ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၉/၈ စာ. ၁၁-၁၃
  • လိုင်းမ်ရောဂါ သင်ရရှိနိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိုင်းမ်ရောဂါ သင်ရရှိနိုင်သလော
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မွှား၊ ဒရယ်နှင့် အသင်
  • ရောဂါလက္ခဏာများနှင့် ပြဿနာများ
  • ကုသခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း
  • အဘယ်ကြောင့် ပြန်ပေါ်လာသနည်း
    နိုးလော့!—၂၀၀၄
  • ငါ့မှာ ကျန်းမာရေးပြဿနာရှိနေရင် ဘယ်လိုလုပ်ရမလဲ (အပိုင်း ၃)
    လူငယ်များအမေး
  • အင်းဆက်များကြောင့်ဖြစ်သော ရောဂါ—ပြဿနာကြီးဖြစ်လာ
    နိုးလော့!—၂၀၀၄
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၉/၈ စာ. ၁၁-၁၃

လိုင်းမ်ရောဂါ သင်ရရှိနိုင်သလော

အေအိုင်ဒီအက်စ်ရောဂါသည် သတင်းစာခေါင်းစီးတွင်ထင်ရှားနေစဉ် လိုင်းမ်ရောဂါကမူ မထင်မရှားဖြစ်နေသည်။ သို့တိုင် လိုင်းမ်ရောဂါသည် လျင်မြန်စွာပျံ့နှံ့လျက်ရှိသည်။ အမှန်မှာ လွန်ခဲ့သောနှစ်အနည်းငယ်တွင် သည် နယူးယောက် တိုင်းမ်စ် မဂ္ဂဇင်းက ယင်းကို “[အမေရိကန်] တွင် အေအိုင်ဒီအက်စ်ရောဂါပြီးနောက် အမြန်ဆုံးသောကူးစက်ရောဂါ” ဟုခေါ်ဆိုထားသည်။ အခြားနိုင်ငံများမှ မှတ်တမ်းများက ထိုရောဂါသည် အာရှ၊ ဥရောပနှင့် တောင်အမေရိကတို့တွင်လည်း ပျံ့နှံ့လျက်ရှိသည်ဟု ဖော်ပြထားသည်။

လိုင်းမ်ရောဂါကား အဘယ်နည်း။ ယင်းသည် မည်သို့ပျံ့နှံ့လျက်ရှိသနည်း။ အသင်ကော ဖြစ်နိုင်ပါသလော။

မွှား၊ ဒရယ်နှင့် အသင်

လွန်ခဲ့သောနှစ် ၂၀ ခန့်က အမေရိကန်ပြည်ထောင်စု၏ အရှေ့မြောက်ပိုင်းတွင်တည်ရှိသော ကော်နက်တီကပ်ပြည်နယ်၊ လိုင်းမ်မြို့အနီးတစ်ဝိုက်တွင် ရိုးဆက်ရောင်ရမ်းနာရောဂါသည် ထူးထူးဆန်းဆန်းတိုးများလာခဲ့သည်။ ခံစားရသူအများစုမှာ ကလေးများဖြစ်သည်။ သူတို့၏ရိုးဆက်ရောင်ရမ်းနာသည် အင်ပျဉ်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် သူတို့၏ရိုးဆက်များ၌ ကိုက်ခဲခြင်းတို့ ဖြင့်စတင်သည်။ မြို့ခံတစ်ဦးက မကြာမီကပင် သူမ၏ “ခင်ပွန်းနှင့် ကလေးနှစ်ဦးမှာ ချိုင်းထောက်တပ်ဆင်ခဲ့ရသည်” ဟုပြောခဲ့သည်။ မကြာခင်အချိန်လေးအတွင်း ထိုဒေသရှိလူပေါင်း ၅၀ ကျော်ထိခိုက်ခဲ့ပြီး၊ တစ်နှစ်အတွင်း ထောင်နှင့်ချီ၍ အလားတူကိုက်ခဲမှုဖြစ်သော ရောဂါလက္ခဏာများကို ခံစားခဲ့ကြရသည်။

သုတေသီများက ဤဖျားနာမှုသည် အခြားရောဂါများနှင့်ကွာခြားသည်ဟု အသိအမှတ်ပြုကာ ယင်းကို လိုင်းမ်ရောဂါဟူ၍အမည်ပေးလေသည်။ ယင်း၏အကြောင်းရင်းကား အဘယ်နည်း။ မွှား၏ကိုယ်တွင်ရှိသော ဗော်ရဲလာ ဗာဒေါဖီရိုင်—ဖော့ဝက်အူ ပုံသဏ္ဌာန်ရောဂါပိုးများကြောင့်ဖြစ်သည်။ ယင်းသည် မည်သို့ ပျံ့နှံ့သနည်း။ လူတစ်ဦးသည် တောအုပ်ထဲသို့ဖြတ်သွားသောအခါ ရောဂါဖြစ်နေသည့်မွှားသည် ကပ်ပါလာပေမည်။ ထိုမွှားသည် အကာအကွယ်မဲ့နေသော လူ၏အရေပြားကို ထိုးဖောက်လိုက်ကာ ရောဂါဖြစ်စေသည့်ပိုးများကို ထိုးသွင်းလိုက်သည်။ ဤရောဂါဖြစ်နေသည့်မွှားသည် ဒရယ်ပေါ်တွယ်ကပ်၍ အစာမှီဝဲ၊ မိတ်လိုက်ကြလေ့ရှိပြီး များစွာသောလူတို့သည် ဒရယ်များပေါက်ပွားလျက်ရှိသည့် တောရွာဒေသများတွင်နေထိုင်လျက်ရှိရာ လိုင်းမ်ရောဂါဖြစ်ပွားမှု မြင့်တက်လာရခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ။

ရောဂါလက္ခဏာများနှင့် ပြဿနာများ

ယေဘုယျအားဖြင့် လိုင်းမ်ရောဂါ၏ဦးဆုံးလက္ခဏာမှာ အင်ပျဉ်ထွက်ခြင်း (အီရစ်သီမာ မိုင်ဂရန်စ် သို့မဟုတ် အီအမ် ဟုလူသိများ) ဖြစ်ပြီး၊ ယင်းသည် အနီရောင်အစက်အပြောက်အဖြစ်စတင်သည်။ ရက်အနည်းငယ် သို့မဟုတ် အပတ်အနည်းငယ်အတွင်း ထိုအမှတ်လက္ခဏာအစက်လေးသည် စက်ဝိုင်းပုံ၊ တြိဂံပုံနှင့် ဘဲဥပုံသဏ္ဌာန် ပြားစေ့အရွယ်အစားခန့်ရှိ အင်ပျဉ်အဖြစ်ကျယ်ပြန့်လာခြင်း သို့မဟုတ် ကျောကုန်းတစ်ပြင်လုံးပြန့်သွားသည်။ အင်ပျဉ်ထွက်ခြင်းနှင့်အတူ အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတောင့်တင်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်လေ့ရှိသည်။ အချိန်မီမကုသပါက ရောဂါဖြစ်သူထက်ဝက်ကျော်သည် ရိုးဆက်များရောင်ရမ်းဖောင်းကားခြင်းနှင့် ကိုက်ခဲခြင်း၏ဖိစီးမှုကိုခံစားရပြီး လချီ၍ကြာတတ်တော့သည်။ ဆေးကုသမှုမခံယူသော လူနာ ၂၀ ရာခိုင်နှုန်းခန့်သည် နာတာရှည်ရိုးဆက်ရောင်ရမ်းနာကြောင့် အသက်ဆုံးခဲ့ရသည်။ ဖြစ်ခဲသော်လည်း ထိုရောဂါသည် နဗ်ကြောအဖွဲ့ကိုထိခိုက်နိုင်ပြီး၊ နှလုံးရောဂါကိုလည်း ဖြစ်စေနိုင်သည်။—ပူးတွဲပါလေးထောင့်ကွက်ကိုရှု။

လိုင်းမ်ရောဂါအစပြုရာတွင် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများသည် အခြားကူးစက်ရောဂါများနှင့် ဆင်တူယိုးမှားဖြစ်သောကြောင့် ကျွမ်းကျင်သူများစွာက ယင်းကို အမျိုးအစားခွဲခြားဖို့ ခက်ခဲသည်ဟုယူမှတ်ကြသည်။ ထို့အပြင် ရောဂါဖြစ်နေသူ ၄ ဦးစီတွင် ၁ ဦးကျသည် အင်ပျဉ်—လိုင်းမ်ရောဂါကိုထူးခြားစေသည့် တစ်ခုတည်းသောအမှတ်လက္ခဏာ—မဖြစ်ပေါ်ကြပေ။ မွှားကိုက်ရာတွင် အများအားဖြင့် မနာကျင်သောကြောင့် လူနာများစွာတို့သည် မိမိတို့အကိုက်ခံခဲ့ရလျှင်လည်း မမှတ်မိနိုင်ချေ။

ယခုအခါ သွေးထဲရှိပဋိပစ္စည်းကိုစမ်းသပ်ခြင်းသည် စိတ်ချယုံကြည်၍မရနိုင်သောကြောင့် ရောဂါအမျိုးအစားခွဲခြင်းကို သာ၍အဟန့်အတားဖြစ်စေသည်။ ကိုယ်ခန္ဓာထဲရှိ ကိုယ်ခံအားအဖွဲ့က ကျူးကျော်လာသောရောဂါပိုးကို ရှာဖွေတွေ့ရှိကြောင်း လူနာ၏သွေးထဲရှိပဋိပစ္စည်းများတွင် ဖော်ပြသော်လည်း ယင်းကျူးကျော်ပိုးသည် လိုင်းမ်ရော​ဂါဘက်တီးရီးယားဖြစ်သည်မဖြစ်သည်ကို စမ်းသပ်မှုအချို့က မဖော်ပြနိုင်ပေ။ ထို့ကြောင့် လူနာတစ်ဦးသည် သူ၏စမ်းသပ်ထားမှုတွင် လိုင်းမ်ရောဂါပိုးရှိကြောင်း ပြမည်ဖြစ်သော်လည်း၊ အမှန်အားဖြင့် သူ၏ပင်မရောဂါလက္ခဏာမှာ အခြားဘက်တီးရီးယားကူးစက်ခြင်းမှဖြစ်သည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားကျန်းမာရေးတက္ကသိုလ် (NIH) က ဆရာဝန်များကို မွှားကိုက်ခံခဲ့ရခြင်းနှင့်ပတ်သက်သော လူနာ၏နောက်ကြောင်း၊ လူနာ၏ရောဂါလက္ခဏာနှင့် ထိုရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည့် အခြားရောဂါများကိုစစ်ထုတ်အခြေခံ၍ ရောဂါအမည်ကိုရှာရန် အကြံပြုထားသည်။

ကုသခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

အချိန်မီ ရောဂါအမည်ဖော်ပြနိုင်ခဲ့လျှင် လူနာအများစုကို ပဋိဇီဝဆေးဝါးများဖြင့် အောင်မြင်စွာကုသနိုင်ခဲ့ပေမည်။ ကုသမှု အမြန်ဆုံးအစပြုနိုင်က၊ အဆောတလျင် လုံးဝပြန်လည်ကောင်းမွန်လာနိုင်ပေသည်။ ကုသပြီးနောက် လတော်တော်များများအကြာတွင် ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်ကိုက်ခဲမှု ပျောက်ကင်းသွားနိုင်ပြီး၊ ထိုရောဂါလက္ခဏာများသည် ပဋိဇီဝဆေးဝါးကုထုံးမလိုအပ်ဘဲ လျော့ကျသွားပေမည်။ သို့သော်လည်း NIH က “လိုင်းမ်ရောဂါနှင့်ပတ်သက်၍ ထိုဖျားနာမှုကို ယင်းလူနာထပ်၍မဖြစ်တော့ဟု အာမခံချက်မပေးနိုင်ပါ” ဟူ၍သတိပေးထားသည်။

ထိုစိုးရိမ်စရာအခြေအနေသည် တစ်ချိန်ချိန်တွင် ပြောင်းလဲသွားမည်လော။ အမေရိကန်ပြည်ထောင်စုရှိ ရေးလ် ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ထုတ်လွှင့်သောသတင်းတစ်ခုတွင် သုတေသီများသည် လိုင်းမ်ရောဂါကို ကာကွယ်ပေးမည့် စမ်းသပ်နေသောကာကွယ်ဆေးကို ထုတ်လုပ်ထားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤ “နှစ်မျိုးလုပ်ဆောင်ခြင်း” ကာကွယ်ဆေးသည် ကျူးကျော်လာသောလိုင်းမ်ရောဂါဘက်တီးရီးယားကို တိုက်ခိုက်သတ်ဖြတ်စေသည့် ပဋိပစ္စည်းအား ထုတ်လုပ်ရန် လူ့ကိုယ်ခန္ဓာ၏ရောဂါပြီးသောအဖွဲ့ကို လှုံ့ဆော်ပေးသည်။ တစ်ကြိမ်တည်း၌ပင် ယင်းက ကာကွယ်ဆေးထိုးထားသူကို တွယ်ကပ်၍ကိုက်သော မွှားထဲရှိဘက်တီးရီးယားကိုလည်း ဖျက်ဆီးပစ်သည်။

၁၉၇၅ ခုနှစ်တွင် လိုင်းမ်ရောဂါကို ရှာဖွေတွေ့ရှိသော သုတေသီများထဲမှတစ်ဦးဖြစ်သူ ဒေါက်တာ စတီဗင် အီ. မာလ်ဝစ်က “ဤကာကွယ်ဆေးကို စမ်းသပ်ခြင်းက လူတို့အား လိုင်းမ်ရောဂါ၏ နောက်ဆက်တွဲပြင်းထန်သောဆိုးကျိုးများမှ ကာကွယ်ရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုတွင် အဓိကတိုးတက်မှုကြီးတစ်ခုဖြစ်သည်” ဟုပြောသည်။ သည် နယူးယောက် တိုင်းမ်စ် မဂ္ဂဇင်းက အဆိုပါရောဂါဖြစ်မည်ကို စိုးရိမ်၍ အိမ်တွင်းအောင်းနေရသောဝန်းကျင်ဒေသများတွင် “ဤကာကွယ်ဆေးက တောတောင်ဒေသကို လူတို့အသုံးချရာနေရာ ပြန်ဖြစ်စေရန်ကူညီပေးလိမ့်မည်” ဟုသိပ္ပံပညာရှင်များကမျှော်လင့်ကြောင်း ဖော်ပြသည်။

သို့ဖြစ်စေကာမူ ထိုအတောအတွင်း သင်ကိုယ်တိုင် ကြိုတင်ကာကွယ်မှုအချို့ကို ပြုလုပ်နိုင်ပါသည်။ NIH က အကယ်၍ မွှားပေါများသော ဝန်းကျင်ဒေသကို ဖြတ်၍လျှောက်လျှင် လူသွားလမ်းအလယ်တည့်တည့်မှသွားရန် အကြံပြုထားသည်။ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ကိုဝတ်ဆင်၍ ဦးထုပ်ကိုဆောင်းပါ။ ဘောင်းဘီရှည်ကို ခြေစွပ်ထဲထိုးသွင်းကာ ခြေထောက်၏အစိတ်အပိုင်းတစ်နေရာမှ လှစ်ဟခြင်းမရှိရလေအောင် ရှူးဖိနပ်ကိုစီးပါ။ မွှားများကို အလွယ်တကူမြင်တွေ့နိုင်စေရန် အရောင်ဖျော့ဖျော့ အဝတ်အစားများကိုဝတ်ဆင်ပါ။ အဝတ်အစားနှင့် အရေပြားကို ခြင်ဆေးသုတ်လိမ်းခြင်းသည် အကျိုးအာနိသင်ရှိသော်လည်း ၎င်းတို့သည် အထူးသဖြင့် ကလေးများအား ပြင်းထန်သောနောက်ဆက်တွဲအကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။ NIH က “ထိုကူးစက်ရောဂါသည် မမွေးသေးသည့်ကလေးထံသို့ ကူးစက်နိုင်ပြီး” သားလျှောခြင်း သို့မဟုတ် ကလေးအသေမွေးဖွားခြင်း ဖြစ်နိုင်ချေများသောကြောင့် “လိုင်းမ်ရောဂါဖြစ်ပွားလျက်ရှိသည့် ဝန်းကျင်ဒေသတွင် အထူးသဖြင့် ကိုယ်ဝန်ဆောင်များသည် မွှားများကို ဂရုတစိုက်ရှောင်ရှားသင့်သည်” ဟုသတိပေးသည်။

အသင်ကိုယ်တိုင်နှင့် သင့်ကလေးများတွင် အထူးသဖြင့် ကိုယ်ခန္ဓာ၏အမွေးအမျှင်ထူသောအစိတ်အပိုင်းများ၌ မွှားကပ်ပါ၊ မပါကို အိမ်သို့ရောက်လျှင်ရောက်ချင်း စစ်ဆေးပါ။ မွှားပျလေးများသည် အပ်ထိပ်ဖျားခန့်သာရှိရာ ဖုန်မှုန့်နှင့်အလွယ်တကူမှားနိုင်သောကြောင့် ယင်းကို ဂရုတစိုက်ဆောင်ရွက်ပါ။ သင့်တွင် အိမ်မွေးတိရစ္ဆာန်များရှိပါက အိမ်တွင်းသို့မဝင်မီ သူတို့ကိုပါ စစ်ဆေးပါ—သူတို့သည်လည်း လိုင်းမ်ရောဂါကို ရရှိနိုင်ပါသည်။

မွှားကို သင်မည်သို့ဖယ်ရှားပစ်မည်နည်း။ သင်၏လက်ဖြင့်မဟုတ်ဘဲ ထိပ်ပြားဇာဂနာဖြင့် ဖယ်ရှားပါ။ အရေပြားကိုမလွှတ်မချင်း စိုက်နေသောမွှား၏ခေါင်းနားတွင် ခိုင်ခိုင်မြဲမြဲညင်သာစွာဖြင့် ဆတ်ခနဲဆွဲယူလိုက်ပါ၊ သို့သော် ယင်း၏ ကိုယ်ခန္ဓာကို မညှစ်လိုက်ပါနှင့်။ ထို့နောက် အကိုက်ခံရသောနေရာတွင် စေ့စပ်သေချာစွာ ရောဂါပိုးသတ်ဆေးဖြင့်ပွတ်လိမ်းပေးပါ။ အမေရိကန်နိုင်ငံမှ ကူးစက်ရောဂါအထူးကုတစ်ဦးဖြစ်သူ ဒေါက်တာ ဂရေး ဝေါမ်ဇာက ၂၄ နာရီအတွင်း မွှားကိုဖယ်ရှားပစ်ခြင်းသည် သင့်အား လိုင်းမ်ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပေမည် ဟုပြောသည်။

မှန်ပါသည်၊ မွှားအလွန်များပြားသော နေရာများ၌ပင်လျှင် ဒုက္ခိတဖြစ်စေမည့် ​လိုင်းမ်ရော​ဂါသည် ရခဲပါသည်။ သို့တိုင် ထိုလွယ်ကူသောကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခြင်းက ကူးစက်မည့်အလားအလာ နည်းသည်ထက်နည်းစေပေမည်။ ထိုကာကွယ်မှုများ ပြုလုပ်ထားခြင်းက အကျိုးနပ်ပါ၏လော။ လိုင်းမ်ရောဂါသည် တစ်ဦးဦးကိုမေးမြန်းကြည့်ပါလေ။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

လိုင်းမ်ရောဂါ၏ လက္ခဏာများ

အစောပိုင်း ရောဂါကူးစက်ခြင်း–

○ အင်ပျဉ်ထွက်ခြင်း

○ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်း

○ ခေါင်းကိုက်ခြင်း

○ ဇက်ကြောတောင့်တင်းခြင်း

○ ထူးထူးခြားခြားပင်ပန်းနွမ်းနယ်ခြင်း

○ အဖျားရှိခြင်း

○ မျက်နှာသွက်ချာပါဒဖြစ်ခြင်း

○ ဦးနှောက်အမြှေးရောင်ခြင်း

○ အဆစ်များနာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့သည် အချိန်တိုအတွင်း ထပ်ခါထပ်ခါဖြစ်ခြင်း

ဖြစ်ခဲသောလက္ခဏာ–

○ မျက်စိနာခြင်း

○ မူးဝေခြင်း

○ အသက်ရှူကျပ်ခြင်း

နှောင်းပိုင်း ရောဂါကူးစက်ခြင်း–

○ ရိုးဆက်ရောင်ရမ်းနာမှာ ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း သို့မဟုတ် နာတာရှည်ဖြစ်ခြင်း

ဖြစ်ခဲသောလက္ခဏာ–

○ မေ့လျော့ခြင်း

○ အာရုံစူးစိုက်နိုင်စွမ်းခက်ခဲခြင်း

○ စိတ်နေစိတ်ထား သို့မဟုတ် အိပ်ခြင်းအလေ့အထပြောင်းလဲခြင်း

တစ်ခု သို့မဟုတ် ထိုထက်မကသော ဤလက္ခဏာများသည် ရောဂါဖြစ်နေချိန်အတွင်း အချိန်ခြား၍ဖြစ်ပေမည်။—လိုင်းမ်ရောဂါ—အကြောင်းအချက်များ၊ စိန်ခေါ်ချက်၊ အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ ထုတ်ဝေသည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

တောအုပ်ထဲ လမ်းလျှောက်ထွက်ခြင်းဖြင့် သင် ရောဂါရရှိနိုင်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

မွှား (ပုံကြီးချဲ့ထား)

[Credit Line]

Yale School of Medicine

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

မွှား (အမှန်တကယ်အရွယ်အစား)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ