ကမ္ဘာ့ကျန်းမာရေးအခြေအနေ—ကြီးမားကျယ်ပြန့်လျက်ရှိသော ကွာဟချက်
ဘရာဇီးနိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
၁၉၇၇ ခုနှစ်တွင်၊ ဆိုမာလီနိုင်ငံမှ အလီ မာအို မာအလင်ဆိုသူသည် ကျောက်ပေါက်သဖြင့် ဆေးရုံတင်လိုက်ရာ ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ပြခံရသည်။ အလီ၏ရောဂါပျောက်ကင်းပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) က ရာစုနှစ်များစွာအတွင်း လူသန်းပေါင်းများစွာကို သေကျေပျက်စီးစေခဲ့သည့် ကျောက်ရောဂါသည် ကမ္ဘာ့မြေပြင်ပေါ်မှ အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီဟု ၁၉၈၀ ပြည့်နှစ်တွင်ကြေညာခဲ့သည်။ အလီသည် ကမ္ဘာတွင် ကျောက်ရောဂါကို နောက်ဆုံးခံလိုက်ရသူဖြစ်သည်ဟု အဆိုရှိသည်။
၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြားသော အောင်မြင်မှုအကျိုးအမြတ်များအကြောင်းကို အစီရင်ခံတင်ပြခဲ့သည်– ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဖွံ့ ဖြိုးဆဲနိုင်ငံများမှ ပို၍များပြားသောပြည်သူတို့သည် အန္တရာယ်ကင်းသောသောက်သုံးရေနှင့် ကျန်းမာသန့်ရှင်းရေး ပစ္စည်းပစ္စယများကို သုံးစွဲလာနိုင်ကြသည်။ ၎င်းပြင်၊ ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ဒေသန္တရကျန်းမာရေးဌာနများမှ အကျိုးခံစားခွင့်ရရှိသည့် ပြည်သူတို့၏ရာခိုင်နှုန်းမှာလည်း မြင့်မားလာသည်။ အကျိုးဆက်အနေနှင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း အချို့သောဒေသများတွင် ကလေးသူငယ်သေဆုံးမှုနှုန်း ကျဆင်းလာသည်။
ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မှန်များ
သို့သော် ဤအကျိုးအမြတ်များသည် အဆုံးအရှုံးများကြောင့် ကျေပျက်သွားသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုအရိပ်မဲကြီး၏ လွှမ်းမိုးခြင်းကိုပင်ခံနေရသည်။ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မှန်အနည်းအကျဉ်းကို သုံးသပ်ကြည့်ပါ။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်—တစ်ကမ္ဘာလုံးတွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားစေသည့် အိပ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးစွဲကပ်နေသူ ၁၇,၀၀၀,၀၀၀ ကျော်ရှိသည်။ လွန်ခဲ့သောတစ်နှစ်အတွင်း ရောဂါပိုးကူးစက်ခံရသူပေါင်း ၃,၀၀၀,၀၀၀ ခန့်ရှိရာ တစ်နေ့လျှင် ၈,၀၀၀ နှုန်းမျှဖြစ်သည်။ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသည့် ကလေးသူငယ်တစ်သန်းမကရှိသည်။ များမကြာမီ ကလေးသူငယ်များထဲမှ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးမှုများသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကလေးသူငယ်များ အသက်ရှင်ရေးကြိုးပမ်းမှုတွင် ရရှိခဲ့သည့် အောင်မြင်မှုအကျိုးအမြတ်များကို ပျက်ပြယ်သွားစေဖွယ်ရှိသည်။ အေအိုင်ဒီအက်စ်ကူးစက်ရောဂါသည် အာရှတိုက်ကဲ့သို့သော ဒေသအများအပြားတွင် ရုတ်တရက်လျင်မြန်စွာ ပြန့်ပွားလျက်ရှိသည်။ အိပ်ချ်အိုင်ဗွီဝေဒနာရှင်အားလုံးမှ ၈၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင်နေထိုင်ကြကြောင်း Aids and Development အစီရင်ခံစာကဆိုသည်။
အဆုတ်ရောဂါ (တီဘီ)—လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်အတွင်း လူတို့အများအားဖြင့် လျစ်လျူရှုခဲ့ကြသော တီဘီရောဂါသည် ပြန်လည်ခေါင်းထောင်၍ ခြောက်လန့်မှုပြုလာသည်။ နှစ်စဉ် ကမ္ဘာသူကမ္ဘာသားသုံးသန်းကို သေဆုံးစေခြင်းအားဖြင့် ကူးစက်ရောဂါများတွင် လူကိုသေဆုံးစေသည့် အဓိကရောဂါဖြစ်လာသည်။ ထိုသေဆုံးမှု ၉၈ ရာခိုင်နှုန်းကျော်မှာ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားကြသည်။ အခြေအနေကို ပို၍ဆိုးရွားစေသည့်အချက်မှာ တီဘီဘက်တီးရီးယားပိုးသည် အိပ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးနှင့်ပူးပေါင်း၍ မရဏမဟာမိတ်ဖွဲ့ကာ ဒုက္ခပေးလာခြင်းပင်ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ အရောက်တွင် အိပ်ချ်အိုင်ဗွီပိုးစွဲကပ်သူ တစ်သန်းသည် တီဘီရောဂါဖြင့် နှစ်စဉ်သေဆုံးလိမ့်မည်ဟု ခန့်မှန်းရသည်။
ကင်ဆာရောဂါ—ဖွံ့ ဖြိုးဆဲနိုင်ငံများမှ ကင်ဆာဖြစ်ပွားမှုသည် ယခုအခါတွင် ဖွံ့ ဖြိုးပြီးနိုင်ငံများမှ ဖြစ်ပွားမှုများထက်ပင် ပို၍များပြားနေသည်။
နှလုံးရောဂါ—“ကျွန်ုပ်တို့သည် ကမ္ဘာချီကျရောက်မည့် နှလုံးပတ်သွေးကြောပိတ်ရောဂါ ကပ်ဘေးကြီးနှင့် နီးစပ်နေပြီ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ အီဗန် ဂျာဖာစ်က သတိပေးလိုက်သည်။ ယခုအခါ နှလုံးရောဂါသည် စက်မှုဖွံ့ ဖြိုးပြီးနိုင်ငံများသာ ခံစားရသောရောဂါ မဟုတ်တော့ချေ။ သာဓကအနေနှင့် လက်တင်အမေရိကတွင် ကူးစက်ရောဂါများကြောင့် သေဆုံးသည့်ဦးရေနှင့်နှိုင်းယှဉ်လျှင် နှလုံးရောဂါဖြင့် သေဆုံးရသူတို့သည် နှစ်ဆသုံးဆပိုများသည်။ လာမည့်နှစ်အနည်းငယ်အတွင်း နှလုံးပတ်သွေးကြောပိတ်ရောဂါနှင့် လေသင်တုန်းရောဂါတို့သည် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် လူကိုသေစေသော အဓိကအကြောင်းတရား ဖြစ်လာပေမည်။
အပူပိုင်းဒေသရောဂါများ—“အပူပိုင်းဒေသရောဂါများသည် ထိန်းမနိုင်သိမ်းမရ ပြန့်ပွားနေပုံရသည်၊ ကာလဝမ်းရောဂါသည် အမေရိကတိုက်အထိ ပြန့်ပွားလာသည်၊ . . . ငန်းဝါအဖျားရောဂါနှင့် တုပ်ကွေးကြီးကူးစက်ရောဂါများ ခံစားရသူဦးရေမှာ ပို၍ပို၍များပြားလာသည့်အပြင် ငှက်ဖျားရောဂါနှင့်ပတ်သက်သည့်အခြေအနေမှာလည်း ယိုယွင်းလာသည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်သည်။ “ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် ကူးစက်ရောဂါတိုက်ဖျက်ရေးသည် ကပ်ဘေးကြီးတစ်ခုဖြစ်နေလေပြီ” ဟူ၍ Time မဂ္ဂဇင်းကဆို၏။ ငှက်ဖျားရောဂါသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က အမြစ်ပြတ်လုနီးပါး သုတ်သင်နိုင်ခဲ့ပြီဟု ယူဆခဲ့သော်လည်း ယခုအခါ ဤရောဂါဖြင့် သေဆုံးရသူဦးရေမှာ တစ်နှစ်တစ်နှစ်လျှင် နှစ်သန်းမျှရှိနေသည်။
ဝမ်းလျှောရောဂါ—ဖွံ့ ဖြိုးဆဲနိုင်ငံများရှိ ကလေးသူငယ်သေဆုံးမှုသည် ထိတ်လန့်ဖွယ်ကောင်းသည်။ ကူးစက်ရောဂါ သို့မဟုတ် အာဟာရချို့တဲ့မှုကြောင့် ကလေးသူငယ် ၄၀,၀၀၀ နီးပါး နေ့စဉ်သေဆုံးနေရသည်။ ဝမ်းလျှောရောဂါ တစ်မျိုးတည်းကြောင့် ရှစ်စက္ကန့် တိုင်းတွင် ကလေးတစ်ယောက်နှုန်း သေဆုံးလျက်ရှိသည်။
ကျန်းမာရေးနှင့်ဆင်းရဲမွဲတေခြင်း—ကွင်းဆက်တစ်ခု
ကျန်းမာရေးနှင့်ပတ်သက်သော ဤအခြေအနေက အဘယ်အရာကိုဖော်ပြနေသနည်း။ “ဖွံ့ ဖြိုးဆဲနိုင်ငံများသည် ထိုးနှက်မှုနှစ်မျိုးကိုခံနေရသည်။ သူတို့သည် မျက်မှောက်ခေတ်တွင်ပေါ်လာသည့် နာတာရှည်ရောဂါများကိုသာမက ကျန်ကြွင်းဆဲအပူပိုင်းဒေသရောဂါများကိုပါ ခံစားနေကြရသည်” ဟုကျန်းမာရေးကျွမ်းကျင်သူတစ်ဦးကဆိုသည်။ အဘယ်အကျိုးဆက်ဖြစ်ပေါ်သနည်း။ စိတ်အနှောင့်အယှက်ပေးသော “ပထဝီဝင်ကွာဟချက်” သည် ပို၍သိသာထင်ရှားလာသည်ဟု Achieving Health for All by the Year 2000 စာအုပ်ကဖော်ပြသည်။ သို့ဖြင့် အာဖရိကနှင့်အာရှတိုက်ရှိ နိုင်ငံပေါင်း ၄၀ ခန့်မှ ကျန်းမာရေးစောင့်ရှောက်မှုသည် “ကျန်ကမ္ဘာ့ဒေသများနှင့် ရင်ပေါင်တန်း၍ မလိုက်နိုင်ချေ။” ကျန်းမာရေးကွာဟချက်သည် ကြီးမားလှသည့်ပြင် ဆက်လက်၍လည်း ကြီးမားကျယ်ပြန့်လျက်ရှိသည်။
ဤကွာဟချက် ကြီးမားကျယ်ပြန့်နေရခြင်း၏အကြောင်းရင်း အမြောက်အမြားရှိသော်ငြားလည်း ကျန်းမာရေးချို့တဲ့ရခြင်း၏ အဓိကအကြောင်းတရားမှာ “ဆင်းရဲမွဲတေခြင်း” ပင်ဖြစ်ကြောင်း World Health မဂ္ဂဇင်းကဆိုသည်။ (သု. ၁၀:၁၅ နှိုင်းယှဉ်။) ဆင်းရဲမွဲတေခြင်းကြောင့် လူတို့သည် များသောအားဖြင့် မပြည့်မစုံချို့ငဲ့သည့်အိုးအိမ်မျိုး၌ နေထိုင်ကြရသည်။ ထိုသို့သောနေရာမျိုး၌ အများအားဖြင့် ကျန်းမာသန့်ရှင်းခြင်းမရှိ၊ အန္တရာယ်ကင်းသောရေ အလုံအလောက်မရှိသည့်ပြင် ပြွတ်သိပ်ကျပ်တည်းစွာဖြင့် နေထိုင်ကြရသည်။ ဤအချက်သုံးချက်က ကျန်းမာရေးကို အဟန့်အတားပြုရုံမက ရောဂါပြန့်ပွားရန်ပါ အားပေးသည်။ ၎င်းပြင် အာဟာရချို့တဲ့မှုလည်းရှိသေးသည်။ အာဟာရချို့တဲ့မှုသည် ဖျားနာမှုကိုတွန်းလှန်သည့် ကိုယ်ခံအားကို ချည့်နဲ့စေတတ်သဖြင့် ခြက သစ်သားကိုဖျက်ဆီးသည့်နည်းတူ ဆင်းရဲမွဲတေခြင်းက ကျန်းမာရေးကို ပျက်စီးယိုယွင်းစေတတ်သည်ကို သင်သဘောပေါက်နိုင်ပေသည်။
သေစေတတ်သောရောဂါများက လူနေအိမ်ခြေရပ်ကွက်များကို ကူးစက်သည့်အခါ၊ ကိုယ်ခန္ဓာကို မသန်မစွမ်းဖြစ်စေသည့်အခါ၊ ကလေးသူငယ်များကို သေဆုံးစေသည့်အခါ၌ ဆင်းရဲသားများသည် အထိအနာဆုံးဖြစ်ကြသည်။ သာဓကအချို့ကို မှတ်သားပါ။ တောင်အာဖရိကနိုင်ငံ၏ ဆင်းရဲသားရပ်ကွက်များ၌ အဆုတ်ရောဂါဖြစ်ပွားမှုသည် ထိုနိုင်ငံ၏ ဝင်ငွေမြင့်မားသောဒေသများမှ ဖြစ်ပွားမှုထက် အဆတစ်ရာမြင့်မားသည်။ ဘရာဇီးနိုင်ငံ၏ ဆင်းရဲမွဲတေသောအရပ်ဒေသများ၌ နမိုးနီးယားအဆုတ်ရောင်ရောဂါနှင့် တုပ်ကွေးရောဂါတို့ဖြင့် သေဆုံးရသူတို့သည် နယ်ချင်းစပ်ချမ်းသာသောအိမ်နီးချင်းများထက် ခြောက်ဆပိုများသည်။ အိန္ဒိယနိုင်ငံတွင် ဆင်းရဲသောမိသားစုများမှ ကလေးသူငယ်သေဆုံးသည့်ဦးရေမှာ အချမ်းသာဆုံးမိသားစုများမှာထက် ဆယ်ဆမြင့်မားသည်။ ‘ဆင်းရဲမွဲတေခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်သည်!’ ဟူသောရင်နင့်ဖွယ်ရာ အမှန်တရားသည် သိသာထင်ရှားလှသည်။
ကမ္ဘာတစ်ဝန်းမှ ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ကြသော ပြည်သူသန်းပေါင်း တစ်ထောင်ကျော်တို့သည် စိတ်ပျက်လက်ပျက်မျှော်ကိုးရာမဲ့ ဖြစ်နေကြသည်မှာ အဆန်းမဟုတ်ပါ။ ဆင်းရဲမွဲတေခြင်း၏ အခြေခံအကြောင်းတရားများကို သူတို့ထိန်းချုပ်နိုင်စွမ်းမရှိသည့်ပြင် ဖျားနာမှု၏နှိပ်စက်မှုကိုလည်း အလူးအလိမ့်ခံစားရကြသည်။ ဆင်းရဲမွဲတေခြင်းဒဏ်ကို သင်ခံစားနေရပါက သင်လည်း မျှော်လင့်ချက်ကင်းမဲ့နေပေမည်။ အဘယ်ကြောင့်ဆိုသော် အလွန်စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် ကျန်းမာရေးနှင့်မညီညွတ်သောအခြေအနေမှ ရုန်းမထွက်နိုင်သောကြောင့်တည်း။ သို့သော် သင်သည် ဆင်းရဲသူဖြစ်ဖြစ်မဖြစ်ဖြစ် သင်နှင့်သင့်ကလေးများ၏ကျန်းမာရေးကိုကာကွယ်ရန် လုပ်ဆောင်နိုင်သည့်အရာအချို့ရှိသည်။ ယင်းတို့ကား အဘယ်နည်း။ နောက်ဆောင်းပါးက အကြံပြုချက်ပေးထားပါသည်။