုးစုံ၊ ဖက်ရှင်အသစ်အဆန်းအမျိုးစုံ လိုတရနိုင်သည့် ဥစ္စာပစ္စည်းပေါကြွယ်သောခေတ်တွင် ကြီးပြင်းလာကြသည်” ဟုဂျာမနီပါလီမန်မှ ဆိုရှယ်ဒီမိုကရက်တစ်လူကြီးတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ လူငယ်များ စိတ်လှုပ်ရှားတက်ကြွစရာ ဘာများကျန်သေးသနည်း။ သားသမီးများအား နောက်ဆုံးပေါ်ကစားစရာမှန်သမျှကို ဗုန်းပေါလအောဝယ်ပေးသည့် သဘောကောင်းသောမိဘတို့သည် သားသမီးတို့ကို လူကြီးဘဝတွင် ရှည်ကြာသော ငြီးငွေ့ဖွယ်အခြေအနေစွဲကပ်အောင် လမ်းခင်းပေးသည်နှင့်မခြားပေ။

ငြီးငွေ့ ဖွယ်ကောင်းသောအခြေအနေဖြစ်ရသည့် အကြောင်းရင်း

ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေမှ လုံးလုံးလျားလျား လွတ်မြောက်အောင်ရုန်းထွက်ခြင်းဆိုသည်မှာ လက်တွေ့မကျသောပန်းတိုင်သာဖြစ်သည်။ ဤလောကတွင် လူ့ဘဝသည် မည်သည့်အခါမျှ အစဉ်စိတ်လှုပ်ရှားတက်ကြွကာ ပျော်ရွှင်ချမ်းမြေ့သည့်ဘဝမျိုး ဖြစ်နိုင်မည်မဟုတ်ပါ။ ထိုသို့လက်တွေ့မကျသည့်မျှော်လင့်ခြင်းသည် မလိုလားသည့်အလိုမပြည့်မှုများကို ဖြစ်ပေါ်စေနိုင်ပေသည်။ တစ်ချိန်တည်းတွင် အခြေအနေကိုပို၍ဆိုးစေသော တိကျသည့်အကြောင်းများလည်းရှိပေသည်။

သာဓကအနေနှင့် ယခုခေတ်တွင် မိသားစုပြိုကွဲမှု တစ်နေ့တခြားများပြားလာသည်။ ဤသို့ဖြစ်ရသည်မှာ မိခင်နှင့်ဖခင်တို့သည် သားသမီးများအတွက် အချိန်ပေးစရာမရှိလောက်အောင် မိမိတို့၏ကိုယ်ရေးကိုယ်တာ ဖြေဖျော်မှု၌သာ နစ်မွန်းနေကြ၍ဖြစ်သလော။ ထို့ကြောင့် ဆယ်ကျော်သက်ရွယ်ကလေးများသည် ဒစ္စကိုပွဲ၊ ဗီဒီယိုဂိမ်းရုံ၊ ဈေးရုံနှင့် အလားတူနေရာများ၌ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အပျင်းဖြေကြသည်မှာ အံ့ဩစရာမဟုတ်ပါ။ သို့နှင့် အိမ်ထောင်စုအများ၌ မိသားစုပျော်ပွဲစားထွက်ခြင်းနှင့် အခြားအခြားသော စုပေါင်းလှုပ်ရှားဆောင်ရွက်မှုတို့သည် အတိတ်ဟောင်း၌ကျန်ခဲ့လေပြီ။

၎င်းပြင် အခြားသူတို့သည် မိမိတို့၏ငြီးငွေ့ဖွယ်ကောင်းသောဘဝကို အားမလိုအားမရဖြစ်ပြီး ဘာသိဘာသာနေတတ်သူ၊ မည်သူ့ကိုမှဂရုမစိုက်ဘဲ ငါတကောကောတတ်သူ ဖြစ်မှန်းမသိဖြစ်လာကြသည်။ ဤကဲ့သို့တသီးတခြား ဘာသိဘာသာနေလာသည်နှင့်အမျှ သူတို့သည် ကိုယ့်ပကတိစွမ်းရည် ဖွံ့ဖြိုးရင့်သန်ခြင်းဟုခေါ်နိုင်သော အချည်းနှီးမျှော်လင့်ချက်ကို ပြည့်ဝအောင်မြင်ရမည်ဟု နှလုံးပိုက်လာကြသည်။ သို့သော် ထိုသို့မျှော်လင့်သည့်အတိုင်း ဖြစ်မလာချေ။ ၎င်းပြင် လူဆိုသည်မှာ တစ်ဦးတည်းထီးထီးကြီးနေ၍ မဖြစ်ပါ။ ကျွန်ုပ်တို့သည် ပေါင်းဖော်မှုနှင့် ကူးလူးဆက်ဆံမှုလိုအပ်သည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို တသီးတခြားခွဲနေသူတို့သည် ငြီးငွေ့ဖွယ်အခြေအနေကို ကြီးမားကျယ်ပြန့်စေသည်။ မိမိတို့၏ဘဝကိုသာမက မိမိ၏ပတ်ဝန်းကျင်ရှိသူတို့၏ဘဝကိုပါ စိတ်ပျက်စရာကောင်းအောင် မရည်ရွယ်ဘဲနှင့် ဖန်တီးမိရက်သားဖြစ်နိုင်သည်။

သို့ရာတွင် ၁၇ ရာစုနှစ်မှ ပြင်သစ်တွေးခေါ်ရှင် ဘလာ့ဇ်ပါစကယ်ဆိုသူ အတိအလင်းထောက်ပြခဲ့သည့်အတိုင်း “ငြီးငွေ့ ခြင်းသည် နှလုံးသား၏အနက်ရှိုင်းဆုံးအပိုင်းမှ အမြစ်တွယ်ပေါက်ဖွားလာကာ ယင်း၏အဆိပ်အတောက်ဖြင့် စိတ်အာရုံကိုလွှမ်းမိုးသည်။” မည်မျှမှန်ကန်လိုက်သည်ဖြစ်ခြင်း!

လူ့ဘဝ၏ စစ်မှန်သောအဓိပ္ပာယ်နှင့်ပတ်သက်၍ နှလုံးသားထဲ၌ သံသယများရှိနေသမျှကာလပတ်လုံး ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေသည် နှလုံးထဲ၌ရှိနေမည်သာဖြစ်သည်။ လူတစ်ဦးအနေဖြင့် မိမိ၏ဘဝသည် အဓိပ္ပာယ်ရှိသည်ဟု အလေးအနက်ခံယူချက်ရှိရန်လိုသည်။ သို့ရာတွင် လူတစ်ဦးသည် ဤလောကတွင် မိမိအဘယ်ကြောင့် အသက်ရှင်နေရသည်ကို မသိပါက၊ ဘဝပန်းတိုင်မရှိပါက၊ အနာဂတ်အတွက် ခြေမြစ်သောမျှော်လင့်ချက်များ မရှိပါက လူ့ဘဝကို အပြုသဘောဆောင်သောအမြင်ဖြင့် အဘယ်သို့ရင်ဆိုင်နိုင်ပါအံ့နည်း။

ဤနေရာတွင် အခြေခံအကျဆုံးမေးခွန်းများ ပေါ်လာသည်။ ၎င်းတို့မှာ လူ့ဘဝ၏အဓိပ္ပာယ်ကား အဘယ်နည်း။ ကမ္ဘာပေါ်တွင် အဘယ်အတွက် ကျွန်ုပ်အသက်ရှင်နေရသနည်း။ ကျွန်ုပ် အဘယ်အရပ်သို့ ဦးတည်သွားနေသနည်း တို့ဖြစ်သည်။ “လူတစ်ဦးအနေဖြင့် အသက်ရှင်နေရခြင်း၏အဓိပ္ပာယ်ကို ကြိုးစားရှာဖွေခြင်းသည် လူ့ဘဝအတွက် အဓိကကျသောစေ့ဆော်မှုအားပင်ဖြစ်သည်” ဟုဒေါက်တာ ဗစ်တာ ဖရန့်ကဲလ်ဆိုသူက သုံးသပ်တင်ပြခဲ့သည်။ သို့သော် ထိုသို့သောအဓိပ္ပာယ်ကို အဘယ်မှာတွေ့နိုင်မည်နည်း။ ကျေနပ်ဖွယ်ကောင်းသောအဖြေကို အဘယ်မှာတွေ့နိုင်မည်နည်း။

ငြီးငွေ့ ဖွယ်အခြေအနေကို လျော့ပါးစေခြင်း—အဘယ်သို့အားဖြင့်နည်း

စာအုပ်တကာတွင် သက်တမ်းအရင့်ဆုံးစာအုပ်က အဆိုပါအခြေခံအကျဆုံးသော မေးခွန်းများအတွက် အသိဉာဏ်ဖွင့်ပေးသည်။ “ကျွန်ုပ် ဉာဏ်အမြင်ပွင့်လာရခြင်းမှာ စာအုပ်တစ်အုပ်ကိုဖတ်ရှုခြင်းကြောင့် ဖြစ်ပါသည်” ဟု ၁၉-ရာစု ဂျာမန်ကဗျာဆရာ ဟိုင်းရစ်ခ် ဟိုင်းနားဆိုသူက ဆိုခဲ့သည်။ အဘယ်စာအုပ်နည်း။ သမ္မာကျမ်းစာပင်ဖြစ်သည်။ “သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အကောင်းတကာ့အကောင်းဆုံးဖြစ်သည်၊ အကောင်းဆုံးစာအုပ်အဖြစ် အစဉ်တည်ရှိသွားပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းစာအုပ်သည် မည်သည့်လူသားကိုမဆို . . . လမ်းညွှန်အဖြစ်အားထားနိုင်သော အကောင်းဆုံးသင်ခန်းစာများကို သွန်သင်ပေး၍ဖြစ်သည်” ဟူ၍ ချားလ်စ် ဒစ်ကင်ကလည်း အလားတူဆိုခဲ့သည်။

သမ္မာကျမ်းစာသည် အဓိပ္ပာယ်ပြည့်ဝသည့်ဘဝသို့ပို့ဆောင်သော အားထားရသည့်လမ်းညွှန်ဖြစ်သည်မှာ သံသယရှင်းပါသည်။ ဤစာအုပ်တွင် အစမှအဆုံးအထိ ဘုရားသခင်သည် လူသားတို့ကိုလုပ်ဆောင်ရန်အလုပ် ပေးထားတော်မူကြောင်း ရှင်းလင်းစွာဖော်ပြသည်။ လူသည် ကမ္ဘာမြေကြီးကိုစောင့်ရှောက်ရန်၊ အလှဆင်ရန်၊ သက်ရှိတိရစ္ဆာန်များကို မေတ္တာဖြင့်ကြီးကြပ်ရန်၊ အရေးအကြီးဆုံးမှာ ဖန်ဆင်းရှင်ယေဟောဝါကို ချီးမွမ်းရန်ပင်ဖြစ်သည်။ ဤလုပ်ငန်းတာဝန်များမှာ အတော်ကြီးမားလေရာ လူ့အနေဖြင့် ငြီးငွေ့စရာအကြောင်းဖြစ်ပေါ်ရန် အခွင့်အလမ်းပင်ရှိမည်မဟုတ်! တက်ကြွလှုပ်ရှားသော ခရစ်ယာန်သန်းပေါင်းများစွာတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ထောက်ခံ၍ ကိုယ်တော့်ထံအပ်နှံကာ အမှုတော်ကို အကြွင်းမဲ့ စွဲစွဲမြဲမြဲထမ်းဆောင်ခြင်းအားဖြင့် သူတို့၏ဘဝတွင် အဓိပ္ပာယ်တိုးပွားလာရုံမက ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကိုပါ ဖယ်ရှားနိုင်သည်ကို တွေ့ရှိကြရသည်။

နေရာအနှံ့အပြားတွင်တွေ့ရှိရသည့် ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေများသည် ယခုခေတ်သစ်၏ ဆန်းကြယ်သောအခြင်းအရာတစ်ရပ် ဖြစ်ဖွယ်ရှိသည်။ ရှေးခေတ်ဘာသာစကားအများတွင် ငြီးငွေ့ဖွယ်အခြေအနေဟူသော စကားလုံးနှင့်တူညီသောစကားလုံး ရှိပုံမရပေ။ သို့တစေ သမ္မာကျမ်းစာ၌ လူ့ဘဝ၏အဓိပ္ပာယ်ကို ဖော်ပြထားသည့်အပြင် ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကိုတိုက်ဖျက်ရန် လက်တွေ့ကျသောအကြံဉာဏ်များလည်း ဖော်ပြထားသည်။ သာဓကအနေနှင့် ‘အသီးအခြားနေတတ်သောသူသည် အမြော်အမြင်ပညာရှိသမျှကို မျက်မာန်ထ၏’ ဟူ၍ဖော်ပြထားသည်။ (သု. ၁၈:၁၊ သမ) တစ်နည်းဆိုရသော် တသီးတခြား ဘာသိဘာသာမနေပါနှင့်!

ပင်ကိုသဘာဝအားဖြင့် လူသည် အစုအအုပ်နှင့်နေတတ်ကြသည်။ အခြားသူတို့နှင့် ပေါင်းသင်းဆက်ဆံလိုသည့်အပြင် ဗီဇအားဖြင့် အပေါင်းအဖော်လိုအပ်သည်။ သူတစ်ပါးနှင့်အရောတဝင် ပေါင်းသင်းလိုသည့် သာမန်ဆန္ဒကိုချိုးနှိမ်၍ ဘာသိဘာသာနေမည်၊ ဘေးမှရပ်ကြည့်ရုံရပ်ကြည့်မည်ဆိုလျှင် ပညာမဲ့ရာရောက်မည်။ အလားတူစွာ လူမှုဆက်ဆံရေးနယ်ပယ်၌ အပေါ်ယံလောက်သာ ပေါင်းသင်းမည်ဆိုလျှင်လည်း အမြော်အမြင်ပညာရှိသမျှကို ဥပေက္ခာပြုရာရောက်ပေမည်။

ငြိမ်ငြိမ်ထိုင်၍ရုပ်ရှင်ကြည့်ခြင်း၊ သို့မဟုတ် ကွန်ပျူတာထဲသို့ အချက်အလက်များကို ရိုက်သွင်းခြင်းလောက်နှင့်သာ ဆက်သွယ်မှုကိုကန့်သတ်ထားရန် ပို၍လွယ်ကူသည်မှာဆိုဖွယ်မရှိ။ အခြားသူတို့နှင့်လိုက်လျောညီအောင် ပြုပြင်နေထိုင်တတ်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ သို့သော် အခြားသူတို့နှင့်ပြောစရာ ဆိုစရာအကြောင်း မည်မည်ရရလည်းရှိမည်၊ ဖလှယ်စရာအယူအဆနှင့် ခံစားချက်များလည်းရှိမည်ဆိုလျှင် အကျိုးဖြစ်ထွန်းမည့်အပြင် ငြီးငွေ့ဖွယ်အခြေအနေဖြစ်ပေါ်ရန် အခွင့်အလမ်းလည်း နည်းပါးသွားမည်။—တမန်တော် ၂၀:၃၅။

လူ့ဓမ္မတာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့သူ ရှောလမုန်က အောက်ပါအားမာန်ပါသော ဩဝါဒကိုပေးခဲ့သည်– “တွေ့မြင်၍ခံစားခြင်းသည် အလိုဆန္ဒပျံ့လွင့်ခြင်းထက် သာ၍ကောင်း၏။” (ဒေသနာ ၆:၉၊ သမ္မာ) တစ်နည်းဆိုရလျှင် ပစ္စက္ခအခြေအနေမှ အကျိုးကျေးဇူးအများဆုံးရရှိအောင် ကြိုးစားအားထုတ်ပါ။ ယခုတွေ့မြင်နေရသောအရာပေါ် အာရုံစူးစိုက်ပါ။ ဤသို့ပြုခြင်းသည် လက်ရှိအခြေအနေမှ အလွတ်ရုန်းထွက်ရန်တမ်းတသည်ထက်၊ သို့မဟုတ် ရှောလမုန်၏စကားအတိုင်း ‘အလိုဆန္ဒပျံ့လွင့်ခြင်း’ ထက် သာ၍ကောင်းပေသည်။

နေ့စဉ်လုပ်ဆောင်မှုအတွက် ကောင်းစွာစီမံခြင်း၊ တိကျသောပန်းတိုင်များ ထားရှိခြင်း၊ ဆက်လက်လေ့လာသင်ကြားလိုသည့် ပြင်းပြသောဆန္ဒရှိခြင်းတို့သည်လည်း ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကို အောင်မြင်ရန်ထောက်ကူသည်။ လူတစ်ဦးသည် အငြိမ်းစားယူပြီးနောက်၌ပင် အရာများစွာကိုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်သည်။ ဘာလီအရစ်ခ်ကျွန်းမှအသက် ၇၀ ကျော်ရှိသော အငြိမ်းစား ယေဟောဝါသက်သေတစ်ဦးသည် ဂျာမန်ဘာသာစကားကို စိတ်အားထက်သန်စွာ လေ့လာနေသည်။ အဘယ်ရည်မှန်းချက်ပန်းတိုင်အတွက်နည်း။ သူသည် ဂျာမနီမှလာရောက်အပန်းဖြေကြသော ငြီးငွေ့သူတို့ကို ဘုရားသခင့်နှုတ်ကပါဌ်တရားတော်အကြောင်း ပြောပြလိုစိတ်ရှိသည်။ ငြီးငွေ့ ခြင်းသည် သူ့အဖို့ပြဿနာလုံးဝမဟုတ်ပေ!

နောက်ဆုံးအနေနှင့် သင့်လက်နှစ်ဖက်နှင့် တစ်ခုခုလုပ်ဆောင်လျှင် မည်သို့ဖြစ်မည်နည်း။ လက်မှုပညာတစ်ခုခု၊ ပန်းချီဆွဲခြင်း၊ ဂီတတူရိယာတီးမှုတ်ခြင်း တစ်မျိုးမျိုးတတ်ကျွမ်းအောင် သင်ယူပါလေ။ အောင်မြင်တတ်မြောက်လာသည့်အခါ ကိုယ်သိက္ခာကိုယ်လေးစားသည့်စိတ်လည်း တိုးပွားလာမည်။ အင်္ကျီလက်ကိုခေါက်တင်၍ အိမ်အလုပ်ဝိုင်းကူလုပ်ရန် စိတ်ကူးကြည့်ဖူးသလော။ အိမ်တိုင်းအိမ်တိုင်း၌ တပ်ဆင်စရာအသေးအဖွဲကလေးများ အစဉ်သဖြင့်ရှိနေတတ်သည်။ ငြီးငွေ့ဖွယ်ကောင်းသောသင့်ဘဝကို တမြည့်မြည့်စဉ်းစားနေမည့်အစား မိမိကိုယ်ကိုအသုံးခံပါ၊ အိမ်၌ အဓိပ္ပာယ်ရှိသောအလုပ်လုပ်ပါ၊ လက်မှုပညာအချို့ကို ကျွမ်းကျင်တတ်မြောက်အောင်သင်ယူပါ။ အကျိုးမရဘဲနေမည်မဟုတ်။—သု. ၂၂:၂၉။

၎င်းပြင် သမ္မာကျမ်းစာက မည်သည့်အလုပ်ကိုလုပ်စေကာမူ စိုးလ်အကြွင်းမဲ့လုပ်ဆောင်ရန် ဩဝါဒပေးထားသည်။ (ကောလောသဲ ၃:၂၃) ဆိုလိုသည်မှာ လုပ်ဆောင်သမျှတွင် စိတ်ပါလက်ပါလုပ်ဆောင်ရုံမျှမက စစ်မှန်သောစိတ်ဝင်စားမှုရှိရန်လည်းလိုသည်။ မှတ်သားထိုက်သည်မှာ “စိတ်ဝင်စားမှု” (interest) ဟူသောအင်္ဂလိပ်စကားလုံးသည် လက်တင်စကားလုံးဖြစ်သည့် interesse မှဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းစာလုံး၏အဓိပ္ပာယ် အတိအကျမှာ “အလယ်တွင် သို့မဟုတ် ကြားတွင်ရှိခြင်း” ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လုပ်ဆောင်နေသည့်အလုပ်တွင် အာရုံဝင်စားနှစ်မြုပ်ခြင်းဖြစ်သည်။ ဤသို့ပြုလျှင် ထိုအလုပ်သည် စိတ်ဝင်စားဖွယ်ဖြစ်လာပေမည်။

ဤကောင်းမြတ်သောသြဝါဒ ရှိရှိသမျှသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ရေးသားခဲ့ရာဖြစ်သည်။ အကယ်၍ အားလပ်ချိန်များ၌ စိတ်ညှိုးငယ်သူတို့အနေဖြင့် လက်တွေ့လိုက်နာကျင့်သုံးမည်ဆိုပါက အခြေအနေတစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် လုပ်လေသမျှတွင် အာရုံဝင်စားနှစ်မြုပ်ထားပါ။ အခြားသူတို့နှင့်အရောတဝင်နေပါ။ သူတစ်ပါးအတွက် တစ်ခုခုလုပ်ပေးပါ။ ဆက်လက်လေ့လာသင်ကြားပါ။ အခြားသူတို့နှင့် လွတ်လွတ်လပ်လပ် ဆက်သွယ်ပြောဆိုပါ။ လူ့ဘဝ၏ စစ်မှန်သောရည်ရွယ်ချက်ကို တွေ့အောင်ရှာပါ။ ဤအတိုင်းတစ်ခုမကျန် ပြုလုပ်မည်ဆိုလျှင် သင်သည် ‘လူ့ဘဝကြီးဟာ ဘာကြောင့်များ ဒီလောက်တောင်ငြီးငွေ့စရာ ကောင်းရသလဲ’ ဟူ၍ သက်ပြင်းချစရာအကြောင်း ရှိတော့မည်မဟုတ်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ငြီးငွေ့ ခြင်းကို အောင်နိုင်ပုံ

၁။ အဆင်သင့်ရှိသောဖြေဖျော်မှုက မိမိ၏ကိုယ်ပိုင်ဦးဆောင်နိုင်စွမ်းကို ချိ နဲ့အားနည်းစေရန်ခွင့်မပြုပါနှင့်။ ပျော်မြူးစရာများနှင့် ဖျော်ဖြေမှုတို့နှင့်ပတ်သက်၍ စိစစ်ရွေးချယ်တတ်ပါ။

၂။ လူတို့နှင့်ပေါင်းသင်းဆက်ဆံပြောဆိုပါ။

၃။ ဆက်လက်လေ့လာဆည်းပူးပါ။ ကိုယ်ပိုင်ပန်းတိုင်များထားပါ။

၄။ တီထွင်စိတ်ကူးဉာဏ်ကွန့်မြူးပါ။ လက်နှစ်ဖက်ကိုအသုံးပြုပါ။

၅။ ဘဝရည်ရွယ်ချက်ထားရှိပါ။ အရာရာ၌ ဘုရားသခင်ကိုထည့်သွင်းစဉ်းစားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ