“ငြိမ်ငြိမ်ထိုင်ပြီး ဂရုစိုက်နားထောင်!”
ဂနာမငြိမ် အာရုံစူးစိုက်မှုချို့တဲ့ခြင်းနှင့် လိုက်လျောညီစွာနေခြင်း
“ငါတို့သာ—တကယ်တော့ ကျွန်မကိုပြောချင်တာ—ကာလ်ကို အလိုမလိုက်ဘဲ ကြပ်မတ်ကြမယ်ဆိုရင် သူဟာလိမ္မာလာမှာဆိုပြီး ဂျင်းမ်က အမြဲပဲပြောခဲ့ပါတယ်။ အခုတော့ အထူးကုဆရာဝန်က ဒါဟာ ကျွန်မကြောင့်မဟုတ်၊ နှစ်ယောက်စလုံးကြောင့်လည်းမဟုတ်၊ ကာလ်ရဲ့ဆရာတွေအပြစ်လည်းမဟုတ်ဘူး– ကျွန်မတို့ရဲ့သားလေးမှာ တကယ်တော့တစ်ခုခုချို့ယွင်းနေလို့ပါပဲဆိုပြီး ကျွန်မတို့ကိုပြောပြနေပါတယ်။”
ကာလ်သည် အာရုံမစိုက်နိုင်ခြင်း၊ စိတ်ကူးပေါက်ရာပြုလုပ်ခြင်းနှင့် ဂနာမငြိမ်ခြင်းကဲ့သို့သော အခြေအနေတစ်ခုကို ဖော်ပြသည့် ဂနာမငြိမ် အာရုံစူးစိုက်မှုချို့တဲ့ခြင်းဝေဒနာ Attention Deficit Hyperactivity Disorder (ADHD) ကိုခံစားနေရရှာသည်။ အဆိုပါဝေဒနာသည် ကျောင်းနေသည့်အရွယ် ကလေးအားလုံး ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိကို ထိခိုက်လျက်ရှိကြောင်း ခန့်မှန်းရသည်။ “သူတို့၏စိတ်များသည် လမ်းကြောင်းရွေးချယ်သောခလုတ် ချို့ယွင်းနေသည့် တီဗွီများနှင့်တူလေ၏။ အာရုံပြောင်းမြန်ဆန်ပြီး တစ်ပုံစံတည်းဖွဲ့စည်း သို့မဟုတ် စည်းကမ်းကြပ်မတ်၍မရချေ” ဟုသင်ယူမှုပညာကို အထူးပြုလေ့လာသူ ပရစ္စလာ အဲလ်၊ ဗေးလ်ကဆိုသည်။
ADHD ၏အဓိကလက္ခဏာသုံးခုကို ကျွန်ုပ်တို့ အကျဉ်းချုံးသုံးသပ်ကြည့်ကြစို့။
အာရုံမစိုက်နိုင်ခြင်း– ADHD ဖြစ်နေသောကလေးသည် အရေးမကြီးသောအရာတို့ကို မပိုင်းခြားတတ်သည့်အပြင် အကြောင်းအရာတစ်ခုအပေါ် အာရုံမစိုက်နိုင်ချေ။ သို့ဖြင့် သူသည် မဆီမဆိုင်သည့် တွေ့ မြင်ရာများ၊ ကြားရာအသံများနှင့် ရရှိသည့်အနံ့များအားဖြင့် လွယ်ကူစွာအာရုံပြောင်းလွဲတတ်သည်။a သူသည် အာရုံစူးစိုက်နေသော်လည်း သူ၏ဝန်းကျင်မှ အဘယ်အရာတစ်ခုမျှ သူ့အတွက် ထူးခြားမှုမရှိ။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်း သူ မဆုံးဖြတ်နိုင်ပေ။
စိတ်ကူးပေါက်ရာပြုလုပ်ခြင်း– ADHD ကလေးသည် ဖြစ်လာမည့်အကျိုးဆက်များကို မစဉ်းစားဘဲ ပြုမူဆောင်ရွက်တတ်လေသည်။ သူသည် စီစဉ်မှုနှင့် ချင့်ချိန်နိုင်စွမ်းနည်းပါးပြီး ရံဖန်ရံခါ သူ၏ပြုမူဆောင်ရွက်မှုများမှာ အန္တရာယ်ရှိတတ်၏။ ဒေါက်တာ ပေါလ် ဝဲန်ဒါက “သူသည် ရုတ်တရက် လမ်းပေါ်ထွက်ပြေးပြီး စင်ပေါ်တက်ကာ သစ်ပင်ပေါ်တက်ပြေးလေ၏။ ရလဒ်အနေဖြင့် သူသည် မဖြစ်သင့်သော ထိခိုက်ပွန်းရှခြင်း၊ အညိုအမည်းစွဲခြင်း၊ ဒဏ်ရာဒဏ်ချက်များနှင့် ဆရာဝန်ဆီသို့ လည်ပတ်ရကြိမ် သူများထက် ပိုများလေတော့သည်” ဟုရေးသားထား၏။
ဂနာမငြိမ်ခြင်း– ဂနာမငြိမ်သောကလေးသည် အမြဲတစေ လှုပ်လှုပ်ရွရွဖြစ်နေတတ်သည်။ သူတို့သည် ငြိမ်ငြိမ်မထိုင်နိုင်ပါ။ ဒေါက်တာ ဂေါဒင် ဆာဖောန်တင်းက သူ၏ မြုံနေသောချို့တဲ့မှု စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “သူတို့သည် အသက်ကြီးလာသောအခါ၌ပင် ခြေထောက်၊ ခြေဖမိုး၊ လက်တံ၊ လက်၊ နှုတ်ခမ်းများ သို့မဟုတ် လျှာကို တစ်နည်းနည်းဖြင့် အဆက်မပြတ်လှုပ်ရှားနေကြောင်း စေ့စေ့စပ်စပ်ကြည့်ပါက သတိပြုမိပေလိမ့်မည်။”
သို့တိုင်၊ အာရုံမစူးစိုက်နိုင်ကာ စိတ်လိုက်မာန်ပါပြုတတ်သူ ကလေးအချို့သည် ဂနာမငြိမ်သူများမဟုတ်ပါ။ သူတို့၏ဝေဒနာကို တစ်ခါတစ်ရံ အာရုံစူးစိုက်မှုချို့တဲ့ခြင်း Attention Deficit Disorder သို့မဟုတ် ADD ဟူ၍သာခေါ်ဆိုကြပါသည်။ ဒေါက်တာ ရောနယ်လ် ဂိုလ်ဒ်ဘာ့ဂ်က “ဂနာမငြိမ်ခြင်း လုံးဝမဖြစ်ဘဲ နှင့်လည်း ADD ဖြစ်နိုင်၏။ သို့မဟုတ် ယင်းသည် ကြည့်ရုံဖြင့် မသိမသာဖြစ်ခြင်းမှ စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအထိမက အလွန်ချို့ယွင်းသည့်တိုင်အောင် ဂနာမငြိမ်သည့်အတိုင်းအတာကို တွေ့ရှိနိုင်၏” ဟုရှင်းပြသည်။
ADHD ဖြစ်ရခြင်း အကြောင်းရင်းများကား အဘယ်နည်း
အာရုံစူးစိုက်ခြင်းအခက်အခဲများသည် အုပ်ထိန်းမှုညံ့ဖျင်းခြင်းမှအစ မီးချောင်းထွန်းခြင်းအထိတို့ကြောင့် ဖြစ်သည်ဟု နှစ်များတစ်လျှောက် ပြစ်တင်ပြောဆိုကြသည်။ ယခုမူ ADHD သည် ဦးနှောက်လုပ်ဆောင်မှုအချို့ ချွတ်ယွင်းခြင်းကြောင့်ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ၁၉၉၀ တွင် စိတ်ကျန်းမာရေးဆိုင်ရာ အမျိုးသားသမဂ္ဂက ADHD လက္ခဏာရှိသည့် အရွယ်ရောက်သူ ၂၅ ဦးအား စစ်ဆေးစမ်းသပ်ခဲ့ရာ သူတို့၏ လှုပ်ရှားမှုနှင့် အာရုံစိုက်မှုကို ထိန်းချုပ်သော ဦးနှောက်၏နေရာအချို့၌ ဇီဝတွင်းဂလူးကို့ ဖြစ်ပျက်မှု သာ၍နှေးကွေးနေကြောင်း တွေ့ရှိကြရ၏။ ADHD ဝေဒနာရှင် ၄၀ ရာခိုင်နှုန်းခန့်တွင် ၎င်း၏မျိုးရိုးဗီဇဖွဲ့စည်းပုံကြောင့် ဖြစ်ပုံရှိသည်။ ဂနာမငြိမ်သောကလေးစာအုပ် အရ ADHD နှင့်ဆက်နွှယ်သည့် အခြားအချက်အလက်များမှာ မိခင်ဖြစ်သူသည် ကိုယ်ဝန်ဆောင်စဉ်တွင် အရက် သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ခဲအဆိပ်သင့်ခြင်းနှင့် အခြေအနေအချို့တွင် မှီဝဲသည့်အစားအသောက်တို့ကြောင့်ဖြစ်သည်။
ADHD မြီးကောင်ပေါက်နှင့် အရွယ်ရောက်သူ
များမကြာမီက ADHD မှာကလေးဘဝအခြေအနေသာ မဟုတ်ကြောင်း ဆရာဝန်များ တွေ့ရှိလာကြသည်။ ဒေါက်တာ လယ်ရီ စေးလ်ဗားက “ကလေးကို ဆေးကုဖို့ခေါ်လာကြသောမိဘများသည် ‘ကျွန်ုပ်ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ’ ဟုပြောလေ့ပြောထရှိသည်။ ထို့နောက် သူတို့က တန်းစီစောင့်ရခြင်း၊ အစည်းအဝေးတွင်ငြိမ်ငြိမ်ထိုင်ရခြင်း၊ အလုပ်တစ်ခုကိုပြီးစီးအောင်ပြုလုပ်ခြင်း၌ ပြဿနာများ ရှိနေသေးကြောင်း ဝန်ခံကြ၏” ဟုဆိုသည်။ ADHD ဝေဒနာရှင်ကလေးအားလုံးမှ ထက်ဝက်ခန့်မှာ သူတို့၏ရောဂါလက္ခဏာမှ အနည်းဆုံးအချို့သည် မြီးကောင်ပေါက်အရွယ်နှင့် အရွယ်ရောက်သည့်အထိ ပါသွားကြောင်း ယခု ယုံကြည်ကြသည်။
မြီးကောင်ပေါက်အရွယ်တွင် ADHD ဖြစ်နေသူတို့သည် အန္တရာယ်ဖြစ်စေသည့်အပြုအမူမှ အပြစ်ကျူးလွန်ခြင်းသို့ ကူးပြောင်းသွားနိုင်သည်။ ADHD ဝေဒနာရှင် မြီးကောင်ပေါက်တစ်ဦး၏မိခင်က “သူကောလိပ်တက်နိုင်မှာမဟုတ်ဘူးလို့ ကျွန်မစိတ်ပူမိတယ်။ အခုတော့ ထောင်မကျပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့တယ်” ဟုပြောပါသည်။ ထိန်းချုပ်စမ်းသပ်ခံကလေး ၁၀၀ နှင့် ဂနာမငြိမ်သူလူငယ် ၁၀၃ ဦးအား နှိုင်းယှဉ်လေ့လာကြည့်ရာတွင် ထိုသို့သောစိုးရိမ်မှုများမှာ အခြေအမြစ်ရှိကြောင်း ဖော်ပြသည်။ “ဂနာမငြိမ်သူအုပ်စုမှ လူငယ်များသည် အသက် ၂၀ ကျော်လေးတွင် ဖမ်းဆီးခံရခြင်းမှတ်တမ်း နှစ်ဆ၊ ကြီးလေးသောပြစ်မှု စီရင်ခံရခြင်း ငါးဆနှင့် အကျဉ်းထောင်ကျခဲ့ခြင်း ကိုးဆရှိနိုင်သည်” ဟုနယူးစ်ဝိခ်က ဖော်ပြပါသည်။
အရွယ်ရောက်သူလူကြီးတစ်ဦးအတွက်မူ ADHD သည် ထူးခြားသောပြဿနာများကို ဖြစ်ပေါ်စေသည်။ ဒေါက်တာ အဲဒ်နာ ကို့ပဲလဲင်းဒ်က ဤသို့ဆိုသည်– “ဂနာမငြိမ်သောကလေးသည် အသက်ကြီးလာသောအခါ လုပ်ငန်းခွင်မကြာခဏပြောင်းလဲသူ၊ မကြာခဏအလုပ်ပြုတ်ပြီး တစ်နေ့လုံးအလဟဿအချိန်ဖြုန်းကာ ယောက်ယက်ခတ်နေတတ်၏။” အကြောင်းရင်းကို နားမလည်ကြသောအခါ ဤလက္ခဏာများသည် အိမ်ထောင်ရေးတွင် တင်းမာမှုဖြစ်ပေါ်စေနိုင်၏။ ADHD ဖြစ်နေသူတစ်ဦး၏ဇနီးသည်က “စကားရိုးရိုး ပြောတာတောင် ကျွန်မပြောသမျှအားလုံးကို သူကြားတောင်မကြားဘူး။ အခြားတစ်နေရာရာကို သူအမြဲရောက်နေသလိုပါပဲ” ဟုပြောပြသည်။
မှန်ပါသည်၊ ဤထူးခြားချက်တို့မှာ လူအများတွင် ဖြစ်တတ်ကာ အနည်းနှင့်အများဖြစ်ကြပါသည်။ ဒေါက်တာ ဂျော်ရှ် ဒိုရီက “အစကတည်းက အဆိုပါလက္ခဏာများ ရှိခဲ့လေသလားဟုမေးကြည့်ရမည်” ဟူ၍ပြောလေသည်။ ဥပမာ၊ လူတစ်ဦးသည် အလုပ်ပြုတ်ပြီးနောက်မှ သို့မဟုတ် သူ့ဇနီးသည်ကလေးမွေးပြီးနောက်မှ မေ့လျော့တတ်လျှင် ယင်းသည် မူမမှန်မှုမဟုတ်ပါ။
ထိုထက်ကား လူတစ်ဦးတွင် ADHD အမှန်တကယ်ဖြစ်နေလျှင် ထိုလက္ခဏာများမှာ ပျံ့နှံ့ဝင်ရောက်နေပြီး ယင်းတို့သည် သူ၏ဘဝကဏ္ဍရပ် အားလုံးနီးပါးကိုထိခိုက်လေသည်။ အာရုံမလွင့်ဘဲ လုပ်ငန်းတစ်ခုကို ပြီးအောင်မလုပ်နိုင်ဟန်ရှိသူ ဉာဏ်ကောင်းပြီး သွက်လက်ဖျတ်လတ်သော အသက် ၃၈ နှစ်အရွယ် ဂယ်ရီသည် ထိုကဲ့သို့ပင်ဖြစ်သည်။ သူသည် လုပ်ငန်းပေါင်း ၁၂၀ ထက်မက ပြောင်း၍လုပ်ကိုင်ခဲ့ပြီ။ “ကျွန်တော် ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုတာကို လက်ခံလိုက်ပါပြီ” ဟူ၍သူပြောခဲ့သည်။ သို့သော် ဂယ်ရီနှင့် အခြားသူများစွာ—ကလေးများ၊ မြီးကောင်ပေါက်များနှင့် အရွယ်ရောက်သူလူကြီးများ—တို့သည် ADHD ကိုကိုင်တွယ်ဖြေရှင်းနိုင်ရန် အကူအညီရရှိခဲ့ကြပြီ။ မည်သို့အားဖြင့်နည်း။
[အောက်ခြေမှတ်ချက်များ]
a မိန်းမများထက် ယောက်ျားများတွင် သာ၍အဖြစ်များသောကြောင့် ကျွန်ုပ်တို့သည် ခံစားရသူကို ပုလ္လိင်အဖြစ်ဖော်ပြပါမည်။