တပ်မက်လုံးကြီးသည့်ကမ္ဘာထဲတွင် ကျော်လွှားခြင်း
“ကျွန်တော် ဘယ်လိုကျော်လွှားနိုင်မလဲ။” ဂျိမ်းစ် စကော့တ်သည် ဟိမဝန္တာတောင်တန်းတွင် လမ်းစရှာမရအောင် လမ်းပျောက်သွားသောအခါ ထိုမေးခွန်းနှင့်ရင်ဆိုင်ခဲ့ရသည်။ သူသည် အအေးဒဏ်နှင့် ဆာလောင်မွတ်သိပ်ဒဏ်ကို သေလောက်သည့်အထိ အမှန်ပင်ခံနေခဲ့ရသည်။ သူတွေ့ခဲ့ဖူးသည့် ကရာတေးဝင်ပြိုင်သူများသည် “တဖြည်းဖြည်းအားအင်ကုန်ခန်းလာရာမှ ထိုးနှက်တိုက်ခိုက်မှုတစ်ခုခံရတိုင်း စိတ်ဓာတ်အင်အားမှာ လျော့လျော့လာကာ . . . လုံးဝခုခံကာကွယ်နိုင်စွမ်းမရှိတော့သည့်အထိ” ဖြစ်သွားကြသည်ကို ပြန်အမှတ်ရခဲ့သည်။ သူက “ကျွန်တော်ဟာ အိတ်ဆောင်မွေ့ရာဇစ်ကို ဆွဲပိတ်ပြီး နှင်းခဲအချို့ကို ကတုန်ကရီနဲ့ယူစားလိုက်ရင်း အဲ့ဒီလိုခံစားလိုက်ရတယ်။ ကျွန်တော့်ရဲ့စိတ်ဓာတ်ဟာ တစ်စစီကြွေမွနေပြီး အသက်ရှင်ချင်စိတ်လုံးဝမရှိတော့ဘူး။ ဒီလိုရှုံးနိမ့်မှုကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမခံစားရဖူးဘူး” ဟုပြောခဲ့သည်။—ဟိမဝန္တာ၌ လမ်းပျောက်ခြင်း။
ယနေ့ များစွာတို့သည် သူ့နည်းတူ ပုံဆောင်သဘောမျိုးနှင့် တပ်မက်မှု မင်းမူစိုးမိုးသည့် ကမ္ဘာထဲတွင် ထွက်ပေါက်ရှာမရဖြစ်နေရကြသည်။ သင်သည် တဖြည်းဖြည်းအားအင်ကုန်ခန်းလာကာ ရှုံးနိမ့်နေပြီဟု ခံစားရပေမည်။ တပ်မက်မှု၏လတ်တလောဆိုးကျိုးများမှ လုံးလုံးလွတ်မြောက်နိုင်သူမှာ အနည်းငယ်သာ။ သင်နေထိုင်ရာကမ္ဘာ့ဒေသအလိုက် ရင်ဆိုင်ရသည့်ပြဿနာများ၏အတိုင်းအတာမှာ ကွဲပြားပေမည်—ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူတို့အပေါ် တပ်မက်မှုဆိုးကျိုး၏သက်ရောက်မှုသည် ကြွယ်ဝသောနိုင်ငံများနှင့် အလွန်ကွာခြားလေသည်။ သို့ဖြစ်စေကာမူ အခက်အခဲမည်မျှပင်ရှိနေပါစေ ကာယရေးရာ၊ စိတ်ဓာတ်ရေးရာနှင့် ဝိညာဉ်ရေးရာတို့တွင် ကယ်ဆယ်မှုမလာမချင်း မထိမခိုက်ကျော်လွှားနည်းကို သင် သင်ယူနိုင်ပေသည်။ မည်သို့နည်း။ ကျော်လွှားရေးတွင် ကျွမ်းကျင်သူများမှပေးသော အခြေခံအကြံဉာဏ်အတိုင်း လိုက်ခြင်းအားဖြင့်ဖြစ်၏။
သူတို့၏အကြံပြုချက်တွင် အချက်နှစ်ချက်မှာ ထင်ရှားပါသည်။ ပထမအချက်မှာ ဖြစ်နှင့်ပြီးသားခက်ခဲသည့်အခြေအနေအား ပို၍ဆိုးမိစေခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သည်။ မြို့ပြတွင်ရပ်တည်ရေးလက်စွဲစာအုပ်က “သင်၏နည်းဗျူဟာမှာ ရှောင်နိုင်သည့် အန္တရာယ်များကို ရှောင်ရမည်ဖြစ်ပြီး . . . သင်မရှောင်မလွှဲနိုင်ရာကြောင့် ဖြစ်လာသောထိခိုက်မှုကို လျော့နည်းအောင်လုပ်ရမည်ဖြစ်၏” ဟုဆိုထားသည်။ ဒုတိယအချက်လည်းဖြစ်၊ သာဤအရေးကြီးသောအချက်လည်းဖြစ်နိုင်သည့်အရာမှာ စိတ်ထားနှင့်ပတ်သက်သည်။ သည် အက်စ်အေအက်စ် ရပ်တည်ရေးလက်စွဲစာအုပ်က “ကျော်လွှားရေးသည် ကာယရေးခံနိုင်ရည်နှင့် အသိပညာဗဟုသုတတို့ပေါ်တွင် မူတည်သကဲ့သို့ စိတ်နေစိတ်ထားပေါ်တွင်လည်း မူတည်သည်” ဟုဆိုထား၏။
အခြေအနေများအောက်တွင် တတ်နိုင်ရာကို လုပ်ပါ
“အမေရိကန်ပြည်ထောင်စု၌ ၂၂ မိနစ်တိုင်းတွင် တစ်ဦးတစ်ယောက်အမြဲအသတ်ခံရပြီး ၄၇ မိနစ်တိုင်းတွင် လုယက်တိုက်ခိုက်ခံရကာ ၂၈ မိနစ်တိုင်းတွင် ပြင်းပြင်းထန်ထန်အကြမ်းဖက်ခံရသည်” ဟု အသက်ဆက်ရေး—ရာဇဝတ်မှုမခံရရန် သင့်ကိုယ်သင်ကာကွယ်နည်းက မှတ်တမ်းပေးပို့သည်။ ထိုသို့သောအခြေအနေတွင် သင်ဘာလုပ်နိုင်သနည်း။ အနည်းဆုံး သင်သည် သင့်ကိုယ်သင် သိသာမြင်သာသောပစ်မှတ် သို့မဟုတ် လွယ်ကူသောသားကောင်ဖြစ်ခြင်းကို ရှောင်ရှားရန်ကြိုးစားနိုင်သည်။ သတိနှင့် အမြော်အမြင်ရှိပါ။ အန္တရာယ်နည်းနိုင်သမျှနည်းစေဖို့ အတတ်နိုင်ဆုံးပြုလုပ်ပါ။a
ဥပမာ၊ ယုံလွယ်ခြင်းအားဖြင့် သင်၏အခြေအနေကို သာ၍ဆိုးရွားရလေအောင် မပြုပါနှင့်။ သည်နယူးယောက်တိုင်းမ်စ်က အမေရိကန်လူမျိုး ၁၈ ရာခိုင်နှုန်းသည် လှည့်ဖြားခြင်းခံခဲ့ရကြောင်း—အားနွဲ့သောသားကောင်များကို အမဲဖမ်းလိုသည့် ကလိမ်သမားတို့ကြောင့် ဒေါ်လာထောင်နှင့်ချီ၍ အလိမ်ခံခဲ့ရကြောင်း ဝန်ခံခဲ့ကြသည်။ သားကောင်များမှာ ယူအက်စ် ဒေါ်လာ ၄၀,၀၀၀ လုယက်ခံခဲ့ရသည့် ၆၈ နှစ်အရွယ်မုဆိုးမကဲ့သို့သော သက်ကြီးရွယ်အိုများ ဖြစ်လေ့ရှိသည်။ သူမ၏အဖြစ်အပျက်ကို ခေါင်းကြီးပိုင်းတွင် ဖော်ပြထားသည်– “ဆံပင်ဖြူဆိုလျှင် ကလိမ်ချုံတို့က အစိမ်းရောင် [အစိမ်း သို့မဟုတ် ဒေါ်လာများကိုဆိုလိုသည်] ဟုမြင်၏။”
သို့သော် သင်သည် ခေါင်းပုံဖြတ်ခံဖို့အသင့်စောင့်နေသည့် ဘုမသိဘမသိ အားကိုးရာမဲ့သားကောင် နောက်တစ်ဦးဖြစ်ရန် မလိုပါ။ အသက်ဆက်ရေးက “သိုးရေခြုံထားသော မြေခွေးတို့ကို သတိပြုပါ” ဟုကျွန်ုပ်တို့ကို သတိပေးထား၏။ အသက် ၇၀ အရွယ်အဘွားအိုတစ်ဦးသည် ဤအကြံပြုချက်ကို ကျင့်သုံးခဲ့သည်။ သူမသည် တစ်လလျှင် ယူအက်စ် ၁၀ ဒေါ်လာသာ သွင်းသွားရသည့် ဆေးကုသစရိတ်အားလုံးအတွက်ပေးမည့် အာမခံကြေးရအောင်လုပ်ပေးမည်ဟု ကမ်းလှမ်းခံရသည်။ မှတ်တမ်းက “အဘွားအိုပြုလုပ်ရမည့် တစ်ခုတည်းသောအရာမှာ အရောင်းစာရေးကို ဒေါ်လာ ၂,၅၀၀ ကြိုပေးထားရမည်ဖြစ်သည်” ဟုဖော်ပြ၏။ သူမက မပေးခဲ့ချေ။ အာမခံကုမ္ပဏီကို ဖုန်းဆက်လိုက်ခြင်းအားဖြင့် ထိုသူမှာလူလိမ်ဖြစ်ကြောင်း သိလိုက်ရသည်။ “သူမသည် အရောင်းစာရေးအား ဒုတိယလက်ဖက်ရည်ခွက်ကို ငှဲ့ပေးစဉ် ရဲများရောက်ရှိလာပြီး သူ့အားဖမ်းသွားလေသည်။”
သင့်ကိုယ်သင် ကာကွယ်နိုင်သည့်နည်းမှာ သမ္မာကျမ်းစာရှိ အကြံပြုချက်ကို လုံးလုံးလျားလျားယုံကြည်ခြင်းဖြစ်၏။ “ဉာဏ်တိမ်သောသူ [“အတွေ့အကြုံမရှိသူ၊” ကဘ] သည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅; ၂၇:၁၂) များစွာတို့က သမ္မာကျမ်းစာကို ခေတ်နောက်ကျပြီး လက်တွေ့မဆန်ဟုဆိုကာ ဘေးဖယ်ထားတတ်ကြသည်။ သို့သော် ယင်း၏လက်တွေ့ကျသောအကြံပြုချက်က သင် အသက်ရှင်ရပ်တည်ရေးအတွက် အကူအညီပေးနိုင်သည်။ ပညာရှိရှောလမုန်က “ပညာ [သမ္မာကျမ်းစာ၌ တွေ့ရှိရသောအကြံပြုချက်ကဲ့သို့သော] သည် ကွယ်ကာတတ်၏။ ငွေသည်လည်းကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏။”—ဒေသနာ ၇:၁၂။
ယင်းသည် မှန်ကန်ကြောင်း နိုးလော့! ဖတ်ရှုသူများစွာကတွေ့ရှိကြသည်။ ဥပမာ၊ တရားဟောရာ ၂၂:၂၃၊ ၂၄ တွင်ဖော်ပြထားချက်နှင့်အညီ အချို့တို့သည် ဗလက္ကာရမှု သို့မဟုတ် အခြားအကြမ်းဖက်မှုအန္တရာယ် ကျရောက်သောအခါ ကျယ်လောင်စွာအော်ဟစ်ခြင်းဖြင့် အကာအကွယ်အတော်အတန် ရရှိခဲ့ကြသည်။ အခြားသူတို့သည် “ကိုယ်ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသည့်” အရာဟူသမျှနှင့် ကင်းစင်လျက်နေပါဟူသော သမ္မာကျမ်းစာအကြံပြုချက်ကို လိုက်လျှောက်ခဲ့ကြသည်။ (၂ ကောရိန္သု ၇:၁၊ နှစ်ဆယ်ရာစုနှစ် ဓမ္မသစ်ကျမ်း) သို့ဖြင့် သူတို့သည် လူတို့၏ကျန်းမာရေးကိုထိခိုက်စေပြီး ကြွယ်ဝလာကြသည့် ဆေးရွက်ကြီးနှင့် မူးယစ်ဆေးရောင်းချသူများထံမှ မိမိတို့ကိုယ်ကို ကာကွယ်ခဲ့ကြ၏။ ဖတ်ရှုသူများစွာတို့သည် ငွေ-ညှစ်ယူသည့်တီဗွီတရားဟောဆရာများနှင့် . . . တို့၏ ထောင်ချောက်များကိုလည်း ရှောင်ခဲ့ကြသည်။ (စာမျက်နှာ ၇ ပါလေးထောင့်ကွက်ကိုရှု) သမ္မာကျမ်းစာကို ဖတ်ရှုပါ။ ယင်းက အလွန်လက်တွေ့ကျသည့် အကူအညီပေးသောကြောင့် သင်အံ့အားသင့်ပေမည်။
တပ်မက်မှုကူးစက်မခံလာရဖို့ ရှောင်ပါ
အမှန်မှာ တပ်မက်မှု၏ အခြားအန္တရာယ်တစ်ခုရှိနေသေး၏—သင်ကိုယ်တိုင် တပ်မက်စိတ်ပြင်းသူဖြစ်လာနိုင်သည်။ ယင်းက သင့်အား သားရဲတိရစ္ဆာန်များနှင့် ကွဲပြားခြားနားစေသည့် သာ၍ကောင်းမွန်သော ကျင့်ဝတ်အရည်အသွေးများကို ဆုံးရှုံးစေလိမ့်မည်။ စီးပွားရေးသမားများ ခေါင်းတုံးပေါ်ထိပ်ကွက် အနိုင်ကြဲကြသည့် ထင်တိုင်းကြဲစီးပွားရေးအခွင့်အလမ်း တစ်ခုကို ဖော်ပြရာ၌ အကဲခတ်လေ့လာသူတစ်ဦးက ဤသို့ဆိုကြောင်း ကိုးကားခဲ့သည်– “ဝက်ကြီးများသည် အလုအယက်စားနေကြ၏။ တပ်မက်မှုအတိုင်းအတာကား . . . အုပ်မနိုင်ထိန်းမရချေ။” ယင်းသို့ပြောလိုက်ခြင်းက စီးပွားရေးအခွင့်အရေးသမားများထက် ဝက်များကို ပို၍စော်စော်ကားကားပြောရာကျပါသေးသည်တကား! သေချာသည်မှာ သူတို့သည် ယေရှုခရစ်ပေးတော်မူသော အကြံပြုချက်ကို လျစ်လျူရှုထားကြဟန်ရှိသည်– “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။”—လုကာ ၁၂:၁၅။
သင်သည် တပ်မက်မှုပြင်းပြလာလျှင် သင့်ကိုယ်သင် မည်မျှတိုင်ပျက်စီးစေနိုင်ကြောင်း ယေရှုခရစ်သိတော်မူသောကြောင့် ထိုအကြံပြုချက်ကို ပေးတော်မူခြင်းဖြစ်သည်။ ပစ္စည်းဥစ္စာများကို တပ်မက်ခြင်း—၎င်းပြင် အာဏာ သို့မဟုတ် လိင်ကို ငမ်းငမ်းတက်တပ်မက်ခြင်းမှာလည်း—သင်၏ဘဝတွင် အဓိကအာရုံစိုက်ဖွယ်ဖြစ်လာနိုင်ရာ အခြားသူများ သို့မဟုတ် ဝိညာဉ်ရေးတန်ဖိုးရှိရာများအတွက်စောင့်ရှောက်ရန် သင့်အချိန် သို့မဟုတ် ဆန္ဒတို့မှာ ပျောက်ကွယ်သွားသည်။ အန်သိုနီ စမ်စင်က သူ၏ သည် မိုက်ဒဲက်စ် တပ်ချ် စာအုပ်တွင် “ငွေသည် ဘာသာတရားတစ်ခု၏ ဂုဏ်ရည်များစွာကို စိုးမိုးသွားလေပြီ” ဟုဆိုထားသည်။ မည်သို့အားဖြင့်နည်း။ ငွေသည် ဘုရားတစ်ပါးဖြစ်လာခြင်းဖြင့် ဖြစ်သည်။ လောဘနှင့် ဥစ္စာဓနယဇ်ပလ္လင်ပေါ်တွင် အခြားအရာအားလုံးကို ပူဇော်ပသကြသည်။ အမြတ်ရရေးသည်သာ ပဓာနဖြစ်သည်။ အမြတ်များလေ ကောင်းလေဖြစ်သည်။ သို့သော် အမှန်အားဖြင့် ယင်းအတွက် သင်သည် အချိန်မည်မျှပင်ပေးစေကာမူ ရလေလိုလေအိုတစေပင်ဖြစ်သည်။ ဒေသနာ ၅:၁၀ ကဤသို့ဆိုထားသည်– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း [အစိုးမရ] ဖြစ်၏။” ထိုနည်းတူ အာဏာ၊ ဥစ္စာအင်ခွင် သို့မဟုတ် လိင်ကို “တပ်မက်သောသူ” သည် သူမည်မျှပင်ရစေကာမူ မည်သည့်အခါမျှ ရောင့်ရဲခြင်းရှိမည်မဟုတ်ချေ။
ကယ်ဆယ်ခံရမည့် မျှော်လင့်ချက်ကို ဘယ်တော့မျှမစွန့်နှင့်
ကျော်လွှားရေးအတွက် အရေးပါသောသော့ချက်တစ်ချက်မှာ မျှော်လင့်ချက်အပြည့်အဝနှင့် အပြုသဘောပါသောအမြင်ကို ထိန်းသိမ်းထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံ တပ်မက်သူများမှပေးသည့်ဆိုးကျိုးမှ လွတ်မြောက်ရန် သင်ပြုလုပ်နိုင်ရာ အနည်းငယ်သာရှိ၏။ ဥပမာ၊ ငတ်မွတ်ခေါင်းပါးနေသူတို့သည် သူတို့၏လတ်တလောဖြစ်အင်မှ လွတ်မြောက်ရန် အနည်းငယ်သာပြုလုပ်နိုင်လေ့ရှိသည်။ သို့သော် အရှုံးမပေးပါနှင့်; လက်နက်ချအညံ့မခံလိုက်ပါနှင့်။ အက်စ်အေအက်စ် ရပ်တည်ရေးလက်စွဲစာအုပ်က ရန်လိုတတ်သော သို့မဟုတ် အန္တရာယ်ရှိသော ဝန်းကျင်တွင် အကာအကွယ်မဲ့ဖြစ်သွားသောအခါ “သင်သည် လွယ်ကူစွာပင် အညံ့ခံလိုက်တတ်ပြီး ခွေယိုင်လဲကာ ကိုယ့်ကိုယ်ကို သနားစိတ်က လွှမ်းမိုးနေတတ်သည်” ဟုဆို၏။ အပျက်သဘောပါသောအတွေးများနှင့် စိတ်လှုပ်ရှားမှုများကို ဝင်လာခွင့်မပေးပါနှင့်။ မည်မျှတိုင်အောင် ခံနိုင်ကြောင်းကို သင်အံ့အားသင့်ပေမည်။ ထိုလက်စွဲစာအုပ်ကပင် “အမျိုးသားနှင့် အမျိုးသမီးတို့သည် အလွန်ဆိုးသောအခြေအနေများကို အောင်မြင်စွာကျော်လွှားနိုင်ကြောင်း သူတို့ ပြသခဲ့ကြပြီ” ဟုဖော်ပြထားသည်။ သူတို့ ယင်းကို မည်သို့ပြုနိုင်ကြသနည်း။ ယင်းစာအုပ်က “ထိုသို့ပင်ပြုရန် သူတို့စိတ်ပိုင်းဖြတ်ထားသောကြောင့်” ကျော်လွှားနိုင်ခြင်းဖြစ်၏ဟုဆိုထားသည်။ ဤတပ်မက်မှုအစုအစည်းအားဖြင့် အနိုင်မခံရဖို့ စိတ်ပိုင်းဖြတ်ထားပါ။
အစောပိုင်းတွင်ဖော်ပြထားသော ဂျိမ်းစ် စကော့တ်သည် သူ့အတွက်သင်္ချိုင်းဖြစ်သွားနိုင်သော ဟိမဝန္တာမှ နောက်ဆုံးတွင်ကယ်ဆယ်ခံရသည်။ သူက မိမိ၏ကျော်လွှားရေးအတွက် ရုန်းကန်လိုက်ရခြင်းက အနည်းဆုံးတော့ သူအား အရေးကြီးသည့်သင်ခန်းစာတစ်ခုကို သင်ပေးလိုက်သည်ဟုပြော၏။ ယင်းကား အဘယ်နည်း။ “ဘဝမှာဖြေရှင်းဖို့ သိပ်ကိုခက်ခဲတဲ့စိန်ခေါ်ချက် မရှိဘူးဆိုတာပါပဲ” ဟူ၍သူကပြောသည်။ ရှာဖွေတွေ့ရှိသည့်အထိ အသက်ရှင်ခံရပ်နိုင်ခဲ့သော ဂျိမ်းစ် စကော့တ်ကို အံ့အားသင့်နေသည့် အတွေ့အကြုံရှိတောင်တက်သမားတစ်ဦးဖြစ်သူ တဲင်မ် မကာတ့နီ စနက်ပ်ကလည်း အကျိုးရှိသောသင်ခန်းစာတစ်ခု ထုတ်ယူခဲ့သည်။ သူက “မျှော်လင့်ချက်အရိပ်အငွေ့ ရှိသရွေ့ကာလပတ်လုံး ဘယ်တော့မျှအရှုံးမပေးပါနှင့်” ဟုဆိုသည်။ ဤနည်းအတိုင်း မည်မျှပင် မနှစ်မြို့သည့်အရာဖြစ်နေပါစေ သင့်မျှော်လင့်ချက်ဆုံးရှုံးသွားမည်ဆိုလျှင် ကိစ္စရပ်များကို သာ၍ဆိုးစေရန်သာရှိချေမည်။ ကယ်ဆယ်ရေးမျှော်လင့်ချက်ကို ဘယ်တော့မျှမစွန့်လိုက်ပါနှင့်။
သို့သော် တပ်မက်မှုနှင့်ပြည့်နှက်လျက်ရှိသော ကမ္ဘာမှ ကယ်ဆယ်ရန်အလို့ငှာ “မျှော်လင့်ချက်အရိပ်အငွေ့၊” လက်တွေ့ကျသည့်အခွင့်အလမ်း တစ်စုံတစ်ရာရှိသလော။ ဤကမ္ဘာဂြိုဟ်ကို ပျက်စီးစေပြီး သန်းထောင်ပေါင်းများစွာ၏အသက်တာကို ဖျက်ဆီးပစ်နေသော တပ်မက်လုံးကြီးသူတို့ထံမှ တစ်ချိန်ချိန်တွင် ကျွန်ုပ်တို့ လွတ်မြောက်လိမ့်မည်လော။ အမှန်မှာ ယုံကြည်စိတ်ချရသည့် ကယ်ဆယ်ရေးအလားအလာ တစ်ခုရှိ၏။ နောက်ဆောင်းပါးတွင် သမ္မာကျမ်းစာ၏အဖြေကို သုံးသပ်ကြည့်ကြစို့။
[အောက်ခြေမှတ်ချက်]
a နိုးလော့! ၁၉၈၉၊ ဧပြီ ၂၂ [လိပ်] ထုတ် စာမျက်နှာ ၇-၁၀ ရှိ “အကြမ်းဖက်မှု—သင့်ကိုယ်သင် ကာကွယ်နိုင်” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာ၏ အခန့်သင့်သတိပေးချက်များ
သု. ၂၀:၂၃ “အလေးချင်းမတူသောအလေးတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင်လည်း အပြစ်ရှိ၏။”
ယေရမိ ၅:၂၆၊ ၂၈ “ဝပ်လျက်နေသောမုဆိုးကဲ့သို့ ချောင်းမြောင်းသောလူဆိုးသည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကိုထောင်ခြင်းငှာ ထောင်ချောက်ကိုထားကြပြီ။ ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကိုစောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့်မစီရင်ကြ။”
ဧဖက် ၄:၁၇-၁၉ “ထိုကြောင့် ကြွင်းသောတစ်ပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည့်နည်းတူ၊ သင်တို့သည် နောက်တစ်ဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့်ငါမှာလိုက်၏။ ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှာ၊ မိမိတို့ကို ကိလေသာ [ညစ်ညူးမှု] လက်သို့အပ်လိုက်ကြ၏။”
ကောလောသဲ ၃:၅ “ထိုကြောင့် မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ [ညစ်ညမ်းသည့်] ပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ . . . ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။”
၂ တိမောသေ ၃:၁-၅ “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချူပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။”
၂ ပေတရု ၂:၃ “သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွှဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။”