တပ်မက်လုံးကြီးမှု—ကျွန်ုပ်တို့ကို ဘာပြုနေသနည်း
တပ်မက်မှုသည် သန်းပေါင်းများစွာ၏ဘဝကို ဖျက်ဆီးလျက်ရှိသည်။ ယင်းသည် တပ်မက်မှုကြီးသူတို့ကို လူမဆန်သူများဖြစ်စေရာ သူတို့၏သားကောင်ဖြစ်ရသူများခမျာ စိတ်နာကျင်မှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို ခံစားကြရသည်။ သင့်ဘဝတွင် တပ်မက်မှု၏ဆိုးကျိုးကို အတော်အတန်ခံစားဖူးခဲ့ပေမည်။ ဖြစ်ရိုးဖြစ်စဉ်ဆိုင်မှအလစ်သုတ်ခြင်းကပင် သင်ဝယ်ယူမည့်ပစ္စည်းများ၏ဈေးနှုန်းကို မြင့်တက်သွားစေသည်။ သင့်လုပ်ခမှာနည်းပြီး နေ့စဉ်လိုအပ်ရာများ၏ကုန်ကျစရိတ်ကို လိုက်မမီနိုင်လျှင် သင်သည် တစ်ဦးဦး၏တပ်မက်မှုသားကောင် ဖြစ်ဖွယ်အကြောင်းရှိသည်။
ဆာလောင်မွတ်သိပ်ခြင်းနှင့် အသက်ငင်နေခြင်း
ကိုယ့်အရေးကိုသာ မက်မက်မောမောကြည့်ခြင်းက ဆင်းရဲနွမ်းပါးမှုကို ထိထိရောက်ရောက်ကူညီဖို့ . . . ကြိုးစားအားထုတ်မှုကို နှောင့်နှေးစေသည်။ ၁၉၅၂ ခုနှစ်ကတည်းက သိပ္ပံပညာရှင်နှင့် အာဟာရဗေဒပါရဂူတစ်ဦးဖြစ်သူ ဆာ ဂျွန် ဘိုင်ဒ် အော်က “. . . များသည် ကမ္ဘာစစ်တစ်ခုအတွက် လူများနှင့် အရင်းအမြစ်များကို စုစည်းရန်ပြင်ဆင်နေကြသော်လည်း အင်အားကြီးနိုင်ငံများသည် ဤလောကတွင် ဆာလောင်မှုနှင့် ဆင်းရဲမှုကို ဖယ်ရှားပစ်ဖို့ စုစည်းရန်အတွက်မူ မပြင်ဆင်ကြပါ” ဟုပြောဆိုခဲ့သည်။—အဲန် ဗြူကဲန်နန်ရေးသားသော စားနပ်ရိက္ခာခေါင်းပါးခြင်းနှင့် ဩဇာအာဏာ။
အကူအညီ အထိုက်အလျောက်ပေးသည်ကား မှန်၏။ သို့သော် လျစ်လျူရှုခံနေရသော ကမ္ဘာ့လူဦးရေအများစုဖြစ်သည့် ဆင်းရဲနွမ်းပါးသူများအတွက် ဘဝဖြစ်ရပ်မှန်ကားအဘယ်နည်း။ မကြာသေးမီ မှတ်တမ်းတစ်ခုက အရပ်ဒေသအချို့တွင် စားနပ်ရိက္ခာထွက်နှုန်းမှာ တိုးများလာသော်ငြားလည်း “ယခုထက်တိုင် ဆာလောင်မွတ်သိပ်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းသည် ကမ္ဘာ့ဆင်းရဲမှု၏အများစုကို သောင်းကျန်းခြိမ်းခြောက်လျက်ရှိပြီ . . . ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံ [သန်းတစ်ထောင်ကျော်] သည် နေ့စဉ်ငတ်မွတ်လျက်ရှိသည်” ဟုဖော်ပြ၏။ အဆိုပါမှတ်တမ်းကပင် ဆက်၍ “ထို့ပြင် စိုးရိမ်ဖွယ်ရာရောဂါများ ဖြစ်စေနိုင်သည့် [အာဟာရ] ချို့တဲ့မှု . . . ကြောင့် သန်းနှစ်ထောင်မှာ ‘ဖုံးကွယ်ထားသော အငတ်ဘေး’ ဆိုက်လျက်ရှိသည်” ဟုဆိုထားသည်။ (သေခြင်းသို့ တရွေ့ရွေ့—တတိယကမ္ဘာ၏ဖွံ့ဖြိုးမှု ပြန်လည်စဉ်းစား) ဤတွက်ချက်မှုများသည် ခေါင်းစီးတွင် အမှန်ရှိသင့်သည်တကား!
ကျွန်ပြုခံရသူများ
ရာဇဝတ်ဂိုဏ်းများသည် ၎င်း၏သားကောင်များနှင့် သာမန်ပြည်သူလူထုကို ခုတုံးလုပ်ပြီး ချမ်းသာကြွယ်ဝလာကြသည်။ သန်းပေါင်းများစွာသည် မူးယစ်ဆေး၊ အကြမ်းဖက်မှု၊ ပြည့်တန်ဆာလုပ်ငန်းနှင့် စီးပွားရေးခေါင်းပုံဖြတ်မှုအောက် ကျွန်ပြုခံနေကြရသည်။ ဂေါဒင် သောမတ်စ်က သူ၏စာအုပ် ကျွန်ပြုခံရခြင်းတွင် “ကျေးကျွန်စနစ်ဆန့်ကျင်ရေးအဖွဲ့အစည်း၏အဆိုအရ ကမ္ဘာပေါ်တွင် သန်း ၂၀၀ သည် ကျွန်များဖြစ်နေကြကြောင်း ခန့်မှန်းရသည်။ သူတို့ထဲမှ သန်း ၁၀၀ မှာကလေးများဖြစ်ကြ၏” ဟုဆိုထားသည်။ အခြေခံ အကြောင်းရင်းကား အဘယ်နည်း။ မှတ်တမ်းက ဤသို့ရှင်းပြသည်– “ကျွန်ပြုချင်စိတ်သည် လူ့သဘောသဘာဝ၏ဉာဉ်ဆိုးအဖြစ် ဆက်ရှိနေပြီး . . . [ကျွန်စနစ်သည်] အာသာဆန္ဒပြင်းပြခြင်း တပ်မက်ခြင်းနှင့် အာဏာကိုခုံမင်ခြင်း၏ ရလဒ်ဖြစ်သည်။”
အားကြီးသူတို့သည် အားနည်းပြီး ခုခံနိုင်စွမ်းမရှိသူတို့ကို လက်မဲ့ဖြစ်စေကာ များစွာတို့ကို သတ်ပစ်လိုက်ကြသည်။ “ဘရာဇီး၌ မျက်နှာဖြူတို့ ဦးဆုံးဝင်ရောက်လာချိန်တွင် အင်းဒီးယန်းလူမျိုး ၂ သန်းရှိခဲ့သော်လည်း ယခုတွင် ယင်းတို့အနက် နှစ်သိန်းသာအသက်ရှင်ကျန်ရစ်ပေမည်။” (ဗြောင်ကျသောရုန့်ရင်းကြမ်းတမ်းမှု) အဘယ်ကြောင့်နည်း။ အခြေခံအကြောင်းရင်းမှာ တပ်မက်မှုဖြစ်သည်။
ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်းစပ်ကြား ကြီးထွားလျက်ရှိသောကွာဟမှု
ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ်တွင် စီမံခန့်ခွဲသူတစ်ဦးဖြစ်သူ ဂျိမ်းစ် ဂက်စ်တဗ် စပက်သ်က “လူသားထု၏ထက်ဝက်ကျော်မှာ ကုန်းကောက်စရာမရှိအောင် မွဲတေနေစဉ် ကမ္ဘာ့ထိပ်သီးအကျော်အမော်များမှာ ကျိကျိတက်ကြွယ်ဝချမ်းသာနေကြကာ အာဏာပိုရနေကြသည်” ဟူ၍ထုတ်ဖော်ပြောဆိုကြောင်း သည်နယူးယောက်တိုင်းမ်စ်က သတင်းပေးပို့သည်။ သူ၏စကားများက ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းစပ်ကြား အန္တရာယ်ရှိသောကွာဟချက်ကို ပို၍ထင်ရှားစေသည်– “လူသန်းပေါင်း ၃ ထောင်ကျော်—ကမ္ဘာပေါ်ရှိ လူဦးရေထက်ဝက်ကျော်—သည် နေ့စဉ်ဝင်ငွေ ၂ ဒေါ်လာ [ယူ. အက်စ်] အောက်သာရှိသည်။” သူက ထပ်ဆင့်၍ ဤသို့ပြောသည်– “ဤလူတန်းစားနှစ်လွှာတွင် ဆင်းရဲသားများအတွက် ယင်းသည် ခိုကိုးရာမဲ့ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ စိတ်ပျက်အားလျော့ခြင်းတို့အတွက် ပေါက်ဖွားရာဖြစ်၏။”
ချမ်းသာကြွယ်ဝသူအများသည် ဆင်းရဲနွမ်းပါးမှု၏ထုထောင်းမှုဒဏ်၊ ငတ်မွတ်မှုဒဏ်ခံနေရသော လူသားထု၏ဖြစ်အင်ကို သိရှိခံစားခြင်းသော်လည်းကောင်း၊ ထောက်ထားစာနာခြင်းသော်လည်းကောင်း မရှိကြောင်း ထင်ရှားသည့်ဖြစ်ရပ်မှန်ကြောင့် ဤခိုကိုးရာမဲ့မှုမှာ တိုးပွားလာလေသည်။
နေရာတိုင်းတွင် တပ်မက်မှု၏သားကောင်များရှိကြ၏။ ဥပမာ၊ ဘော့စနီးယား၊ ရဝမ်ဒါနှင့် လိုင်ဘေးရီးယားတို့တွင် အာဏာလုခဲ့ကြစဉ်က ယင်းတို့၏အရေးထဲတွင်ချောင်ပိတ်မိနေရှာသော ဒုက္ခသည်များ၏ တွေဝေလျက်ရှိသည့်မျက်လုံးများကို မြင်ယောင်ကြည့်ပါ။ ပေါကြွယ်လျက်ရှိသော လောကကြီးအလယ်တွင် အငတ်ဘေးကို ခါးစည်းခံနေရသူများ၏မျက်နှာမှ လက်မှိုင်ချမှုများကို မှန်းဆကြည့်ပါ။ ယင်းတို့အားလုံး၏နောက်ကွယ်တွင် အဘယ်အရာရှိသနည်း။ အသွင်တစ်မျိုးမျိုးဖြင့်ပြသည့် တပ်မက်မှုပင်တည်း!
ဤကဲ့သို့သော ရန်မူသည့်ဝန်းကျင်တွင် တပ်မက်မှုသားရဲများ၏ ဝန်းရံခြင်းကိုခံရသည့်အခါ သင်မည်သို့အသက်ဘေးမှ လွတ်နိုင်မည်နည်း။ နောက်ဆောင်းပါးနှစ်ခုတွင် ယင်းမေးခွန်း၏အဖြေကို သုံးသပ်ကြမည်။