ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၃/၈ စာ. ၁၇-၂၀
  • တစ်ရာစုခွဲရှိ မြေအောက်ရထားလမ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ရာစုခွဲရှိ မြေအောက်ရထားလမ်းများ
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥမင်လိုဏ်ခေါင်းများနှင့် မြေအောက်ရထားလမ်းများ
  • ကြောက်ရွံ့ မှုများ—စိတ်ကူးယဉ်နှင့် ဖြစ်ရပ်မှန်
  • နယူးယောက်၏ ပထမဆုံးမြေအောက်ရထားလမ်း
  • “လေကြိုး” တစ်ချောင်း
  • နှစ်တစ်ထောင် မြေအောက်ရထားလမ်း
  • နှစ် ၁၀၀ ပြီးနောက် မြေအောက်ရထား
  • ပထမဆုံးမြေအောက်ရထားများမှ အမွေ
  • ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်းမ
    နိုးလော့!—၂၀၀၃
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အရှေ့အာဖရိက၏ “မိုက်ရူးရဲအမြန်ရထား”
    နိုးလော့!—၂၀၀၁
  • ဒိန်းမတ်နိုင်ငံ၏ ဂရိတ်ဘဲ့လ်တ်ကို ပေါင်းကူးပေးခြင်း
    နိုးလော့!—၂၀၀၁
နိုးလော့!—၁၉၉၈
န၉၈ ၃/၈ စာ. ၁၇-၂၀

တစ်ရာစုခွဲရှိ မြေအောက်ရထားလမ်းများ

ဟန်ဂေရီမှ နိုးလော့! သတင်းထောက်ပေးပို့သည်

ဥမင်လိုဏ်ခေါင်းဖောက်နေသူများသည် သူတို့တွေ့ရှိလိုက်သောအရာကို အံ့ဩတကြီး ငေးမောကြည့်ရှုနေကြသည်။ ၁၉၁၂ ခုနှစ်တွင်ဖြစ်၏။ နယူးယောက်မြို့လမ်းများ၏ နက်ရှိုင်းသောမြေအောက်တွင် မြေအောက်ရထားလမ်းအသစ် တိုးချဲ့ဖောက်လုပ်နေကြစဉ် လျှို့ဝှက်အခန်းကြီးတစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ထိုအခန်းသည် နန်းတော်သမျှပင် ခမ်းနားလှ၏! အခန်းတစ်ခုလုံးကို မှန်များ၊ မီးပန်းဆိုင်းများ၊ အင်္ဂတေပန်းချီများဖြင့် မွမ်းမံထားသည်။ ဟောင်းနွမ်းသောပျဉ်ချပ်များသည် နံရံများပေါ်ရှိနေဆဲပင်။ အခန်း၏အလယ်တွင် အလှဆင်ထားသောရေပန်းတစ်ခုရှိပြီး ယင်း၏ရေပလုံစီသံ တိတ်ဆိတ်နေခဲ့သည်မှာ ကြာလှပေပြီ။

အခန်းသည် ဥမင်လိုဏ်ခေါင်းတစ်ခုသို့ ဦးတည်သွားသည်။ ခရီးသည် ၂၂ ဦးဆန့်သည့် တခမ်းတနားဆင်ယင်ထားသော မြေအောက်ရထားတွဲတစ်တွဲသည် သံလမ်းပေါ်တွင်တည်ရှိနေခြင်းကို တွေ့ မြင်ကြရသည်မှာ လုပ်သားများအတွက် အံ့ဩတကြီးဖြစ်စရာပင်ဖြစ်သည်။ သူတို့ မတူးဖောက်မီ နယူးယောက်မြို့၏မြေအောက်တွင် အခြားမြေအောက်ရထားလမ်းတစ်ခု ရှိနှင့်ခဲ့ပါသလော။ ယင်းကို မည်သူတူးဖောက်ဆောက်လုပ်ခဲ့ပါသနည်း။

ဥမင်လိုဏ်ခေါင်းများနှင့် မြေအောက်ရထားလမ်းများ

မြေအောက်လမ်းများကို သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ ရေထောက်ပံ့ရေးလုပ်ငန်းနှင့် စစ်ဘက်ဆိုင်ရာလုပ်ငန်းတို့အတွက် နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြသည်။ သို့ရာတွင် မကြာသေးမီကမှ စက်အားအသုံးပြုသော မြေအောက်ခရီးသည် ပို့ဆောင်ရေးယာဉ်များ ပေါ်ထွက်လာသည်။ ၁၈၀၀ ပြည့်လွန်နှစ်များ၏အစောပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏လမ်းမကြီးများသည် လူသွားလူလာများခြင်းအပြင် စိတ်ကူးနိုင်သမျှ ခေတ်သစ်ယာဉ်များနှင့် ပိတ်ဆို့နေခဲ့သည်။ ထောင်ပေါင်းများစွာသောသူတို့သည် ကူးတို့ ဖြင့်ဖြစ်စေ၊ လန်ဒန်တံတားပေါ်မှဖြစ်စေ သိမ်းမြစ်ကို နေ့စဉ်ဖြတ်သန်း သွားလာကြသည်။ တစ်ခါတစ်ရံ သွားလာမှုအလွန်ကြန့်ကြာသောကြောင့် ကုန်သည်များသည် ဈေးသို့ပို့လိုသောမိမိတို့၏ကုန်စိမ်းများညှိုးနွမ်းသွားသည့်အထိ စောင့်ကြည့်နေရုံမှလွဲ၍ မည်သို့မျှမတတ်နိုင်ခဲ့ကြချေ။

အင်္ဂလန်တွင်နေထိုင်သူ ပြင်သစ်လူမျိုးမာ့ခ် အစ်ဇမ်ဘဒ် ဘရုနဲလ်က လန်ဒန်၏သယ်ယူပို့ဆောင်ရေး အခက်အခဲလျော့နည်းသွားစေရန် အကြံဉာဏ်တစ်ခုရခဲ့သည်။ ဒီပိုးတစ်ကောင်သည် ဝက်သစ်ချသားထဲ ကြိုးစားထွင်းဖောက်ခဲ့ခြင်းကို သတိပြုမိခဲ့ဖူးသည်။ ထိုခရုမျိုးဝင်အကောင်ငယ်လေး၏ ခေါင်း၌သာလျှင် အခွံရှိကြောင်း သူသတိထားမိခဲ့သည်။ ဒီပိုးသည် ၎င်းအခွံရှိ လွှသွားအရစ်များကိုအသုံးပြုပြီး သစ်သားကိုထွင်းသည်။ ၎င်းထိုးဖောက်ဝင်စဉ် ထုံးကျောက်ရည် လိမ်းကျံထားခဲ့သည်။ ၎င်းနည်းကိုအသုံးပြုကာ ဘရုနဲလ်သည် မူပိုင်ခွင့်ရရှိထားသော သံကြွပ်ပြွန်ကြီးတစ်ခုကို ဂျိုက်ဖြင့်မြေကြီးထဲရိုက်သွင်းသွားလေသည်။ လုပ်သားများသည် ထိုသံပြွန်အတွင်းရှိ မြေကြီးကို ဖယ်ထုတ်ကြရာတွင် ဤသံပြွန်က မြေပြိုမကျအောင် ကာကွယ်ထားပေးသည်။ သံပြွန်သည် ရှေ့တိုးဝင်သွားသည်နှင့်အမျှ အခြားလုပ်သားများက ဥမင်လိုဏ်ခေါင်းအသစ်၏ အတွင်းမျက်နှာပြင်ကို ထောက်ထားရန် အုတ်စီပေးကြသည်။

ဘရုနဲလ်သည် ၁၈၄၃ ခုနှစ်တွင် သိမ်းမြစ်အောက်မြေပျော့တွင် ကမ္ဘာ့ပထမဆုံးရေအောက် ဥမင်လိုဏ်ခေါင်းကို အောင်မြင်စွာပြီးစီးခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် သူသည် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်နိုင်ကြောင်းဖော်ပြခဲ့ရာ ခေတ်သစ်မြေအောက်ရထားလမ်းများ ဖြစ်ပေါ်လာစေရန် လမ်းခင်းပေးခဲ့သည်။ ၁၈၆၂ တွင် ကမ္ဘာ့ပထမဦးဆုံး မြေအောက်ရထားလမ်းကြောင်းစနစ်ကို လန်ဒန်မြို့၏ အဓိကရထားလမ်းဆုံးများစပ်ကြားတွင် ဖွင့်လှစ်ခဲ့ပြီး ၁၈၆၅ တွင် ၎င်းကိုတိုးချဲ့ပေးရန် ဘရုနဲလ်၏ဥမင်လိုဏ်ခေါင်းကို ဝယ်ယူခဲ့သည်။ လန်ဒန်မြေအောက်ရထားလမ်းတွင် ထိုဥမင်လိုဏ်ခေါင်းကို အသုံးပြုနေဆဲဖြစ်သည်။

ကြောက်ရွံ့ မှုများ—စိတ်ကူးယဉ်နှင့် ဖြစ်ရပ်မှန်

မြေအောက်ပို့ဆောင်မှုကို ဆန့်ကျင်သူများအမြဲရှိခဲ့သည်။ ၁၈၀၀ ပြည့်လွန်နှစ်များတွင် လူအများက မြေအောက်အတွင်းပိုင်း တစ်နေရာရာတွင် မီးငရဲရှိသည်ဟု ယုံကြည်ကြသည့်အတွက် မြေအောက်သို့သွားရန် ကြောက်ရွံ့ခဲ့ကြသည်။ ထို့အပြင် လူအများစုက စွတ်စိုအေးစိမ့်ပြီး မှောင်မဲသောဥမင်လိုဏ်ခေါင်းများတွင်ရောဂါကူးစက်နိုင်ပြီး အဆိပ်ရှိသောလေသာရှိသည်ဟု ယူမှတ်ထားကြသည်။

အခြားတစ်ဖက်တွင် မြို့တော်ပုံစံရေးဆွဲပြုစုသူများသည် ပြည့်ကျပ်နေသော မြို့ပြလမ်းများကိုပြုပြင်ပေးရန် အလိုဆန္ဒပြင်းပြနေကြသည်။ မြေအောက်ရထားလမ်းများအကြောင်းသည် နိုင်ငံရေးဆွေးနွေးခန်းတစ်ခု ဖြစ်နေသည်။ မြေအောက်ရထားလမ်းတွင် လေသန့်ရှင်းမှုအတွက်လည်း စိုးရိမ်စရာအကြောင်းရှိနေသည်။ လေဝင်လေထွက်နည်းအမျိုးမျိုးကို ကြံစည်ပြုလုပ်ခဲ့ကြသော်လည်း အောင်မြင်မှုနည်းခဲ့သည်။ ရထားများသွားလာမှုမှရရှိသောလေကို အခွင့်အရေးယူအသုံးချခဲ့ကြသည်; အခြားကြံစည်ဖန်တီးမှုများမှာ လမ်းမမျက်နှာပြင်အထိ ခေါင်းတိုင်များထောင်ထားခြင်း၊ ပန်ကာကြီးများတပ်ဆင်ခြင်း သို့မဟုတ် အဆိုပါနည်းများကိုပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ မြေအောက်လမ်းများ၏ အမှောင်ထုထဲသို့ ဝင်ရောက်ရန်၊ စိတ်ပိုင်းဆိုင်ရာအတားအဆီးများကို ဖယ်ရှားရန် ဘူတာများတွင် မီးလုံးကြီးများထွန်းထားပါသည်။ ထိုသို့သောနောက်ခံများကြား ၁၉၁၂ တွင်လုပ်သားများ တွေ့ရှိခဲ့ကြသော နယူးယောက်မြေအောက်ရထားလမ်း ဖြစ်ပေါ်လာပါသည်။

နယူးယောက်၏ ပထမဆုံးမြေအောက်ရထားလမ်း

အတ္တလန္တိတ်တစ်ဖက်ကမ်းရှိ လန်ဒန်မြို့မှ အခြားထူးချွန်သောတီထွင်သူ အဲလ်ဖရက်အဲလီဘိချ်သည် နယူးယောက်၏ လူနှင့်ယာဉ်သွားလာမှု ထပ်တူအခက်အခဲကို တွေးတောဆင်ခြင်ခဲ့သည်။ အမေရိကန်သိပ္ပံပညာ ဂျာနယ် ထုတ်ဝေသူအဖြစ် ဘိချ်သည် ပြည့်ကျပ်သည့်လမ်းများကဲ့သို့သော ပြဿနာဟောင်းများကို ခေတ်သစ်နည်းများဖြင့် ဖြေရှင်းပေးခဲ့သူတစ်ဦးဖြစ်သည်။ ၁၈၄၉ တွင်သူသည် အစွန်းရောက်စီမံကိန်းတစ်ခုကို ကမ်းလှမ်းခဲ့သည်– အပြည့်ကျပ်ဆုံးလမ်းတစ်ခုဖြစ်သော “တန်နယ်လ်ဘရောဒ်ဝေးလမ်းမကြီး” ၏ “လမ်းထောင့်တိုင်းတွင် လမ်းဝများနှင့် လှေကားများ ပြုလုပ်မည်ဖြစ်သည်။ ဤမြေအောက်ရထားလမ်းကို ၎င်း၏တစ်ဖက်တစ်ချက်တွင် လူသွားလမ်းဖြင့် ပြုလုပ်ရန်ဖြစ်သည်။”

နောက်အနှစ်နှစ်ဆယ်ခန့်အတွင်း အခြားပို့ဆောင်ရေးမြှင့်တင်ပေးလိုသူများသည် နယူးယောက်မြို့တွင် ပို့ဆောင်ရေးလျင်မြန်နည်းများကို အဆိုတင်သွင်းခဲ့ကြသည်။ နောက်ဆုံးတွင် ယင်းတို့အားလုံးသည် မဲပယ်ခံခဲ့ရသည်။ ယိုယွင်းသော နိုင်ငံရေးအရှိန်အဝါရှိသူ ဘော့စ်တွိဒ်သည် တရားမဝင်သောဝင်ငွေ သူ့အတွက်အများဆုံးရရှိစေသည့် မြေပေါ်ပို့ဆောင်ရေးကုမ္ပဏီများနှင့် မည်သည့်အပြိုင်အဆိုင်မျှ မဖြစ်စေလိုခဲ့ပေ။ သို့ရာတွင် မိမိ၏အကြံဉာဏ်ကို တစ်ကြိမ်တစ်ခါမျှမစွန့်လွှတ်ခဲ့သော ကြံရည်ဖန်ရည်ကောင်းသူ မစ္စတာဘိချ်သည် ဘော့စ်ကို ခေါင်းတုံးပေါ်ထိပ်ကွက်ခဲ့သည်။

ဘိချ်သည် ဘရောဒ်ဝေးအောက်တွင် ခရီးသည်များပို့ဆောင်ရန်အလွန်သေးငယ်သော ဥမင်လိုဏ်ခေါင်းနှစ်ခုဖောက်လုပ်ခွင့်ကို တရားဝင်ရရှိခဲ့သည်။ ၎င်းတို့သည် စာတိုက်ကြီးသို့ “စာများ၊ အထုပ်များနှင့် ကုန်စည်များသယ်ယူပို့ဆောင်ရန်အတွက်” အသုံးပြုဖို့ဖြစ်သည်။ ထို့နောက် ကုန်ကျစရိတ်ချွေတာဖို့ဟုအကြောင်းပြကာ ဥမင်လိုဏ်ခေါင်းကြီးတစ်ခုတည်းကိုသာ ဆောက်လုပ်ခွင့်ပြုရန် လျှောက်လွှာတင်ခဲ့သည်။ သူ၏ပရိယာယ်ကို သတိမပြုမိကြ၍ ပြုပြင်ချက်ကို ခွင့်ပြုလိုက်လေသည်။ ဘိချ်သည် လူ့မျက်ကွယ်တွင် ချက်ချင်း လုပ်ငန်းစတင်ခဲ့သည်။ သူသည် အထည်ဆိုင်တစ်ခု၏မြေအောက်ခန်းမှ တူးဖောက်ခဲ့ပြီး အသံတိတ်ဘီးများတပ် ရထားတွဲများဖြင့် ညအမှောင်တွင် မြေကြီးကို ဖယ်ထုတ်ခဲ့သည်။ ၅၈ ညအတွင်းတွင် ၃၁၂ ပေရှိသော ထိုဥမင်လိုဏ်ခေါင်းကို ပြီးစီးခဲ့သည်။

“လေကြိုး” တစ်ချောင်း

ဘိချ်သည် ကျောက်မီးသွေးရေနွေးငွေ့အင်ဂျင်စက်များအသုံးပြုခြင်းကြောင့် လန်ဒန်မြေအောက်ရထားလမ်း၏လေထုညစ်ညမ်းမွန်းကျပ်မှုကို ကောင်းစွာသိရှိထားသည်။ သို့နှင့် သူသည် ဥမင်လိုဏ်ခေါင်း၏အဆုံးတစ်ဖက်ရှိ အခန်းငယ်တစ်ခုအတွင်း ကြီးမားသောပန်ကာတစ်ခုမှဖိအား၏ “လေကြိုး” ဖြင့်သူ၏ရထားကားကို တွန်းပို့ပေးခဲ့သည်။ ယင်းလေသည် ရထားတွဲကို ဆယ်ဆ ပို၍မြန်ဆန်စေနိုင်သော်လည်း တစ်နာရီလျှင် ၆ မိုင်နှုန်းဖြင့်သာ တွန်းပေးပါသည်။ ရထားလမ်းဆုံးသို့ရောက်သောအခါ ရထားကားကိုပြန်စုပ်ရန် ပန်ကာကို ပြောင်းပြန်လည်စေသည်! မြေအောက်ဆင်းရန် လူတို့၏မဝံ့မရဲဖြစ်စိတ်ကို ဖျောက်ဖျက်ဖို့ ဘိချ်သည် ဧည့်ခန်းကျယ်ကြီးတွင် ထိုစဉ်ကအတောက်ပဆုံးနှင့် အလင်းဆုံး ဇာကွန်မီးအိမ်များစွာကို ထွန်းပေးထားသည်။ ထို့အပြင် ဇိမ်ခံကုလားထိုင်များ၊ ကျောက်ဆစ်ရုပ်များ၊ ကန့်လန့်ကာပြတင်းပေါက်အတုများ နှင့်စန္ဒရားကြီးတစ်ခုအပြင် ရွှေငါးကန်တစ်ခုတို့ ဖြင့်ပင် အလျှံပယ်ဆင်ယင်ထားသည်! ထိုရထားလမ်းတိုလေးကို ၁၈၇၀ ဖေဖော်ဝါရီလတွင် ပြည်သူများကြိုမသိဘဲ ဖွင့်လှစ်လိုက်ရာ တစ်မုဟုတ်ချင်း အံ့အားသင့်လောက်အောင် အောင်မြင်ခဲ့သည်။ တစ်နှစ်အတွင်းတွင် ထိုမြေအောက်ရထားလမ်းသို့ လာရောက်သူ ၄၀၀,၀၀၀ ရှိခဲ့သည်။

ဘော့စ်တွိဒ်သည် အကြီးအကျယ်ဒေါသထွက်နေခဲ့သည်! နိုင်ငံရေးလုပ်ဆောင်မှုဖြစ်ပေါ်လာပြီး ဘိချ်အဆိုပြုသည့် လေအားသုံး မြေအောက်စနစ်ကိုဆန့်ကျင်၍ ၎င်းထက်အကုန်အကျ ၁၆ ဆများသော မြှင့်တင်ရထားလမ်းဆောက်လုပ်ဖို့စီမံကိန်းကို တွိဒ်ကဘုရင်ခံချုပ်ထံမှခွင့်ပြုချက်ရရန် ကြိုးစားခဲ့သည်။ နောက်မကြာမီတွင် တွိဒ်သည် စွဲချက်အတင်ခံရပြီး တစ်သက်တစ်ကျွန်းထောင်ချခံရသည်။ သို့ရာတွင် ၁၈၇၃ တွင် စတော့ဈေးကွက်ကျဆင်းမှုတစ်ခုဖြစ်ပျက်ခဲ့၍ ရင်းနှီးမြှုပ်နှံသူများနှင့်အရာရှိများတို့သည် မြေအောက်ရထားလမ်းများကို အာရုံမစိုက်နိုင်ကြတော့ရာ ဘိချ်သည် နောက်ဆုံး ထိုဥမင်လိုဏ်ခေါင်းကို ပိတ်ထားလိုက်ရသည်။ သို့ ဖြင့် နယူးယောက်မြို့၏ လက်ရှိမြေအောက်ရထားလမ်းကို ၁၉၀၄ တွင်ဖွင့်လှစ်ပြီး ခုနစ်နှစ်ကျော်အကြာ ၁၉၁၂ တွင်မတော်တဆတူးဖော်မတွေ့ရှိမီအထိ ယင်းကိုမေ့ပျောက်နေခဲ့သည်။ နောက်ပိုင်းတွင် ဘိချ်၏ မူလဥမင်လိုဏ်ခေါင်းသည် မဲန်ဟက်တန်မြို့တွင်းရှိ လက်ရှိမြို့တော်ခန်းမဘူတာ၏ အစိတ်အပိုင်းဖြစ်လာလေသည်။

နှစ်တစ်ထောင် မြေအောက်ရထားလမ်း

ရာစုနှစ်တစ်နှစ်အနည်းငယ်အကျော်က ဟန်ဂေရီနိုင်ငံ၌ မျှော်ကိုးမှုတစ်ခုရှိခဲ့သည်။ ၁၈၉၆ တွင်ဟန်ဂေရီနိုင်ငံတည်ထောင်သည့်အနှစ် ၁,၀၀၀ မြောက်အထိမ်းအမှတ်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ၁၉ ရာစုအကုန်တွင် နိုင်ငံ၏မြို့တော်ဘူဒါပက်သည် ဥရောပရှိအကြီးဆုံးမြို့များတွင် တစ်မြို့ဖြစ်လာပါလိမ့်မည်။ ၎င်း၏လမ်းများသည် အလွန်ပြည့်ကျပ်နေလေပေပြီ။ ယင်းပြည့်သိပ်မှုကို လျော့နည်းစေရန် မြေပြင်လျှပ်စစ်ရထားလမ်းတစ်လမ်းဆောက်ဖို့ အဆိုပြုခဲ့ကြသည်။ သို့သော် ယင်းအကြံဉာဏ်မှာ မြူနီစီပယ်အာဏာပိုင်များ မှန်းထားရာမဟုတ်သည့်အတွက် ၎င်းအဆိုပြုချက်ကို ပယ်ချခဲ့ကြသည်။ ထိုအတောအတွင်းတွင် လန်ဒန်မြေအောက်ရထားလမ်းသည် အခြားနိုင်ငံများရှိ သယ်ယူပို့ဆောင်ရေးစီမံကိန်းရေးဆွဲသူများအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်နေပါသည်။ ဟန်ဂေရီမှ ကျွမ်းကျင်သူ မစ္စတာ မိုရ်ဘာလက်ဇ်ဆိုသူသည် လျှပ်စစ်မြေအောက်ရထားလမ်းဆောက်ဖို့ အကြံဉာဏ်တစ်ခုကို အဆိုပြုခဲ့သည်။ ယင်းကိုလက်ခံအတည်ပြုခဲ့ကြပြီး ၁၈၉၄ ဩဂုတ်တွင်စတင်ဆောက်လုပ်ခဲ့သည်။

မြေအောက်ရထားလမ်းကို တူးပြီးပြန်ဖုံးစနစ်ဖြင့်ဆောက်လုပ်ခဲ့ကြရာ ရှိနှင့်နေသောလမ်းမကိုတူးပြီး လမ်းအောက်တွင် ရထားသံလမ်းများကို တည်ဆောက်ခဲ့ကြသည်။ ထို့နောက် မြောင်းအပေါ် အမိုးပြားခင်းပြီး လမ်းမကိုပြန်ဆောက်လိုက်ကြသည်။ ၁၈၉၆၊ မေ ၂ ရက်နေ့တွင် ၂.၃ မိုင်ရှည်သော မြေအောက်ရထားလမ်းကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ လျှပ်စစ်ဖြင့်မောင်းနှင်သောရထားတွဲများကိုစီးရခြင်းသည် ပထမဦးဆုံး လန်ဒန်မြေအောက်ရထား စီးနင်းခဲ့သူများ မီးခိုးရှူရှိုက်ရသည့်တွေ့ကြုံမှုနှင့်ယှဉ်လိုက်လျှင် အကြီးအကျယ်သာလွန်ကောင်းမွန်ပါသည်။ ယင်းကိုဖွင့်လှစ်ပြီး ရက်အနီးငယ်အတွင်းတွင် ဘုရင်ဖရန်စစ် ဂျိုးဇက် ၁ သည် နည်းအသစ်ကိုလာရောက်ကြည့်ရှုခဲ့ပြီး ယင်းကိုသူ၏နာမည်ပေးရန် လက်ခံခဲ့သည်။ သို့ရာတွင် ၎င်းနောက်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးဗရုတ်ဗရက်အတွင်း ထိုရထားလမ်းကို နှစ်တစ်ထောင်မြေအောက်ရထားလမ်းဟု အမည်ပြောင်းခေါ်ခဲ့ကြသည်။ ယင်းသည် ဥရောပတိုက်တွင် ပထမဦးဆုံးမြေအောက်ရထားလမ်းဖြစ်သည်။ မကြာမီတွင် အခြားမြေအောက်ရထားလမ်းများပေါ်လာသည်။ ၁၉၀၀ တွင်ပါရီမြို့မြေအောက်ရထား စတင်ပြေးဆွဲခဲ့ပြီး ဘာလင်မြို့မြေအောက်ရထားသည် ၁၉၀၂ တွင်စတင်ပြေးဆွဲခဲ့သည်။

နှစ် ၁၀၀ ပြီးနောက် မြေအောက်ရထား

၁၉၉၆ တွင်ဟန်ဂေရီ၏ နှစ် ၁,၁၀၀ မြောက်ကျင်းပချိန်၌ မြေအောက်ရထားစနစ်ကို ယင်း၏မူလအလှနှင့် ပုံစံသို့ပြန်လည်ပြုပြင်မွမ်းမံပေးခဲ့သည်။ ဘူတာနံရံများကို သေးငယ်သော အဖြူရောင်အုတ်ကြွပ်ပြားများနှင့် ဝိုင်အနီရောင်အနားတို့ဖြင့် အလှဆင်ထားသည်။ နံရံများပေါ်တွင် အုတ်ကြွပ်ပြားဖြင့်ဘောင်ခတ်ထားသည့် ဘူတာနာမည်များသည် အထင်အရှားပေါ်လွင်နေသည်။ သံတိုင်မကြီးများကို ပြန်လည်ဆောက်လုပ်ထားပြီးနောက် အတိတ်ရာစုဝန်းကျင်အခြေအနေမျိုး ပေါ်ထွက်စေရန် အစိမ်းရောင်သုတ်ထားကြသည်။ ဘူဒါပက်ဘူတာကြီးတွင် မီးရထားပြတိုက်ပါရှိပြီး နှစ်တစ်ရာကျော်ရှိ မူလမြေအောက်ရထားတွဲများကိုလည်း ထိုနေရာတွင်တွေ့ရှိနိုင်၏! နှစ်တစ်ထောင် မြေအောက်မီးရထားလမ်းအပြင် သာ၍ခေတ်မီသော ဘူဒါပက်မြေအောက်မီးရထားကိုပါ ဆောက်လုပ်ခဲ့ပုံများကိုလည်း ပြသထားသည်။

ထိုပြတိုက်သို့သွားရောက်လည်ပတ်သောအခါ ဟန်ဂေရီမှယေဟောဝါသက်သေများသည် မကြာသေးမီက ၎င်းမြေအောက်မီးရထားကို ထိုတွင်နေထိုင်ခဲ့ကြသော ခရစ်ယာန်များသည် အလွန်ထူးခြားသော နည်းတစ်နည်းဖြင့် ယင်းကိုအသုံးပြုခဲ့ရကြောင်း ပြန်လည်သတိမရနိုင်ကြဘဲ မနေနိုင်ခဲ့ကြပါ။ ဟန်ဂေရီနိုင်ငံတွင် သူတို့၏အမှုဆောင်ခြင်းပိတ်ပင်ခံရသော ကာလတစ်လျှောက်လုံး၌ သက်သေခံများသည် အခြားသူများကို ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောကြရန် ဤကျော်ကြားသောရထားဘူတာများကို ပါးနပ်လိမ္မာစွာအသုံးပြုခဲ့ကြသည်။ ၁၉၈၉ မှစပြီး သက်သေခံများသည် ဟန်ဂေရီနိုင်ငံတွင် လွတ်လပ်စွာဟောပြောခွင့်ရရှိခဲ့ကြသည်။ သို့ရာတွင် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှု မကြာမီရောက်ရှိလာတော့မည်ဟူသော သူတို့၏ယုံကြည်ချက်ကို နှစ်တစ်ထောင်မြေအောက်ရထားလမ်း၌ ဟောပြောနေကြဆဲရှိသည်ကို တွေ့ မြင်ရပေဦးမည်။

ပထမဆုံးမြေအောက်ရထားများမှ အမွေ

ယနေ့ ကမ္ဘာတစ်ဝန်း မြို့ကြီးများတွင် မြေအောက်ပို့ဆောင်ရေးယာဉ်များဖြင့် ခရီးသည်များသွားလာလျက်ရှိကြသည်။ အချို့နိုင်ငံများတွင် ဆူညံမှုနှင့် လေထုညစ်ညမ်းမှုပြဿနာဟောင်းများအပြင် နံရံပေါ်တွင်လက်ဆော့ရေးသားမှုများ၊ ရာဇဝတ်မှုများလည်းရှိနေပါသည်။ သို့ရာတွင် မြေအောက်စနစ်အများအပြားသည် ကနဦးမြေအောက်ရထားလမ်းဖန်တီးသူများ၏ သိမ်မွေ့မှု၊ အနုပညာလက်ရာမြောက်မှုနှင့် လက်တွေ့ကျသောအကြံဉာဏ်ကောင်းများကို ပေါ်လွင်စေ၏။ လူထုပို့ဆောင်ရေးကို တိုးချဲ့ပြီး ပိုကောင်းမွန်လာစေရန်ဆန္ဒ ပြင်းပြနေဆဲရှိသည်။ မကြာသေးမီက ဘန်ကောက်၊ မက်ဒလင်၊ ဆိုးလ်၊ ရှန်ဟိုင်း၊ တိုင်ပေနှင့် ဝါဆောအစရှိသောမြို့တို့တွင် မြေအောက်ရထားလမ်းများကို ဆောက်လုပ်ပြီးစီးခဲ့သည်၊ သို့မဟုတ် ဆောက်လုပ်နေဆဲရှိသည်။ ယင်းကြောင့် ကနဦးမြေအောက်ရထားလမ်းဖန်တီးသူများသည် အံ့သြကြမည်လော။ ဖြစ်ချင်မှဖြစ်မည်။ ဤသို့အနှံ့အပြား အသုံးပြုကြမည်ကို လွန်ခဲ့သောတစ်ရာစုခွဲက သူတို့အမှန်ပင် ကြိုတင်မြင်ခဲ့ရာဖြစ်သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

၁။ ဘူဒါပက်နှစ်တစ်ထောင်မြေအောက်ရထားပြတိုက်တွင် ပြန်လည်တည်ဆောက်ထားသောဘူတာ

၂-၄။ ၁၈၉၆ နှစ်တစ်ထောင်မြေအောက်ရထား၏ မူလမြေအောက်လျှပ်စစ်ရထားများမှတစ်စီး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ