‘ပုရွက်ဆိတ်ထံသို့သွားလော့’
“တစ်မူထူးခြားသောပရွက်ဆိတ်များ”—ဤထူးဆန်းသောခေါင်းစဉ်သည် လွန်ခဲ့သောနှစ်အနည်းငယ်က ယေဟောဝါသက်သေများ၏ အမြန်ဆောက် နိုင်ငံတော်ခန်းမတစ်ဆောင်နှင့်ပတ်သက်သော သတင်းဆောင်းပါးတစ်ပုဒ်တွင် ပါလာသည်။ ဤခေါင်းစဉ် မည်သို့ဖြစ်ပေါ်လာရသနည်း။ ထိုသို့သောဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ကောင်းကင်ဓာတ်ပုံကိုကြည့်လိုက်ပါက နားလည်သဘောပေါက်ရန် ခက်ခဲမည်မဟုတ်ပေ။ ထိုသတင်းဆောင်းပါးမှ ခေါင်းစဉ်ငယ်တစ်ခုက ဤသို့ရှင်းပြသည်– “ယေဟောဝါသက်သေငါးရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် စုဝေးရောက်ရှိခြင်း—ပုရွက်ဆိတ်တောင်ပို့တစ်ခုနှင့် အလားသဏ္ဌာန်တူသည်။”
ဤနှိုင်းယှဉ်ချက်သည် ဆီလျော်လှရုံမက ထိုသတင်းထောက်သိမြင်သည်ထက်ပင် ပို၍ဆီလျော်ဖွယ်ရာရှိသည်။ မှန်ပါသည်၊ အထက်ဝေဟင်မှကြည့်သည့်အခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ရာနှင့်ချီသောလူတို့ ပျားပန်းခပ်မျှလှုပ်ရှားနေပုံသည် ပုရွက်ဆိတ်တောင်ပို့တစ်ခုပေါ်ရှိ ပုရွက်ဆိတ်များနှင့်ဆင်တူပေသည်။ သို့သော် ဤကိစ္စတွင် ဆင်တူပုံသည် အပေါ်ယံမျှသာမဟုတ်ပေ။ အဘယ်ကြောင့်နည်း။ “ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကိုဆင်ခြင်သဖြင့် ပညာရှိစေလော့” ဟူ၍ဆိုထားသည့် နယပုံပြင် ၆:၆ မှကျမ်းစာသြဝါဒကို သက်သေခံများက အလေးအနက်သဘောထားကြသည်။ ပုရွက်ဆိတ်များကို စောင့်ကြည့်လေ့လာခြင်းဖြင့် လူတစ်ဦး မည်သို့ပညာရှိဖြစ်နိုင်သနည်း။
တစ်ချက်အနေနှင့် ပုရွက်ဆိတ်တို့သည် အလုပ်များစွာကို ပြီးစီးအောင်မြင်စေတတ်သည်။ သမ္မာကျမ်းစာစွယ်စုံကျမ်း Insight on the Scriptures က ဤသို့သတိပြုရေးသားထားသည်– “၎င်းတို့သည် နောင်ရေးအတွက် ပင်ကိုသဘာဝအသိစိတ်ဖြင့် အသင့်ပြင်ဆင်တတ်ရုံမျှမက ၎င်းတို့၏မဆုတ်မနစ်သောဇွဲလုံ့လနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကိုလည်း သတိပြုထိုက်ပေသည်။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်အလေးချိန် နှစ်ဆရှိသောပစ္စည်းများကို သယ်ဆောင်ခြင်း၊ သို့မဟုတ် ခိုင်ခိုင်မြဲမြဲကိုက်ချီ၍ တရွတ်တိုက်ဆွဲယူခြင်းပြုကြသည့်ပြင် အလုပ်တစ်ခုပြီးစီးစေရန် တတ်စွမ်းသမျှလုပ်ဆောင်ကြသည်။ မတ်စောက်သောချောက်ကမ်းပါးမှ လဲကျခြင်း၊ ချော်လဲခြင်း၊ သို့မဟုတ် လိမ့်ကျခြင်းဖြစ်သည့်တိုင်အောင် နောက်ဆုတ်ခြင်းမပြုကြချေ။”a
ပုရွက်ဆိတ်နည်းတူ ယေဟောဝါသက်သေများသည် သူတို့ကိုယ်အလေးချိန်နှစ်ဆရှိသော ဆောက်လုပ်ရေးပစ္စည်းများကို မနိုင့်တနိုင်နှင့်မချီခြင်းမပြုကြသော်လည်း အလွန်တိုတောင်းသည့်အချိန်အတွင်း သူတို့၏ဆောက်လုပ်ရေးစီမံကိန်းများကို ပြီးစီးစေခြင်းအားဖြင့် အိမ်နီးချင်းတို့ကို မကြာမကြာ အံ့အားသင့်စေကြသည်။ သူတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမများကို နှစ်ရက်သုံးရက်အတွင်း အုတ်မြစ်ချတည်ဆောက်ပြီးစီးသည်ကို မကြာခဏတွေ့မြင်ကြရသည်!
ဤလုပ်ငန်းကို သူတို့မည်သို့ပြီးစီးအောင် လုပ်ကိုင်ကြသနည်း။ ပုရွက်ဆိတ်တို့၏ ထင်ရှားသောအခြားဂုဏ်ရည်တစ်ရပ်ကို အတုယူခြင်းအားဖြင့်ဖြစ်သည်။ Insight on the Scriptures စာအုပ်က ပုရွက်ဆိတ်တို့နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “၎င်းတို့သည် ထူးထူးခြားခြား ပူးပေါင်းဆောင်ရွက်တတ်ကြသည်၊ ၎င်းတို့၏အသိုက်အအုံများကို အထူးသန့်ရှင်းစွာထားသည့်အပြင် လုပ်ဖော်ကိုင်ဖက်ချင်းကိုလည်း ဂရုစိုက်ကြသည်။ တစ်ခါတစ်ရံ ဒဏ်ရာရသော၊ သို့မဟုတ် ပင်ပန်းနွမ်းနယ်သော ပုရွက်ဆိတ်များကို အသိုက်သို့ပြန်ရောက်အောင် ဖေးမကူညီကြသည်။” အထက်ဖော်ပြပါသတင်းထောက်သည် ယေဟောဝါသက်သေများ၏ ပူးပေါင်းဆောင်ရွက်သည့်စိတ်ဓာတ်ကြောင့် အထင်ကြီးလေးစားသည့်စိတ် ဖြစ်ပေါ်ခဲ့ပုံရသည်။ “ဤကြီးမားသည့်လုပ်ငန်းသည် ဆောက်လုပ်ရေးလုပ်ငန်း၏ အစိတ်အပိုင်းအသီးသီးကို တာဝန်ယူရသောအတတ်ပညာရှင် ၈၀ ခန့်နှင့် စေတနာ့ဝန်ထမ်း ၄၀၀ တို့၏အကူအညီဖြင့် ပျော်ပျော်ပျော်ပါးပါးနှင့် သက်သောင့်သက်သာရှိသော အခြေအနေမျိုးတွင် ပြီးစီးခဲ့ခြင်းဖြစ်သည်” ဟူ၍ သူကရေးသားဖော်ပြသည်။
သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများဆောက်လုပ်ရာ၌ ယေဟောဝါသက်သေများစိုက်ထုတ်သည့် ကြိုးပမ်းအားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် နောင်နှစ်များအတွင်း ထိုခန်းမများအတွင်း ဖြစ်ပျက်သမျှတို့၏ နမူနာမျှသာဖြစ်သည်။ ထိုခန်းမများတွင် သူတို့သည် ဆက်လက်ကြိုးပမ်းအားထုတ် ပူးပေါင်းဆောင်ရွက်၍ သင်ကြားခြင်းနှင့်ဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဆောင်ရွက်သည့်အပြင် ဆောက်တည်မှုနှင့်ပညာပေးသည့် အစည်းအဝေးများကို ကျင်းပကြသည်။ ထိုထက်အရေးကြီးသည်မှာ သူတို့သည် ယေရှုကမ္ဘာပေါ်ရှိစဉ်က နောက်တော်လိုက်များအပေါ် ပြသတော်မူခဲ့သည့် မေတ္တာပြည့်ဝသော စိုးရိမ်ကြောင့်ကြမှုမျိုးကို ကြိုးစားပြသကြသည်။—ယောဟန် ၁၃:၃၄၊ ၃၅။
သင့်အနေဖြင့် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမကို တွေ့ဖူးရုံမျှမက ခန်းမအတွင်း၌ ဘာပြုလုပ်ကြသည်ကို သိလိုသည့်စိတ်ဖြစ်ပေါ်ဖူးပါက ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လေ့လာကြည့်ရှုပါရန် သင့်အားလှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ လှိုက်လှဲစွာကြိုဆိုခြင်းခံရမည့်အပြင် အကျိုးထူးသောလည်ပတ်မှုဖြစ်မည်ဟု ကျွန်ုပ်တို့ ရဲရဲကြီးအာမခံပါသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ပြင်သစ်နိုင်ငံ အော်ရီလက်ခ်မြို့မှ အမြန်ဆောက်နိုင်ငံတော်ခန်းမတစ်ဆောင်
[Picture Credit Line on page 23]
Line drawings: Pharaoh’s ant. Lydekker