ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
ဆေးလိပ်မီးကြောင့်ဖြစ်ပွားသည့် မီးဘေး
ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပွားသော လူသိများသည့်ဘေးအန္တရာယ်များအနက် အများအားဖြင့် လူတို့သတိမထားမိသည့်အန္တရာယ်တစ်ခုမှာ မီးဘေးပင်ဖြစ်သည်။ အမေရိကန် အမျိုးသားမီးဘေးကာကွယ်ရေးအဖွဲ့၏ အဆိုအရ ၁၉၉၁ ခုနှစ် တစ်နှစ်တည်း၌ အမေရိကန်ပြည်ထောင်စုတွင် ဆေးလိပ်မီးကြောင့် မီးလောင်မှုပေါင်း ၁၈၇,၀၀၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၉၅၁ ဦး (မီးသတ်သမားများမပါဝင်) သေဆုံးခဲ့ရသည်။ သို့ဖြင့် ထိုနှစ်အတွင်း လူနေအိမ်များမီးလောင်မှုကြောင့် သေဆုံးရသူစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသည် ဆေးလိပ်မီးကြောင့်ဖြစ်ပွားရခြင်းဖြစ်သဖြင့် အခြားသောအကြောင်းတစ်ခုခုကြောင့် ဖြစ်ပွားသောမီးလောင်မှုထက် အသေအပျောက်ပိုများသည်။ ထိုနှစ်အတွင်း ဆေးလိပ်ကြောင့်ဖြစ်ပွားသည့် မီးလောင်မှုကြောင့်လူပေါင်း ၃,၃၈၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပစ္စည်းဥစ္စာတန်ဖိုးဒေါ်လာ ၅၅၂ သန်းပျက်စီးဆုံးရှုံးခဲ့ရသည်။ မီးစွဲလောင်လွယ်သည့် အိမ်သုံးပစ္စည်းများတွင် ဆိုဖာကူရှင်များ၊ မွေ့ရာများနှင့်အိပ်ရာခင်းများ ပါဝင်သည်။
ရုပ်မြင်သံကြားမှ အကြမ်းဖက်မှုပြကွက် နှိုင်းယှဉ်ချက်
အငြင်းပွားဖွယ်ရာဖြစ်စေသော လေ့လာမှုအသစ်တစ်ရပ်က အမေရိကန်ရုပ်မြင်သံကြားမှ အကြမ်းဖက်မှုပြကွက်ကို အပြင်းအထန်ဝေဖန်ကန့်ကွက်နေသည့်ကြားမှ၊ ရုပ်မြင်သံကြားပေါ်မှ အကြမ်းဖက်မှုပြကွက်များကို ထိန်းချုပ်သွားမည်ဟု ကတိပြုထားသည့်ကြားမှ ရုပ်မြင်သံကြားပေါ်မှ အကြမ်းဖက်မှုပြကွက်များသည် လွန်ခဲ့သောနှစ်နှစ်အတွင်း သိသိသာသာ တိုးပွားခဲ့သည်ဟုဆိုသည်။ ၎င်းလေ့လာမှုကို မီဒီယာနှင့်ပြည်သူ့ရေးရာစင်တာမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုပ်မြင်သံကြားထုတ်လွှင့်ရုံဆယ်ခုမှ တစ်ရက်တာအတွင်းထုတ်လွှင့်ခဲ့သည့် အစီအစဉ်ကို စောင့်ကြပ်စစ်ဆေးပြီး လွန်ခဲ့သောနှစ်နှစ်က ထိုနေ့တွင်ထုတ်လွှင့်ခဲ့သည့်အစီအစဉ်မှ အကြောင်းအရာများနှင့်နှိုင်းယှဉ်၍ ကောက်ချက်ချခြင်းဖြစ်သည်။ လူ သို့မဟုတ် ပစ္စည်းဥစ္စာကို ထိခိုက်ပျက်စီးစေရန် တမင်အင်အားသုံးခြင်းဟု အဓိပ္ပာယ်သတ်မှတ်သည့် အကြမ်းဖက်မှုများသည် နှစ်နှစ်တာကာလအတွင်း ၄၁ ရာခိုင်နှုန်းတိုးလာသည်ကို တွေ့ရသည်။ ကြီးလေးသောအကြမ်းဖက်မှုဆိုသည်မှာ အသက်အန္တရာယ်ပြုခြင်း၊ သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရရှိစေနိုင်ခြင်းဖြစ်သည်ဟု အနက်ဖွင့်ဆိုပြီး ဤလုပ်ရပ်များ၏အရေအတွက်မှာ ၆၇ ရာခိုင်နှုန်းတိုးပွားခဲ့သည်။ “ရုပ်သံလွှင့်ရုံတစ်ခုစီမှထုတ်လွှင့်သည့် အကြမ်းဖက်မှုပြကွက်များသည် တစ်နာရီလျှင် ၁၀ ကွက်မှ ၁၅ ကွက်သို့မြင့်တက်ခဲ့သည်” ဟု TV Guide မဂ္ဂဇင်းက ရေးသားဖော်ပြသည်။
ကမ္ဘာချီ အာဟာရချို့တဲ့မှု
ကမ္ဘာတစ်ဝန်းတွင် အာဟာရချို့တဲ့မှုနှင့်ပတ်သက်သော သတင်းကောင်းနှင့်သတင်းဆိုး နှစ်မျိုးလုံးရှိနေသည်။ Global Child Health News & Review သတင်းစာအဆိုအရ အာဟာရချို့တဲ့မှုခံစားနေရသည့် ငါးနှစ်အောက်ကလေးသူငယ်အားလုံး၏ ရာခိုင်နှုန်းသည် ၁၉၇၅ ခုနှစ်တွင် ၄၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် ၃၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ သို့သော် အာဟာရချို့တဲ့မှုဒဏ်ခံရသော ကလေးသူငယ်များ၏ ပကတိအရေအတွက်မှာ တိုးပွားလာသည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများရှိ ငါးနှစ်အောက်ကလေးသူငယ် ၁၉၃ သန်းသည် အသင့်အတင့် သို့မဟုတ် အကြီးအကျယ် ကိုယ်အလေးချိန်မပြည့်ဘဲရှိနေကြသည်။ ၎င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေကြသည်။ အာဟာရဓာတ်ချို့တဲ့မှုမပြင်းထန်သော ကလေးသူငယ်တစ်ဦးသည် ရောဂါကြောင့်သေဆုံးနိုင်သည့်အန္တရာယ် နှစ်ဆရှိကြောင်း ထိုသတင်းစာကဆိုသည်။ အသင့်အတင့်အာဟာရချို့တဲ့သောကလေး၏ သေဆုံးနိုင်သည့်အန္တရာယ်မှာ သုံးဆဖြစ်သည်။ ဆိုးဆိုးဝါးဝါးအာဟာရချို့တဲ့သော ကလေးအဖို့ဆိုလျှင် ရောဂါကြောင့်သေဆုံးနိုင်သည့်အန္တရာယ်မှာ ၁၁ ဆမြင့်မားသည်။ စက်မှုဖွံ့ ဖြိုးသောတိုင်းပြည်များတွင် အများဆုံးတွေ့ရသော ကလေးသူငယ်များအာဟာရချို့တဲ့မှုမှာ အဝလွန်ခြင်းပင်ဖြစ်သည်။ သာဓကအနေနှင့် မြောက်အမေရိကတိုက်တွင် ကလေးသူငယ်များသည် ၎င်းတို့၏စွမ်းအင်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို အဆီမှရရှိကြသည်။ ဤပမာဏသည် “ကျွမ်းကျင်သူများ သတ်မှတ်သည့်အချိုးအစား၏ နှစ်ဆ” ဖြစ်နေသည်။
ပင်လယ်နက်လော၊ ပင်လယ် “သေ” လော
“ပင်လယ်နက်သည် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးပင်လယ်ဖြစ်လာပြီး ပြင်းထန်သောဝေဒနာဖြင့် သေပွဲဝင်ရန်အသက်ငင်နေလေပြီ။” ရုရှားသတင်းစာ Rossiiskaya Gazeta က အထက်ပါအတိုင်း ရေးသားဖော်ပြလိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ပင်လယ်နက်သည် “ဥရောပတိုက်တစ်ဝက်၏ ရေဆိုးစွန့်ပစ်ရာနေရာဖြစ်ခဲ့သည်။ ကမ်းရိုးတန်းတစ်လျှောက်တွင်နေထိုင်ကြသော ပြည်သူသန်းပေါင်း ၁၆၀ တို့က ဖော့စဖရတ်ဒြပ်ပေါင်း၊ ပြဒါး၊ ဒီဒီတီ၊ ရေနံနှင့် အခြားအဆိပ်သင့်အညစ်အကြေး အမြောက်အမြားကိုစွန့်ပစ်ခဲ့သည်” ဟုသတိပြုရေးသားထားသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ပင်လယ်နက်တွင် တံငါသည်များ ဖမ်းဆီးရမိသည့်ငါး ၂၆ မျိုးအနက်မှ ၅ မျိုးသာကျန်ရှိတော့သည်။ တစ်ချိန်ကအကောင်ရေ ၁,၀၀၀,၀၀၀ အထိအများအပြားရှိခဲ့သော ပင်လယ်လင်းပိုင် (နို့တိုက်သတ္တဝါ) သည် ၂၀၀,၀၀၀ အထိကျဆင်းသွားသည်။ ဝက်မွေးမြူရေးခြံကြီးအများအပြားက ဒိန်းညုမြစ်ဝကျွန်းပေါ်ဒေသအတွင်းသို့ ရေဆိုးများကိုစွန့်ပစ်ကြခြင်းကြောင့် ကျန်ရှိနေသည့်လင်းပိုင် အများအပြားသည်လည်း ဝက်ဝမ်းကျရောဂါစွဲကပ်နေကြသည်။
ဆေးခြောက်နှင့်မှတ်ဉာဏ်ဆုံးရှုံးမှု
“ဆေးခြောက်ရှူခြင်းအားဖြင့်ဖြစ်ပေါ်သည့် မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် အာရုံမစူးစိုက်နိုင်မှုတို့သည် ဆေးခြောက်ဖြတ်ပြီး၍ ကာလအတန်ကြာသည်အထိ စွဲမြဲနေတတ်သည်ဟူသော လူတို့ကြာမြင့်စွာက သံသယဖြစ်ခဲ့ကြသောအချက်ကို ဆစ်ဒနီမြို့မှ သုတေသီတို့က ပထမဆုံးအကြိမ်အဖြစ် သက်သေထူလိုက်ပြီဖြစ်ကြောင်း” ဩစတြေးလျနိုင်ငံထုတ် The Sydney Morning Herald သတင်းစာက ရေးသားဖော်ပြလိုက်သည်။ မက္ကဝေါရီတက္ကသိုလ်တွင်ပြုလုပ်သည့် အဆိုပါသုတေသနပြုချက်က ဆေးခြောက်ကြောင့်ဖြစ်ရသည့် ထိခိုက်ပျက်စီးမှုသည် ဆေးခြောက်သောက်ရှူသည့်ပမာဏနှင့် ကြာမြင့်သည့်အချိန်ကာလတို့နှင့် အချိုးညီဖြစ်ကြောင်းအတည်ပြုသည်။ ပို၍ဆိုးသည်မှာ “အဆိုပါထိခိုက်ပျက်စီးမှုများသည် အကောင်းပကတိပြန်ဖြစ်နိုင်ဖွယ်မရှိ” ဟူ၍ဖြစ်သည်။ ယခင်က ဆေးခြောက်သုံးစွဲခဲ့သူတို့သည် ဆေးခြောက်ရှူနေသေးသောသူတို့ကဲ့သို့ပင် “သိသာသောထိခိုက်မှုများ” ခံစားကြရကြောင်း ထိုလေ့လာမှုကပြဆိုသည်။ အထူးသဖြင့် ဆေးခြောက်ကို ငါးနှစ် သို့မဟုတ် ငါးနှစ်အထက်သုံးစွဲခဲ့သူတို့အဖို့ဆိုလျှင် မှတ်ဉာဏ်တစ်ခုတည်းမက ထိခိုက်ပျက်စီးနိုင်ပါသည်။ ထိုသို့သောသူတို့သည် စဉ်းစားချင့်ချိန်သည့်စွမ်းရည် နှေးကွေးသည့်အပြင် အာရုံစူးစိုက်မှုနည်းပါးပြီး အာရုံပျံ့လွင့်မှုကို မရှောင်နိုင်ကြချေ။ သက်သေအထောက်အထားများကို စုပေါင်းကြည့်လိုက်သည့်အခါ ဆေးခြောက်ရှူခြင်းသည် ဦးနှောက်၏ဇီဝကမ္မဗေဒကို အမှန်ပင်ပြောင်းလဲစေနိုင်ကြောင်း ထိုသတင်း၌နိဂုံးချုပ်ဖော်ပြထားသည်။
ဆယ်ကျော်သက်ရွယ်များနှင့် ညစ်ညမ်းဗီဒီယိုကားများ
ဂျပန်စီမံခန့်ခွဲမှုနှင့် ညှိနှိုင်းဆောင်ရွက်ရေးအေဂျင်စီမှပြုလုပ်သည့် စစ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းသား ၇၇ ရာခိုင်နှုန်းနှင့် အထက်တန်းကျောင်းသူ ၂၄ ရာခိုင်နှုန်းတို့သည် ညစ်ညမ်းဗီဒီယိုကားများကို ကြည့်ရှုခဲ့သည်ဟူသော ထိတ်လန့်ဖွယ်အခြေအနေကိုတွေ့ရှိခဲ့ရသည်။ အသက် ၁၃၊ ၁၄ နှစ်သာရှိသေးသော အလယ်တန်းကျောင်းသားများထဲမှပင် ၂၅ ရာခိုင်နှုန်းက ထိုသို့သောဗီဒီယိုကားများကို ကြည့်ဖူးကြသည်။ အဘယ်အကျိုးသက်ရောက်မှု ရှိသနည်း။ “စစ်တမ်းဖော်ပြချက်အရ လူကြီးများသာကြည့်ရှုရသော ဗီဒီယိုကားများကိုကြည့်ရှုခဲ့ကြသည့် ထိုကျောင်းသားများသည် လိင်ဆိုင်ရာရာဇဝတ်ပြစ်မှုနှင့်ပတ်သက်၍ ဩတ္တပ္ပစိတ်ထုံထိုင်းလာသည့်ပြင် ထိုသို့သောပြစ်မှုကျူးလွန်ခံရသူတို့၏ ခံစားချက်များကိုလည်း နားလည်စာနာစိတ်ခေါင်းပါးလာသည်” ဟု Mainichi Daily News သတင်းစာကဖော်ပြသည်။ ဤအခြေအနေမျိုးကို မိဘဖြစ်သူတို့ သိရှိကြပါသလော။ စစ်တမ်းကောက်ယူခြင်းခံရသော ကျောင်းသားများ၏မိဘ ၁၂ ရာခိုင်နှုန်းကသာ ၎င်းတို့၏သားသမီးများ ညစ်ညမ်းဗီဒီယိုကားများကိုကြည့်ရှုသည်ဟု သိရှိကြကြောင်း၊ သို့မဟုတ် သံသယဖြစ်ကြကြောင်း ထိုစစ်တမ်းကဖော်ပြသည်။
သွေးသွင်းခြင်းမှ အေအိုင်ဒီအက်စ် ဖြစ်နိုင်သလော
သွေးသွင်းခြင်း သို့မဟုတ် သွေးမှထုတ်လုပ်သည်ပစ္စည်းများမှ အေအိုင်ဒီအက်စ်ရောဂါရနိုင်သည့် အခွင့်အလမ်း မည်မျှရှိသနည်း။ ဂျိုဟန္နက်စဘာ့ဂ်မြို့ထုတ် The Star သတင်းစာ၏အလိုအရ ကမ္ဘာတစ်ဝန်းရှိ ရောဂါကူးစက်ခံရသူစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းရှိသော လူပေါင်း ၆၀၀,၀၀၀ သည် အေအိုင်ဒီအက်စ်ရောဂါကို ဖော်ထုတ်နိုင်ခဲ့သည့်အချိန်မှစ၍ သွေး သို့မဟုတ် သွေးမှထုတ်လုပ်သည့်ပစ္စည်းများမှ အေအိုင်ဒီအက်စ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြသည်။ ယခုအချိန်တွင် အိပ်ချ်အိုင်ဗွီပိုးစစ်ဆေးသည့်နည်းမှာ အချိန်များစွာကုန်သည့်ပြင် ကုန်ကျစရိတ်လည်းများပြားသည်။ အချို့သူတို့က သွေးကို အနည်းဆုံး နည်းခုနစ်နည်းဖြင့် စစ်ဆေးသင့်သည်ဟုယူဆကြသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အများအားဖြင့် ဤစစ်ဆေးနည်းများကိုအသုံးပြုနိုင်ရန် ငွေကြေးနှင့်လေ့ကျင့်သင်ကြားမှု မရှိကြချေ။ ဤစစ်ဆေးနည်းများကို အသုံးပြုသည့် ချမ်းသာကြွယ်ဝသည့်နိုင်ငံများ၌ပင် အမှားအယွင်းများရှိကြသည်။ “သွေးမှထုတ်လုပ်သည့် မည်သည့်ပစ္စည်းမဆို အိပ်အိုင်ဗွီဗိုင်းရပ်စ်ပိုးနှင့် အသည်းရောင်ရောဂါတို့နှင့်ပတ်သက်၍ ရာခိုင်နှုန်းပြည့်စိတ်ချရသည်ဟု ကျွန်ုပ်တို့မပြောနိုင်ပါ” ဟူ၍ ဒတ်ချ် သွေးသွင်းဌာနမှ ဆေးဘက်ဆိုင်ရာအကြီးအကဲဖြစ်သူ ပေါလ် စထရဲန်ဂျာစ်က ဝန်ခံပြောကြားလိုက်သည်။
အလာကျဲသောဧည့်သည်
၁၉၉၃ ခုနှစ် မတ်လအတွင်းက ဩစတြေးလျနှင့်ပြင်သစ်နိုင်ငံတို့မှ နက္ခတ္တဗေဒပညာရှင်များတွေ့ရှိခဲ့သည့် ကြယ်တံခွန်တစ်ခုကို နောက်တစ်နှစ် ဇန်နဝါရီလတွင် အပြည်ပြည်ဆိုင်ရာ နက္ခတ္တသမဂ္ဂအဖွဲ့က တရားဝင်အသိအမှတ်ပြုပြီး မက္ကနော့-ရပ်စဲလ် ဟုအမည်ပေးလိုက်သည်။ သို့သော် တရုတ်နက္ခတ္တဗေဒပညာရှင်များက လွန်ခဲ့သော ၁၄ ရာစုခန့်က ယင်းကိုပထမဦးဆုံး တွေ့မြင်ခဲ့ရပြီးဖြစ်ဖွယ်ရှိသည်! New Scientist မဂ္ဂဇင်းအဆိုအရ ဤကြယ်တံခွန်သည် အထူးကြာရှည်သောအချိန်ဖြစ်သည့် နှစ်ပေါင်း ၁,၄၁၉ နှစ်ကြာမှ နေကိုတစ်ကြိမ်ပတ်မိသည်ဟု ခန့်မှန်းတွက်ချက်ပြသည်။ စိတ်ဝင်စားစရာမှာ ရှေးမှတ်တမ်းများက တရုတ်နက္ခတ္တဗေဒပညာရှင်တို့သည် ဤကြယ်တံခွန်ဖြစ်ဖွယ်ရှိသည့် လှည့်လည်သွားနေသော “ကြယ်” တစ်လုံးကို တွေ့ရှိခဲ့ကြသည်ဟုဖော်ပြထားသည်။ သူတို့မြင်တွေ့ခဲ့ရသည်ကို ဂျင်းတီဟုခေါ်သောခေတ် တတိယနှစ်တွင်၊ ဒုတိယလ ဝူးဝူးခေါ်သောနေ့တစ်နေ့—စီ.အီး. ၅၇၄ ခုနှစ်၊ ဧပြီလ ၄ ရက်—ဟူ၍မှတ်တမ်းတင်ထားသည်။ ဤကြယ်တံခွန်သည် သက္ကရာဇ် ၃၄၁၂ ခုနှစ်ခန့်တွင် ကျွန်ုပ်တို့နေအဖွဲ့အစည်း၏ အနီးဝန်းကျင်သို့ နောက်တစ်ခေါက်အလည်ရောက်ရန်ရှိသည်။