“ကန်ကူ” လေဆိပ်—မြင်ရသော်လည်း အသံမကြားရ
ဂျပန်နိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
လေယာဉ်ဖြင့် ကန်ဆိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချဉ်းကပ်လာသည့်အခါ အင်္ဂလိပ်ဘာသာဖြင့် “Kansai” ဟူသောအမှတ်သင်္ကေတဖော်ပြထားသော ကျွန်းတစ်ကျွန်းကို သင်တွေ့ရပေမည်။a ၎င်းဂျပန်ပိုင်ကျွန်းသည် အိုဆာကာပင်လယ်အော်ကမ်းခြေမှ သုံးမိုင်ခန့်အကွာတွင်တည်ရှိသည်။ လေဆိပ်နှင့် လေဆိပ်ဆိုင်ရာ အဆောက်အအုံများမှလွဲ၍ အခြားအဘယ်အရာမျှမတွေ့ရပေ။ စင်စစ်အားဖြင့် ၎င်းကျွန်းသည် လေဆိပ်အဖြစ်အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့သော၎င်းလေဆိပ်ကို ကန်ဆိုင် ကိုကူဆိုင် ကူကို (Kansai Kokusai Kuko) ဟူသောဂျပန်အမည်မှအတိုချုံး၍ ကန်ကူဟုခေါ်ခြင်းဖြစ်သည်။
လေဆိပ်ကျွန်းနှင့်ပြည်မကို ၂ ဒဿမ ၃ မိုင်ရှည်လျားသည့် အမြန်မောင်းလမ်းမကြီးပါရှိသောတံတားတစ်ခုဖြင့် ဆက်သွယ်ထားသောကြောင့် ကုန်းလမ်းနှင့်ရထားလမ်းတို့ဖြင့် သွားရောက်နိုင်သည်။ သင်္ဘောနှင့်ကူးတို့သင်္ဘောများ ဆိုက်ကပ်နိုင်သည့်ဆိပ်ခံများလည်း တည်ဆောက်ထားသည်။ သို့သော် လေဆိပ်တစ်ခုအတွက် ကျွန်းအသစ်တစ်ကျွန်းကို အဘယ်ကြောင့်တည်ဆောက်ရသနည်း။
အသံမကြားရသောလေဆိပ်
ကန်ဆိုင်ဒေသသို့ ကမ္ဘာလှည့်ခရီးသည်နှင့် ပြည်တွင်းဧည့်သည်အရေအတွက် တိုးများလာခြင်းကြောင့် အိုဆာကာအပြည်ပြည်ဆိုင်ရာလေဆိပ် အနီးတစ်ဝိုက်ရှိ လူနေရပ်ကွက်များအပေါ် မြည်ဟီးသံဟိန်းထွက်သည့် လေယာဉ်ပျံအစင်းရေတိုးပွားလာစေသည်။ ထိုဒေသတွင်နေထိုင်ကြသောပြည်သူတို့ နှောင့်ယှက်ဆူညံသံများမှသက်သာမှုရရှိရေးအတွက် ည ၉:၀၀ နာရီမှ နံနက် ၇:၀၀ အတွင်း လေယာဉ်အတက်အဆင်းမပြုလုပ်ရန် သတ်မှတ်ထားသည်။ ၁၉၇၄ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာလေကြောင်းပျံသန်းမှု တိုးချဲ့ခြင်းကိုပိတ်ပင်ခဲ့သည်။ သို့ဖြင့် တိုးများလာသည့်ခရီးသည်ဦးရေနှင့် ကုန်စည်များကိုကိုင်တွယ်နိုင်သည့် ပြည်မမှအသံမကြားရသောလေဆိပ်တစ်ခု အရေးပေါ်လိုအပ်လာရလေသည်။
အသံဆူညံနှောင့်ယှက်ခြင်းမရှိဘဲနှင့် နှစ်ဆယ့်လေးနာရီပတ်လုံး အသုံးပြုနိုင်သည့် လေဆိပ်တည်ဆောက်ရေးလုပ်ငန်းသည် စီမံကိန်းတွင်ပါဝင်ပတ်သက်သူများအဖို့ ကြီးမားသောစိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ တစ်ခုတည်းသောဖြေရှင်းနည်းမှာ လူတို့နေထိုင်သည့်နေရာနှင့် ဝေးလံသောနေရာတွင် ကျွန်းတစ်ကျွန်းတည်ဆောက်ပြီး လေဆိပ်ဖန်တီးယူရန်သာဖြစ်သည်။ ဧရာမစီမံကိန်းပင်တည်း!
နိုင်ငံတော်အစိုးရနှင့် ဒေသန္တရအစိုးရတို့သည် ဒေသန္တရစီးပွားရေးလောကနှင့်ပူးပေါင်းကာ ဒေါ်လာ ၁၅ ဘီလီယံကုန်ကျမည့် ၎င်းစီမံကိန်းအတွက် အရင်းအနှီးမတည်ပြီး လေဆိပ်အသစ်တစ်ခုတည်ဆောက်၍ စီမံကွပ်ကဲရန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ထူထောင်လိုက်သည်။ ကန်ဆိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ မစ္စတာ ကေဆူကီး ကီမူရာက “ပုဂ္ဂလိကကုမ္ပဏီဖြစ်သဖြင့် ကျွန်းတစ်ကျွန်းတည်ဆောက်ရာ၌ အချိန်များစွာမပေးနိုင်ပါ။ လုပ်ငန်းကိုတက်သုတ်ရိုက်လုပ်ကိုင်ခဲ့ရသည်” ဟုနိုးလော့! သတင်းထောက်အား ပြောပြသည်။
“ကျွန်းတည်ဆောက်ခြင်း”
ကမ်းရိုးတန်းတစ်လျှောက် မြေယာဖော်ထုတ်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်သည်။ ကမ်းရိုးတန်းမှသုံးမိုင်အကွာ၌ ကျွန်းတစ်ကျွန်းတည်ဆောက်ခြင်းသည် သာ၍ပင်ခက်ခဲလှသည်။ ၁,၂၆၀ ဧကကျယ်ဝန်းသော လေဆိပ်ကျွန်းတစ်ကျွန်းတစ်ဆောက်နိုင်ရန် ၆ ဒသမ ၄ ဘီလီယံကုဗပေရှိသော သဲနှင့်မြေကြီးကိုဖို့ယူရသည်။ “ဤပမာဏသည် ဘုရင်ခူဖူတည်ဆောက်ခဲ့သည့် အကြီးမားဆုံးပစ်ရမစ်အလုံးပေါင်း ၇၃ လုံးစာနှင့်ညီမျှသည်” ဟုမစ္စတာ ကီမူရာကရှင်းပြသည်။
ပျမ်းမျှပေ ၆၀ အနက်ရှိ ပင်လယ်ကြမ်းပြင်ပေါ်တွင် နုန်းမြေတစ်လွှာတည်ရှိသည်။ ၎င်းအလွှာမှရေကိုစစ်ထုတ်ရသည်။ “အချင်းစင်တီမီတာ ၄၀ [၁၆ လက်မ] ရှိသော သဲပိုင်တိုင် [sand piles] ပေါင်းတစ်သန်းကို ရေစစ်ထုတ်ရန်နှင့် အခြေခံအုတ်မြစ်ကို ခိုင်မာတောင့်တင်းစေရန် ထိုအလွှာအတွင်းသို့ ရိုက်သွင်းခဲ့ရသည်။ ဖို့ချသည့်မြေကြီး၏အလေးချိန်ကြောင့် ထု ၂၀-မီတာ [၆၆ ပေ] ရှိသော ထိုနုန်းမြေအလွှာမှရေများ ဖိညှစ်ခံရပြီးစိမ့်ထွက်သွားရာ နုန်းမြေလွှာ၏ထုသည် ၁၄ မီတာ [၄၆ ပေ] အထိကျုံ့သွားသည်” ဟုမြေသယ်မြေဖို့စီမံကိန်းတာဝန်ခံဖြစ်သူ ကေနီချီရို မီနားမိက ရှင်းပြသည်။ “ကျွန်တော်တို့အထူးစိုးရိမ်သည့်အရာမှာ အောက်ခံမြေလွှာမညီမညာ အနည်ထိုင်တည်ရှိခြင်းပင်ဖြစ်သည်။ ညီညီညာညာအနည်ထိုင်တည်ရှိရေးအတွက် မြေကြီးဖို့ရမည့်နေရာများကို တိတိကျကျသိရှိနိုင်ရန် ကွန်ပျူတာများဖြင့် တွက်ချက်ခဲ့ရပါသည်။”
ဖို့ရသည့်မြေကြီးအထုအထည်သည် ပေပေါင်း ၁၁၀ ရှိသဖြင့် အထပ် ၁၀ ထပ်ရှိသော အဆောက်အဦတမျှရှိသည်။ သို့သော် ဖို့ချသည့်မြေကြီး၏အလေးချိန်ကြောင့် ပင်လယ်ကြမ်းပြင်သည် နိမ့်ဆင်းသွားရာ ဆက်၍လည်းနိမ့်ဆင်းလျက်ရှိသည်။ လာမည့်အနှစ် ၅၀ အတွင်း ပင်လယ်ကြမ်းပြင်သည် နောက်ထပ် ငါးပေနိမ့်ဆင်းသွားမည်ဟု ခန့်မှန်းထားသဖြင့် ကျွန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ဆယ်ပေသာကျန်ရှိတော့မည်။
ကျွန်းတစ်ကျွန်းလုံးတည်ဆောက်၍မပြီးစီးမီ ၁၉၉၁ ခုနှစ်မှစ၍ ခရီးသည်ဆိုင်ရာလေဆိပ်အဆောက်အဦနှင့် လေကြောင်းထိန်းမျှော်စင်တို့ကို စတင်တည်ဆောက်ခဲ့သည်။ ခုနစ်နှစ်ကျော် ခက်ခဲပင်ပန်းစွာလုပ်ကိုင်ပြီးနောက် ကျွန်း၊ လေဆိပ်နှင့် သက်ဆိုင်ရာအဆောက်အဦအားလုံး တည်ဆောက်ပြီးစီးလေသည်။
ကြီးမားသော်လည်း ကျစ်လစ်သိပ်သည်း
ဤလေဆိပ်သို့ရောက်လာသည့်ခရီးသည်များသည် မမျှော်လင့်သောကြည်နူးဖွယ်လေးနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ “ဝန်စည်စလယ်တွေရွေးတဲ့နေရာကို ကျွန်တော်တို့ရောက်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ အဝတ်သေတ္တာတွေက ရောက်နှင့်နေပြီ” ဟူ၍ အမေရိကန်ပြည်ထောင်စုမှ ခရီးသည်တစ်ဦးကဆိုသည်။ ဤကဲ့သို့ ချောမောပြေပြစ်ရခြင်းအကြောင်းမှာ အဘယ်နည်း။ “လေဆိပ်အဆောက်အဦသည် ကြီးမားသော်လည်း ကျစ်လစ်သိပ်သည်းသည်။ ခရီးသည်များသည် ပုံမှန်ဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ တွေ့ကြုံနေကျဝင်္ကဘာတွေကို ဖြတ်သွားစရာမလိုဘူး” ဟုပင်မလေဆိပ်အဆောက်အဦကို တာဝန်ယူရသူ မစ္စတာ ကာဇူဟီတို အရာအိုကဆိုသည်။
ခရီးသည်ဆိုင်ရာလေဆိပ်အဆောက်အဦသည် ရိုးရိုးလေးနှင့် တစ်မူထူးခြားစွာတည်ဆောက်ထားသည်။ ခရီးသည်များ မလိုအပ်ဘဲသွားလာလှုပ်ရှားစရာမလိုအောင် ပင်မအဆောက်အဦကို ဒီဇိုင်းပုံစံထုတ်ထားသည်။ ပြည်တွင်းခရီးသည်များအနေဖြင့် ရထားဘူတာမှ လက်မှတ်ပြ၍ဝန်စည်စလယ်အပ်နှံသည့်ကောင်တာသို့ တန်းတန်းမတ်မတ်သွားရောက်နိုင်ပြီး ထိုမှတစ်ဆင့် မည်သည့်လှေကားမျှတက်ဆင်းစရာမလိုဘဲ လေယာဉ်ပေါ်တက်မည့်ဂိတ်ပေါက်သို့ ဆက်သွားနိုင်သည်။
လက်မှတ်ပြ၍ ဝန်စည်စလယ်အပ်နှံသည့်ကောင်တာများ၊ လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် အကောက်ခွန်ဌာနများတည်ရှိရာ ပင်မအဆောက်အဦ၏ တောင်နှင့်မြောက်ဘက်ရှိ ပေပေါင်း ၂,၃၀၀ စီရှိသည့်တိုးချဲ့အဆောက်အဦနှစ်ခုက လေယာဉ်ပေါ်တက်သည့်ဂိတ် ၃၃ ခုနှင့်ဆက်သွယ်ထားသည်။ ပင်မအဆောက်အဦနှင့်အလှမ်းဝေးသည့်ဂိတ်များကို အသုံးပြုရသောခရီးသည်များသည် တိုးချဲ့ဆောင်လွန်းပျံယာဉ် (Wing Shuttle) ခေါ်အလိုအလျောက်ပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ကြသည်။ ခရီးသည်များအား လွန်းပျံယာဉ်စောင့်ရချိန်အပါအဝင် ငါးမိနစ်အတွင်း လိုရာဂိတ်သို့အရောက်ပို့ဆောင်ပေးနိုင်သည်။
လေ့လာကြည့်ရှုနိုင်သောလေဆိပ်
“ပင်လယ်ပြင်ထဲမှာ ထီးထီးကြီးတည်ရှိနေတဲ့လေဆိပ်ဖြစ်လို့ ဘာမှအတားအဆီးမရှိဘူး” ဟု မစ္စတာ အရာအိုကဆိုသည်။ “မှန်ပါတယ်၊ ဒီလေဆိပ်ဟာ လေယာဉ်ဆင်းရတာသိပ်လွယ်ကူတယ်လို့ လေယာဉ်မှူးတွေပြောတာကို ကျွန်တော်ကြားရတယ်” ဟူ၍ မစ္စတာ ကီမူရာကလည်း သဘောတူထောက်ခံသည်။
လေဆိပ်၏ပုံသဏ္ဌာန်ကို အခြားသူတို့ကလည်း အထူးနှစ်သက်ကြသည်။ လေယာဉ်တောင်ပံပုံစံရှိသည့် ပင်မလေဆိပ်အဆောက်အဦကြီး၏ ခေတ်မီဆန်းပြားသောဒီဇိုင်းကလည်း ကမ္ဘာလှည့်ခရီးသည်အမြောက်အမြားကို ကန်ကူလေဆိပ်သို့လာရောက်ရန် ဆွဲဆောင်သည်။ ကမ္ဘာလှည့်ခရီးသည်တို့သည် တစ်မူထူးခြားသည့် ကျွန်းပေါ်ရှိလေဆိပ်၌ လေယာဉ်ပျံအတက်အဆင်းကိုကြည့်ရှုရသည်ကို နှစ်သက်ကြည်နူးကြသည်။ “လေဆိပ်ကိုရောက်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ထိန်းသိမ်းရေးဗဟိုဌာနရဲ့အမိုးပေါ်မှာ လေ့လာရေးအထပ်တစ်ထပ်ကို သပ်သပ်တည်ဆောက်ခဲ့ရတယ်။ အစတုန်းက ဒီလိုဆောက်ဖို့အစီအစဉ်မရှိခဲ့ဘူး” ဟု မစ္စတာ ကီမူရာကပြောပြသည်။ လေဆိပ်ကိုလေ့လာကြည့်ရှုရန်သက်သက်ဖြင့် နေ့စဉ်ပျမ်းမျှလူပေါင်း ၃၀,၀၀၀ ခန့်လာရောက်လည်ပတ်ကြသည်။
ဂျပန်နိုင်ငံ၊ ကန်ဆိုင်ဒေသသို့ အလည်လာရောက်ပါက ကန်ကူလေဆိပ်သို့ လေယာဉ်ဖြင့်လာပါ၊ သို့မဟုတ် ကန်ကူလေဆိပ်မှတစ်ဆင့် လေယာဉ်ဖြင့်ထွက်ခွာပါလေ။ ကန်ကူလေဆိပ်သည် ပတ်ဝန်းကျင်နေပြည်သူများ မြင်နိုင်သော်လည်း အသံကိုမကြားရသည့်လေဆိပ်ဖြစ်ပေသည်။
[အောက်ခြေမှတ်ချက်]
a ကန်ဆိုင်ဆိုသည်မှာ စီးပွားရေးမြို့ကြီးများဖြစ်ကြသော အိုဆာကာမြို့နှင့်ကိုဘေးမြို့၊ သမိုင်းဝင်မြို့ကြီးများဖြစ်ကြသော ကျိုတိုမြို့နှင့်နာရာမြို့များတည်ရှိရာ ဂျပန်နိုင်ငံအနောက်ပိုင်းဒေသ တစ်ခုလုံးကိုခေါ်သည်။ ကိုကူဆိုင် ကူကို ၏အဓိပ္ပာယ်မှ “အပြည်ပြည်ဆိုင်ရာလေဆိပ်” ဖြစ်သည်။
[Picture Credit Line on page 21]
Kansai International Airport Co., Ltd.