ဆက်သွယ်မှုကို တားဆီးသောတံတိုင်းများ
ရောဘတ်သည် အနောက်အာဖရိက၊ စီအဲရာလီအိုးန်မြို့တွင်နေထိုင်သူ ကင်းမျှော်စင်သာသနာပြုတစ်ဦးဖြစ်သည်။ ထိုနိုင်ငံသို့ သူရောက်လာပြီးမကြာမီတွင် လမ်းလျှောက်သွားနေစဉ် ဒေသခံကလေးများက “လူဖြူ! လူဖြူ!” ဟူ၍အထပ်ထပ်ပြောဆိုနေသည်ကို သတိပြုမိ၏။ အမေရိကန်လူမည်းတစ်ဦးဖြစ်သော ရောဘတ်သည် မျက်နှာဖြူတစ်ဦးကို လှည့်ကြည့်ရှာဖွေသော်လည်း မတွေ့ရှိပါ။ ထိုအခါ ကလေးများသည် မိမိကိုရည်ညွှန်းပြောဆိုနေကြောင်း သတိပြုမိလေသည်။
ထိုသို့ရွတ်ဆိုခြင်းတွင် မလိုတမာစိတ် လုံးဝမရှိပါ။ ရောဘတ်သည် မိမိတို့၏ယဉ်ကျေးမှုနှင့်ခြားနားသော နိုင်ငံသားတစ်ဦးဖြစ်ကြောင်းကို ထိုကလေးများက အသိအမှတ်ပြု ပြောဆိုနေခြင်းမျှဖြစ်သည်။ ထိုခြားနားမှုကို သူတို့ထုတ်ဖော်ပြောဆိုရန် စဉ်းစား၍ရသော အကောင်းဆုံးနည်းမှာ ရောဘတ်အား လူဖြူဟုခေါ်ဆိုခြင်းဖြစ်သည်။
ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်သည်ကို ယဉ်ကျေးမှုက ဩဇာညောင်းပုံ
ယဉ်ကျေးမှုကို “အယူအဆတူညီပြီး . . . ဘဝပုံစံတစ်ခုကို မှတ်သားပေးသည့် ဓလေ့ထုံးစံများ၊ ယုံကြည်ချက်များနှင့် အသိပညာ” ဟူ၍အကြမ်းအားဖြင့် အနက်ဖွင့်ဆိုထားပေပြီ။ တိုက်ရိုက်သွန်သင်မှုမှ ကျွန်ုပ်တို့သိရှိလာကြသည့် ယဉ်ကျေးမှုနှင့်သက်ဆိုင်သော တန်ဖိုးထားရာများစွာရှိသကဲ့သို့ အမှုမဲ့အမှတ်မဲ့ လက်ခံယူထားသည့် ဓလေ့များစွာလည်းရှိပါသည်။ သုတေသနပြုသူတစ်ဦးက ဤသို့ဆိုသည်– “မိသားစုတစ်စုသို့ [ကလေးတစ်ဦး] မွေးဖွားလာသည်နှင့် ၎င်း၏ထုံးစံများသည် သူ၏တွေ့ ကြုံမှုနှင့် အပြုအမူကို ပုံသွင်းပေးလျက်ဖြစ်သည်။ သူစကားပြောဆိုတတ်သည်နှင့် သူ့ယဉ်ကျေးမှု၏လူကလေးတစ်ဦးဖြစ်နေပြီး သူကြီးပြင်းလာ၍ ယင်း၏လှုပ်ရှားလုပ်ဆောင်မှုများတွင် ပါဝင်နိုင်လေသော် ယင်း၏အလေ့အထများသည် သူ၏အလေ့အထ၊ ယင်း၏ခံယူချက်များသည် သူ၏ခံယူချက်များ၊ ယင်း၏မဖြစ်နိုင်မှုများသည် သူ၏မဖြစ်နိုင်မှုများ ဖြစ်လာပေသည်။”
ယဉ်ကျေးမှုသည် ကျွန်ုပ်တို့၏ဘဝအသက်တာကို နည်းအမျိုးမျိုးဖြင့် သာ၍လွယ်ကူစေပါသည်။ ကလေးများအနေနှင့် မိဘအလိုကို ဖြည့်ပေးတတ်လာကြသည်။ ကျွန်ုပ်တို့အသိုင်းအဝိုင်း၏သဘောကို သိရှိလာကြပြီဖြစ်ရာ မည်သို့ပြုမူရမည်၊ မည်သို့ဝတ်ဆင်ရမည်၊ သူတစ်ပါးနှင့် မည်သို့ဆက်ဆံရမည်ကို ဆုံးဖြတ်ချက်ချရန် လမ်းပြခံရကြသည်။
တစ်ဦးချင်းစီအနေနှင့် ကျွန်ုပ်တို့မည်သူမည်ဝါဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုနောက်ခံအပေါ်သာ မူတည်သည်မဟုတ်ပါ။ ယဉ်ကျေးမှုတိုင်းတွင် ခြားနားကွဲပြားသော လူအသီးသီးရှိကြသည်။ ကျွန်ုပ်တို့မည်သူမည်ဝါဖြစ်သည်ကို မျိုးရိုးဗီဇ၊ ဘဝအတွေ့အကြုံများနှင့် အခြားအခြားသော အကြောင်းများစွာတို့ကလည်း ဆုံးဖြတ်စီရင်ပေးပါသည်။ မည်သို့ဆိုစေကာမူ ယဉ်ကျေးမှုမှန်ဘီလူးဖြင့် ဤလောကကို ကျွန်ုပ်တို့ရှုမြင်တတ်ကြ၏။
ဥပမာ၊ ကျွန်ုပ်တို့ပြောဆိုသည့်ဘာသာစကား၊ ယင်းကိုပြောဆိုပုံသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုအပေါ်မူတည်သည်။ အရှေ့အလယ်ပိုင်းဒေသအချို့ရှိလူတို့သည် အာဝဇ္ဇန်းရွှင်ရွှင် ဖောင်ဖွဲ့ပြောဆိုတတ်ခြင်းကို အလေးထားကြသည်။ တစ်ဖက်တွင်မူ အရှေ့ဖျားဒေသနိုင်ငံအချို့မှလူတို့သည် စကားအနည်းအကျဉ်းသာ ပြောဆိုလေ့ရှိသည်။ ဂျပန်ရှေးရိုးစကားတစ်ခွန်းက ဤသဘောထားကိုဖော်ပြသည်– “သင့်နှုတ်ဖြင့် သင်ပျက်စီးရ၏။”
အချိန်ကိုကျွန်ုပ်တို့သဘောထားပုံသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုအရဖြစ်ပေါ်တတ်လာသည်။ ဆွစ်ဇလန်နိုင်ငံတွင် သင်သည် ချိန်းချက်ထားချိန်ထက် ဆယ်မိနစ်နောက်ကျမည်ဆိုလျှင် တောင်းပန်ရ၏။ အခြားနိုင်ငံများတွင်မူ တစ်နာရီ၊ သို့မဟုတ် နှစ်နာရီပင် သင်နောက်ကျဦးတော့ တောင်းပန်စကားပြောစရာမလိုပေ။
တန်ဖိုးထားရာများကိုလည်း ကျွန်ုပ်တို့၏ယဉ်ကျေးမှုက သွန်သင်ပေးပါသည်။ တစ်ဦးတစ်ယောက်က “ခင်ဗျား ပေါင်ချိန်တိုးလာတယ်။ အရမ်းဝတာပဲ” ဟုသင့်ကိုပြောမည်ဆိုလျှင် မည်သို့ခံစားရမည်နည်း။ ထွားကျိုင်းမှုကို တန်ဖိုးထားသည့် အာဖရိကယဉ်ကျေးမှုအလယ်တွင် သင်ကြီးပြင်းလာမည်ဆိုလျှင် ထိုစကားက သင့်အားဝမ်းသာစေပေမည်။ သို့သော် ခန္ဓာကိုယ်သေးသွယ်မှုကို ပိုနှစ်သက်သော အနောက်တိုင်းယဉ်ကျေးမှုလောကတွင် သင်ကြီးပြင်းလာပါက ပွင့်လင်းစွာပြောဆိုခဲ့သော ထိုစကားများကြောင့် သင်စိတ်ဓာတ်ကျနိုင်သည်။
‘ကျွန်ုပ်တို့လမ်းစဉ်သည် အကောင်းဆုံး’
ယဉ်ကျေးမှုချင်းမတူသူတို့စပ်ကြား ဆက်သွယ်မှုပြုခြင်းကို အတားအဆီးဖြစ်စေတတ်သည်ကား မိမိ၏ယဉ်ကျေးမှုသာ သာ၍ကောင်းသည်ဟု နေရာတကာရှိသူများ ယူမှတ်တတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အများစုက မိမိ၏ခံယူချက်များ၊ တန်ဖိုးထားရာများ၊ ထုံးတမ်းစဉ်လာများ၊ ဝတ်စားဆင်ယင်ပုံနှင့် အလှအပနှင့်ပတ်သက်သည့် မိမိ၏ယူဆချက်များတို့သည် အခြားတို့ထက် မှန်ကန်သည်၊ သင့်တော်သည် သာ၍ကောင်းသည်ဟု အထင်ရှိတတ်ကြသည်။ ထို့ပြင် မိမိလူစု၏တန်ဖိုးထားရာများအတိုင်း အခြားယဉ်ကျေးမှုများကို စီရင်တတ်သည့်သဘောလည်း ရှိတတ်ကြသည်။ ဤသို့သောအတွေးအခေါ်မျိုးကို မျိုးမြင့်စိတ်နေဝါဒဟူ၍ခေါ်ဝေါ်သည်။ သည်နယူးအင်စိုင်ကလိုပီဒီယာဗြိတိန်နီကာ အဘိဓာန်က ဤသို့ဆိုသည်– “မျိုးမြင့်စိတ်နေဝါဒကို . . . လူခပ်သိမ်းနီးပါး လိုက်စားကြသည်ဟုဆိုနိုင်၏။ ကမ္ဘာ့ယဉ်ကျေးမှု အားလုံးနီးပါးမှသူများက မိမိတို့၏ဘဝပုံစံသည် အလွန်နီးစပ်သော အိမ်နီးချင်းတို့၏ ယဉ်ကျေးမှုတို့ထက်ပင် သာလွန်မွန်မြတ်သည်ဟု ယူမှတ်တတ်ကြသည်။”
လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာက အင်္ဂလိပ်မြေပိုင်ရှင်တစ်ဦးသည် ဤသို့တုံးတိတိပြောဆိုခဲ့သည်– “ကျွန်တော့်အမြင်မှာ နိုင်ငံခြားသားတို့သည် အရူးများဖြစ်ကြသည်။” ဤစကားများပါသည့် ကိုးကားချက်စာအုပ်ကိုတည်းဖြတ်သူက ဤသို့ရေးသားခဲ့သည်– “[ယင်းသည်] လူခပ်သိမ်းနီးပါးတို့၏စိတ်ထားဖြစ်ပုံရှိသည်။”
ယဉ်ကျေးမှုချင်းမတူသော အခြားသူများကို သည်းမခံနိုင်ကြောင်း တင်ပြစရာပုံနမူနာ မြောက်မြားစွာရှိပါသည်။ “ယဉ်ကျေးမှုဟု ကြားသည့်အခါ ကျွန်တော်ခြောက်လုံးပြူးဆွဲကိုင်တော့သည်” ဟူသောစကားကို ၁၉၃၀ ပြည့်လွန်နှစ်ပိုင်းက ဂျာမန်ဝတ္ထုရေးဆရာတစ်ယောက် ဦးဆုံးရေးသားခဲ့သည်ဖြစ်သော်လည်း ယင်းသည် နာဇီခေါင်းဆောင် ဟာမန်ဂိုရင်၏စကားဖြစ်သည်ဟူ၍ သတ်မှတ်ပြောဆိုလေ့ရှိသည်။
မျိုးမြင့်စိတ်နေဝါဒကြောင့် ယူဆချက်များ ပြင်းထန်လာမည်ဆိုလျှင် သူတစ်ဖက်သားကို အထင်သေးခြင်းဖြစ်ပေါ်လာရာ ၎င်းမှတစ်ဆင့် ရန်စောင်ခြင်းနှင့် ပဋိပက္ခဖြစ်ပွားတတ်သည်။ ရစ်ချဒ်ဂိုးစတုံးသည် ရဝမ်ဒါနိုင်ငံနှင့် ယခင်ယူဂိုစလားဗီးယားပြည်ထောင်စုတွင် ဖြစ်ပျက်ခဲ့သော စစ်ရာဇဝတ်မှုများကိုစစ်ဆေးသော အပြည်ပြည်ဆိုင်ရာမှုခင်းခုံရုံး၏ရှေ့နေဖြစ်သည်။ ထိုပဋိပက္ခနှစ်ခုစလုံးတွင်ပြုခဲ့သော လူမဆန်သည့်အပြုအမူများနှင့်ပတ်သက်၍ သူက “ဤအဖြစ်အပျက်မျိုးသည် အဘယ်နေရာတွင်မဆို ဖြစ်ပျက်နိုင်ပါသည်။ ဤတွင် ခြားနားသောယဉ်ကျေးမှုများနှင့် သမိုင်းများရှိ သီးခြားနိုင်ငံနှစ်နိုင်ငံကို တွေ့ရှိရ၏။ သို့တိုင် အိမ်နီးချင်းတို့သည် ဆင်တူယိုးမှားရက်စက်ကြမ်းကြုတ်မှုများကို အချင်းချင်းအပေါ် ပြုခဲ့ကြပြီ။ ဤကဲ့သို့သောလူမျိုးစု သို့မဟုတ် ဘာသာရေးစစ်၏ ရက်စက်ကြမ်းကြုတ်မှုသည် အထင်သေးမှုကို ပြင်းပြင်းထန်ထန် ထင်ရှားဖော်ပြခြင်းမျှဖြစ်သည်။ အနှိပ်စက်ခံရသူများသည် လူ့ ပြည်မှရှင်းပစ်ရန်လိုသည့်၊ နတ်ပူးနေသူများဖြစ်ကြရမည်။ ဤခံယူချက်ဝင်သည်နှင့် သာမန်လူများအနေနှင့် ပုံမှန်လုပ်ကိုင်လေ့မရှိသော ဤမျှဆိုးရွားမှုတို့ကို အတားအဆီးမဲ့ လွတ်လပ်စွာပြုလုပ်စေသည်။”
ကျွန်ုပ်တို့၏အမြင်ကို ကျယ်စေခြင်း
များသောအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့၏မိတ်ဆွေတို့သည် ကျွန်ုပ်တို့နှင့်အတော်အတန်တူသော၊ ကျွန်ုပ်တို့၏စိတ်ထားမျိုးရှိသည့် ကျွန်ုပ်တို့တန်ဖိုးထားရာကို တန်ဖိုးထားတတ်သူများဖြစ်ကြသည်။ သူတို့ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချပြီး နားလည်နိုင်ကြသည်။ သူတို့နှင့်ပေါင်းသင်းရ လွယ်ကူသည်။ အခြားသူတစ်ဦး၏အကျင့်အကြံသည် ထူးဆန်းသည်၊ သို့မဟုတ် သာမန်မဟုတ်ဟု ယူမှတ်မည်ဆိုလျှင် ကျွန်ုပ်တို့၏မိတ်ဆွေများလည်း ထပ်တူပင် ယူမှတ်ကြပါလိမ့်မည်။ အကြောင်းမူကား ကျွန်ုပ်တို့၏မိတ်ဆွေများသည် ကျွန်ုပ်တို့ကဲ့သို့ မလိုလားမနှစ်မြို့သည့်သဘောထားမျိုး ရှိကြပါသည်။
သို့ဖြစ်လျှင် ယဉ်ကျေးမှုနောက်ခံချင်းမတူသောကြောင့် ကျွန်ုပ်တို့နှင့်ကွာခြားသူများနှင့် အဆက်အသွယ်ပြုလုပ်ခြင်းဖြင့် အဘယ်အကျိုးခံစားနိုင်မည်နည်း။ တစ်ခုအနေနှင့် ကောင်းသောဆက်သွယ်မှုက အခြားသူများသည် သူတို့စဉ်းစားပြုမူကြပုံအတိုင်း အဘယ်ကြောင့်စဉ်းစားပြုမူကြရကြောင်း သဘောပေါက်နားလည်ရန် အကူအညီရရှိပါလိမ့်မည်။ ကွန်လေခေါ် အနောက်အာဖရိကသားတစ်ဦးက ဤသို့ဆိုသည်– “အာဖရိကနိုင်ငံရှိ ကလေးများစွာသည် အစာစားစဉ် စကားမပြောဆိုကြရန် အပြင်းအထန်ဆုံးမခံကြရသည်။ သို့သော် ဥရောပနိုင်ငံအချို့တွင် အစာစားချိန်၌ စကားစမြည်ပြောဆိုကြရန် အားပေးလေ့ရှိသည်။ သို့ဖြစ်၍ ဥရောပသားတစ်ဦးနှင့် အာဖရိကသားတစ်ဦးသည် အတူတူအစာစားကြမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ဥရောပသားက အာဖရိကသားသည် အဘယ်ကြောင့်မှိုင်တွေချပြီး အစာစားရသနည်းဟု စဉ်းစားပေလိမ့်မည်။ အာဖရိကသားကျပြန်လျှင် ဥရောပသားသည် ငှက်တစ်ကောင်ပမာ အဘယ်ကြောင့်ဤမျှစကားများနေရသနည်းဟု စဉ်းစားမိမည်။ ဤကဲ့သို့သောအခြေအနေမျိုးများတွင် အချင်းချင်း၏ယဉ်ကျေးမှုနောက်ခံကို ထည့်စဉ်းစားပြီး တစ်ဦးအပေါ်တစ်ဦး နားလည်မှုတင်ပြခြင်းသည် လူမှုရေးစိတ်စွန်းကွက်မှုများစွာကို ပျောက်ကင်းစေနိုင်ပါလိမ့်မည်။
မိမိနှင့်ခြားနားသော ယဉ်ကျေးမှုများမှသူများကို သိကျွမ်းလာကြသောအခါ သူတစ်ပါးအပေါ် နားလည်မှုတိုးပွားလာရုံသာမက မိမိကိုယ်ကိုလည်း ပိုမိုသဘောပေါက်လာမည်ဖြစ်သည်။ မနုဿဗေဒပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “နက်သောပင်လယ်သမုဒ္ဒရာထဲတွင် နေသောသတ္တဝါတစ်ကောင်၏ နောက်ဆုံးတွေ့ရှိချက်မှာ ရေဖြစ်မည်။ မတော်တဆဖြစ်မှုတစ်ခုခုကြောင့်သာ ရေမျက်နှာပြင်ပေါ် သူတက်လာရ၍ လေကိုရှူမိမှသာ လေတည်ရှိမှုကို သူသိရှိလိမ့်မည်ဖြစ်သည်။ . . . မိမိအသိုင်းအဝိုင်း၏ယဉ်ကျေးမှုကို ခြုံငုံ၍ရှုမြင်နိုင်စွမ်းရှိရန် . . . ရှားပါး၍ ရှိနိုင်ခဲသော ဓမ္မဓိဋ္ဌာန်ကျမှု အထိုက်အလျောက်ရှိဖို့လိုပါသည်။” မည်သို့ဆိုစေကာမူ အခြားသောယဉ်ကျေးမှုများကို ကျွန်ုပ်တို့အနေနှင့်ထိတွေ့ခြင်းအားဖြင့် လေရှိသည်ကို သိမြင်လာသော ပင်လယ်တွင်းနေသတ္တဝါနှင့် ကျွန်ုပ်တို့တူပေသည်; ထိုအခါ ကျွန်ုပ်တို့နေထိုင်ရာ ယဉ်ကျေးမှု “ရေထု” ကိုသတိပြုမိလာပါသည်။ စာရေးဆရာသောမတ်စ် အဲဘာခရောမ်ဘီက ဤကိစ္စကို ကောင်းစွာတင်ပြပါသည်– “တိုင်းတစ်ပါးယဉ်ကျေးမှု၏ စွဲမက်စရာများကို တစ်ခါမျှမခံစားဖူးသူသည် မိမိကိုယ်ပိုင်ယဉ်ကျေးမှု၏ ချုပ်ချယ်ဟန့်တားမှုများကို ဘယ်သောအခါမျှ သဘောပေါက်မည်မဟုတ်ပါ။”
အချုပ်အားဖြင့် အခြားယဉ်ကျေးမှုများကို သဘောပေါက်နားလည်ခြင်းကား ကျွန်ုပ်တို့၏အမြင်ကို ကျယ်စေခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝကို အဓိပ္ပာယ်ပိုရှိစေနိုင်မည်ဖြစ်ရာ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ပိုမိုသိကျွမ်းလာစေမည်ဖြစ်သည်။ ရိုးရာအစဉ်အလာယဉ်ကျေးမှုနှင့် မျိုးမြင့်စိတ်နေဝါဒ၏အတွေးအခေါ်များသည် ဆက်သွယ်မှုကိုတားဆီးသောနံရံများ ဖြစ်နိုင်သော်လည်း ထိုသို့ဖြစ်စရာမလိုပါ။ ၎င်းနံရံများကို ချိုးဖောက်နိုင်ပါ၏။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“ကမ္ဘာ့ယဉ်ကျေးမှု အားလုံးနီးပါးမှသူများက မိမိတို့၏ဘဝပုံစံသည် အလွန်နီးစပ်သော အိမ်နီးချင်းတို့၏ ယဉ်ကျေးမှုတို့ထက်ပင် သာလွန်မွန်မြတ်သည်ဟု ယူမှတ်ကြပါသည်။”သည်နယူးအင်စိုင်ကလိုပီဒီယာဗြိတိန်နီကာ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် အခြားသောယဉ်ကျေးမှုများ၏ ကောင်းရာများကို ပျော်မွေ့ရန်သင်ယူနိုင်သည်
[Picture Credit Line on page 6]
Globe: Mountain High Maps® Copyright © 1995 Digital Wisdom, Inc.