ကွန်မြူနစ်တိုင်းပြည်တွင် ဘုရားသခင်ကိုယုံကြည်ခြင်းစိုးမိုး
အော်ဒရေကာ့ဒ်လက်စ်ပြောပြသည်
၁၉၆၆ နွေရာသီအတွင်း ကျွန်တော်သည် မွေးရပ်ဖြစ်သော—ချက်ကိုစလိုဗေးကီးယားနိုင်ငံ၊ ပရာ့ဂ်မြို့အားလှည့်လည်ကြည့်ရှုခြင်းကို ဦးဆောင်ခဲ့ပါတယ်။ အသစ်တွေ့ရှိထားတဲ့ယုံကြည်ခြင်းအပေါ်ထက်သန်မှုက မြို့တော်ရဲ့ခန့်ညားထယ်ဝါတဲ့ချာ့ချ်နဲ့ ဘုရားကျောင်းတွေကို အဖွဲ့အားပြရင်း ဘုရားသခင်အကြောင်းပြောခဲ့ပါတယ်။
“မင်း ယေဟောဝါသက်သေလား” လို့အမေရိကန်စီးပွားရေးပါမောက္ခတစ်ဦးက မေးပါတယ်။
“မဟုတ်ပါဘူး” လို့ကျွန်တော်ဖြေလိုက်တယ်။ “ယေဟောဝါသက်သေတွေဆိုတာ ကျွန်တော်တစ်ခါမှမကြားဖူးဘူး။ ကျွန်တော် ရိုမန်ကက်သလစ်တစ်ဦးပါ။”
ဘုရားသခင်ကိုယုံကြည်သူတစ်ဦးဖြစ်လာ
ပညာရေး၊ နိုင်ငံရေး၊ ဆေးပညာနယ်ပယ်တို့မှာ ကျော်ကြားတဲ့မိဘများမှ ကျွန်တော့်ကိုမွေးခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာကျွန်တော်မွေးပြီးမကြာမီ ဒုတိယကမ္ဘာစစ်ပြီးနောက်တစ်နှစ်မှာ ကျွန်တော့်အဖေဟာ ကွန်မြူနစ်ဝါဒီတစ်ဦးဖြစ်လာပါတယ်။ အမှန်ပါပဲ၊ သူဟာ ကွန်မြူနစ်ဝါဒပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို တွဲဖက်တည်ထောင်သူဖြစ်ခဲ့ပြီး ၁၉၆၆ မှာ ပရာ့ဂ်မြို့မှာရှိတဲ့စီးပွားရေးတက္ကသိုလ်ရဲ့အဓိပတိ ဖြစ်လာပါတယ်။ နောက်နှစ်အနည်းငယ်အကြာ ကွန်မြူနစ်နဲ့ဘုရားမဲ့နိုင်ငံဖြစ်နေစဉ်မှာ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပါတယ်။
အမေဟာ အသေးအဖွဲကအစရိုးသားပြီး ပင်ကိုစွမ်းရည်ရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဟာ မျက်စိခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ အတော်ဆုံးလို့နာမည်ရထားပါတယ်။ ဒါပေမဲ့ သူဟာ ဆင်းရဲနွမ်းပါးသူတွေကို အခမယူဘဲကုသပေးတယ်။ သူဒီလိုပြောလေ့ရှိတယ်– “လူတစ်ဦးမှာရရှိထားတဲ့ ဘယ်လိုပင်ကိုစွမ်းရည်ကိုမဆို တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးအတွက် အသုံးချရမယ်။” ကျွန်တော့်ကိုမွေးတဲ့အခါ သားဖွားခွင့်တောင်မယူဘဲ သူ့ဆေးခန်းမှာပဲမွေးခဲ့ပါတယ်။
ကျွန်တော့်ကို ပညာရှင်အဖြစ်ထူးချွန်ဖို့ မျှော်လင့်ကြတယ်။ အဖေကဒီလိုမေးတတ်တယ်– “မင်းထက်သာနေသူများရှိသလား။” ထူးချွန်မှုအတွက် ပညာသင်ဆုများဆွတ်ခူးလေ့ရှိတာကြောင့် အပြိုင်အဆိုင်လုပ်ရတာကို ပျော်မွေ့ခဲ့တယ်။ ရုရှား၊ အင်္ဂလိပ်၊ ဂျာမန်ဘာသာစကားတွေကိုသင်ယူပြီး ကွန်မြူနစ်နိုင်ငံနဲ့အခြားနိုင်ငံတွေဆီ နေရာအနှံ့ခရီးဆန့်ခဲ့တယ်။ ဘာသာရေးအယူအဆတွေကို ယုတ္တိမရှိတဲ့အယူသီးမှုအဖြစ် ချေပပြောဆိုရတာ ကျွန်တော်သိပ်ပျော်တယ်။ ကျွန်တော်ဟာ ဘုရားမဲ့ဝါဒကို လုံးလုံးလက်ခံယုံကြည်ထား . . . တယ်။
ကျွန်တော် ၂၁ နှစ်သာရှိသေးတဲ့ ၁၉၆၅ မှာ သွားခဲ့ရတဲ့အင်္ဂလန်ခရီးစဉ်က ကျွန်တော့်ကိုအလွန်အကျိုးပြုခဲ့တယ်။ ခိုင်မာတဲ့ယုံကြည်ချက်ရှိပြီး ကျိုးကြောင်းညီညွတ်မှုနဲ့ ဘုရားသခင်အပေါ်သူတို့ရဲ့ယုံကြည်ခြင်းကို ခုခံကာကွယ်သူများနဲ့ တွေ့ခဲ့ရတယ်။ ပရာ့ဂ်မြို့ကိုပြန်ပြီးနောက် ရိုမန်ကက်သလစ်အသိတစ်ဦးက ဒီလိုအကြံပြုခဲ့တယ်– “ခရစ်ယာန်ဘာသာအကြောင်းမဖတ်နဲ့။ ကျမ်းစာကိုဖတ်။” အဲ့ဒီအတိုင်းကျွန်တော်လုပ်ခဲ့တယ်။ အပြီးဖတ်ဖို့ သုံးလအချိန်ယူရတယ်။
ကျွန်တော့်ကိုစွဲမှတ်သွားစေတဲ့အရာကတော့ သတင်းတရားကို ကျမ်းစာရေးသူများဖော်ပြတဲ့နည်းပဲဖြစ်တယ်။ သူတို့ဟာ ပွင့်လင်းပြီး ကိုယ့်ကိုယ်ကိုပြန်ဝေဖန်ကြတယ်။ ခမ်းနားထည်ဝါတဲ့အနာဂတ်ကို တစ်ဆူတည်းသောဘုရားသခင်သာလျှင် အကောင်အထည်ဖော်ပြီးစီမံပေးနိုင်တယ်လို့ သူတို့ပြောပြတဲ့အကြောင်းကို ကျွန်တော်ယုံလာတယ်။
လပေါင်းများစွာ တစ်ဦးတည်းကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်မှုပြုပြီးနောက် အဖေနဲ့သူငယ်ချင်းတွေကို ရင်ဆိုင်ဖို့အသင့်ဖြစ်ပြီလို့ယူဆခဲ့တယ်။ အသစ်တွေ့ထားတဲ့ယုံကြည်ခြင်းကို သူတို့ငြင်းဆိုကြမယ်ဆိုတာ ကျွန်တော်သိတယ်။ အဲ့ဒီနောက် ကျွန်တော်ဟာ [ခရစ်ယာန်သာသနာ]သွင်းဖို့အားသန်သူတစ်ဦးဖြစ်လာတယ်။ အစပိုင်းမှအမေရိကန်ပါမောက္ခလို—ကျွန်တော့်အနားမှာရှိတဲ့ဘယ်သူမဆို ကျွန်တော့်ရဲ့[ခရစ်ယာန်သာသနာ]သွတ်သွင်းတာရင်ဆိုင်ကြရတယ်။ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို လူတိုင်းသိအောင်ဆိုပြီး အိပ်ရာအပေါ်ဘက်နံရံမှာ ခရစ်တော်ပုံပါတဲ့လက်ဝါးကားတိုင်ကိုတောင် ချိတ်ဆွဲထားတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ အဖေ့လိုဘဲ ကွန်မြူနစ်ဝါဒနှစ်သက်သူတစ်ဦးဖြစ်လို့ ခရစ်ယာန်တစ်ဦးဖြစ်မလာနိုင်အောင် အမေကကန့်ကွက်ပါတယ်။ ဒါပေမဲ့ အလျှော့မပေးခဲ့ပါဘူး။ ကျမ်းစာကို ဒုတိယနဲ့တတိယအကြိမ်ဖတ်ခဲ့တယ်။ အဲ့ဒီအခါ နောက်ထပ်တိုးတက်ဖို့ လမ်းပြညွှန်ကြားမှုလိုတယ်ဆိုတာ သဘောပေါက်လာတယ်။
ကျွန်တော့်ရဲ့စူးစမ်းရှာဖွေမှုဆုချခံရ
. . . ချာ့ချ်နဲ့ ကျွန်တော်ဆက်သွယ်ခဲ့ပါတယ်။ ငယ်ရွယ်တဲ့ဓမ္မဆရာတစ်ဦးရဲ့အဓိကအာရုံစိုက်ရာကတော့ ကျွန်တော့်ကို ချာ့ချ်ရဲ့အယူဝါဒတွေသင်ပေးဖို့ပါပဲ၊ အဲ့ဒါတွေကို ကျွန်တော်လုံးလုံးလက်ခံခဲ့တယ်။ အဲ့ဒီနောက် ၁၉၆၆—မှာကျွန်တော်နှစ်ခြင်းခံလိုက်တယ်—အဲ့ဒါက အဖေ့ကိုအရှက်ရသွားစေတယ်။ ရေဖျန်းမင်္ဂလာပေးပြီးနောက် ဓမ္မဆရာက ကျွန်တော်ကျမ်းစာဖတ်တာကိုအကြံပေးတယ်၊ ဒါပေမဲ့သူဒီလိုထပ်ပြောတယ်– “ပုပ်ရဟန်းမင်းကြီးက ဆင့်ကဲသီအိုရီကို လက်ခံပြီးသားပဲ၊ စိုးရိမ်မနေပါနဲ့; အသုံးမဝင်တဲ့အပိုင်းတွေကို ဖယ်ပစ်ရလိမ့်မယ်။” ကျွန်တော့်ယုံကြည်ခြင်းကို အထောက်အကူပေးတဲ့စာအုပ်ကို သံသယရှိရမယ်ဆိုလို့ ကျွန်တော်တုန်လှုပ်သွားရပါတယ်။
ဤအချိန်အတွင်း ၁၉၆၆ ၏ဆောင်းဦးရာသီမှာ ကျွန်တော်ဟာ ကက်သလစ်မိသားစုတစ်ခုမှသူငယ်ချင်းတစ်ဦးနဲ့စကားပြောပြီး ကျွန်တော်ရဲ့ယုံကြည်ချက်ကိုဝေမျှလိုက်တယ်။ သူလည်း ကျမ်းစာနဲ့အကျွမ်းတဝင်ရှိပြီး အာမဂေဒုန်အကြောင်း ကျွန်တော့်ကိုပြောပြတယ်။ (ဗျာဒိတ် ၁၆:၁၆) အစောပိုင်းကဖော်ပြခဲ့တဲ့ ကျွန်တော်ဦးဆောင်ပြီး လှည့်လည်ကြည့်ရှုခြင်းမပြုမီ လအနည်းငယ်လောက်မှာ ဦးဆုံးကြားခဲ့ရတဲ့ ယေဟောဝါသက်သေတွေနဲ့ သူဆက်သွယ်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့တန်ခိုးသြဇာရှိပြီး ချမ်းသာကြွယ်ဝမှု၊ လူဦးရေများတဲ့ . . . ချာ့ချ်နဲ့နှိုင်းယှဉ်လိုက်ရင် သူ့ရဲ့အသင်းက မဖြစ်စလောက်ပဲလို့ ယူဆခဲ့တယ်။
နောက်ထပ်ဆွေးနွေးစဉ်အတွင်း အရေးကြီးတဲ့အကြောင်းသုံးခုကို သုံးသပ်ခဲ့တယ်။ ပထမ၊ ရိုမန်ကက်သလစ်ချာ့ချ်ဟာ ပထမရာစုခရစ်ယာန်ဘာသာရဲ့နောက်ဆက်ခံဟုတ်သလား။ ဒုတိယ၊ လုံးလုံးအခွင့်အာဏာရှိသူအဖြစ် ယူမှတ်သင့်တာဘာလဲ—ကျွန်တော်ရဲ့ချာ့ချ်လား ဒါမှမဟုတ် သမ္မာကျမ်းစာလား။ တတိယ၊ ဘယ်အရာကမှန်သလဲ၊ ကျမ်းစာရဲ့ဖန်ဆင်းခြင်းမှတ်တမ်းလား ဒါမှမဟုတ် ဆင့်ကဲသီအိုရီလား။
ကျွန်တော်တို့နှစ်ဦးစလုံးရဲ့ယုံကြည်ချက်အရင်းခံဟာ သမ္မာကျမ်းစာဖြစ်တာကြောင့် . . . ချာ့ချ်ရဲ့သွန်သင်ချက်များဟာ ကနဦးခရစ်ယာန်ဘာသာနဲ့အလွန်ကွာခြားနေတာကို ကျွန်တော်လက်ခံလာစေဖို့ ကျွန်တော့်သူငယ်ချင်းမှာ ပြဿနာမရှိခဲ့ပါဘူး။ ဥပမာအနေနဲ့ ထင်ရှားတဲ့ချာ့ချ်သွန်သင်ချက်ဖြစ်တဲ့သုံးပါးတစ်ဆူအယူဟာ ယေရှုခရစ်နဲ့တမန်တော်များရဲ့ သွန်သင်ချက်အပေါ်အခြေမခံကြောင်း ကက်သလစ်စာပေများကတောင် အသိအမှတ်ပြုတာကို သိလာရတယ်။
အဲ့ဒါက ကျွန်တော်တို့ကို လုံးလုံးအခွင့်အာဏာရှိသူအဖြစ် ယူမှတ်သင့်ရာနဲ့ ဆက်စပ်တဲ့မေးခွန်းကိုပေါ်ပေါက်စေခဲ့တယ်။ စိန့် ဩဂတ်စ်တင်းရဲ့ကိုးကားချက်ကို ကျွန်တော်ထောက်ပြတယ်– “ရော်မာ လိုကူတာ အက်စ်တ်; ကောစာ ဖီနီတာ အက်စ်တ်၊” ဆိုလိုတာက “ရိုမန်ကက်သလစ်ချာ့ချ်က ဆုံးဖြတ်ချက်ချသည်; ကိစ္စကို ပြီးပြတ်စေသည်” ဟူ၍ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာဟာ ကျွန်တော်တို့ရဲ့ အခွင့်အာဏာအရှိဆုံးဖြစ်သင့်တယ်လို့ ယူမှတ်ပါတယ်။ တမန်တော်ပေါလုရဲ့စကားတွေကို ကျွန်တော်သဘောတူခဲ့တယ်– “လူခပ်သိမ်းတို့သည် သစ္စာမတည်သော်လည်း ဘုရားသခင်၏သစ္စာတော်တည်စေသတည်း။”—ရောမ ၃:၄၊ ကဘ။
နောက်ဆုံးမှာ၊ ကျွန်တော့်သူငယ်ချင်းက ကမ္ဘာသစ်နှင့်ဆန့်ကျင်ဘက်ဆင့်ကဲဟူ၍ခေါင်းစဉ်တပ်ထားတဲ့ နွမ်းနေသောလက်နှိပ်စက်စာမူကို ကျွန်တော့်ကိုပေးတယ်။ ၁၉၄၀ ပြည့်လွန်နှစ်နောက်ပိုင်းများဖြစ်တဲ့ ချက်ကိုစလိုဗေးကီးယားမှာ ယေဟောဝါသက်သေတွေကိုပိတ်ပင်ထားလို့ စာအုပ်တွေကိုမိတ္တူပြုလုပ်ရပြီး အဲ့ဒါကိုရရှိသူတို့ဟာ သတိဝီရိယထားကြရတယ်။ အဲ့ဒီစာအုပ်ငယ်ကိုဖတ်တဲ့အခါ သမ္မာတရားပါရှိကြောင်းသိရတယ်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်နဲ့ကျမ်းစာသင်အံမှုစလိုက်တယ်။ တစ်ကြိမ်မှာ ကျွန်တော့်ကို ကျမ်းစာသင်အံမှုအတွက်အကူအညီဖြစ်တဲ့ “ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း” စာအုပ်မှ စာမျက်နှာအချို့ငှားပေးလိုက်ပြီး အဲဒါကို အတူဆွေးနွေးကြပါတယ်။
ဆွေးနွေးခန်းတွေကိုစပြီးနောက်မကြာမီ—၁၉၆၆ ခုနှစ်ရဲ့ခရစ္စမတ်ရာသီချိန်ခါမှာ—အနောက်ဂျာမနီမှသူငယ်ချင်းများ ကျွန်တော့်ဆီအလည်လာဖို့ ပရာ့ဂ်မြို့ကိုရောက်လာကြတယ်။ ကျွန်တော်တို့ရဲ့ဆွေးနွေးခန်းတစ်ခုမှာ သူတို့က ခရစ်ယာန်များကို အရေခြုံစစ်လှုံ့ဆော်ရေးသမားများလို့ သရော်ကြတယ်။ “နေတိုးနိုင်ငံများရဲ့စစ်သားများအနေနဲ့ ကွန်မြူနစ်ဝါစောပဋိညာဉ်စာချုပ်နိုင်ငံတစ်နိုင်ငံမှာနေတဲ့ အမည်ခံခရစ်ယာန်တစ်ဦးဖြစ်တဲ့မင်းကို ငါတို့တိုက်နိုင်တယ်” လို့သူတို့ပြောကြတယ်။ သူတို့ရဲ့ယူဆချက်ကတော့ “အပြစ်ရှာခြင်းသည် အရေခြုံဟန်ဆောင်ခြင်းထက်သာ၍ကောင်းသည်” ဟူ၍ဖြစ်တယ်။ သူတို့ရဲ့ယူဆချက်မှန်ကောင်းမှန်မယ်လို့ ကျွန်တော်ယူမှတ်ခဲ့တယ်။ ဒါကြောင့် နောက်တစ်ကြိမ်သင်အံမှုပြုတဲ့အခါ စစ်နဲ့စစ်ရေးလေ့ကျင့်ခြင်းကို ခရစ်ယာန်တွေဘယ်လိုယူမှတ်တယ်ဆိုတာ ကျွန်တော့်သူငယ်ချင်းကိုမေးခဲ့တယ်။
ကျွန်တော်ရင်ဆိုင်ရတဲ့ဆုံးဖြတ်ချက်များ
ကျွန်တော့်သူငယ်ချင်းရဲ့ရှင်းလင်းတဲ့ရှင်းပြချက်ကြောင့် ကျွန်တော်အံ့အားသင့်ခဲ့ရတယ်။ ဒါပေမဲ့ ‘သူတို့၏ဓားလက်နက်များကိုထွန်သွားဖြစ်စေမည်’ ဆိုတဲ့ကျမ်းစာသွန်သင်ချက်ကိုလိုက်နာခြင်းဟာ ကျွန်တော့်အသက်တာနဲ့ရည်ရွယ်ထားတဲ့အသက်မွေးလုပ်ငန်းကို ရုတ်တရက်ပြောင်းလဲသွားစေတယ်။ (ဟေရှာယ ၂:၄) ငါးလအတွင်း ဆေးတက္ကသိုလ်မှ ဘွဲ့ယူပြီးနောက် သတ်မှတ်ချိန်အတွင်း . . . အတင်းအကျပ်တောင်းဆိုခံရတယ်။ ကျွန်တော်ဘာလုပ်သင့်သလဲ။ အလွန်စိတ်အနှောင့်အယှက်ဖြစ်လို့ ဘုရားသခင်ထံဆုတောင်းရပါတယ်။
ရက်ပေါင်းများစွာ လေးလေးနက်နက် အသေအချာစဉ်းစားပြီးနောက် ခရစ်ယာန်များဟာ ငြိမ်းချမ်းရေးလိုလားသူများဖြစ်ရမယ်ဆိုတဲ့တောင်းဆိုချက်ကို မလိုက်နာဖို့ခွင့်မပြုနိုင်ခဲ့ပါဘူး။ တက္ကသိုလ်မှဘွဲ့ယူပြီးနောက် ကိုယ်ကိုကိုယ်သိတဲ့စိတ်ရဲ့ငြင်းဆိုမှုကြောင့် အပြစ်ဒဏ်မခံရမချင်း ဆေးရုံတစ်ခုမှာ အလုပ်တစ်နေရာလက်ခံမယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအခါ သွေးကိုရှောင်ကြဉ်ရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို သိရှိလာခဲ့တယ်။ ကျွန်တော့်အလုပ်က သွေးသွင်းခြင်းမှာ ပါဝင်ပတ်သက်နိုင်တယ်ဆိုတာသိလာပြီး ဆေးရုံမှာ လုံးဝအလုပ်မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ (တမန်တော် ၁၅:၁၉၊ ၂၀၊ ၂၈၊ ၂၉) ကျွန်တော့်ဆုံးဖြတ်ချက်ကြောင့် လူတကာရှေ့နာမည်ပျက်ခဲ့ရပါတယ်။
ကျွန်တော့်အဖေဟာ ကျွန်တော့်ကို သူ့နိုင်ငံရေးလုပ်ငန်းကိုဖျက်ဆီးဖို့ တမင်ဒုက္ခပေးသူမဟုတ်မှန်း အသေအချာသိလာတဲ့အခါ ကြားဝင်ပြီး အတင်းအကျပ်စစ်မှုထမ်းခြင်းကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်။ အဲ့ဒီ ၁၉၆၇ နွေရာသီမှာ ကျွန်တော်အခက်တွေ့ခဲ့ရတယ်။ ကျွန်တော့်အခြေအနေကိုသုံးသပ်ကြည့်ပါဦး– ကျွန်တော်ဟာ ကျမ်းစာသင်သား အသစ်တစ်ဦးဖြစ်တယ်။ ကျွန်တော့်ကိုသင်ပေးတဲ့သူ၊ အဆက်အသွယ်လုပ်ခဲ့တဲ့ တစ်ဦးတည်းသောသက်သေခံဟာ နွေရာသီမှာပဲ အခြားကိုပြောင်းသွားတယ်။ ကျွန်တော့်ကိုယ်ပိုင်လေ့လာမှုအတွက် “ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း” စာအုပ်မှ အခန်းအနည်းအကျဉ်းလောက်သာထားခဲ့တယ်။ အဲ့ဒါနဲ့ ကျွန်တော့်ရဲ့ကျမ်းစာအုပ်က ကျွန်တော့်ရဲ့ဝိညာဉ်ရေးလမ်းပြမှု အရင်းအမြစ်များသာဖြစ်ပါတယ်။
နောက်ပိုင်းမှာ အခြားယေဟောဝါသက်သေများနဲ့သိကျွမ်းလာပြီး ၁၉၆၈ ခုနှစ်၊ မတ်လ ၈ ရက်မှာ ရေမှာနှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါဘုရားသခင်ထံဆက်ကပ်အပ်နှံကြောင်းတင်ပြခဲ့တယ်။ နောက်တစ်နှစ်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ နှစ်နှစ်ကြာဘွဲ့လွန်သင်တန်းတက်ဖို့ကမ်းလှမ်းခံရတယ်။ ကမ်းလှမ်းတာကိုလက်ခံလိုက်ပြီး အင်္ဂလန်ကိုသွားဖို့နဲ့ သက်သေခံများကိုမပိတ်ပင်တဲ့အဲ့ဒီလိုတိုင်းပြည်မှာ ဝိညာဉ်ရေးပိုတိုးတက်နိုင်တယ်ဆိုပြီး အချို့ကအကြံပေးကြတယ်။ တစ်ချိန်တည်းမှာဘဲ ကောင်းမွန်တဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ပြင်ဆင်နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်အကြီးအကဲတစ်ဦးက ကျွန်တော့်ရဲ့လုပ်ဆောင်မှုများကို ချက်ကိုစလိုဗေးကီးယားနိုင်ငံမှာလောက် အင်္ဂလန်မှာမလိုကြောင်းပြောတယ်။ ဒါကြောင့် ထပ်ဆင့်လောကပညာရေးအတွက် ကမ်းလှမ်းတာကိုငြင်းဆိုဖို့ ဆုံးဖြတ်လိုက်ပြီး . . . ဟောပြောခြင်းလုပ်ငန်းကိုကူညီဖို့ ချက်ကိုစလိုဗေးကီးယားမှာဘဲဆက်နေခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ၊ ခရစ်ယာန်ကြီးကြပ်မှူးများကို အထူးသွန်သင်ပို့ချပေးတဲ့ နိုင်ငံတော်ဓမ္မအမှုကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲ့ဒီနှစ်မှာဘဲ ချက်ကိုစလိုဗေးကီးယားနိုင်ငံမှာ အတော်ဆုံးလူငယ်ဆေးဝါးဗေဒပညာရှင်အဖြစ် ပညာသင်ဆုကို ကျွန်တော်ဆွတ်ခူးခဲ့ပါတယ်။ ရလဒ်အနေနဲ့ ဆွစ်ဇာလန်မှာ နိုင်ငံတကာဆေးဝါးဗေဒအဖွဲ့အစည်းရဲ့စည်းဝေးကြီးကို တက်ခဲ့ရတယ်။
သိပ္ပံပညာရှင်တစ်ဦး အမြင်ပြောင်းလာ
၁၉၇၀ ပြည့်နှစ်မှာ ကျွန်တော်တက်ရောက်တဲ့ပို့ချချက်တစ်ခုအတွင်း ဖရန်တစ်ရှက်ခ် ဗီစ်ကိုချဲလ်အမည်ရှိသိပ္ပံပညာရှင်တစ်ဦးက ခက်ခဲတဲ့ နဗ်ကြော-လှုံ့ဆော်မှုအကြောင်းကို ရှင်းပြပါတယ်။ သက်ရှိဇီဝတစ်ခုမှာ လိုအပ်မှုကိုကြုံရတိုင်း ထူးခြားတဲ့နည်းကိုစီမံပေးပါတယ်လို့ သူပြောခဲ့ပါတယ်။ “သဘာဝ၊ စုံးမတို့သည် ယင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာသိပါတယ်” လို့သူနိဂုံးချုပ်လိုက်တယ်။
ပို့ချချက်ပြီးနောက် ကျွန်တော်သူ့ဆီချဉ်းကပ်လိုက်တယ်။ “သက်ရှိတွေမှာရှိတဲ့ပြောင်မြောက်တဲ့ဒီဇိုင်းအတွက် ဘုရားသခင်ကို ချီးကျူးဂုဏ်ပြုသင့်တယ်လို့ ခင်ဗျားမစဉ်းစားမိဖူးလား” လို့ကျွန်တော်မေးတယ်။ သူဟာ ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်တာကြောင့် ကျွန်တော့်မေးခွန်းက သူ့ကိုအံ့အားသင့်စေပါတယ်။ တခြားမေးခွန်းများနဲ့ ပြန်တုံ့ ပြန်ပါတယ်။ သူဒီလိုမေးပါတယ်– “[စာတန်]မာရ်နတ်ဘယ်ကလာသလဲ”၊ “ကလေးများစွာ မိဘမဲ့ဖြစ်ရတဲ့အတွက် ဘယ်သူ့ကိုအပြစ်ဖို့ရမလဲ။”
ကျိုးကြောင်းညီညွတ်မှုရှိပြီးကျမ်းစာအခြေခံတဲ့အဖြေကို ကျွန်တော်ပေးလိုက်တဲ့အခါ သူ့ရဲ့စိတ်ဝင်စားမှုကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ဒါပေမဲ့ သူက ကျမ်းစာရဲ့ကလောင်ရှင်ဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း လူတို့အလွယ်တကူသိနိုင်အောင် ဆဲလ်ရဲ့တည်ဆောက်ပုံနဲ့စပ်လျဉ်းတဲ့ဖော်ပြချက်ကဲ့သို့သော တိကျတဲ့သိပ္ပံဆိုင်ရာအချက်အလက်ကို သမ္မာကျမ်းစာက ဘာကြောင့်မပေးထားသလဲလို့ မေးတယ်။ “ဘယ်အရာကပိုခက်မလဲ၊ ဖော်ပြခြင်းလား ဒါမှမဟုတ် ဖန်ဆင်းခြင်းလား” လို့ကျွန်တော်ပြန်မေးလိုက်တယ်။ သူ့ကို လူဖြစ်လာသည်မှာဆင့်ကဲအားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်ငှားပေးလိုက်တယ်။
အပေါ်ယံသာဖတ်ပြီး ဖရန်တစ်ရှက်ခ်က အဲ့ဒီစာအုပ်ကိုအသိပညာကင်းမဲ့ပြီး မှားကြောင်းရှုတ်ချခဲ့တယ်။ ကျမ်းစာမှာရေးထားတဲ့ မယားအများယူစနစ်၊ ဒါဝိဒ်ရဲ့သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် အပြစ်မဲ့သူတစ်ဦးကိုသတ်ခဲ့ခြင်းတို့ကို အပြစ်ရှာခဲ့တယ်။ (ကမ္ဘာဦး ၂၉:၂၃-၂၉; ၂ ဓမ္မရာဇဝင် ၁၁:၁-၂၅) ကန့်ကွက်မှုများကိုချေပရင်း ဘုရားသခင့်ကျေးကျွန်များရဲ့ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့အပြစ်များအပြင် အားနည်းချက်များကို သမ္မာကျမ်းစာမှာပွင့်လင်းစွာမှတ်တမ်းတင်ထားတာကိုညွှန်ပြခဲ့တယ်။
နောက်ဆုံး၊ ဆွေးနွေးခန်းတစ်ခုမှာ ကျွန်တော်က ဖရန်တစ်ရှက်ခ်ကို လူတစ်ဦးမှာရည်ရွယ်ချက်ကောင်းမရှိဘူး၊ သမ္မာတရားကိုမချစ်ဘူးဆိုရင် ဘယ်အချေအတင်ပြောဆိုမှု ဒါမှမဟုတ် ဘယ်အကြောင်းပြချက်ကမှ သူ့ကို ဘုရားသခင်ရှိကြောင်း ယုံကြည်လာစေမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ ကျွန်တော်ထွက်သွားခါနီးမှာ သူကတားလိုက်ပြီး ကျမ်းစာသင်အံမှုတောင်းဆိုခဲ့တယ်။ လူဖြစ်လာသည်မှာဆင့်ကဲအားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လောစာအုပ်ကိုထပ်ဖတ်မယ်—ဒီတစ်ခါ သဘောထားကြီးကြီးနဲ့ဖတ်မယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် သူ့ရဲ့စာတစ်စောင်မှာ အောက်ပါကိုးကားချက်ကိုပါဝင်စေခြင်းဖြင့် သူ့သဘောထားလုံးလုံးပြောင်းသွားကြောင်းထင်ရှားပါတယ်– “ထိုကာလ၌ လူတို့၏မာနကိုရှုတ်ချ၍၊ လူတို့၏စိတ်မြင့်သောသဘောကိုနှိမ့်ရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ရောက်တော်မူလတ္တံ့။”—ဟေရှာယ ၂:၁၇။
၁၉၇၃ ခုနှစ်နွေရာသီမှာ ဖရန်တစ်ရှက်ခ်နဲ့ဇနီးတို့ဟာ ယေဟောဝါသက်သေများအဖြစ် နှစ်ခြင်းခံခဲ့ကြတယ်။ လောလောဆယ် ပရာ့ဂ်မြို့ရဲ့အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေပါတယ်။
ပိတ်ပင်မှုအောက်ဟောပြောခြင်း
ပိတ်ပင်ထားတဲ့အချိန်အတွင်း ကျွန်တော်တို့ရဲ့လယ်ကွင်းဓမ္မအမှုကို သတိကြီးစွာနဲ့ဆက်လုပ်ဖို့ညွှန်ကြားခံရတယ်။ တစ်ခါက သက်သေခံလူငယ်တစ်ဦးက ကျွန်တော့်ကို သူနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ တောင်းဆိုခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့သူတွေဟာ ဓမ္မအမှုမှာ သူတို့ကိုယ်တိုင် အမှန်တကယ်ပါဝင်မပါဝင်ဆိုတာကို သူသံသယရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့အလွတ်သဘောဓမ္မအမှုဆောင်ခြင်းမှာ ကောင်းမွန်တဲ့စကားပြောဆိုခွင့်များစွာရခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်ကိုယ်တိုင်ကမသိပေမဲ့ အစိုးရလျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ ဓာတ်ပုံအယ်လ်ဘန်ထဲမှာ ကျွန်တော့်မျက်နှာကိုမှတ်မိနေတဲ့ လူတစ်ယောက်နဲ့တွေ့ရပါတယ်။ အဖမ်းမခံရပေမဲ့ အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့ရဲ့ မြေအောက်ဟောပြောခြင်းလုပ်ဆောင်မှုမှာ ကျွန်တော့်ရဲ့ထိရောက်အောက်မြင်မှုကိုဟန့်တားဖို့ တာဝန်ရှိသူတွေရဲ့ တင်းကျပ်တဲ့စစ်ဆေးမှုကိုခံရပါတယ်။
၁၉၈၃ ခုနှစ်ရဲ့နွေရာသီအတောအတွင်းမှာ ယခင်နှစ်တွေကလုပ်ခဲ့တဲ့အတိုင်း နိုင်ငံရဲ့ဝေးလံတဲ့ဒေသတစ်ခုမှာ ရက်အနည်းငယ်အသုံးပြုပြီး အလွတ်သဘောသက်သေခံဖို့ သက်သေခံလူငယ်အဖွဲ့တစ်ဖွဲ့ကိုကျွန်တော်ဖွဲ့စည်းလိုက်တယ်။ ပညာရှိတဲ့အကြံဉာဏ်ကိုလိုက်နာဖို့ပျက်ကွက်ပြီး ကျွန်တော့်ကားကိုမောင်းသွားတယ်၊ လူထုပို့ဆောင်ရေးယာဉ်ကိုသုံးတာထက် ပိုပြီးအဆင်ပြေလို့ပါပဲ။ စတိုးဆိုင်တစ်ဆိုင်မှာ ပစ္စည်းအနည်းငယ်ဝယ်ဖို့ ခဏရပ်နားတဲ့အချိန်မှာ ကျွန်တော်ကားကို ဆိုင်ရှေ့ထိုးရပ်လိုက်တယ်။ ပစ္စည်းတွေအတွက်ငွေပေးတဲ့အချိန်မှာ ဆိုင်အကူလူငယ်တချို့ကိုညွှန်ပြလိုက်ပြီး အသက်ကြီးတဲ့အလုပ်သမတစ်ဦးကို ကျွန်တော်ဒီလိုပြောလိုက်တယ်– “အနာဂတ်မှာ ကျွန်တော်တို့အားလုံး နုပျိုလာနိုင်ပါတယ်။” အမျိုးသမီးကပြုံးသွားတယ်။ “ဒါပေမဲ့ လူသားတွေလုပ်ပေးလို့ရမှာတော့မဟုတ်ပါဖူး။ ကောင်းကင်ကအကူအညီလိုပါလိမ့်မယ်” လို့ဆက်ပြောလိုက်တယ်။
နောက်ထပ်တုံ့ ပြန်မှုမတွေ့ရလို့ ကျွန်တော်ထွက်လာတယ်။ ကျွန်တော်ကားထဲပစ္စည်းသွားထားစဉ် ဘာသာရေးအမြင်မြှင့်တင်ပေးတာကို မသင်္ကာဖြစ်နေတဲ့အလုပ်သမားဟာ ပြတင်းပေါက်ကကြည့်နေတာကို ကျွန်တော်မသိလိုက်ဘူး။ အဲ့ဒီအချိန်မှာ ရဲကိုသူမသတင်းပို့လိုက်တယ်။ နာရီပေါင်းများစွာကြာတဲ့အခါ မြို့ရဲ့အခြားအပိုင်းမှာ အလွတ်သဘောသက်သေခံပြီးနောက် ကျွန်တော်နဲ့ကျွန်တော့်အဖော် ကားဆီကိုပြန်လာတယ်။ ရုတ်တရက် ရဲနှစ်ယောက်ရောက်လာပြီး ကျွန်တော်တို့ကို ဖမ်းချုပ်လိုက်ကြတယ်။
ရဲစခန်းမှ သွားနိုင်ပြီလို့မပြောခင်အထိ နာရီပေါင်းများစွာစစ်ဆေးခံရတယ်။ ကျွန်တော်ဦးဆုံးအတွေးဝင်လာတာက အဲ့ဒီနေ့မှာရရှိလာတဲ့ စိတ်ဝင်စားသူတွေရဲ့လိပ်စာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဒါကြောင့် အဲ့ဒါတွေဖျောက်ပစ်ဖို့ အိမ်သာကိုသွားလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်ဘာမှမလုပ်မီ ရဲတစ်ဦးရဲ့သန်စွမ်းတဲ့လက်က ကျွန်တော့်ကိုတားလိုက်တယ်။ အိမ်သာခွက်ထဲကစက္ကူတွေကိုပြန်ဆယ်ယူလိုက်ပြီး သန့်ရှင်းအောင်လုပ်လိုက်တယ်။ အဲ့ဒါက ကျွန်တော့်ကို နောက်ထပ်စိတ်သောကဖြစ်စေတယ်။ အကြောင်းကတော့ ကျွန်တော့်ကိုလိပ်စာပေးထားတဲ့သူတွေ အခုအန္တရာယ်ရှိနေလို့ပါပဲ။
အဲ့ဒီနောက် ကျွန်တော်တို့အားလုံးကို ကျွန်တော်တို့တည်းတဲ့ဟိုတယ်ကို ခေါ်လာတယ်။ အဲ့ဒီမှာ ရဲတွေ ကျွန်တော်တို့အခန်းကို ဝင်ရောက်စစ်ဆေးနေပြီဖြစ်တယ်။ သေသေချာချာဝှက်မထားပေမဲ့ အခြားစိတ်ဝင်စားသူများရဲ့လိပ်စာတစ်ခုကိုမျှ သူတို့ရှာမတွေ့ ကြဘူး။ အဲ့ဒီနောက် အာရုံကြောပါရဂူအဖြစ် ကျွန်တော်အလုပ်လုပ်တဲ့နေရာမှာ တရားမဝင်လုပ်ဆောင်မှုမှာပါဝင်တဲ့အတွက် လူအများရှေ့ ကျွန်တော့်ကိုပြစ်တင်ရှုတ်ချပြောဆိုခဲ့ကြတယ်။ အမှုဆောင်သွားတဲ့အခါ ကျွန်တော့်ကားကိုမသုံးဖို့အစောပိုင်းကသတိပေးခဲ့သူ၊ ချက်ကိုစလိုဗားကီးယားဟောပြောခြင်းလုပ်ငန်းကြီးကြပ်မှူးရဲ့ပြစ်တင်ဆုံးမမှုကိုလည်းခံရတယ်။
ဆုံးမမှုကိုနာခံခြင်း
၁၉၇၆ ခုနှစ်မှာ ချက်ကိုစလိုဗေးကီးယားနိုင်ငံရှိ ယေဟောဝါသက်သေများရဲ့ဟောပြောခြင်းလုပ်ငန်းကြီးကြပ်ဖို့ ကော်မတီမှာ အမှုထမ်းရန်ခန့်အပ်ခံခဲ့ရတယ်။ ဒါပေမဲ့ အစောပိုင်းကဖော်ပြခဲ့သလို အမြော်အမြင်နည်းတဲ့လုပ်ရပ်ကြောင့် ကျွန်တော့်ရဲ့အသက်တာဟာ လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ တင်းကျပ်တဲ့စစ်ဆေးမှုအောက်မှာရောက်နေတာကြောင့် နိုင်ငံရဲ့ကော်မတီနဲ့အခြားအခွင့်ထူးအမျိုးမျိုးကို ရုပ်သိမ်းခံလိုက်ရတယ်။ ကျွန်တော်အထူးတန်ဖိုးထားတဲ့အခွင့်ထူးတစ်ခုကတော့ အချိန်ပြည့်ဓမ္မအမှုဆောင်များလို့ခေါ်တဲ့ နယ်လှည့်ကြီးကြပ်မှူးနဲ့ရှေ့ဆောင်များအတွက်ကျောင်းကို သွန်သင်ပေးရခြင်းပဲဖြစ်တယ်။
ကျွန်တော်ဟာ ရရှိတဲ့ဆုံးမမှုကိုလက်ခံခဲ့ပေမဲ့ ၁၉၈၅ ခုနှစ်နောက်ပိုင်းဒီအချိန်မှာ ကျွန်တော့်ကိုကျွန်တော်စစ်ဆေးဖို့ အခက်ကြုံလာတယ်။ ကျွန်တော်ဟာ ပိုအမြော်အမြင်ရှိရှိနဲ့ နောက်ထပ်အမြော်အမြင်ကင်းမှုကိုရှောင်ပြီး လုပ်တတ်အောင်သင်ယူမလား။ ဆာလံအခန်းကြီး ၃၀၊ အငယ် ၅ (သမ) ကဒီလိုဆိုပါတယ်– “ညဉ့်အခါ၌ ငိုကြွေးခြင်း ဝင်ရောက်တည်းခိုသော်လည်း နံနက်ထသော်ရွှင်လန်းရ၏။” ၁၉၈၉ ခုနှစ်နိုဝင်ဘာမှာ ချက်ကိုစလိုဗေးကီးယားရှိ ကွန်မြူနစ်အစိုးရကျရှုံးသွားခြင်းက ကျွန်တော့်အတွက် နံနက်ခင်းဖြစ်လာခဲ့ရပါတယ်။
အံ့ဖွယ်ကောင်းချီးများ
ဓမ္မအမှုမှာလွတ်လွတ်လပ်လပ်ပါဝင်နိုင်ပြီး ဘရွတ်ကလင်၊ နယူးယောက်ရှိ ယေဟောဝါသက်သေတို့ရဲ့ကမ္ဘာ့ဌာနချုပ်နဲ့ဆက်သွယ်ဖို့လမ်းပွင့်သွားခြင်းဟာ အပြောင်းအလဲကြီးတစ်ရပ်ပါဘဲ! မကြာခင်မှာပဲ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရပြီး ၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီမှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် ၁၉၉၁ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ မဲန်ချက်စတာမြို့မှာ ဓမ္မအမှုထမ်းလေ့ကျင့်ရေးကျောင်းတက်ဖို့အခွင့်ထူးရခဲ့တယ်။ ရွှင်လန်းဖွယ်ပေါင်းသင်းမှုနဲ့ ရင့်ကျက်တဲ့ခရစ်ယာန်အမျိုးသားများထံက သွန်သင်မှုခံယူဖို့ နှစ်လတာအသုံးပြုရခြင်းဟာ ကောင်းချီးတစ်ရပ်ပါပဲ! နေ့တိုင်း အချိန်တစ်ချိန်မှာ ကျွန်တော်တို့ကျောင်းသားများဟာ စာတွေ့သင်ကြားခြင်းကိုအာရုံစိုက်ရခြင်းမှ သက်သာရာရစေတဲ့အလုပ်တာဝန်တစ်ခုရပါတယ်။ ပြတင်းပေါက်များကို သန့်ရှင်းရေးလုပ်ဖို့ ကျွန်တော့်ကိုတာဝန်ပေးတယ်။
အင်္ဂလန်မှပြန်ပြီးချက်ချင်းပင် ပရာ့ဂ်မြို့၊ စထရာဟော့ဖ်အားကစားကွင်းကြီးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အထိကျင်းပမဲ့ ယေဟောဝါသက်သေတို့ရဲ့ အမှတ်ရဖွယ်စည်းဝေးအတွက် ကူညီစီစဉ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံများစွာမှ ၇၄,၅၈၇ ယောက်သောသူတို့ဟာ ကျွန်တော်တို့ရဲ့ဘုရားသခင်ယေဟောဝါကိုဝတ်ပြုဖို့ လွတ်လွတ်လပ်လပ်တွေ့ဆုံခဲ့ကြတယ်။
နောက်တစ်နှစ်မှာ အာရုံကြောပါရဂူအဖြစ် လောကအလုပ်လုပ်ခြင်းကို ကျွန်တော်ရပ်နားခဲ့တယ်။ လေးနှစ်နီးပါး ပရာ့ဂ်မြို့ရှိရုံးမှာ အလုပ်လုပ်ခဲ့တယ်။ အဲ့ဒီမှာ ချက်သမ္မတနိုင်ငံရှိယေဟောဝါသက်သေများရဲ့လုပ်ငန်းကိုကြီးကြပ်ရတဲ့ကော်မတီမှာ ထပ်မံအမှုထမ်းရပြန်တယ်။ မကြာသေးမီက ယေဟောဝါသက်သေများကိုလှူဒါန်းတဲ့ ဆယ်ထပ်အဆောက်အဦသစ်ကို ပြန်ပြုပြင်ခဲ့ကြပြီး ဌာနခွဲရုံးအဖြစ်အသုံးပြုခဲ့ကြတယ်။ ၁၉၉၄ ခုနှစ်၊ မေလ ၂၈ ရက်မှာ အဲ့ဒီကောင်းမွန်တဲ့အဆောက်အဦကို ယေဟောဝါလုပ်ငန်းတော်အတွက် အပ်နှံကြတယ်။
ကျွန်တော့်ရဲ့အကြီးမားဆုံးကောင်းချီးများမှတစ်ခုကတော့ ကျွန်တော့်ဆွေမျိုးများအပါအဝင်အခြားသူများကို ကျမ်းစာသမ္မာတရားဝေမျှရတဲ့အခွင့်ထူးဖြစ်တယ်။ အခုအချိန်ထိ ကျွန်တော့်အဖေနဲ့အမေ သက်သေခံမဖြစ်လာသေးပေမဲ့ ကျွန်တော့်ရဲ့လုပ်ဆောင်မှုကိုတော့ နှစ်သက်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ရဲ့စည်းဝေးအချို့ကို လိုက်တက်ကြတယ်။ ကျွန်တော့်အထက်သန်ဆုံးမျှော်လင့်ချက်ကတော့ နှလုံးရိုးဖြောင့်သူသန်းပေါင်းများစွာနဲ့အတူ သူတို့ပါ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို နှိမ့်ချစွာနဲ့လက်အောက်ခံကြပြီး ကိုယ်တော်ကိုဝတ်ပြုဖို့ရွေးချယ်တဲ့သူတွေအတွက် ဘုရားသခင်သိုမှီးထားတဲ့ ထာဝရကောင်းချီးခံစားရဖို့ဖြစ်တယ်။
(ဤဆောင်းပါးထဲတွင်ရည်ညွှန်းထားသောစာအုပ်များကို ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသည်။)
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ကျွန်တော်တက္ကသိုလ်ကျေင်းသားတစ်ဦးဖြစ်စဉ်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ချက်ကိုစလိုဗေးကီးယားနိုင်ငံ၏ ပညာရေးဝန်ကြီးဖြစ်လာသောကျွန်တော့်အဖေနှင့် ကျော်ကြားတဲ့မျက်စိခွဲစိတ်ဆရာဝန်ဖြစ်သူ ကျွန်တော့်အမေ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သက်သေခံတစ်ဦးဖြစ်လာသူ သိပ္ပံပညာရှင်နှင့်ဘုရားမဲ့ဝါဒီ ဖရန်တစ်ရှက်ခ်ဗီစ်ကိုချဲလ်
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ကွန်မြူနစ်ဝါဒကျရှုံးသွားစဉ် ယေဟောဝါသက်သေများ စည်းဝေးကြီးကျင်းပခဲ့ကြ
အရှေ့ဥရောပရှိစည်းဝေးကြီးများ။ ၁၉၉၁ ခုနှစ်တွင် ပရာ့ဂ်မြို့၌ကျင်းပသောဤစည်းဝေးကြီး၌ ၇၄,၀၀၀ ကျော်တက်ရောက်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အင်္ဂလန်တွင် ဓမ္မအမှုထမ်းလေ့ကျင့်ရေးကျောင်းတက်ရောက်စဉ် ကျွန်တော့်ကိုပေးထားသည့်အလုပ်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
၁၉၉၄ ခုနှစ်၊ မေလ ၂၈ ရက်တွင်အပ်နှံခဲ့သည့် ပရာ့ဂ်မြို့ရှိဌာနခွဲအဆောက်အဦများ