ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ညစ်ညမ်းမှုနှင့် ကလေးကင်ဆာ
ဗြိတိသျှကလေးငယ် ၂၂,၄၀၀ ကို ၂၇ နှစ်ကြာလေ့လာပြီးနောက်၊ ပင်မညစ်ညမ်းသည့်နေရာမှ သုံးမိုင်အတွင်းမွေးဖွားခဲ့သောကလေးငယ်များသည် အခြားကလေးများထက် သွေးဆဲလ်ဖြူကင်ဆာနှင့် အခြားသောကလေးကင်ဆာဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းပိုများကြောင်း ကူးစက်ရောဂါလေ့လာရေးပညာရှင်အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။ လေထုထဲတွင်ပျံ့နေသော ညစ်ညမ်းပစ္စည်းများနှင့်ထိတွေ့ခြင်းသည် ကလေးကင်ဆာဖြစ်ပွားမှုတိုးပွားစေသည့် “အဖြစ်နိုင်ဆုံးနည်းလမ်း” ဖြစ်သည်ဟုလန်ဒန် သည်တိုင်းမ်စ်မဂ္ဂဇင်းကဆိုသည်။ ညစ်ညမ်းပစ္စည်းများသည် ဆီသန့်စက်ရုံများ၊ မော်တော်ကားစက်ရုံများ၊ အဏုမြူစွမ်းအင်သုံးမဟုတ်သည့် ဓာတ်အားပေးစက်ရုံများ၊ သံမဏိစက်ရုံများနှင့် ဘိလပ်မြေစက်ရုံများစသည့် စက်မှုဇုန်များမှထွက်လာသော ဓာတ်ဆီအခိုးအငွေ့များ သို့မဟုတ် အငွေ့ပျံလွယ်သောအခြားဓာတုပစ္စည်းများကြောင့်ဖြစ်သည်။ အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများမှနှစ်မိုင်ခွဲအတွင်း မွေးဖွားသည့်ကလေးများတွင် ကင်ဆာကြောင့်သေဆုံးမှုပိုများသည်ဟူ၍လည်း လေ့လာမှုကဖော်ပြသည်။ ဓာတ်ဆီနှင့် ဒီဇယ်လောင်စာများကြောင့်ဖြစ်နိုင်သည်ဟု သတင်းစာအာဘော်ရှင်များကဆိုကြသည်။
ဘရာဇီးနိုင်ငံရှိဘာသာရေး
“ဘရာဇီးနိုင်ငံသား ၉၉ ရာခိုင်နှုန်းသည် ဘုရားသခင်ကိုယုံကြည်ကြသည်” ဟုမကြာသေးမီလေ့လာမှုတစ်ရပ်ကဖော်ပြကြောင်း အီးအဲန်အိုင် ဘူလေတင်သတင်းကဆိုသည်။ လူ ၂,၀၀၀ နီးပါးကိုလေ့လာရာ ၇၂ ရာခိုင်နှုန်းက ကက်သလိပ်ဘာသာဝင်များ၊ ၁၁ ရာခိုင်နှုန်းက ပရိုတက်စတင့်များဖြစ်သည်ဟုဆိုကြပြီး ၉ ရာခိုင်နှုန်းက မည်သည့်ဘာသာဝင်ဖြစ်ကြောင်းကို မဖော်ပြခဲ့ကြချေ။ ကျန်သူများသည် ဘရာဇီးနှင့် အာဖရိက-ဘရာဇီးဘာသာကိုလိုက်စားကြသည်။ သူတို့အား လွန်ခဲ့သောရက်သတ္တပတ်အကုန်ပိုင်းအတွင်း ချာ့ချ် သို့မဟုတ် ဘာသာရေးအဆောက်အဦတစ်ခုသို့ ရောက်ခဲ့ဖူးခြင်းရှိမရှိမေးမြန်းသောအခါ မရောက်ခဲ့ကြဟု ၅၇ ရာခိုင်နှုန်းက ဆိုခဲ့ကြ” ကြောင်းအီးအဲန်အိုင်သတင်းကဆို၏။ ၄၄ ရာခိုင်နှုန်းကသာ ထာဝရညှဉ်းဆဲခြင်းကိုယုံကြည်ကြသည်။ ဘရားဇီးနိုင်ငံသား ၆၉ ရာခိုင်နှုန်းသည် ကောင်းကင်ဘုံရှိကြောင်းယုံကြည်ကြသော်လည်း ၃၂ ရာခိုင်နှုန်းကသာ ယင်းသို့သွားမည်ဟုမျှော်လင့်ကြသည်။
အဝေးထိန်းကိရိယာကို မည်သူကိုင်ထားသနည်း
အီတလီနိုင်ငံရှိ EURISPES (နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလေ့လာမှုတက္ကသိုလ်) မှသုတေသီများသည် ရုပ်မြင်သံကြားကြည့်ခြင်းအကျင့်နှင့်ပတ်သက်သော လေ့လာမှုတစ်ရပ်၏ရလဒ်များကို မကြာမီကထုတ်ဝေခဲ့သည်။ အီတာလျံမိသားစု ၂,၀၀၀ နီးပါးကို လူတွေ့မေးမြန်းခဲ့ကြသည်။ သူတို့အားမေးမြန်းသောမေးခွန်းများတွင် သတင်းစာဆောင်းပါးတစ်ခုက မိသားစုရှိခေတ်သစ်ရာဇလှံတံဟု နာမည်ပြောင်ပေးထားသည့် တီဗွီအဝေးထိန်းကိရိယာကို မိသားစုတွင် မည်သူကကိုင်တွယ်ပြီး အဖွင့်အပိတ်လုပ်ဖို့အကြောင်းပိုများသနည်း ဟူသောမေးခွန်းပါဝင်သည်။ အများအားဖြင့် ဖခင်ကိုအဖွင့်အပိတ်လုပ်သူဟု ဆိုကြသည်။ လိုင်းပြောင်းရမည့်ကိစ္စနှင့်ပတ်သက်လာလျှင် ကလေးများသည် ဒုတိယရာထူးရထားကြသည်။ မိသားစုတွင် အဝေးထိန်းကိရိယာကိုကိုင်တွယ်ဖို့ အာဏာလုပွဲတွင် မိခင်သည် နောက်ဆုံးလူဖြစ်သွားသည်။
ဆယ်ကျော်သက်အရွယ်လိင်
နိုင်ဂျီးရီးယား ဝိခ်အဲန်း ကွန်းကော့ဒ်သတင်းစာအရ “နိုင်ဂျီးရီးယားလူမျိုးကြီးကောင်ဝင်အရွယ်များသည် ကမ္ဘာတွင် လိင်စိတ်အထကြွဆုံးသူများတွင်ပါဝင်” ကြောင်း မကြာသေးမီလေ့လာမှုတစ်ရပ်ကတွေ့ရှိခဲ့သည်။ အသက် ၁၄ နှင့် ၁၉ နှစ်အကြားရှိ ယောက်ျားလေး ၆၈ ရာခိုင်နှုန်းနှင့် မိန်းကလေး ၄၃ ရာခိုင်နှုန်းသည် “လူလားမြောက်ပြီး သိပ်မကြာမီတွင်” လိင်ဆက်ဆံခဲ့ကြကြောင်း ဝန်ခံကြသည်။ ယင်းက မလိုအပ်သောကိုယ်ဝန်များစွာကိုဖြစ်စေသည်။ “နိုင်ဂျီးရီးယားနိုင်ငံရှိ ၁၉ နှစ်အောက်မိန်းကလေးသေဆုံးမှုအားလုံး၏ ၇၁ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဖျက်ချမှုနှင့်ဆက်စပ်နေသည်” ဟုသီးခြားလေ့လာမှုတစ်ရပ်ကဖော်ပြကြောင်း ကွန်းကော့ဒ်သတင်းကဆိုသည်။
လက်ဆေးခြင်းအခက်အခဲ
ပြင်သစ်ဆေးသတင်းစာ လီ ကိုတီဒိုင်ယန် ဒူ မက်ဒီဆင်က တိုးများလာဟန်ရှိသော စိုးရိမ်ဖွယ်အခြေအနေတစ်ခု—အစာမစားမီ သို့မဟုတ် အိမ်သာတက်ပြီးနောက် လက်မဆေးဘဲနေခြင်း—ကို အလေးအနက်ဖော်ပြခဲ့သည်။ ဒေါက်တာ ဖရက်ဒရစ် ဆောလ်ဒ်မန်း၏အဆိုအရ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းသည် အစာကြောင့်ရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းဖြစ်ပြီး နေရာအနှံ့ဖြစ်သည့်ပြဿနာဖြစ်ဟန်ရှိသည်။ အင်္ဂလိပ်ဘုံဆိုင်များရှိမြေပဲဇလုံများနှင့်ပတ်သက်၍ လေ့လာမှုတစ်ရပ်က လူ ၁၂ ဦး၏ဆီးပါဝင်သည်ကိုတွေ့ရကြောင်း ဆောင်းပါးကဖော်ပြထားသည်။ ကျောင်းဆရာတစ်ဦးက လက်ဆေးခြင်းကို မှန်မှန်ကြပ်မတ်ပေးခဲ့ရာ အစာအိမ်ရောဂါကြောင့် ကျောင်းပျက်နေသည့်ကလေးဦးရေ ၅၁ ရာခိုင်နှုန်းလျော့ကျသွားပြီး၊ အသက်ရှူလမ်းကြောင်းနှင့်ပတ်သက်သည့်ရောဂါကြောင့် ကျောင်းပျက်ကွက်သူ ၂၃ ရာခိုင်နှုန်းလျော့ကျသွားသည်ဟု အမေရိကန်ကျောင်းတစ်ကျောင်းရှိ လေ့လာမှုနောက်တစ်ရပ်က ဖော်ပြသည်။ ကလေးဘဝမှစ၍ တစ်ကိုယ်ရေသန့်ရှင်းခြင်းရှိရန် ကလေးများအားသင်ကြားပေးခြင်း၏အရေးကြီးမှုကို အလေးပေးဖော်ပြခြင်းဖြင့် ဆောင်းပါးကိုနိဂုံးချုပ်ထားသည်။
တိုးတက်လာသော စီးပွားရေးနှင့် ဆင်းရဲမှု
၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကမ္ဘာ့စီးပွားရေးသည် ၄၀ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း “ကမ္ဘာတစ်ဝန်းဆင်းရဲသူဦးရေသည် ၁၇% တိုးများခဲ့သည်” ဟုလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏တရားဝင်ထုတ်ပြန်ချက်တစ်ခုကို အိပ်ချ်စီအိပ်ချ်အာရ် သတင်းကဖော်ပြသည်။ ယနေ့၊ ၈၉ နိုင်ငံရှိလူတို့သည် လွန်ခဲ့သောဆယ်နှစ် သို့မဟုတ် ဆယ်နှစ်ကျော်ကအခြေအနေထက် ပို၍စီးပွားရေးအခြေအနေဆိုးလာသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ၇၀ တွင်ဝင်ငွေပမာဏသည် လွန်ခဲ့သောအနှစ် ၂၀ နှင့်အချို့ကိစ္စများတွင် လွန်ခဲ့သောအနှစ် ၃၀ ကရရှိခဲ့သည့်ဝင်ငွေထက် ပို၍ပင်နိမ့်ကျလာသည်။ စီးပွားရေးတိုးတက်မှုသည် “နိုင်ငံအနည်းစု” ကောင်းစားရေးအတွက်သာဖြစ်သည်ဟု အိပ်ချ်စီအိပ်ချ်အာရ်သတင်းကကောက်ချက်ချသည်။
အီတလီနိုင်ငံရှိ ဘေးမကင်းသော အဆောက်အဦများ
လွန်ခဲ့သောရာစုနှစ်အတွင်း အီတလီနိုင်ငံတွင် မြေငလျင်ဒဏ်ကြောင့် လူပေါင်း ၁၂၀,၀၀၀ ကျော်သေကျေခဲ့ကြသည်။ သို့တိုင် အီတာလျံလူမျိုး ၂၅ သန်းခန့်သည် “မြေငလျင်ဒဏ်မခံသည့် အဆောက်အဦ ၆၄ ရာခိုင်နှုန်းရှိရာ” နေရာများတွင်နေထိုင်ကြသည်ဟု ကိုရီရာ ဒယ်လာ ဆီရာသတင်းစာကဖော်ပြသည်။ ဘေးမကင်းသောအဆောက်အဦများတွင် ဘေးဆိုးတစ်ခုအတွက် အရေးပေါ်ဌာနများဖြစ်သော ဆေးရုံများ၊ မီးသတ်ဌာနများနှင့် ကပ်ဘေးတစ်ခုကျရောက်လျှင် အရေးပေါ်ဌာနများအဖြစ်သုံးလေ့ရှိသည့် အခြားအဆောက်အဦများပါဝင်သည်။ အီတလီနိုင်ငံတွင် ဘူမိဆိုင်ရာနှင့် စက်မှုဆိုင်ရာဘေးဆိုးများကြောင့်ဖြစ်သည့် ပျက်စီးမှုကိုပြင်ဆင်ရန် နှစ်စဉ်ပျမ်းမျှလိုင်ရာ ၇,၀၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဘီလီယံ) သုံးစွဲလျက်ရှိသည်။ “ထိုများပြားလှသောငွေပမာဏကို ကပ်ဆိုက်မှုကြီးများဖြစ်ပြီးနောက် သုံးစွဲလေ့ရှိကြပြီး . . . မမှန်ကန်သောထပ်တူနည်းများဖြင့် အန္တရာယ်များသောယခင်နေရာများ၌ [အဆောက်အဦများ] ပြန်ဆောက်လုပ်ရန် အသုံးပြုခဲ့ကြသည်” ဟုကျွမ်းကျင်သူတစ်ဦးကရှင်းပြသည်။
သွေးနှင့် အိပ်ချ်အိုင်ဗွီကူးစက်မှု
ကမ္ဘာတစ်ဝန်းရှိ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ၂၂ သန်းနီးပါးအနက် ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသည်။ “ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အိပ်ချ်အိုင်ဗွီကူးစက်မှုအသစ် ၁၀ ရာခိုင်နှုန်းကျော်သည် သွေးသွင်းခြင်းကြောင့်ဖြစ်သည်” ဟုလန်ဒန်အခြေစိုက်သတင်းအဖွဲ့၊ ပေးနော့စ်သတင်းကဖော်ပြထားသည်။ နိုင်ငံများစွာတွင် အိပ်ချ်အိုင်ဗွီစစ်ဆေးမှုကို အပြည့်အဝစိတ်မချနိုင်သောကြောင့် သွေးများသည် ဘေးမကင်းချေ။ ဥပမာ၊ ပါကစ္စတန်နိုင်ငံတွင် သွေးလှူဘဏ်အားလုံး၏ထက်ဝက်အောက်သာ အိပ်ချ်အိုင်ဗွီကာကွယ်သည့် ကိရိယာများရှိသည်။ ရလဒ်အနေဖြင့် ထိုနိုင်ငံရှိ အိပ်ချ်အိုင်ဗွီရောဂါအသစ်ကူးစက်မှုအားလုံး၏ ၁၂ ရာခိုင်နှုန်းသည် သွေးသွင်းခြင်းကြောင့်ဖြစ်သည်။ အေအိုင်ဒီအက်စ်ရောဂါ စဖြစ်သည့်အချိန်မှ ၁၅ နှစ်ကျော်ရှိခဲ့ပြီဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ လူသန်း ၃၀ နီးပါးသည် ရောဂါဖြစ်စေသောဗိုင်းရပ်စ်၊ အိပ်ချ်အိုင်ဗွီကူးစက်ခံနေခဲ့ကြပေပြီ။
ဘုရားသခင်အား ကြောက်ရွံ့လွန်းခြင်း
မကြာသေးမီလေ့လာမှုတစ်ရပ်တွင် ဖိစီးမှုခံစားနေသော ဘရာဇီးကလေးငယ်များနှင့်ပတ်သက်၍ လူတွေ့မေးမြန်းမှုများပြုလုပ်ခဲ့သည်။ အီးအဲန်အိုင် ဘူလေတင်သတင်းအရ ပြင်းထန်သောစိတ်ဆင်းရဲမှုခံစားရသည့် ကလေးရာခိုင်နှုန်းအများအပြားသည် ဘုရားသခင်အားကြောက်ရွံ့လွန်းခြင်းနှင့်ပတ်သက်ကြောင်း တွေ့ရှိခဲ့သည်။ ကလေး ၂၅ ရာခိုင်နှုန်းသည် မိသားစုအခက်အခဲများ သို့မဟုတ် ဆွေမျိုးသားချင်းသေဆုံးခြင်းတို့နှင့်ဆက်နွှယ်သည့် စိတ်ပူပန်မှုခံစားနေကြသော်လည်း၊ ပြင်းထန်သောစိတ်ဆင်းရဲမှုလက္ခဏာများဖော်ပြကြသော ၇၅ ရာခိုင်နှုန်းသည် ဘုရားသခင်ကို အပြစ်ပေးလက်စားချေတတ်သူအဖြစ် ရှုမြင်ကြသောကြောင့်ဖြစ်သည်။ လေ့လာမှုက “ဘုရားသခင်သည် ၎င်းတို့အားကူညီမည်ဖြစ်ကြောင်းနှင့် သူတို့ကိုနားလည်ပေးနိုင်ကြောင်း ကလေးများအားသွန်သင်ပေးရန် မိဘများကိုတိုက်တွန်းခဲ့သည်” ဟုအီးအဲန်အိုင် ကဖော်ပြသည်။
ဆင်တို့၏ဆက်သွယ်ရေး
ဆင်၏အသံကြိုးများသည် အလွန်ကြီးမားရာ သူတို့ထုတ်လွှင့်သော အခြေခံအသံလှိုင်းသည် တစ်စက္ကန့်လျှင် လူကြားနိုင်သည့်နှုန်းထက်နိမ့်ကျသည့် ၂၀ ဆိုက်ကယ်ခန့် သို့မဟုတ် ယင်းအောက်ဖြစ်သည်။ ထိုနိမ့်သောဟိန်းသံများသည် အဝေးသို့ရောက်ရှိနိုင်ပြီး၊ ဆင်များသည် တစ်မိုင်အကွာအဝေးမှကြားနိုင်သည်။ ၎င်းတို့သည် ဆင် ၁၅၀ ခန့်၏အသံများကိုလည်း ခွဲခြားနိုင်ပြီး၊ မိသားစုဝင်များနှင့် သူတို့အုပ်စုဝင်တို့၏အချက်ပြအသံများကို ဖြေကြားတုံ့ ပြန်ကြသည်။ အများအားဖြင့် ဆင်များသည် သူတို့မသိသောဆင်များ၏ခေါ်သံများကို မသိကျိုးကျွန်ပြုတတ်ကြသည် သို့မဟုတ် ယင်းတို့၏အသံကိုကြားရသောအခါ လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ကြသည်။ ကင်ညာနိုင်ငံ၊ အမ်ဘိုဆီလီအမျိုးသားဥယျာဉ်တွင် သုတေသနပြုပြီးနောက် ဗြိတိသျှဆတ်စ်ဆက်တက္ကသိုလ်မှ တိရစ္ဆာန်အမူအကျင့်ဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာ ကာရင် မက်ကော့ဘ်က “အဆိုကျယ်ပြန့်သည့်ဆက်သွယ်ရေးအသံပြုကွန်ရက်သည် အခြားမည်သည့်နို့တိုက်သတ္တဝါတွင်မျှ မတွေ့ရ” ဟုရှင်းပြခဲ့ကြောင်း လန်ဒန်၊ သည်တိုင်းမ်စ်သတင်းစာကဆိုသည်။