လူ့ဗီဇ၏လျှို့ဝှက်သင်္ကေတများကို အဓိပ္ပာယ်ဖော်ခြင်း
ဗြိတိန်နိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
“ဇီဝဗေဒ၏ ပထမဆုံးသော ‘ဧရာမသိပ္ပံ’ စီမံကိန်း၊” “ခေတ်သစ်ကမ္ဘာ၏ အံ့ဖွယ်ခုနစ်ပါး” အနက်မှ ဆဋ္ဌမမြောက်အံ့ဖွယ်—ဤသည်တို့မှာ လူ့ဂျီနုမ်းလေ့လာမှုစီမံကိန်း (Human Genome Project) ကိုဖော်ကျူးသည့် အသုံးအနှုန်းများဖြစ်ပြီး သင့်ဗီဇ၏လျှို့ဝှက်သင်္ကေတများကို အဓိပ္ပာယ်ဖော်ရန် နိုင်ငံတကာ စုပေါင်းကြိုးပမ်းမှုဖြစ်ပါသည်။ ဂျီနုမ်းဆိုသည်မှာ အဘယ်နည်း။ သင့်ဗီဇဖွဲ့တည်မှု တစ်ရပ်လုံးပင်ဖြစ်သည်။ ဖခင်ထံမှရရှိသော ဗီဇတစ်စိတ်တစ်ပိုင်းနှင့် မိခင်ထံမှရရှိသော ဗီဇတစ်စိတ်တစ်ပိုင်းတို့ပေါင်းစည်းရာမှ သင်၏သီးခြားကိုယ်ပိုင်ဗီဇဖြစ်လာသည်။
မျိုးရိုးဗီဇပညာရှင်များဖြစ်ကြသော ဆာ ဝေါ်လ်တာ ဘော့မာနှင့် ရော်ဂျာ မက်ကီးတို့က ဂျီနုမ်းလေ့လာမှုစီမံကိန်းကို “မနုဿစာအုပ်” ဟူ၍အမည်နာမပေးကြသည်။ သို့သော် ၎င်းကိုဖတ်ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပါ။ “ဤထက်ပို၍အရေးကြီးသော ညွှန်ကြားချက်စာအုပ်တစ်စုံကို လူသတ္တဝါများ ရှာတွေ့နိုင်မည်မဟုတ်” ဟူ၍ ယခုကျော်ကြားနေသည့် ဒီအင်အေမော်လီကျူး (DNA molecule) ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်များအနက်မှ တစ်ဦးဖြစ်သူ ဂျိမ်းစ် ဝါ့တ်ဆန်ကဆိုသည်။ “ဒီအင်အေမော်လီကျူးအတွင်း လျှို့ဝှက်သင်္ကေတများကို အောင်မြင်စွာအဓိပ္ပာယ်ဖော်နိုင်သည်နှင့် လူသားတို့၏အသက်ရှင်နေခြင်းဆိုင်ရာ ဓာတုအခြေခံပစ္စည်းများ (chemical underpinnings) အတွက် ပြီးပြည့်စုံသောအဖြေများကို ရရှိမည်ဖြစ်သည်” ဟု သူကဆက်၍ဆိုသည်။
ကုန်ကျစရိတ်များပြားသော သိပ္ပံစီမံကိန်းကြီးများကဲ့သို့ပင် လူ့ဂျီနုမ်းလေ့လာမှုစီမံကိန်းကို ယုံကြည်လက်ခံသူများရှိသကဲ့သို့ လက်မခံသည့်သံသယရှိသူများလည်း ရှိနေသည်။ “ဂျီနုမ်းလေ့လာမှုစီမံကိန်းသည် လူတို့၏ကိုယ်ရေးကိုယ်တာကို အဆိုးဝါးဆုံး ကျူးကျော်နှောင့်ယှက်ခြင်းဖြစ်နိုင်သကဲ့သို့ နုပျိုသောဘဝ၊ ကျန်းမာခြင်း၊ ရောဂါပျောက်ကင်းခြင်းသို့ပေါက်ရောက်ရာ ထူးဆန်းသောလမ်းလည်းဖြစ်နိုင်သည်” ဟုသိပ္ပံဝတ္ထုရေးဆရာ ဂျိုအဲလ် ဒေဗီစ်က သတိပေးထားသည်။ သို့သော် မည်သည့်အကျိုးရလဒ်ပင် ပေါ်ထွန်းလာစေကာမူ “၎င်းရလဒ်သည် မျိုးရိုးဗီဇပညာရပ်နယ်ပယ်ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေမည်” ဖြစ်သည့်အပြင် “ဟိုမိုဆေပီယန်လူ (Homo sapien) တို့၏ကိုယ်ရည်ကိုယ်သွေးကို လုံးလုံးပြောင်းလဲစေဖွယ်ရှိသည်” ဟု သူကယုံကြည်သည်။ လွန်ခဲ့သည့် ၁၉၈၉ ခုနှစ်၌ ဟားဝါ့ဒ် ဟျူးစ် ဆေးသိပ္ပံဌာနမှ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဂျော့ဂ်ျ ကာဟီးလ်ဆိုသူက ဤကိစ္စနှင့်စပ်လျဉ်း၍ အကောင်းမြင်သဘော ထားရှိခဲ့သည်။ “ဤစီမံကိန်းသည် ဗီဇနှင့်ဆိုင်သော အရာခပ်သိမ်းတို့ကို ဖော်ပြလိမ့်မည်။ ဆင့်ကဲဖြစ်စဉ်၊ ရောဂါမှစ၍ အရာအားလုံးသည် ဒီအင်အေ (DNA) ခေါ် ခမ်းနားထည်ဝါသော ထိုတိပ်ပြား၌ပါရှိသည့် အရာများအပေါ် အခြေခံလိမ့်မည်” ဟုသူကဆိုသည်။
ဧရာမလုပ်ငန်း
၁၉၈၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင်နိုင်ငံများရှိ ဂျီနုမ်းသုတေသီများ၏လုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်ရန် လူ့ဂျီနုမ်းလေ့လာမှုအဖွဲ့အစည်း (Human Genome Organization) ကိုထူထောင်ခဲ့ကြသည်။ ၎င်းအဖွဲ့အစည်းက ဘတ်ဂျက်ငွေ ၃.၅ ဘီလီယံခန့်ဖြင့် ၎င်းတို့၏လေ့လာတွေ့ရှိချက်များကို ကွန်ပျူတာအချက်အလက်အခြေစု (data base) ထဲ၌ စုဆောင်းသိမ်းဆည်းကြသည်။ ယခုအခါ ကွန်ပျူတာသည် ဂျီနုမ်း၏အစိတ်အပိုင်း ထောင်ပေါင်းများစွာကို နေ့စဉ်ဖတ်ရှုနိုင်ပြီဖြစ်သော်လည်းဂျီနုမ်း၏ဖွဲ့တည်မှုသည် အလွန်တရာရှုပ်ထွေးနက်နဲလှသဖြင့် ၎င်း၏လျှို့ဝှက်သင်္ကေတများကို အဓိပ္ပာယ်ဖော်သည့်လုပ်ငန်းသည် ၂၁ ရာစုထဲကျမှပြီးစီးမည်ဟု သိပ္ပံပညာရှင်တို့က ယူဆကြသည်။ အကယ်၍ ဂျီနုမ်း၌ပါရှိသည့်အကြောင်းအရာများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေမည်ဆိုပါက အစအဆုံးဖတ်နိုင်ရန် “လူ့သက်တမ်း သုံးချိုးတစ်ချိုး” လိုအပ်မည်ဖြစ်သည်ဟု Scientific American မဂ္ဂဇင်းက ခန့်မှန်းဖော်ပြသည်။
အကျေအလည် ဆွေးနွေးပြီးနောက် သိပ္ပံပညာရှင်တို့က အောက်ပါမဟာဗျူဟာကိုချမှတ်လိုက်သည်။ ပထမ၊ ဗီဇ ၁၀၀,၀၀၀ ၏တည်နေရာကို ရှာဖွေသတ်မှတ်ရေးအတွက် ဂျီနုမ်းမြေပုံရေးဆွဲရန် ရည်ရွယ်ကြသည်။ ၎င်းနောက် ဂျီနုမ်းစဉ်ခြင်း ခေါ်နည်းစဉ်အားဖြင့် ဗီဇတစ်ခုစီကို ဖွဲ့စည်းတည်ဆောက်ထားသည့် တည်ဆောက်ပစ္စည်းများ (building blocks) ၏ စည်းစနစ်ကိုတွေ့ရှိရန် မျှော်လင့်ကြသည်။ နောက်ဆုံးပန်းတိုင်မှာ ကျန်မျိုးရိုးဗီဇဆိုင်ရာပစ္စည်း ၉၅ မှ ၉၈ ရာခိုင်နှုန်းကို စနစ်တကျ စဉ်ရန်ပင်ဖြစ်သည်။
ဤမဟာဗျူဟာများကို အောင်မြင်စွာဖော်ဆောင်နိုင်ပါက လူ့ဘဝအကြောင်း တစ်ခုမကျန်သိရှိလာမည်လော။ ဂျီနုမ်းတွင် လူတို့တွေ့ရှိထားသမျှ၌ ‘အရေးအပါဆုံးသော ညွှန်ကြားချက်စာအုပ်တစ်စုံ’ အမှန်ပါရှိသလော။ လူ့ဂျီနုမ်းလေ့လာမှုစီမံကိန်းသည် လူတို့၏ရောဂါအားလုံး ပျောက်ကင်းစေသည့် ဆေးနည်းများကို ဖော်ထုတ်နိုင်မည်လော။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို သုံးသပ်ထားပါသည်။