ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၁/၈ စာ. ၆-၁၁
  • ဉာဉ်ဆိုးရှိသော ကလေးတစ်ဦးကို မွေးမြူခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဉာဉ်ဆိုးရှိသော ကလေးတစ်ဦးကို မွေးမြူခြင်း
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကဲဖြတ်ခြင်းနှင့် ကြားဝင်ဆောင်ရွက်ခြင်း
  • ဖိစီးမှုဖြင့် လက်ပန်းကျနေသော ကလေးများ
  • အဆင်မပြေမှုကို လျှော့ချပါ
  • အမူအကျင့် စီမံကွပ်ကဲမှု
  • ချီးမွမ်းပါ၊ မရှုတ်ချပါနှင့်
  • ဂရက်ဂ်၏ ဖခင် ကြုံတွေ့ရသည့် ကိုယ်တွေ့ ဖြစ်ရပ်
  • စိန်ခေါ်ချက်ကို ရင်ဆိုင်တုံ့ပြန်ခြင်း
    နိုးလော့!—၁၉၉၈
  • “ငြိမ်ငြိမ်ထိုင်ပြီး ဂရုစိုက်နားထောင်!”
    နိုးလော့!—၁၉၉၈
  • မေတ္တာနှင့်ယှဉ်သောဆုံးမခြင်း၏တန်ဖိုး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၁/၈ စာ. ၆-၁၁

ဉာဉ်ဆိုးရှိသော ကလေးတစ်ဦးကို မွေးမြူခြင်း

“ဒီနေ့ အဆင်ပြေရဲ့လား၊ သားသား။” သားဖြစ်သူ ဂျင်မီအား ကျောင်းဆင်းချိန် ကားဖြင့် လာခေါ်သော ဆူဇန်က သားကလေး ကားပေါ်သို့ တွယ်တက်အလာ မေးလိုက်ခြင်း ဖြစ်သည်။ သူက မျက်မှောင်ကလေးကြုတ်ကာ မသိကျိုးကျွန် ပြုနေသည်။ “အိုကွယ်၊ ဒီနေ့ သားသားအခြေအနေ မကောင်းဘူး ထင်ပါရဲ့။ မေမေ့ကို မပြောပြချင်ဘူးလားဟင်။” သူမက ကြင်နာစွာ မေးရှာသည်။

“ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့။” မကျေမနပ်ဖြင့် ပြန်ပြောသည်။

“သားသားအတွက် မေမေ စိုးရိမ်လို့ပါကွယ်။ သားသား သိပ်စိတ်မကောင်းပုံပေါက်နေတယ်။ မေမေ ကူညီချင်လို့။”

“မေမေ့အကူအညီ ကျွန်တော် မလိုချင်ဘူး။” သူက အော်ငေါက်လိုက်သည်။ “ကိုယ့်ဟာကိုယ် နေပါရစေ။ ကျွန်တော် မေမေ့ကို မုန်းတယ်။ ကျွန်တော် သေချင်တယ်။”

“ဂျင်မီ!” ဆူဇန် ပင့်သက်ရှိုက်လိုက်သည်။ “ငါ့ကို အဲဒီလိုမပြောနဲ့။ မင်းကို ငါရိုက်မိမယ်နော်။ ငါ အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားနေတာ။ မင်း ဘယ်လိုဖြစ်တာလဲဆိုတာ ငါမသိတော့ဘူး။ ဘယ်လိုပဲပြောပြော ဘယ်လိုပဲလုပ်လုပ် အကောင်းကို မမြင်ဘူး။”

မိမိ၏ တစ်နေ့တာ လုပ်ငန်းတာများဖြင့် ကိုယ်တိုင် ထောင်းထောင်းကြေ ဖြစ်နေသည့် ဆူဇန်သည် ကားကို ယာဉ်များကြားမှ ချိုးကာကွေ့ကာ မောင်းထွက်သွားရင်း သူမအနေဖြင့် ဤလိုကလေးမျိုး ဘယ်လိုများ ရခဲ့မိပါလိမ့်ဟု တွေးတောနေမိသည်။ စိတ်ထဲတွင် ဝေခွဲမရခြင်း၊ အားငယ်ခြင်း၊ ဒေါသထွက်ခြင်း ကြီးစွာဖြစ်ကာ သားအပေါ် မကျေမချမ်း ဖြစ်နေသည်။ ကိုယ့်ကိုယ်ကို အပြစ်တင်သည့် စိတ်က ထုထောင်းနေသည်။ ဆူဇန်သည် မိမိ၏ သားရင်းကို အိမ်ခေါ်သွားရန် ထိတ်လန့်နေမိသည်။ ယနေ့ ကျောင်းတွင် ဘာဖြစ်ခဲ့သည်ကို လုံးဝနီးပါး မသိလို။ ဆရာမက ထပ်များ ဖုန်းဆက်ပြောပြဦးမည်လားမသိ။ တစ်ခါတစ်ရံ ဆူဇန်အနေဖြင့် ခံရပ်နိုင်စွမ်း မရှိ ဖြစ်ရသည်။

ဤသို့ဖြင့် သာမန်မျှသာဟု ထင်ရသည့် ဖြစ်ရပ်များသည် စိတ်ထိခိုက်ဖွယ် သောကပင်လယ်ဝေစေသော ပြဿနာကြီးများအဖြစ်သို့ ပေါက်ကွဲသွားသည်။ အေဒီဒီ/အေဒီအိတ်ချ်ဒီ ဝေဒနာရှင်ကလေးများ၊ တစ်နည်းအားဖြင့် “ဉာဉ်ဆိုး” ရှိသော ကလေးများသည် ပြဿနာနှင့် ရင်ဆိုင်ရသည့်အခါ ထူးထူးခြားခြား ထုံးစံအတိုင်း အပြင်းအထန် တုံ့ပြန်လေ့ရှိကြသည်။ သူတို့သည် အလွယ်တကူ ပေါက်ကွဲတတ်ကြသဖြင့် မိဘများ ဒေါသထွက်၊ အံ့သြတွေဝေကာ စိတ်မောလူမော ဖြစ်ကြရသည်။

အကဲဖြတ်ခြင်းနှင့် ကြားဝင်ဆောင်ရွက်ခြင်း

ဤကလေးများသည် အသိဉာဏ် ထက်မြက်ပြီး တီထွင်ကြံဆဉာဏ် ကောင်းသူများ ဖြစ်ကြသည့်အပြင် အထူးခံစားတတ်သောသူများလည်း ဖြစ်ကြသည်။ သူတို့သည် သာမန်ထက် လွန်ကဲသော လိုအပ်ချက်များ ရှိကြသည်။ ကျန်းမာသန်စွမ်းသော ကလေးများ ဖြစ်ကြပြီး ထိုသို့ဖြစ်ကြသည့်အတွက်ကြောင့်လည်း အထူးနားလည်မှုနယ်ပယ်ကို လိုအပ်နေသူများ ဖြစ်ကြကြောင်း နားလည်ထားရန် အရေးကြီးသည်။ အောက်ပါတို့မှာ ယင်းသို့သော ကလေးများ၏ မိဘများ အောင်မြင်မှု ရရှိခဲ့ကြသည့် အခြေခံမူအချို့နှင့် အကြံဉာဏ်များ ဖြစ်ပါသည်။

ပထမဆုံးအနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေနှင့် ကလေးအား ဒုက္ခပေးသော စေ့ဆော်မှု အကြောင်းတရားများကို အသိအမှတ်ပြုတတ်အောင် သင်ယူရန် လိုအပ်သည်။ (သု. ၂၀:၅ နှိုင်းယှဉ်။) မိဘများအတွက် မရှိမဖြစ် လိုအပ်သည်မှာ စိတ်လှုပ်ရှားစွာ ထိပ်တိုက်ရင်ဆိုင်ခြင်း မဖြစ်မီ ဖြစ်ပေါ်သော အချက်ပြလက္ခဏာများကို သတိပြုကာ ချက်ချင်း ကြားဝင်ဆောင်ရွက်ရန် ဖြစ်သည်။ သော့ချက်ကျသော ပြညွှန်းမှာ ကြီးထွားလာနေသော စိတ်ပျက်ခြင်းကို ဖော်ပြသည့် မျက်နှာထားနှင့် အခြေအနေတစ်ခုကို မကိုင်တွယ်နိုင်ခြင်းတို့ပင် ဖြစ်သည်။ ကလေးအနေဖြင့် မိမိကိုယ်ကို ထိန်းချုပ်ဖို့ ကြင်နာစွာ သတိပေးခြင်း သို့မဟုတ် လိုအပ်ပါက သူ့အား ထိုအခြေအနေအောက်မှ ရွှေ့ပြောင်းပေးခြင်းတို့သည် အကျိုးရှိနိုင်၏။ ဥပမာအားဖြင့် ကလေးနှင့် မိဘဖြစ်သူပါ တည်ငြိမ်မှု ရယူကာ ဆင်ခြင်တုံတရားနှင့်အညီ ဆက်၍ ပြုနိုင်ကြလေအောင် ခေတ္တဆိုင်းထားခြင်းသည် ထိရောက်ပေသည်။ သို့သော် ဒဏ်ခတ်သည့် ပုံစံမျိုးဖြင့် ထိုသို့ပြုခြင်းကား မထိရောက်လှပေ။

ဆိုခဲ့သည့် သာဓက၌ ဂျင်မီသည် ရိုးရိုးကလေး မေးလှာသည်ကို လွန်ကဲစွာ တုံ့ပြန်ခဲ့သည်။ ဤသည်မှာ ဂျင်မီအတွက် နေ့စဉ်ပြုနေကျ အမူအကျင့်ပင် ဖြစ်သည်။ ဤသို့သော စိတ်ဒေါသနှင့် မကျေနပ်မှုတို့သည် မိမိအပေါ် တမင်သက်သက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု မိဘတစ်ဦးအနေဖြင့် ယူမှတ်ရန် လွယ်ကူသော်လည်း မရှိမဖြစ် လိုအပ်သည်မှာ ဤကလေးများသည် အကျဉ်းအကျပ်ကို သည်းမခံနိုင်တော့သည့် အဆင့်သို့ ရောက်ပြီဆိုလျှင် ဆင်ခြင်တုံတရား ကင်းမဲ့တတ်ကြကြောင်း သိမြင်ထားရန်ပင် ဖြစ်သည်။ သို့ဖြစ်ရာ ထိုးထွင်းဉာဏ်ရှိရှိဖြင့် ပြုမူရန် အရေးကြီးလေသည်။ (သု. ၁၉:၁၁) ဂျင်မီကိစ္စတွင် ဆူဇန်အနေဖြင့် အေးအေးဆေးဆေး နေကာ သားဖြစ်သူအား မိမိကိုယ်ကို ထိန်းချုပ်ရန် အချိန်ပေးခြင်းဖြင့် အခြေအနေကို ငြိမ်သက်အောင် ပြုလုပ်နိုင်ပါသည်။ ထိုနေ့ ဖြစ်ရပ်များကို နောင်တွင် ပြန်၍ ဆွေးနွေးနိုင်ပါသည်။

ဖိစီးမှုဖြင့် လက်ပန်းကျနေသော ကလေးများ

လူ့မိသားစုသည် မျက်မှောက်ကမ္ဘာကြီးကို ထုထောင်းနေသော ကြီးမားလွန်းလှသည့် ပြဿနာများ၊ ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုကဲ့သို့သောအရာများကို ယခင်က မရင်ဆိုင်ခဲ့ဖူးချေ။ အခြေအနေသည် ကွဲပြားခြားနားလာပြီး ယင်း၏ တောင်းဆိုချက်များမှာလည်း ပို၍ ပို၍ ပြင်းထန်လာကာ ကလေးများထံမှ ပို၍ ပို၍တောင်းဆိုလာသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ကောင်းသော ကလေးများ၊ မကောင်းသော အမူအကျင့်များ ဟူသော စာအုပ်က “ကလေးများ ကြုံတွေ့နေကြပုံပေါက်သည့် ပြဿနာများအနက် များစွာတို့မှာ လူမှုရေး မျှော်မှန်းချက်များ ပြောင်းလဲနေခြင်းက ဖြစ်ပေါ်စေ၊ သို့တည်းမဟုတ် လွှမ်းမိုးထားခြင်း ဖြစ်သည်” ဟု ဆိုထားသည်။ အေဒီဒီ/အေဒီအိတ်ချ်ဒီ ဝေဒနာရှင် ကလေးများအဖို့ ကျောင်းသည် အိပ်မက်ဆိုးသဖွယ် ဖြစ်နိုင်၏။ သူတို့၏ မပြည့်စုံ ချို့တဲ့မှုများကို နိုင်နင်းရန် သူတို့ ရုန်းကန်ကြိုးစားကြစဉ် ရန်လို၍ အန္တရာယ်ပြုမည့်အသွင်ကို ဆောင်နိုင်သည့် ပတ်ဝန်းကျင် ရုတ်တရက် ပေါ်ပေါက်၍ လျင်မြန်စွာ အဆက်မပြတ် ပြောင်းလဲနေသော စက်မှုနည်းပညာ တိုးတက်မှုများနှင့် အလိုက်သင့် နေတတ်ရန် ဇွတ်ပြုမူခြင်း ခံကြရသည်။ ဤသည်က သူတို့၏ စိုးရိမ်ကြောင့်ကြမှုကို ပို၍ တိုးစေသည်။ ကလေးများသည် ဤပြဿနာအားလုံးတို့ကို ကိုင်တွယ်ရန် စိတ်ပိုင်းဆိုင်ရာအားဖြင့် နုနယ်လွန်းကြသေးရာ မိဘများ၏ အကူအညီကို လိုအပ်ကြလေသည်။

အဆင်မပြေမှုကို လျှော့ချပါ

ပျော်ရွှင်၍ ကျန်းမာသော ကလေးများကို ရရှိနိုင်ရန် စည်းစနစ်ကျ၍ တည်ငြိမ်မှု ရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အရေးကြီးသည်။ အိမ်တွင်း အဆင်မပြေမှုကို လျော့နည်းအောင် ထိရောက်စွာ စီမံတော့မည်ဆိုလျှင် ရိုးစင်းသော ဘဝပုံစံဖြင့် စကောင်း စရပါလိမ့်မည်။ ဤကလေးများသည် စိတ်လိုက်မာန်ပါ ပြုတတ်သောသူ၊ အာရုံပျံ့လွယ်သောသူ၊ လှုပ်ရှားထကြွလွန်းသောသူများ ဖြစ်ကြရာ လွန်ကဲစွာ လှုံ့ဆော်ခြင်း၏ အပြုသဘော မဆောင်သော အကျိုးဆက်ကို လျော့နည်းအောင် ပြုရန် လိုအပ်သည်။ တစ်ကြိမ်တည်းတွင် ကစားရန် ခွင့်ပြုသည့် ကစားစရာများ အရေအတွက်ကို လျှော့ချပါ။ အိမ်မှုကိစ္စ သို့မဟုတ် လေ့လာမှုတစ်ခုကို တစ်ကြိမ်တည်းတွင် တစ်ခုသာ ပြီးသည့်အထိ အားထုတ်ခိုင်းပါ။ ဤကလေးများသည် ကိုယ်တိုင် ပရမ်းပတာနိုင်သူများ ဖြစ်တတ်ကြရာ စည်းစနစ်ကျခြင်းက အကျိုးနည်းစရာများကို အတတ်နိုင်ဆုံး လျော့နည်းစေပါသည်။ အမီလိုက်ရမည့်အရာများသည် နည်းပါး၍ လွယ်ကူလေလေ အရေးကြီးသောအရာများကို အလွယ်တကူ ကိုင်တွယ်နိုင်လာလေလေ ဖြစ်မည် ဖြစ်သည်။

အိမ်တွင်း တင်းမာမှုကို လျော့နည်းစေနိုင်သည့် အခြားထိရောက်သော နည်းတစ်နည်းမှာ မတင်းကျပ်သော လုပ်ရိုးလုပ်စဉ်တစ်ခုကို စီစဉ်ရေးဆွဲ အကောင်အထည်ဖော်ခြင်းဖြင့် ကလေးများအား စိတ်တည်ငြိမ်မှုကို တည်ဆောက်ပေးခြင်း ဖြစ်သည်။ အလုပ်စဉ်များကို လုပ်ဆောင်ရန် အချိန်အတိအကျသည် အလုပ်စဉ်များကို လုပ်ဆောင်ရန် အစီအစဉ်လောက် အရေးမကြီးပါ။ ယင်းကို ဤကဲ့သို့သော လက်တွေ့ကျသည့် အကြံပြုချက်များကို အသုံးပြုခြင်းဖြင့် အောင်မြင်စွာ လုပ်ယူနိုင်ဖွယ် ရှိပါသည်။ အာဟာရ မျှတ၍ ရိုးရိုးကလေးဖြစ်သော ထမင်းပွဲနှင့် သွားရည်စာများဖြင့် အချိန်မှန်မှန် အာဟာရ ကျွေးပါ။ အိပ်ရာဝင်ချိန်ကို နွေးထွေး၍ မေတ္တာလွှမ်းကာ သက်သောင့်သက်သာ ရှိသည့် အစဉ်အလာ ဖြစ်စေပါ။ ဈေးဝယ်ထွက်ခြင်းက လွန်ကဲစွာ တက်ကြွတတ်သော ကလေးများအား လွန်ကဲစွာလှုံ့ဆော်နိုင်သဖြင့် မသွားခင် ကြိုတင်စီစဉ်ကာ ဈေးဆိုင် အများအပြားသို့ မဝင်မိအောင် ကြိုးစားပါ။ အပြင်ထွက်သောအခါ မည်သို့သော အမူအကျင့်မျိုး ရှိရမည်ကို ရှင်းပြပါ။ တိကျသော လုပ်ရိုးလုပ်စဉ်များ ထားရှိခြင်းက အထူးအကူအညီ လိုအပ်သော ကလေးအား စိတ်လိုက်မာန်ပါ ပြုတတ်သည့် အမူအကျင့်ကို ထိန်းချုပ်ရန် ကူညီပါသည်။ ထို့အပြင် မိဘဘက်မှ ကြိုတင်ခန့်မှန်းနိုင်မှုကိုလည်း ဖြစ်စေလေသည်။

ဖွဲ့စည်းမှုပိုင်းဆိုင်ရာ သဘောနှင့်အတူ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေးကာ အပေးအယူလုပ်၍မရသည့် စည်းမျဉ်းများ ချိုးဖောက်ခြင်း၏ အကျိုးဆက်များကို ထည့်သွင်းလျှင် အကျိုးဖြစ်ထွန်းနိုင်ပေသည်။ တစ်ခုနှင့်တစ်ခု ညီညွတ်၍ အမိနှင့်အဖ နှစ်ဦးစလုံးအတွက်လည်း နှစ်သက်သဘောတူဖွယ် ဖြစ်သော တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် စည်းမျဉ်းများက ကလေးများအတွက် လက်သင့်ခံနိုင်ဖွယ်သော အမူအကျင့် နယ်နိမိတ်ကို သတ်မှတ်ပေးသည့်အပြင် တာဝန်သိစိတ်ဓာတ်ကို ဖြစ်ပေါ်စေပါသည်။ လိုအပ်ပါက စည်းကမ်းများ စာရင်းကို (မိဘရော ကလေးပါ သတိရရန်) ထင်ရှားမြင်သာသော နေရာတစ်ခုတွင် ပြသထားပါ။ ရှေ့နောက်ညီညွတ်ခြင်းသည် စိတ်ပိုင်းလုံခြုံရေးအတွက် သော့ချက် ဖြစ်သည်။

ကလေး၏ အကြိုက်နှင့် မကြိုက်တို့ကို နားလည်ပေးကာ ယင်းတို့နှင့် လိုက်လျောညီထွေ တုံ့ပြန်ခြင်းက အိမ်တွင်း အကျပ်အတည်းကို များစွာ သက်သာစေနိုင်၏။ ဤကလေးများသည် အထူးသဖြင့် ပုံမမှန် စိတ်လိုက်မာန်ပါ ပြုတတ်သော သဘောသဘာဝ ရှိကြသည် ဖြစ်ရာ ယင်းတို့အဖို့ အခြားကလေးများနှင့် အပြန်အလှန် ဆက်ဆံပြုမူခြင်းသည် အလွန်ပင် အခက်အခဲ တွေ့နိုင်စရာ ရှိသည်။ မျှသုံးခြင်း (အထူးသဖြင့် ကစားစရာ) သည် မသင့်မြတ်မှု အဖြစ်များသော နယ်ပယ်တစ်ခု ဖြစ်နိုင်၏။ သို့ ဖြစ်ရာ မိဘများအနေဖြင့် ယင်းသို့သော ကလေးများအား သူတို့ မျှသုံးနိုင်မည့် အနှစ်သက်ဆုံးအရာများကို ရွေးချယ်စေနိုင်၏။ ထို့အပြင် ယင်းတို့အား ကစားဖော် အုပ်စုငယ်ကလေးကို စီစဉ်ပေးကာ အလွန်အမင်း စိတ်ထကြွစေခြင်း မရှိသော လှုပ်ရှားဆောင်ရွက်မှုများကို ဖန်တီးပေးခြင်းကလည်း သူတို့တွင် အလွယ်တကူ ဖြစ်တတ်သည့် ပုံမမှန် စိတ်လိုက်မာန်ပါ ပြုတတ်ခြင်းကို တားဆီးရန် အထောက်အကူ ရနိုင်လေသည်။

မိဘများအနေဖြင့် ကလေးတစ်ဦးစီအား သူ့နည်းသူ့ဟန်ဖြင့် ကြီးပြင်းလာခွင့် ပြုရန်၊ မလိုအပ်ဘဲ အများနည်းတူ လမ်းရိုးလိုက်ဖို့ ဖိအားပေး ပုံသွင်းခြင်း မပြုရန် အရေးကြီးသည်။ ကလေးတစ်ဦးသည် အချို့သော အစားအစာ သို့မဟုတ် အဝတ်အစား တစ်စုံတစ်ခုကို လွန်စွာ ရွံမုန်းပါက ယင်းကို ဖျောက်ဖျက်ပစ်ပါ။ ယင်းကို အတင်းလက်ခံခိုင်းခြင်းဖြင့် ဘာမျှ အကျိုးမရှိပါ။ အစစအရာရာ၌ ချုပ်ချယ်ရန် မကြိုးစားပါနှင့်။ မျှမျှတတ ရှိပါ။ သို့သော် ခရစ်ယာန် မိသားစုအတွက် မည်သည့်အရာသည် လက်သင့်ခံနိုင်ဖွယ် ဖြစ်သည်ဟူသောအချက် ကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်လျှင်မူ ထိုဆုံးဖြတ်ချက်များအပေါ် စွဲစွဲမြဲမြဲ ရပ်တည်ပါ။

အမူအကျင့် စီမံကွပ်ကဲမှု

အပြောင်းအလဲ မြန်သော ကလေးများသည် စီမံကွပ်ကဲမှု ပို၍ လိုအပ်ကြသည်။ အကျိုးဆက်ကား မိဘများစွာတို့အနေဖြင့် မကြာခဏ ဆုံးမပဲ့ပြင်ရသည့်အခါ မိမိတို့ကိုယ်ကို အပြစ်တင်မိကြသည်။ သို့သော် ဆုံးမပဲ့ပြင်ခြင်းနှင့် မတော်မတရား ပြုမူခြင်းတို့ကို ခွဲခြားသိမြင်ရန် အရေးကြီးသည်။ အများက ဆိုကြသည့်အတိုင်း ကာယပိုင်းဆိုင်ရာ မတော်မလျော် ပြုမူမှုအားလုံး၏ ၂၁ ရာခိုင်နှုန်းသည် ကလေးများက ရန်လိုသော အမူအကျင့်ကို ပြသသည့်အခါမျိုးတွင် ဖြစ်ပွားသည်ဟု A Fine Line—When Discipline Becomes Child Abuse စာအုပ်က ဆိုသည်။ ထို့ကြောင့် သုတေသီများက အေဒီဒီ/အေဒီအိတ်ချ်ဒီ ဝေဒနာရှင် ကလေးများသည် “ကာယပိုင်းဆိုင်ရာ မတော်မလျော် ပြုမူခြင်းနှင့် လျစ်လျူရှုခြင်းကို ခံရရန် အလားအလာ ပို၍ များကြသည်” ဟု ကောက်ချက်ချကြသည်။ မငြင်းသာသည့် အချက်မှာ အထူးလိုအပ်ချက် ရှိသော ကလေးများကို မွေးမြူခြင်းသည် သောကပွားစရာအကြောင်း ဖြစ်နိုင်သော်လည်း ယင်းတို့အား စီမံကွပ်ကဲမှုသည် တော်သင့်ကောင်းမွန်၍ ချိန်ခွင်လျှာညီမျှရမည်ဟူသော အချက်ပင် ဖြစ်သည်။ ဤကလေးများသည် အများအားဖြင့် အသိဉာဏ် အလွန်ထက်မြက်သူနှင့် တီထွင်ဖန်တီးဉာဏ် လွန်စွာကောင်းသူများ ဖြစ်လေ့ရှိကြသဖြင့် ဆင်ခြင်ဉာဏ် သုံးရန် လိုသော အခြေအနေများကို ကိုင်တွယ်သည့် မိဘများအတွက် စိန်ခေါ်ချက်တစ်ခုပင် ဖြစ်သည်။ ယင်းသို့သော ကလေးများသည် မိဘတစ်ဦး၏ အသိဉာဏ် အပြည့်ဝဆုံးသော ကျိုးကြောင်းဆင်ခြင်သုံးသပ်ချက်၏ အားနည်းချက်များကိုပင် ထောက်ပြရန် မကြာခဏ နည်းလမ်း ရရှိတတ်ကြသည်။ သူတို့ကို ခွင့်မပြုပါနှင့်။ မိဘလုပ်သူအနေဖြင့် အာဏာကို လက်ဝယ်ထိန်းသိမ်းထားပါ။

ရှင်းပြသည့်အခါ၌ ချစ်ခင်ကြင်နာစွာနှင့် တိုတိုတုတ်တုတ် ရှင်းပြပါ။ သို့သော်ခိုင်မာပြတ်သားပါ။ တစ်နည်းအားဖြင့် လိုသည်ထက်ပို၍ မရှင်းပြပါနှင့်။ အလျှော့ပေးလိုက်လျော၍ မဖြစ်သော စည်းမျဉ်းများကို မစေ့စပ်ပါနှင့်။ သင်၏ “အဟုတ်” သည် အဟုတ်၊ “မဟုတ်” သည် မဟုတ် ဖြစ်ပါစေ။ (မဿဲ ၅:၁၇ နှိုင်းယှဉ်။) ကလေးများသည် သဘောထား ကွဲလွဲချက်ကို တည်ငြိမ်စွာ ဆွေးနွေးနိုင်သော သံတမန်များ မဟုတ်ကြပါ။ သို့ဖြစ်ရာ ယင်းတို့နှင့် စေ့စပ်ဆွေးနွေးခြင်းက အငြင်းအခုံ၊ ဒေါသနှင့် စိတ်ပျက်ခြင်းသို့ ဦးတည်စေနိုင်သည့်အပြင် အော်ကြီးဟစ်ကျယ်ဖြင့် အကြမ်းဖက်ခြင်းအဆင့်သို့ပင် ရောက်ရှိစေနိုင်လေသည်။ ထိုနည်းအတိုင်းပင် သတိပေးလွန်းခြင်းကိုလည်း ရှောင်ကြဉ်ပါ။ ဆုံးမပဲ့ပြင်မှု လိုအပ်ခဲ့သော် မဆိုင်းမတွ ပြုသင့်၏။ “တည်ငြိမ်သော၊ စိတ်ချသော၊ ခိုင်မာသော—ဤသည်တို့ကား အခွင့်အာဏာ၏ ဝိသေသများပင်တည်း” ဟု အပြုသဘော ကင်းမဲ့သော ကမ္ဘာတွင် အပြုသဘော ရှိသော ကလေးများကို မွေးမြူခြင်း ဟူသော စာအုပ်က ဆိုထားသည်။ ထို့အပြင် ဂျာမန် ထရီဘျူးန် သတင်းစာ၏ ကောင်းမြတ်လှသော အကြံပြုချက်များလည်း မှတ်သားပါလေ– “ကလေး၏ အာရုံကို စူးစိုက်ကပ်ငြိစေသည့် နည်းမျိုးဖြင့် အမြဲတမ်း ပြောဆိုပါ။ သူ၏ အမည်ကို မကြာခဏ သုံးပါ။ မျက်လုံးချင်း ဆက်သွယ်ပါ။ နားလည်လွယ်သော စကားကို သုံးပါ။”

မိဘများ မိမိကိုယ်ကို မထိန်းနိုင်သည့်အခါ မတော်မတရားပြုမှု ဖြစ်ပွားတတ်သည်။ မိဘတစ်ဦးသည် အော်ဟစ်ပြီဆိုလျှင် မိမိကိုယ်ကို ထိန်းနိုင်မှု ဆုံးရှုံးပြီး ဖြစ်သည်။ နယပုံပြင်ကျမ်း အခန်းကြီး ၁၅ တွင် ကလေးမွေးမြူခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအကြောင်း ဆိုထားသည်။ ဥပမာအားဖြင့် အခန်းငယ် ၄ က “ဖြည်းညင်းသော လျှာသည် အသက် ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏” ဟူ၍လည်းကောင်း၊ အခန်းငယ် ၁၈ က “စိတ်တိုသောသူသည် ရန်တွေ့ ခြင်းကို နှိုးဆော်တတ်၏။ စိတ်ရှည်သော သူမူကား ရန်ငြိမ်းစေတတ်၏” ဟူ၍လည်းကောင်း၊ အခန်းငယ် ၂၈ တွင် “ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင် တတ်၏။ မတရားသောသူ၏ နှုတ်မူကား မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏” ဟူ၍လည်းကောင်း ဆိုထားသည်။ သို့ ဖြစ်ရာ ကျွန်ုပ်တို့ ဘာကို ပြောလိုက်သည်ဟူသော အချက်သာမက ယင်းကို ကျွန်ုပ်တို့ မည်သို့ ပြောလိုက်သည်ဟူသော အချက်ကိုပါ ဂရုစိုက်ရန် အရေးကြီးပေသည်။

ချီးမွမ်းပါ၊ မရှုတ်ချပါနှင့်

မွေးမြူရန်ခက်သော ကလေးများသည် တီထွင်ဖန်တီးဉာဏ်ကောင်းသော၊ ထူးဆန်းသောအရာများသာမက အရူးဆန်သော လုပ်ရပ်များကိုပင် ပြုလုပ်တတ်ကြသောကြောင့် မိဘများအနေဖြင့် ယင်းတို့အား အပြစ်ရှာခြင်း၊ မာန်မဲကြိမ်းမောင်းခြင်းနှင့် ဒေါသဖြင့် အကြမ်းပတမ်း ပြုမူပြောဆိုခြင်းတို့ကို ပြုမိရန် လွယ်ကူတတ်သည်။ သို့သော်လည်း သတင်းကောင်း ဘာသာပြန်ကျမ်း အရ သမ္မာကျမ်းစာက ဧဖက် ၆:၄ တွင် မိဘများအား သားသမီးများကို “ခရစ်ယာန် ဆုံးမပဲ့ပြင်ခြင်းနှင့် သွန်သင်ခြင်း” နည်းဖြင့် ပြုစုပျိုးထောင်ရန် ညွှန်ကြားပါသည်။ မှားယွင်းသူများကို ယေရှု မည်သို့ ပဲ့ပြင်တော်မူခဲ့သနည်း။ ယေရှုသည် သွန်သင်ခြင်းသဘောပါသော ဆုံးမပဲ့ပြင်ခြင်းနည်းကို အသုံးပြုကာ လူတို့အား တရားမျှတစွာနှင့် ခိုင်မာစွာ ဆက်ဆံတော်မူခဲ့သည်။ ဤသည်က သူတို့အား လေ့ကျင့်သင်ကြားစေသည်။ ဆုံးမပဲ့ပြင်ခြင်းမည်သည် ကလေးများနှင့်ပတ်သက်လာလျှင် တပ်ခါတလဲလဲပြုလုပ်ရန် လိုအပ်တတ်သည့် ဖြစ်စဉ်တစ်ရပ်၊ သွန်သင်ရေးစနစ် တစ်ခု ဖြစ်သည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၈ ရက်ထုတ် နိုးလော့! [လိပ်] မှ “သမ္မာကျမ်းစာရှုထောင့် . . . ‘ဆုံးမသောကြိမ်လုံး’—ယင်းသည် ခေတ်နောက်ကျပြီလော” ဟူသော ဆောင်းပါးတွင် ရှု။

လျော်ကန်သင့်မြတ်သော ဆုံးမပဲ့ပြင်ခြင်းသည် ယုံကြည်ကိုးစားမှု၊ နွေးထွေးမှု၊ တည်ငြိမ်မှု ရှိသော ဝန်းကျင်တစ်ခုကို ဖြစ်လာစေသည်။ သို့ ဖြစ်ရာ ဆုံးမပဲ့ပြင်ရန် လိုအပ်လာပါက ရှင်းပြခြင်းဖြင့် ပြုလုပ်သင့်သည်။ ကလေးများသည် အချိန်ယူကာ ဖြည်းဖြည်းချင်း သင်ယူနားလည်လာကြသဖြင့် ကလေးလေ့ကျင့်ခြင်း၌ ချက်ချင်း ဖြေရှင်းနည်းဟူ၍ မရှိပါ။ အဘယ်ကလေးမဆို အထူးသဖြင့် ဉာဉ်ဆိုးရှိသည့် ကလေးကို တော်မှန်စွာ မွေးမြူပျိုးထောင်ရာ၌ ကြီးမားသော ဂရုစိုက်မှုနှင့် မေတ္တာပြခြင်း၊ ကြီးမားသော အချိန်နှင့် လုပ်အား အသုံးပြုခြင်းတို့ လိုအပ်သည်။ “သင်ဆိုလိုသည့်အရာကို ပြောပါ၊ သင်ပြောသည့်အရာကို ဆိုလိုပါ၊ ပြုမည်ဟု သင်ဆိုသည့်အရာကို ပြုပါ” ဟူသော ဆိုရိုးစကားကလေးကို နှလုံးမူပါက အကျိုးပြုနိုင်ပါသည်။

စိတ်အနှောင့်အယှက် ဖြစ်စေသည့် အမူအကျင့် ရှိသော ကလေးများနှင့် ဆက်ဆံရေး ပြဿနာတွင် စိတ်ပျက်စရာ အကောင်းဆုံးသော အချက်တစ်ချက်မှာ ဂရုစိုက်မှုကို လွန်ကဲစွာ တောင့်တကြခြင်းပင် ဖြစ်သည်။ ယင်းတို့ ခံယူသော ဂရုစိုက်မှုမှာ အများအားဖြင့် အပြုသဘောဆောင်သော ဂရုစိုက်မှုမျိုး မဟုတ်ဘဲ အပြုသဘော မဆောင်သော ဂရုစိုက်မှုများ ဖြစ်သည်။ သို့သော်လည်း အမူအကျင့်ကောင်း သို့မဟုတ် အလုပ်ကောင်းတစ်ခုကို သတိပြုမိရန်၊ ချီးမွမ်းရန် သို့မဟုတ် ဆုချရန် လက်မနှေးပါနှင့်။ ထိုသို့ ပြုခြင်းက ကလေးအား လွန်စွာ အားတက်စေပါသည်။ သင်၏ ကြိုးစားအားထုတ်မှုသည် ပထမတွင် မတန်တဆဟု ထင်ရကောင်း ထင်ရမည် ဖြစ်သော်လည်း အားထုတ်ရကျိုး နပ်ပါလိမ့်မည်။ အသေးအမွှား ဖြစ်သော်လည်း ချက်ချင်း ရရှိသော ဆုလာဘ်များကို ကလေးများက လိုအပ်ကြပါသည်။

ဂရက်ဂ်၏ ဖခင် ကြုံတွေ့ရသည့် ကိုယ်တွေ့ ဖြစ်ရပ်

“ကျွန်တော်တို့ရဲ့ သားလေး ဂရက်ဂ်ဟာ ငါးနှစ်အရွယ် သူငယ်တန်း တက်နေတဲ့ အချိန်တုန်းက အေဒီအိတ်ချ်ဒီ ရှိမရှိ ဆေးစစ်ခံခဲ့ပါတယ်။ အဲဒီမှာပဲ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ကလေးအထူးကု သမားတော်ကြီးတစ်ဦးက ဂရက်ဂ်ဟာ အေဒီအိတ်ချ်ဒီ သေချာပေါက် ဖြစ်နေကြောင်း အတည်ပြုတော့တာပဲဗျာ။ သူက ‘ဒါဟာ သူ့အပြစ် မဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ အပြစ်လည်း မဟုတ်ဘူး။ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ဘူး၊ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့တော့ တတ်နိုင်တယ်’ လို့ ပြောပါတယ်။

“ဒီစကားတွေကို ကျွန်တော်တို့ မကြာခဏပဲ စဉ်းစားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘအနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သားကလေး သူ့ရဲ့ အေဒီအိတ်ချ်ဒီ ရောဂါကို အောင်မြင်စွာ ရင်ဆိုင်နိုင်အောင် ကူညီဖို့ တာဝန်ကြီးတစ်ခု ရရှိထားကြတယ် ဆိုတာကို အဲဒီစကားတွေက ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ စွဲမှတ်သွားစေလို့ပါပဲ။ အဲဒီနေ့က ဖတ်စရာ စာပေနဲ့အတူ ဆရာဝန်က ကျွန်တော်တို့ကို အိမ်ပြန်လွှတ်လိုက်တယ်။ နောက်ပြီး ဂရက်ဂ်လေးအပေါ် ကျွန်တော်တို့ရဲ့ မိဘတာဝန်ဝတ္တရားကို ဖြည့်ဆည်းတဲ့နေရာမှာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျွန်တော်တို့ ရရှိထားတဲ့ အသိပညာ ဗဟုသုတတွေဟာ သိပ်အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။

“အေဒီအိတ်ချ်ဒီ ဝေဒနာရှင် ကလေးတစ်ယောက် မွေးမြူရာမှာ သင့်တော်တဲ့ အမူအကျင့်ကို ဖြည့်တင်းပေးဖို့၊ သတိပေးချက်များကို ပြဋ္ဌာန်းပေးဖို့၊ နောက်ပြီး လိုအပ်မယ်ဆိုရင် မကောင်းတဲ့ အမူအကျင့်အတွက် ပြစ်ဒဏ်ကိုပါ သတ်မှတ်ပေးဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ ပိုပြီး စနစ်တကျ ဖွဲ့စည်းထားလေ၊ ရှေ့နောက်ညီလေ၊ ရလဒ်များ ပိုကောင်းလေ ဖြစ်ကြောင်း သင်တွေ့ မြင်ရလိမ့်မည်။ ရိုးရိုးကလေး ဖြစ်တဲ့ ဒီစကားတွေဟာ အေဒီအိတ်ချ်ဒီ ဝေဒနာရှင်ကလေးတစ်ဦးကို ပျိုးထောင်ရာမှာ သော့ချက်ကျတဲ့ အခြေခံ အကြောင်းတရား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့တိုင် တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အပြောလွယ်သလောက် လုပ်ရခက်တဲ့ ကိစ္စပါပဲ။

“အထိရောက်ဆုံး နည်းစနစ်အဖြစ် ကျွန်တော်တို့ တွေ့ရှိထားတာကတော့ ဘွာခတ်တဲ့ နည်းပါပဲ။ အမူအကျင့်ဆိုးတစ်ခု ပြောင်းလဲဖို့ ဘွာခတ်တဲ့နည်းကို ကျွန်တော်တို့ သုံးတဲ့အခါတိုင်း ပိုပြီး အပြုသဘောဆောင်တဲ့ အမူအကျင့်တွေကို အားပေးမြှင့်တင်ပေးတဲ့ အစီအစဉ်တစ်ခုကိုပါ ချမှတ်ပေးပါ။ အားပေးမြှင့်တင်တဲ့ အရာတွေကတော့ နှစ်သက်ကြောင်း အားပေးတဲ့စကားတစ်ခွန်း၊ တစ်ချက်လောက် ပွေ့ဖက်လိုက်ခြင်း၊ အထိမ်းအမှတ်တစ်ခု ဒါမှမဟုတ် အခွင့်အရေးတစ်ခု စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စတိုးဆိုင်တစ်ဆိုင်ကို သွားပြီး အမှတ်ပေးကားချပ်တစ်ချပ်ကို ဝယ်လိုက်တယ်။ ကားချပ်ရဲ့ ထိပ်ပိုင်းမှာ သင့်တော်တဲ့အမူအကျင့်တွေကို ဖော်ပြထားတယ်။ ဂရက်ဂ်ရဲ့ အမူအကျင့် ကောင်းတာကို ကျွန်တော်တို့ တွေ့ရတဲ့အခါတိုင်း သူ့ကို အမှတ်တံဆိပ်တစ်ခု ပေးပြီး ကားချပ်မှာ ကပ်ခိုင်းတယ်။ ကားချပ်ပေါ်မှာ လိုအပ်တဲ့ အမှတ်တံဆိပ် အရေအတွက် ပြည့်သွားရင် (ဥပမာ အမှတ်ပေါင်း ၂၀ ဆိုပါစို့) သူ ဆုရမယ်။ ဆုဟာ သူသိပ်ကြိုက်တတ်တဲ့လှုပ်ရှားမှု တစ်မျိုးမျိုး၊ ပန်းခြံသွားတာတို့ ဘာတို့ပေါ့လေ။ ဒါဟာ အကျိုးဖြစ်ထွန်းတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ကို ကောင်းအောင် စေ့ဆော်ရာ ရောက်တယ်လေ။ ကားချပ်ပေါ်မှာ အမှတ်တွေ ကပ်ပြီးတဲ့နောက် သူ့ရဲ့ တိုးတက်မှု ဘယ်လို ရှိတယ်၊ ဆုရဖို့ ဘယ်လောက် လိုသေးတယ် ဆိုတာတွေကို သူ သိနိုင်တာပေါ့ဗျာ။

“ထိရောက်မှု ရှိတာကို ကျွန်တော်တို့ တွေ့ရှိရတဲ့ အခြားနည်းစနစ် တစ်ခုကတော့ ဂရက်ဂ်ကို ရွေးချယ်ခွင့် ပေးတဲ့နည်းပါပဲ။ သူ့ကို တိုက်ရိုက်ကြီး မခိုင်းဘဲ ရွေးချယ်ခွင့် ပေးတယ်။ သင့်တော်တဲ့ အပြုအမူကို လုပ်နိုင်ရင် လုပ်၊ မလုပ်နိုင်ရင်လည်း အကျိုးဆက်ကို ခံပေါ့လေ။ အဲဒါက သူ့ကို တာဝန်သိတတ်အောင်နဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို ချတတ်အောင် သင်ပေးတယ်။ စတိုးဆိုင် သို့မဟုတ် စားသောက်ဆိုင်တစ်ခုမှာ ကောင်းကောင်း မနေတာတို့လို ဆက်ကာဆက်ကာ ပြဿနာ ဖြစ်တာမျိုးဆိုရင် ဆုနဲ့ တွဲပြီး အမှတ်ကားချပ်ကို ကျွန်တော်တို့ သုံးနိုင်ပါတယ်။ ဒီနည်းနဲ့ သူဟာ ကောင်းကောင်း ပြုမူခြင်းရဲ့ အကျိုးကျေးဇူးကို သိမြင်လာတယ်။ ကျွန်တော်တို့ကလည်း သူရဲ့ တိုးတက်မှုအပေါ် အသိအမှတ်ပြုမှုကို ပြသကြတယ်လေ။

“အေဒီအိတ်ချ်ဒီက ကလေးရဲ့ အမူအကျင့်နဲ့ တုံ့ပြန်မှု ကိုက်ညှိနိုင်စွမ်းကို ထိခိုက်ပျက်စီးစေတယ်ဆိုတာကို လူအများစုက မသိရှာကြဘူး။ ဒီကလေးတွေအနေနဲ့ ပိုပြီးကြိုးစားအားထုတ်ကြမယ်ဆိုယင် သူတို့ရဲ့ အာရုံစိုက်မှု သက်တမ်းနဲ့ အပြုအမူတို့ကို ထိန်းသိမ်းနိုင်တယ်လို့ လူတော်တော်များများက ထင်မှတ်ကြတယ်။ အဲသလို မထိန်းနိုင်တဲ့အခါကျတော့ မိဘဖြစ်သူတွေကို အပြစ်တင်တော့တာပဲဗျာ။

“အေဒီအိတ်ချ်ဒီ ဝေဒနာရှင် ကလေးတစ်ယောက်အဖို့ နိုင်ငံတော်ခန်းမ အသင်းတော် စည်းဝေးမှာ နှစ်နာရီကြာ ငြိမ်သက်စွာ ထိုင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဂရက်ဂ် ငါးနှစ်အရွယ်တုန်းကပေါ့၊ အစည်းအဝေး မတိုင်ခင်တိုင်းမှာ ငိုငိုပြီး “ဒါဟာ ကြာတဲ့ အစည်းအဝေးလား၊ မကြာတဲ့ အစည်းအဝေးလား” လို့ မေးတတ်တာကို ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ နှစ်နာရီကြာတဲ့ အစည်းအဝေး ဖြစ်ရင် သူအကြီးအကျယ် ငိုတော့တာပဲ။ အဲဒါလောက်ကြာကြာ ထိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူသိတာကိုး။ ရောဂါနဲ့ ရောဂါက ပေါ်ပေါက်စေတဲ့ ကန့်သတ်မှုတွေကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရပါတယ်။ ယေဟောဝါအရှင်က ရောဂါအခြေအနေကို ဘယ်သူထက်မဆို ပိုသိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါဟာ နှစ်သိမ့်မှုရဲ့ ရေသောက်မြစ်တစ်ခုပါပဲ။ လောလောဆယ်မှာ ဂရက်ဂ်ဟာ ဆေးဝါး မမှီဝဲတော့ပါဘူး။ မူလတန်းမှာ တက်နေတာပါပဲ။

“ယေဟောဝါကို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်အဖြစ် ထားရှိပြီး ကမ္ဘာသစ်ဆီကို အာရုံစူးစိုက်ခြင်းက ကျွန်တော်တို့ကို စိတ်ဆောင်စေပါတယ်။ အခုတောင် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ဂရက်ဂ်လေးအပေါ် အတော်ကလေး အာနိသင် ရှိနေပါပြီ။ ပရဒိသုဘုံ မြေကြီးပေါ်မှာ အေဒီအိတ်ချ်ဒီကို ယေဟောဝါ ဘယ်လို ဖယ်ရှားတော့မယ်ဆိုတာ စဉ်းစားလိုက်ရင် သူတကယ်ပဲ စိတ်တက်ကြွလာပြီး မျက်ရည်တောင် ဝဲလာတတ်ပါတယ်။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ကောင်းသော အမူအကျင့်အတွက် ပေးနိုင်သော ဆုလာဘ်များ–

၁။ ချီးမွမ်းခြင်း—ကောင်းစွာ အောင်မြင်ပြီးမြောက်အောင် လုပ်လိုက်သော အလုပ်တစ်ခုအတွက် ထုတ်ဖော်သည့် ချီးမွမ်းစကား။ ကောင်းသော အပြုအမူအတွက် မေတ္တာ၊ ပွေ့ဖက်ခြင်းနှင့် လှိုက်လှဲပျူငှာသော မျက်နှာထားတို့ဖြင့် တွဲဖက်အပ်သည့် တန်ဖိုးထားလေးစားကြောင်း ဖော်ပြချက်။

၂။ ကားချပ်စနစ်—အပြုအမူကောင်းကို အားပေးရန် ဆွဲဆောင်မှု ရှိသော တံဆိပ်ကတ်ပြား သို့မဟုတ် ကြယ်ပွင့်များ ကပ်ထားလျက် မြင်သာထင်ရှားစွာ ချိတ်ဆွဲထားခြင်း။

၃။ အပြုအမူကောင်းစာရင်း—နှစ်သက်ချီးမွမ်းဖွယ်သော ထမြောက်အောင်မြင်မှုစာရင်း။ အစတွင် မည်မျှပင် သေးမွှားပါစေ၊ ကလေးအနေဖြင့် ကောင်းစွာ ပြုတိုင်း ရေးမှတ်၍ မိသားစုဝင်တစ်ဦးအား ဖတ်ပြပါ။

၄။ အမူအကျင့်တိုင်း ကိရိယာ—ကလေး၏ အသက်အရွယ်ကို လိုက်၍ ကလေးက ကောင်းစွာပြုတိုင်း ဖန်ဘူးထဲသို့ သကြားလုံးများ ဖြည့်ခြင်း (သူ၏ အမူအကျင့်ကောင်းကို လေးစားတန်ဖိုးထားကြောင်း လက်ဆုပ်လက်ကိုင် ပြသခြင်း)။ ရည် ရွယ်ချက်မှာ အမှတ်ပေးစနစ် ချမှတ်ရန်အတွက် ဖြစ်သည်။ ပေးနိုင်သည့် ဆုများတွင် ရုပ်ရှင်သွားခြင်း၊ ရေခဲပြင် လျှောစီးခြင်း သို့မဟုတ် စားသောက်ဆိုင်တွင် စားသောက်ခြင်း အစရှိသော၊ မိသားစုအနေဖြင့် ပြုလုပ်ရန် လျာထားသည့် လှုပ်ရှားမှုများ ပါဝင်စေနိုင်သည်။ “လိမ်လိမ်မာမာ မနေရင် မသွားတော့ဘူး” ဟု ဖိအားပေးမည့်အစား “လိမ်လိမ်မာမာ နေရင် သွားကြမယ်” ဟု ဆိုပါ။ သော့ချက်မှာ အပြုသဘော မဆောင်သော စိတ်ကို အပြုသဘော ဆောင်သော စိတ်အဖြစ်သို့ ပြောင်းလဲစေရန် ဖြစ်သည်။ တစ်ချိန်တည်းတွင် ပြောင်းလဲရန် အချိန်ကိုလည်း သင့်တင့်လျောက်ပတ်စွာ ပေးရန် ဖြစ်သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စကားပြောရာ၌ တစ်ခါတစ်ရံ စိတ်လှုပ်ရှားစွာ စကားများစေနိုင်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဆုံးဖြတ်ချက်များ ချသည့်အခါ ၎င်းတို့ကို ရှင်းပြပါ။ ထိုအတိုင်း လိုက်လျှောက်ပါ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သူ့ကားချပ်အပေါ် အမှတ်တံဆိပ်အသစ်ကို ဂုဏ်ယူစွာ ထပ်ဆင့်နေပုံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ