သင်၏အနာဂတ်—မည်သို့ရှိမည်နည်း
လူ့ဂျီနုမ်း လေ့လာမှုက လူတစ်ဦး နောက်ဆုံးတစ်နေ့တွင် ခံစားဖွယ်ရှိသည့်ရောဂါ အတော်များများကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ သို့သော် ၎င်းရောဂါများအတွက် အလားအလာရှိသော ကုသနည်းသာမက ကြိုတင်ကာကွယ်နိုင်သောနည်းများ ရှိပါသလော။
အပင်များ၊ တိရစ္ဆာန်များနှင့် လူသားများ၏ဂျီနုမ်းအကြောင်းကို သုတေသီများလေ့လာလေလေ၊ ရောဂါကုသသည့်ဆေးဝါးနှင့် ကုထုံးများကို တီထွင်နိုင်သည့်အလားအလာ ပို၍များလာလေလေဖြစ်သည်ဟု လန်ဒန်မြို့ထုတ် The Times သတင်းစာက အခိုင်အမာဆိုသည်။ သို့ရာတွင် Industry Week မဂ္ဂဇင်းကရေးသားဖော်ပြသည့်အတိုင်း ဤနည်းစနစ်သည် “ရောဂါအမည်ဖော်ထုတ်ပြီးနောက် အနှစ် ၂၀ မှ ၅၀ အထိ နောက်ကျနေနိုင်” သောကြောင့် သိပ္ပံပညာရှင်တို့က ဤအကြောင်းကို သတိနှင့်ပြောဆိုကြသည်။ ဇီဝဓာတုဗေဒပါမောက္ခ ချားလ်စ် ကင်တာ၏အလိုအရ ဤအခြေအနေက လူတစ်ဦး၏ “မျှော်လင့်ချက်ကို . . . လုံးလုံးနီးပါး ပျက်ပြား” စေသည်။ သို့သော် ဤသို့ဖြစ်စရာအကြောင်းမရှိပါ။
ရောဂါရှိရှိသမျှ အဆုံးတိုင်မည့်အကြောင်း သမ္မာကျမ်းစာက အတိအလင်းကတိပေးထားသည်။ “ဘုရားသခင်သည် သူတို့မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း မရှိရ” ဟုဗျာဒိတ် ၂၁:၄ (သမ္မာ) ကဆို၏။ ဤကတိတော်ကို ဗီဇပညာရှင်တို့က “ဗီဇပညာပူးပေါင်းဖန်ဆင်းခြင်း” ဟု The Christian Century မဂ္ဂဇင်းက ကင်ပွန်းပေးထားသည့်နည်းဖြင့် အကောင်အထည်ဖော်ပေးမည်လော။သမ္မာကျမ်းစာ၏ ဤကတိတော်များပြည့်စုံရေးသည် လူ့ဂျီနုမ်းလေ့လာရေးစီမံကိန်း ပြီးစီးခြင်းအပေါ် တည်မှီခြင်းမရှိသကဲ့သို့ “ဗီဇပညာပူးပေါင်းဖန်ဆင်းခြင်း၊” သို့တည်းမဟုတ် ပတ်ဝန်းကျင်ကို တစ်စတစ်စ တိုးတက်စေခြင်းတို့အပေါ်တွင်လည်း တည်မှီခြင်းမရှိပါ။ ယင်းအစား ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်အပေါ်သာ အကြွင်းမဲ့တည်မှီပါသည်။
မျိုးရိုးလိုက်ခြင်းနှင့် ပတ်ဝန်းကျင်တို့ကို ချေဖျက်ခြင်း
လွန်လေပြီးသောနှစ်ပေါင်းသုံးထောင်ခန့်က ဣသရေလရှင်ဘုရင်တစ်ပါးက “အကျွန်ုပ်သည် ကြောက်မက်ဖွယ်ကောင်းသောနည်းဖြင့် အံ့သြဖွယ်ကောင်းစွာ ဖန်ဆင်းခံရသည်” ဟုမိန့်မြွက်ခဲ့သည်။ ဒါဝိဒ်သည် ယခုခေတ် ဂျီနုမ်းလေ့လာမှုစီမံကိန်းအကြောင်း အလျင်းမသိရှိခဲ့သော်လည်း ဘုရားသခင်အား ဤသို့ချီးမွမ်းသီဆိုခဲ့သည်– “စက္ခုတော်သည် အကျွန်ုပ်၏သန္ဓေခဲကို မြင်တော်မူလျက် အင်္ဂါအစိတ်အပိုင်း ရှိရှိသမျှသည် စာရင်းတော်၌ ရေးမှတ်လျက်ရှိပါ၏။”—ဆာလံ ၁၃၉:၁၄၊ ၁၆၊ ကဘ။
မိခင်ဖြစ်သူ၏သားအိမ်အတွင်း၌ သန္ဓေခဲအဖြစ် ကြီးထွားစဉ်၌ ‘ရေးမှတ်ထားသည့်’ ညွှန်ကြားချက်များအတိုင်း လိုက်နာသည်ဟူသောအကြောင်းကို ရှေးခေတ်က ဤဘုရင်သည် မည်သို့သိရှိပါသနည်း။ ဒါဝိဒ်ကိုယ်တိုင်က “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့်မိန့်တော်မူ၏။ နှုတ်ကပါဌ်တော်သည် ငါ့လျှာ၌တည်၏” ဟူ၍ဝန်ခံထားသည်။ (၂ ဓမ္မရာဇဝင် ၂၃:၂) မှန်ပါသည်၊ ဖန်ဆင်းရှင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်အား ထိုသို့ရေးသားနိုင်အောင် မှုတ်သွင်းပေးတော်မူ၏။
ဤနေရာ၌ ယနေ့လူအများ ဥပေက္ခာပြုထားသော၊ သို့တည်းမဟုတ် ယုတ်စွအဆုံး စဉ်းစားဆင်ခြင်ရန် ရွှေ့ဆိုင်းထားသော သင်ခန်းစာတစ်ရပ် ရှိသည်မဟုတ်လော။ မျိုးရိုးလိုက်ခြင်းနှင့် ပတ်ဝန်းကျင်တို့က အတိုင်းအတာတစ်ခုအထိ ကျွန်ုပ်တို့၏ဥပဓိရုပ်ကို ဖန်တီးပေးနိုင်သော်ငြားလည်း ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ် တန်ခိုးအရှိန်ကြီးမားစွာ ဩဇာသက်ရောက်နိုင်သည့်အပြင် အခြားသောသြဇာများကိုပင် ချေဖျက်ပစ်နိုင်ပါသည်။
အီးအန်၏အကြောင်းကို သုံးသပ်ကြည့်ပါ။ “ကျွန်တော်ကလေးဘဝတုန်းက သိပ်ပြီးစိတ်လှုပ်ရှားလွယ်တယ်။ အဖေလည်း တစ်ခါတစ်ခါမှာ လွန်လွန်ကဲကဲ စိတ်လှုပ်ရှားတတ်တယ်။ အခု ကျွန်တော့်သားလည်း တစ်ပုံစံတည်းလိုဖြစ်နေတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အရမ်းကိုကြောက်တတ်လန့်တတ်တယ်။ စကားပြောတဲ့အခါတိုင်းမှာ ထစ်ထစ်ငေါ့ငေါ့မရှိတဲ့အခါဆိုလို့မရှိဘူး။ ဒါနဲ့ ဒီပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ ကျွန်တော်အရက်ကို စသောက်ခဲ့တယ်။ အရက်က စိတ်ကိုငြိမ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ တကယ်တမ်းကျတော့ ပိုလို့တောင်ဆိုးစေခဲ့ပါတယ်” ဟုသူကရှင်းပြသည်။ ယေဟောဝါသက်သေများနှင့် အီးအန်စပြီးကျမ်းစာလေ့လာသည့်အခါ စိတ်မငြိမ်မှုကိုထိန်းရန် အရက်ကိုအားထားရခြင်းမှရပ်စဲရမည်ဖြစ်ကြောင်း သူသဘောပေါက်လာသည်။ “ကိုယ့်စိတ်ကိုကိုယ်နိုင်ပါတယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ တကယ်ပဲ တစ်နှစ်လုံးလုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ စိတ်မနိုင်တော့ဘဲ ပြန်သောက်မိခဲ့တယ်” ဟူ၍သူဝန်ခံခဲ့သည်။
“တစ်နေ့ကျတော့၊ သဲသဲမဲမဲရွာနေတဲ့မိုးရေအောက်မှာ လမ်းမကြီးအတိုင်း ကျွန်တော်လမ်းလျှောက်နေတယ်။ လဲကျပြီးသေတဲ့အထိလျှောက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်အရက်ကိုဖြတ်လိုက် ပြန်သောက်လိုက်နဲ့ အကြိမ်ပေါင်းမနည်းတော့ဘူး။ နောက်ပိုင်းကျတော့ ဒီအရက်ပြဿနာကို ယေဟောဝါရဲ့နည်းလမ်းတော်အတိုင်းမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့အောင်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့မိတာကို သိမြင်လာတယ်။ ဒါနဲ့ လမ်းလျှောက်ရင်းနဲ့ ကျွန်တော်ဆုတောင်းတော့တယ်။ ယေဟောဝါထံဘယ်လိုဆုတောင်းသလဲဆိုရင် အခုအချိန်ကစပြီး ကိုယ်တော်ရဲ့နည်းလမ်းတော်အတိုင်း လုပ်ဆောင်ပါတော့မယ်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခွန်အားပေးသနားတော်မူပါလို့ တောင်းလျှောက်ခဲ့တယ်” ဟူ၍ သူဆက်၍ပြောပြသည်။ ဤအဖြစ်ကား လွန်ခဲ့သောဆယ်နှစ်ခန့်ကဖြစ်ပါသည်။ ယခု အီးအန်မည်သို့ရှိသနည်း။
“ကျွန်တော့်အားနည်းချက်ကို ကြိုးစားပြီးထိန်းနေရတုန်းပါပဲ။ ဒီလိုဆက်ပြီးထိန်းသွားနိုင်အောင် ယေဟောဝါကို အကြွင်းမဲ့ကိုးစားရမယ်ဆိုတာ ကျွန်တော်သင်ခန်းစာရခဲ့ပါတယ်” ဟုသူဝန်ခံခဲ့သည်။ အဘယ်အကြောင်းကြောင့် ယနေ့အထိအောင်မြင်နေရသည်ဟု အီးအန်ယူဆသနည်း။ “ယေဟောဝါသက်သေများရဲ့အသင်းတော်ကို ပြန်သွားပြီးနောက် ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ ကျမ်းစာဖတ်ခြင်းတာဝန်ကို ကျွန်တော်ပြန်ပြီးသတိရမိတယ်။ ဆာလံ ၁၁၆ ပါ၊ ‘ငါ့အသနားတော်ခံသံကို နားညောင်းတော်မူသောကြောင့် ယေဟောဝါအား ငါချစ်မြတ်နိုးပါ၏’ ဆိုပြီးအစချီထားတယ်။ အဲဒီဆာလံတစ်ဝက်လောက်မှာ ‘ငါ၌ ယေဟောဝါပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း’ ဆိုပြီးကျွန်တော်ဖတ်ရတယ်။ [အခန်းငယ် ၁၂] ဒီကျမ်းချက်က ကျွန်တော့်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် ခုတုံးပမာထောက်ကူပေးခဲ့တယ်။” အလားတူအခြေအနေမျိုး၌ ရောက်နေသူတို့ကို အီးအန်က ဤသို့အကြံပေးသည်– “ကိုယ့်ကိုယ်ကိုမလှည့်စားပါနဲ့။” “ပြဿနာကိုအောင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီး ကျွန်တော့်သန္နိဋ္ဌာန်ခိုင်မာဖို့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ခွန်အားပေးသနားတော်မူပါလို့ ယေဟောဝါထံဆုတောင်းလိုက်တဲ့အချိန်ကစပြီး အောင်မြင်မှုရလာတော့တာပါပဲ” ဟူ၍ဖြည့်စွက်ပြောပြသည်။
အီးအန်နှင့်တကွ ငါးသန်းကျော်ရှိသော ယေဟောဝါသက်သေတို့သည် အရေးအကြီးဆုံးလမ်းညွှန်စာအုပ်ဖြစ်သော သမ္မာကျမ်းစာ၌ဖော်ပြထားသည့်နည်းလမ်းအတိုင်း လိုက်လျှောက်နိုင်ရန် အထောက်အကူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို အားထားမှီခိုကြသည်။ သမ္မာကျမ်းစာ၏ ရှုပ်ထွေးခြင်းမရှိ၊ ရှင်းလင်းလွယ်ကူသော သတင်းတရားကိုသိကျွမ်းရန် သက်သေခံများအား သင့်ကိုကူညီခွင့်ပြုပါ။ ကျမ်းစာ၏သတင်းတရားမှာ ရှင်ပြန်ထမြောက်ပြီးသော ခရစ်တော်ယေရှု၏လက်တော်ရှိ ကောင်းကင်အစိုးရတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ သတင်းတရားပင်တည်း။ မကြာမီ ၎င်းအစိုးရသည် ဗီဇဖောက်ပြန်မှုများ၏ လက်စလက်နတို့ကို တစ်ခုမကျန်ဖယ်ရှား၍ လူသားတို့အဖို့ ပရဒိသုဝန်းကျင်အတွင်း ထာဝရအသက်ရှင်နေထိုင်နိုင်ရန် အစီအစဉ်ပြုလုပ်ပေးမည်။ သင်လည်း ထိုတွင်အသက်ရှင်နိုင်ပါသည်။