သင်သိပါသလော
ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ဂျေရုဆလင်မြို့ကို တုတ်ချွန်ခံတပ်ဖြင့် ဝိုင်းရံခဲ့သလော။
ဂျေရုဆလင်မြို့ပျက်စီးခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်တွင် ယေရှုက “သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တုတ်ချွန်ခံတပ်ကို တည်ဆောက်၍ လေးဖက်လေးတန်မှ ဝိုင်းရံလျက် နှိပ်စက်မည့်ကာလ ကျရောက်လာလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၁၉:၄၃) တိတုခေါင်းဆောင်သော ရောမစစ်တပ်သည် အေဒီ ၇၀ တွင် ဂျေရုဆလင်မြို့သို့ရောက်လာပြီး မြို့ပတ်လည်တွင် တံတိုင်းတစ်ခုဆောက်လုပ်ရာ မြို့တွင်းရှိမည်သူမျှ အစားအစာနှင့်ထောက်ပံ့ပစ္စည်းများ မရရှိကြတော့ပေ။ တိတုတွင် ရည်ရွယ်ချက်သုံးခုရှိသည်—ဂျူးများ မထွက်ပြေးစေရန်၊ လက်နက်ချစေရန်နှင့် မြို့သားများ အညံ့ခံလာစေဖို့ အငတ်ထားရန်ဖြစ်သည်။
ပထမရာစုမှ သမိုင်းပညာရှင် ဖလေးဗီးယက်စ်ဂျိုစီဖတ်စ်၏အဆိုအရ ထိုခံတပ်ဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရောမစစ်တပ်အဖွဲ့များသည် ခံတပ်တည်ဆောက်ရာတွင် တာဝန်ရထားသောအပိုင်းကို မည်သူအရင်ပြီးကြောင်း ပြိုင်ဆိုင်ကြလေသည်။ သူတို့သည် မြို့ပတ်လည်မှဆယ်မိုင်အကွာတစ်လျှောက်ရှိ သစ်ပင်အားလုံးကို ခုတ်ပစ်ပြီး ခံတပ်တည်ဆောက်ကြရာ လေးမိုင်ခွဲရှည်သောခံတပ်သည် သုံးရက်တည်းနှင့် ပြီးစီးခဲ့လေသည်။ သို့နှင့် “ဂျူးတို့အတွက် လွတ်မြောက်ရန် လမ်းမမြင်တော့ပေ” ဟု ဂျိုစီဖတ်စ်ဆိုသည်။ ခံတပ်ကြောင့် အစာငတ်မွတ်လာပြီး ခံတပ်အတွင်းတွင်လည်း လက်နက်ကိုင်အုပ်စုအချင်းချင်း တိုက်ခိုက်ကြရာ နောက်ငါးလခန့်အကြာတွင် ရောမလက်အောက်သို့ ကျရောက်သွားလေတော့သည်။
ဘုရင်ဟေဇကိသည် ဂျေရုဆလင်မြို့တွင်းသို့ လိုဏ်ခေါင်းတစ်ခုကို အမှန်တကယ် ဖောက်လုပ်ခဲ့ပါသလော။
ဟေဇကိသည် အားကြီးသောအဆီးရီးယားနှင့် စစ်ဖြစ်နေချိန်၊ ဘီစီရှစ်ရာစုနှောင်းပိုင်းမှ ယုဒဘုရင်တစ်ပါးဖြစ်သည်။ သူသည် ဂျေရုဆလင်ကိုကာကွယ်ရန် များစွာဆောင်ရွက်ခဲ့ပြီး စစ်တွင်းကာလတွင် ပြည်သားများ ရေရရှိစေရန် စီမံပေးခဲ့သည်ဟု ကျမ်းစာကဖော်ပြသည်။ သူတည်ဆောက်ခဲ့သောအရာများတွင် ၁,၇၄၉ ပေရှည်သော ရေပြွန် သို့မဟုတ် ဥမင်လိုဏ်ခေါင်းတစ်ခုပါဝင်ပြီး ယင်းမှတစ်ဆင့် မြို့တွင်းသို့ စမ်းရေကိုသွယ်ယူသည်။—၄ ဓမ္မရာဇဝင် ၂၀:၂၀; ၂ ရာဇဝင်ချုပ် ၃၂:၁-၇၊ ၃၀။
၁၉ ရာစုတွင် ထိုလိုဏ်ခေါင်းကို ရှာဖွေတွေ့ ရှိခဲ့သည်။ ယင်းကို ဟေဇကိဥမင်လိုဏ်ခေါင်း သို့မဟုတ် ရှိလောင်ဥမင်လိုဏ်ခေါင်းအဖြစ် သိလာကြသည်။ လိုဏ်ခေါင်းအတွင်းတွင် လိုဏ်ခေါင်းတူးဖော်ခြင်း၏ နောက်ဆုံးအပိုင်းကို ရေးသားထားသော ကမ္ပည်းစာကို တွေ့ ရှိခဲ့သည်။ ထိုကမ္ပည်းစာမှ စာလုံးများ၏ပုံစံကြောင့် ကျမ်းပညာရှင်အများစုက ယင်းကို ဟေဇကိအချိန်မှဖြစ်သည်ဟု ရက်စွဲတပ်ကြသည်။ သို့သော် အချို့က လိုဏ်ခေါင်းကို ယခင်ထင်ထားသည့်အချိန်ထက် နှစ်ပေါင်း ၅၀၀ လွန်မှ ဆောက်လုပ်ခဲ့သည်ဟု လွန်ခဲ့သောဆယ်နှစ်တွင် ယူဆလာကြ၏။ ၂၀၀၃ ခုနှစ်တွင် အစ္စရေးလူမျိုး သိပ္ပံပညာရှင်အုပ်စုတစ်စုသည် လိုဏ်ခေါင်း၏ရက်စွဲအမှန်ကို ရှာဖွေထားသည့် သုတေသနလုပ်ငန်း၏အပြီးသတ်ကောက်ချက်များကို ထုတ်ဝေခဲ့သည်။ သူတို့ အဘယ်ကောက်ချက်ချခဲ့သနည်း။
ဂျေရုဆလင်ရှိ ဟေဘရူးတက္ကသိုလ်မှ ဒေါက်တာအာမွတ်စ်ဖရမ်ကင်က ဤသို့ဆို၏– “ရှိလောင်လိုဏ်ခေါင်း၏ အင်္ဂတေအတွင်းရှိ ဇီဝပစ္စည်းများနှင့် လိုဏ်ခေါင်းအတွင်းတွေ့ ရှိရသော ကျောက်စက်ပန်းဆွဲများ၏ ယူရေနီယမ်နှင့်သိုရီယမ်ဒြပ်စင်များကို ကာဗွန် ၁၄ နည်းဖြင့် ဓာတ်ခွဲကြည့်ရာ ၎င်းလိုဏ်ခေါင်းကို ဟေဇကိလက်ထက်တွင် ဆောက်လုပ်ခဲ့ကြောင်း ယင်းတို့က သေချာစွာသက်သေထူသည်။” သိပ္ပံမဂ္ဂဇင်းနေးချားမှ ဆောင်းပါးတစ်ပုဒ်တွင် ဤသို့ဆို၏– “အထောက်အထားသုံးခုဖြစ်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများဖြင့် သက်တမ်းသတ်မှတ်ခြင်း၊ ရှေးခေတ်လက်ရေးစာများကို လေ့လာခြင်းနှင့် သမိုင်းမှတ်တမ်းတို့က သံခေတ်မှ ကျမ်းစာအဆောက်အဦဖြစ်သည့် ရှိလောင်လိုဏ်ခေါင်းကို ဘီစီ ၇၀၀ တွင်ဆောက်လုပ်ခဲ့သည်ဟု အမှန်ကန်ဆုံးသက်တမ်း သတ်မှတ်ပေးလိုက်လေသည်။”