အရေးပေါ်ဆေးကုသမှုတစ်ခုကို ရင်ဆိုင်ခြင်း
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်; ခင်ဗျားဖြစ်နေတာကတော့ ကင်ဆာရောဂါအသားပိုတစ်ခုပဲ။ တကယ်လို့ ကျွန်တော်တို့ အဲဒါကိုအချိန်မီမဖြတ်ထုတ်ပစ်ရင် တခြားအရေးကြီးတဲ့ကိုယ်အင်္ဂါတွေကိုရော ဒုက္ခပေးလိမ့်မယ်။ ဒါကြောင့် ခင်ဗျားခြေထောက်ကို ဖြတ်ထုတ်ပစ်ဖို့ ကျွန်တော်အကြံပေးတာ။”
ဆရာဝန်ရဲ့စကားက ဒီပီရူးမှာပြောကြသလို အေးစက်နေတဲ့ရေနဲ့ ပုံးလိုက်လောင်းခံလိုက်ရသလိုပဲ ကျွန်တော့်ကိုလန့်ဖျပ်သွားစေတယ်။ ကျွန်တော်ဟာ ၂၁ နှစ်ပဲရှိသေးတယ်။ လွန်ခဲ့တဲ့လကစပြီး ကျွန်တော့်ရဲ့ဘယ်ဘက်ဒူးခေါင်းက တစစ်စစ်နာကျင်ကိုက်ခဲလာလို့ ရိုးဆက်ရောင်ရမ်းနာအတွက် ဆေးကုသနေခဲ့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်ဟာ မတ်တတ်တောင်မရပ်နိုင်တော့ဘူး။
အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ပီရူးအလယ်ပိုင်းရှိ အန်ဒီစ်မှာ ယေဟောဝါသက်သေ၊ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ ဇာတိချက်ကြွေဖြစ်တဲ့ ဟောင်ကရိုမြို့ကိုပြန်လာပြီးနောက် ကျွန်တော်ဟာ အမေနဲ့အတူ ပင်လယ်ကမ်းရိုးတန်းရှိ လိုင်မာမြို့ကို ဆင်းခဲ့ကြတယ်။ ၁၉၉၄၊ ဇူလိုင် ၂၂ ရက်မှာ ဒီတိုင်းပြည်မှာရှိတဲ့ အကောင်းဆုံးကင်ဆာဆေးရုံကို တက်ရောက်ခဲ့ပြီး ကျွန်တော့်မှာ အရိုးဆာကိုမာလို့ခေါ်တဲ့ရောဂါဖြစ်နေတယ်ဆိုတာ အဲဒီကျမှပဲသိလိုက်ရတယ်။
ကိုယ်ကိုကိုယ်သိသောစိတ်နှင့်ဆိုင်သောကိစ္စတစ်ရပ်
မကြာခင်မှာပဲ ဆေးရုံက သွေးမသွင်းဘဲ ခွဲစိတ်ကုသမှုတွေ မလုပ်ပေးနိုင်ဘူးဆိုပြီး ကျွန်တော့်ဆီကို အကြောင်းကြားတယ်။ ဆရာဝန်တစ်ဦးက “ကျွန်တော်လက်ထဲမှာ ခင်ဗျားသေသွားတာထက်စာရင် ခင်ဗျားအိမ်မှာခင်ဗျားသေသွားတာက ပိုကောင်းပါတယ်ဗျာ” လို့တောင်ပြောခဲ့တယ်။ ဒါပေမဲ့ ဆေးရုံနဲ့လူနာများရဲ့ ပူပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေဖို့ ယေဟောဝါသက်သေများဖွဲ့စည်းထားတဲ့ ဒေသခံဆေးရုံဆက်သွယ်ရေးကော်မတီ (ဆဆက) က ကျွန်တော့်အတွက် ဝင်စွက်လုပ်ဆောင်ပေးခဲ့တယ်။ ရလဒ်ကတော့ ဆေးရုံရဲ့ခွဲစိတ်ကုဆရာဝန်ချုပ်က သူရဲ့အတိုင်ပင်ခံအဖွဲ့မှာရှိတဲ့ ဘယ်ဆရာဝန်မဆို အဲ့ဒီစိန်ခေါ်ချက်ကိုလက်ခံလိုရင် ခွဲစိတ်ကုသမှုကိုပြုလုပ်ဖို့ ခွင့်ပြုလိုက်တယ်။ ဆရာဝန်တစ်ဦးက တလိုတလားပဲလက်ခံတဲ့အတွက် ချက်ချင်းပဲ ကျွန်တော့်ကိုခွဲစိတ်ဖို့ပြင်ဆင်ကြတယ်။
ခွဲစိတ်ကုသမှုမပြုခင်မှာ ကျွန်တော့်ဆီကို ဧည့်သည်တော်တော်များများလာကြတယ်။ ဓမ္မဆရာတစ်ဦးက လက်မှာကျမ်းစာကိုင်ရောက်လာပြီး ကျွန်တော့်ရဲ့ဖျားနာမှုဟာ ဘုရားသခင်ဆီကအပြစ်ပေးချက်ဖြစ်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော့်ရဲ့အသက်ကို ကယ်ဆယ်နိုင်တဲ့ ဘယ်ကုသနည်းကိုမဆိုခံယူဖို့ သူကကျွန်တော့်ကိုတိုက်တွန်းခဲ့တယ်။ ‘အသွေးကိုကြဉ်ရှောင်ခြင်း’ ဆိုတဲ့သမ္မာကျမ်းစာမိန့်မှာချက်ကိုလိုက်နာဖို့ ကျွန်တော်အခိုင်အမာဆုံးဖြတ်ထားပြီးပြီဆိုပြီး သူ့ကိုပြောပြလိုက်တယ်။—တမန်တော် ၁၅:၁၉၊ ၂၀၊ ၂၈၊ ၂၉။
သူနာပြုဆရာမတွေက ဝင်လာပြီး “တော်တော်မိုက်တယ်၊ တကယ်ကိုမိုက်တာပဲ! ဆိုပြီးတွတ်ထိုးရေရွတ်ကြတယ်။ ဆရာဝန်အုပ်စုတွေလည်း လာကြတယ်။ သွေးလိုအပ်တယ်လို့ သူတို့ယူဆထားတဲ့ ဒီလိုခွဲစိတ်ကုသမှုမျိုးအတွက် သွေးသွင်းဖို့ငြင်းဆိုထားတဲ့ လူငယ်တစ်ဦးကိုလာကြည့်လိုကြတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီကိုလာတဲ့ အရေးကြီးဆုံးလည်ပတ်သူတွေကတော့ ကျွန်တော့်ရဲ့ခရစ်ယာန်အပေါင်းအဖော်တွေနဲ့ ဆွေမျိုးသားချင်းတွေပဲဖြစ်တယ်။ သူနာပြုဆရာမတွေက ဒီလိုအားပေးဖို့ လာလည်ပတ်မှုများစွာအတွက် အတော့်ကိုပဲအံ့အားသင့်သွားကြတယ်။
သွေးမဲ့ကုသခြင်း၏အောင်မြင်မှု
ကျွန်တော့်ကို မေ့ဆေးမပေးခင် မိနစ်အနည်းငယ်လေးမှာပဲ မေ့ဆေးဆရာဝန်တွေထဲက တစ်ဦးက “ဖြစ်လာမယ့် အရာတွေအတွက် ကျွန်တော်တာဝန်မယူဘူး” ဆိုပြီးပြောတာကို ကြားလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ခွဲစိတ်ဆရာဝန်အပြင် အခြားမေ့ဆေးဆရာဝန်မတစ်ဦးနဲ့ ဆေးရုံညွှန်ကြားရေးမှူးတွေကတော့ သွေးမသွင်းဖို့တောင်းဆိုချက်ကို လေးစားကြပါတယ်။ အဲဒီနောက်မှာတော့ “ဆင်မြူးရယ်လ်၊ သတိရပြီလား။ မင်းရဲ့ခွဲစိတ်ကုသမှု ပြီးပြီ” ဆိုပြီးပြောတဲ့မေ့ဆေးဆရာဝန်မရဲ့အသံကို ကြားရတယ်။
ကျွန်တော့် ခြေထောက်တစ်ချောင်းလုံး ဖြတ်ထုတ်လိုက်ပေမဲ့ အဲဒီနေရာကနေပြီး အရမ်းနာကျင်နေတယ်လို့ ဦးဆုံးခံစားမိလိုက်တယ်။ နာကျင်မှုသက်သာစေဖို့ ကျွန်တော့်ရဲ့ပေါင်ကို နှိပ်နယ်လိုက်ချင်တယ်၊ တကယ်တော့အဲ့ဒီပေါင် မရှိတော့ပါဘူး။ နာကျင်ခြင်းအတု (Phantom) လို့ခေါ်တဲ့ ဖြစ်ရပ်ဆန်းနဲ့ ကျွန်တော်ကြုံတွေ့နေရတယ်။ နာကျင်မှုဖြစ်စေတယ်လို့ ထင်မိတဲ့ခြေထောက်က ဖြတ်ထုတ်လိုက်ပြီးဖြစ်ပေမဲ့ တကယ်နာနေတယ်လို့ ကျွန်တော်ခံစားရပြီး အဲဒီဝေဒနာဟာပြင်းထန်လွန်းလှတယ်။
အဲဒီကတစ်ဆင့် ဓာတုကုထုံးခံယူဖို့အတွက် စီစဉ်ခဲ့ကြတယ်။ ဒီကုသမှုရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုကတော့ သွေးခဲခြင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတွေကိုဆုံးရှုံးစေတယ်။ အဲဒါက သွေးသွင်းဖို့ ကျွန်တော့်ရဲ့ငြင်းဆိုချက်ကို ဆရာဝန်အုပ်စုသစ်တစ်ခုဆီသို့ သတင်းရောက်သွားစေတယ်။ ထပ်မံပြီး ဆဆက ဟာ တာဝန်ရှိသူတွေဆီကို ဆက်သွယ်တော့ ဆရာဝန်တွေက သွေးမသွင်းဘဲကုသမှုပေးဖို့ သဘောတူညီလိုက်တယ်။
နောက်ပိုင်းမှာ ဓာတုကုထုံးရဲ့ဖြစ်ရိုးဖြစ်စဉ် နောက်ဆက်တွဲအကျိုးသက်ရောက်မှုဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းနဲ့ ပျို့ခြင်း၊ အန်ခြင်းအပြင် စိတ်ကျခြင်းကိုပါ ကျွန်တော်ကြုံတွေ့ရတယ်။ ၃၅ ရာခိုင်နှုန်း ဦးနှောက်မှသွေးထွက်ခြင်းအန္တရာယ် ဖြစ်လိမ့်မယ်ဆိုပြီး ကျွန်တော့်ကိုအကြောင်းကြားထားခဲ့တယ်။ ကင်ဆာ ဒါမှမဟုတ် ဓာတုကုထုံး ဘယ်ဟာက ကျွန်တော့်ကိုသေစေမှာလဲလို့ ဆရာဝန်တွေထဲကတစ်ယောက်ကို မေးကိုမေးလိုက်ခဲ့တယ်။
အဲ့ဒီနောက် ဆရာဝန်တွေက သွေးသွင်းပြီး ကျွန်တော့်ရဲ့သွေးဥအရေအတွက်ကို မတိုးများလာစေဘဲနဲ့ ဓာတုကုထုံးရဲ့ဒုတိယဆေးအချိန်အဆကို သူတို့ဆက်မပေးနိုင်ဘူးလို့ပြောကြတယ်။ ဆရာဝန်တစ်ဦးက စိတ်ဆိုးစွာနဲ့ သူသာလုပ်နိုင်မယ်ဆိုရင် ကျွန်တော့်ကိုမေ့ဆေးပေးပြီး သွေးသွင်းလိုက်မှာပဲလို့ ပြောတယ်။ အဲဒီလိုအဖြစ်မခံဘဲ ဓာတုကုထုံးကို ကျွန်တော်လုံးဝရပ်ဆိုင်းပစ်လိုက်မှာပေါ့လို့ သူ့ကိုပြန်ပြောလိုက်တယ်။ အဲဒီဆရာဝန်က ကျွန်တော်ရဲ့ခိုင်မြဲတဲ့ရပ်တည်မှုကို ချီးကျူးခဲ့တယ်။
သွေးဥအရေအတွက်တိုးများလာဖို့ အီရစ်သရိုပွိုင်တင်ဆေးကို အသုံးပြုဖို့ ကျွန်တော်သဘောတူညီလိုက်တယ်။ အဲဒီဆေးကို သုံးပြီးနောက် ကျွန်တော့်ရဲ့သွေးဥအရေအတွက်က မြင့်တက်သွားတယ်။ အဲဒီနောက်မှာတော့ သွေးပြန်ကြောထိုးသွင်းဆေးဓာတုကုထုံးနဲ့ ရက်အတော်ကြာကြာ ကုသပေးခဲ့တယ်။ အဲဒီအချိန်တစ်လျှောက်မှာ လဲလျောင်းရင်းနဲ့ ‘ဒီဆေးအချိန်အဆက ဦးနှောက်ကိုသွေးထွက်ခြင်းအန္တရာယ်ဖြစ်စေဦးမှာလား’ လို့စဉ်းစားမိတယ်။ ဘေးဒုက္ခအကျိုးဆက်တွေမရှိဘဲ ဆေးကုသမှုအားလုံးပြီးအောင် ကျွန်တော်ခံယူနိုင်ခဲ့တာ ကျေးဇူးတင်စရာပါပဲ။
ကျွန်တော့်ရဲ့ခွဲစိတ်မှုမတိုင်ခင်က သွေးသွင်းဖို့လက်မခံဘူးဆိုရင် အဲဒီလူတွေကို ကုသဖို့ငြင်းပယ်တာဟာ ဒီဆေးရုံရဲ့မူဝါဒပါပဲ။ ဒါပေမဲ့ အဲဒီမူဝါဒက ပြောင်းသွားပြီ။ အမှန်တော့ ကျွန်တော့်ကိုခွဲစိတ်ပြီးနောက် အဲဒီနေ့မှာပဲ ကျွန်တော့်ရဲ့ခွဲစိတ်ဆရာဝန်က ယေဟောဝါသက်သေမဟုတ်တဲ့လူနာတစ်ဦးကို သွေးအသုံးမပြုဘဲ ခွဲစိတ်ခဲ့တယ်! အခုဆိုရင် ဒီဆေးရုံမှာရှိတဲ့ ဆရာဝန်တော်တော်များများက ဆဆက နဲ့အနီးကပ်ပူးပေါင်းကြပြီး သွေးမဲ့ခွဲစိတ်လိုသူလူနာများကို လက်ခံဖို့သဘောတူကြတယ်။
ချို့ယွင်းချက်အတိုင်း ပြုပြင်ဆောင်ရွက်ခြင်း
ကျွန်တော်ဟာ ကလေးဘဝကတည်းက ဘုရားသခင်ရဲ့နည်းလမ်းတော်တွေကို သင်ကြားခံခဲ့ရတယ်။ ဒီအရေးပေါ်ဆေးကုသမှုမှာ အဲဒါက ကျွန်တော့်ရဲ့သမ္မာကျမ်းစာပေါ်အခြေခံတဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကို ကြံ့ကြံ့ခံရပ်တည်ဖို့ကူညီပေးတယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဘုရားသခင်ရဲ့လုပ်ငန်းတော်မှာ ကျွန်တော်လုပ်ချင်သလောက် မလုပ်နိုင်တာက ကျွန်တော့်ကိုဝမ်းနည်းကြေကွဲစေတယ်။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ခံစားချက်ကို ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်တဲ့ဦးလေးဖြစ်သူကို ဖွင့်ပြောပြလိုက်တယ်။ တမန်တော်ပေါလုတောင် ဘုရားသခင်ရဲ့လုပ်ငန်းတော်မှာ သူလုပ်ချင်သလောက်အပြည့်အဝမလုပ်နိုင်အောင် ‘မိမိကိုယ်၌ ဆူးသောစူး’ က သူ့ကို တားဆီးခဲ့တယ်ဆိုပြီး ဦးလေးက ကျွန်တော့်ကိုသတိပြုစေတယ်။ ဒါပေမဲ့ ပေါလုဟာ သူတတ်နိုင်သလောက်လုပ်ဆောင်ခဲ့တယ်။ (၂ ကောရိန္သု ၁၂:၇-၁၀) ကျွန်တော့်ဦးလေးရဲ့ ပြောဆိုချက်က ကျွန်တော့်ကို အတိုင်းထက်အလွန်ကူညီပေးခဲ့တယ်။
တလောက ကျွန်တော်ဟာ ခြေတုကိုတပ်ဆင်ခဲ့တယ်။ အဲဒါက ကျွန်တော့်ရဲ့ဘုရားသခင်၊ ယေဟောဝါရဲ့လုပ်ငန်းတော်ကို ပိုပြီးတိုးချဲ့နိုင်ဖို့အတွက် ပြုလုပ်ပေးမယ်လို့ မျှော်လင့်မိတယ်။ ကျွန်တော့်ရဲ့ အရေးပေါ်ဆေးကုသမှုကာလအတွင်း ကြည်လင်တဲ့ကိုယ်ကိုကိုယ်သိသောစိတ် ဆက်လက်ထားရှိနိုင်တာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ကျွန်တော်ဟာဆက်ပြီးသစ္စာရှိနေမယ်ဆိုရင် ယေဟောဝါဟာ ကျန်းမာရေးကောင်းတဲ့ခန္ဓာကိုယ်တစ်ခုနဲ့အတူ နာကျင်ခြင်းနဲ့ ဒုက္ခမရှိတော့တဲ့ပရဒိသုမြေကြီးပေါ်မှာထာဝစဉ်နေထိုင်သွားရမယ့် ဆုကျေးဇူးပေးသနားတော်မူမယ်ဆိုတာကို ယုံကြည်စိတ်ချပါတယ်။—ဗျာဒိတ် ၂၁:၃၊ ၄။—ဆင်မြူးရယ်လ် ဗီလာ အာဂါတီ ပြောပြသည်။