ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၃/၈ စာ. ၂၁-၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မသန့်ရှင်းသောရေ
  • ကလေးများအတွက် လွတ်လမ်းမရှိ
  • အကြံရခက်သည့် မြေမြှုပ်မိုင်း
  • အိမ်ထောင်မပြုခြင်းဆိုင်ရာ အငြင်းပွားမှု
  • ဆင်ရာဇဝတ်ကောင်များ
  • လေဟာပြင်တွင် တိုက်ပြီးပြေးသည့် ပထမဆုံးမတော်တဆမှု
  • ရေမြုပ်ကောင်များက ဦးဆုံးပိုင်ဆိုင်ကြ
  • လောင်းကစားသမားများ၏ အရှုံး
  • မြွေကိုကိုင်ထားသည့် လူဆိုးများ
  • ဆင်စွယ်—မည်မျှတန်ဖိုးရှိသနည်း
    နိုးလော့!—၁၉၉၉
  • ရေမြှုပ်ကောင်များ ရိုးရှင်းသော်လည်း ဆန်းပြား
    နိုးလော့!—၂၀၀၆
နိုးလော့!—၁၉၉၈
န၉၈ ၃/၈ စာ. ၂၁-၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

မသန့်ရှင်းသောရေ

၇၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် အတွင်းတိမ်ခွဲစိတ်ကုသမှုမခံမီလေး၌ ပြင်းပြင်းထန်ထန်မျက်စိကူးစက်နာ နှစ်ကြိမ်ခံရသောအခါ အိုင်ယာလန်နိုင်ငံရှိ ခွဲစိတ်ဆရာဝန်တစ်ဦး စဉ်းစားမရဖြစ်ခဲ့သည်။ ကူးစက်နာဖြစ်စေသောအရာကား အဘယ်နည်း။ သူမ၏မျက်နှာပေါ်တွင် တင်လိုက်သည့်လုဒ်စ်မြို့မှ “သန့်ရှင်းသော” ရေပင်ဖြစ်သည်။ “ပြဿနာကား ထိုသန့်ရှင်းသောရေတွင် အန္တရာယ်ပေးသောဘက်တီးရီးယားများ ပါဝင်တတ်ခြင်းဖြစ်သည်” ဟုသည်အိုင်းရစ်တိုမ်းစ်ကဆိုသည်။ စီစဉ်ထားသည့်အတိုင်း ခွဲစိတ်ကုသခဲ့မည်ဆိုလျှင် ထိုအမျိုးသမီးသည် အလွယ်တကူမျက်စိကန်းသွားနိုင်ပေသည်။ သည်အိုင်းရစ်တိုမ်းစ်ဆက်ဆိုသည်မှာ– “ကောင်းချီးပေးရုံဖြင့် ပိုးမွှားများမသေပါ။ ထို့ပြင် ရောဂါကုသရန်ရည်ရွယ်ပြီး ဖျန်းသောပရိတ်ရေသည် တချို့သောအခြေအနေများတွင် အသက်အန္တရာယ်ရှိသောကူးစက်နာ အမှန်ပင်ဖြစ်စေနိုင်သည်။ ထိုသတင်းစာအဆိုအရ သင်ဆေးရုံတက်နေသောအခါ “သန့်ရှင်းသော” ရေဖြင့်ဖျန်းသော စိတ်ရင်းကောင်းသည့် မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးသားချင်းများသည် “သင့်အသက်ရှင်ရေးအတွက် အကြီးမားဆုံးအန္တရာယ်” ဖြစ်နိုင်သည်။

ကလေးများအတွက် လွတ်လမ်းမရှိ

“အားကုန်လောင်းစစ်ဖြစ်လာသောအခါ ယေဘုယျအားဖြင့် ကလေးများသည် သူတို့ထက်ကြီးသူများ၏ ရန်ပြုခံရသည့်သားကောင်များ စ၍ဖြစ်လာကြသည်– ဗုံးများနှင့် ဒုံးကျည်များသည် အသက်အရွယ်မရွေး သေကျေစေလျက်ရှိသည်” ဟုသည်အီကော်နောမစ်သတင်းကဆိုသည်။ “ယနေ့ဖြစ်ပျက်နေသော ပြည်တွင်းစစ်အများစုတွင် တစ်နိုင်ငံလုံးအင်အားကို အသုံးပြုလေ့ရှိကြသည်။ ယခုကယ်ဆယ်ရေးအဖွဲ့များသည် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရေးတွင် အသုံးခံရသည့် ကလေးတပ်သားများကို ထွက်ခွင့်ပြုရေး ပို၍အာရုံစိုက်ကြရမည်။ သူတို့သွားသည့်နေရာတိုင်းတွင် ဒုက္ခသည်များ၊ ဒဏ်ရာရသူနှင့် သေနေသူတို့ကြား၌ ကလေးများကိုတွေ့ဖို့မျှော်လင့်နိုင်သည်။ လူတိုင်း ကလေးများကိုချစ်ဖို့ ပြောနေကြသော်လည်း ကလေးများသည် ယခင်ကထက်ပင် ပို၍ဒုက္ခရောက်နေကြရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ခန့်မှန်းချက်အရ လွန်ခဲ့သောနှစ်တွင် စစ်ကြောင့် ၁၈ နှစ်အောက်ကလေး ၂၄ သန်းမှာ အခြေအနေမဲ့ဖြစ်ခဲ့ကြရပြီး ၂ သန်းခန့်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်အတွင်း သေကျေခဲ့ကြရသည်။ ထို့အပြင် လေးသန်းမှငါးသန်းအထိ မသန်မစွမ်းဖြစ်ခဲ့ကြရသည်။ “စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကား မှန်းဆ၍မရနိုင်ပါ” ဟုသည်အီကော်နောမစ်ကဖော်ပြထားသည်။

အကြံရခက်သည့် မြေမြှုပ်မိုင်း

“ကမ္ဘာပေါ်မှ မြေမြှုပ်မိုင်းများကို ရှင်းထုတ်ပစ်ရန်ရည်ရွယ်သည့် ကမ္ဘာချီကင်ပိန်းကြီးသည် မိုင်းများကိုတွေ့ရှိရခက်သကဲ့သို့ပင် အရာမရောက်ဖြစ်နေသည်” ဟုသည်ဝေါလ်စထရိဂျာနယ်ကဆိုသည်။ “မိုင်းများကို အန္တရာယ်ကင်းကင်းနှင့် ဖယ်ထုတ်ပစ်နိုင်ရန် ကိရိယာအလုံအလောက် မရှိပါ။” ယနေ့ တပ်သားများသည် ဒုတိယကမ္ဘာစစ်အတွင်း သူတို့အဘိုးများအသုံးပြုခဲ့ကြသော တုတ်ချောင်းကဲ့သို့သော စမ်းတံများနှင့် သတ္တုရှာဖွေရေးကိရိယာများကို အခြေပြုထားသည့်ကိရိယာကို အသုံးပြုနေကြသည်။ သို့ရာတွင် ခေတ်သစ်မိုင်းများသည် အများအားဖြင့် ပလပ်စတစ်များဖြစ်သည့်အပြင် ယင်းတို့ကို ကျည်ကွဲအပိုင်းအစများနှင့် အသံအမျိုးမျိုးထွက်တတ်သည့် အမှိုက်သရိုက်များကြားတွင် မြှုပ်ထားသောကြောင့် ရှာဖွေတွေ့ရှိရန်ပိုခဲယဉ်းသည်။ သတ္တုရှာဖွေရေးကရိယာတွင်ဝတ္တုတစ်ခုတွေ့ကြောင်းအချက်ပြသည့်အခါ ဖန်ပလပ်စတစ်ချောင်းကို မြေကြီးထဲသို့ ခပ်စောင်းစောင်း ဂရုတစိုက်ထိုးသွင်းလိုက်သည်။ ရည်ရွယ်ချက်မှာ မိုင်း၏ဘေးကို ထိုးမိပြီး ရှာရန်ဖြစ်သည်။ မိုင်းသည်ခပ်စောင်းစောင်းရှိပြီး ထိပ်ကိုထိုးမိလျှင် ယင်းသည် လူရှေ့တွင်ပေါက်ကွဲမည်ဖြစ်သည်။ မိုင်းတစ်လုံး၏ဈေးသည် ၅ ဒေါ်လာပင်မရှိသော်လည်း ရှင်းပစ်ရန်မူတစ်လုံးလျှင်ဒေါ်လာ ၁,၀၀၀ ကျော်ကုန်ကျနိုင်သည်။ ၁.၅ သန်းနှင့် ၂ သန်းကျော်ရှိမိုင်းများကို နှစ်စဉ် မြေကြီးထဲမြှုပ်ထောင်နေကြရာ ကလေးများအပါအဝင် လူပေါင်း ၂၅,၀၀၀ ကျော်သည် ယင်းကြောင့် ထိခိုက်သေကျေကြရသည်။

အိမ်ထောင်မပြုခြင်းဆိုင်ရာ အငြင်းပွားမှု

အဲန်နီ ဘူလက်တင်တွင်ဖော်ပြထားသောသတင်းတစ်ခုအရ “ရိုမန်ကက်သလစ်ချာ့ချ်သည် ဘုန်းတော်ကြီးများအိမ်ထောင်မပြုခြင်းကို စွဲစွဲမြဲမြဲတောင်းဆိုမှုကြောင့် အရည်အချင်းရှိ လုပ်သားအကြီးအကျယ် လျော့နည်းလျက်ရှိသည်။” ဘရာစီးလျားတွင်ကျင်းပခဲ့သော အိမ်ထောင်သည်ဘုန်းတော်ကြီးများ၏ စတုတ္တအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာကွန်ဂရက်၌ ကမ္ဘာတစ်ဝန်းရှိ ရိုမန်ကက်သလစ်ဘုန်းတော်ကြီး ၁၀၀,၀၀၀ သည် ဘုန်းတော်ကြီးအဖြစ်မှနုတ်ထွက်ကာ အိမ်ထောင်မပြုခြင်းအယူကို စွန့်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ ယခု ဘရာစီးလျားတက္ကသိုလ်တွင် ပရောဖက်ဆာတစ်ဦးဖြစ်နေပြီး ဘုန်းတော်ကြီးဟောင်းဖြစ်သူ ဂျော့ဂ်ျပန်စီယာနိုရီဘေးရို အဆိုအရ ဘုန်းတော်ကြီး ၅ ပါးတိုင်းတွင် ၁ ပါးသည် အိမ်ထောင်ပြုရန် ဘုန်းတော်ကြီးအဖြစ်မှနုတ်ထွက်ခဲ့ကြသည်။ ဘရာဇီးနိုင်ငံတစ်နိုင်တည်းတွင် အိမ်ထောင်သည်ဘုန်းတော်ကြီး ၃,၅၀၀ ရှိသည်။ ရီဘေးရို ဤသို့ပြောခဲ့သည်– “အိမ်ထောင်မပြုခြင်းကို ချာ့ချ်နှင့် ဘုန်းတော်ကြီးအမွေဆက်ခံခြင်းကြား ပြဿနာများမရှိရန် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လိင်ဆက်ဆံမှုမပြုသောသူများအားဖြင့် ဘုရားသခင့်စကားတော်ကို ပိုမိုပျံ့နှံ့နိုင်စေရန်မဟုတ်ပါ။”

ဆင်ရာဇဝတ်ကောင်များ

“ဆင်အဖွဲ့အစည်း၏ ယုံကြည်စိတ်ချသောဆင်များအဖြစ် ကြီးပြင်းလာဖို့ဆိုလျှင် ဆင်သငယ်လေးများသည် ကလေးများကဲ့သို့ပင်ဆုံးမပဲ့ပြင်မှုလိုသည်” ဟုနယူးဆိုင်းယင်းတစ်ကဆိုသည်။ တောင်အာဖရိကနိုင်ငံ၊ ပီလန်စဘတ်ဂ်ျရှိ ဘေးမဲ့တောတွင် မိဘမဲ့ဆင်ပေါက်များသည် သူတို့အကြီးအကဲများ၏ပဲ့ပြင်ဆုံးမမှုမရှိသောကြောင့် ရာဇဝတ်ကောင်များဖြစ်သွားကြသည်ဟု တောရိုင်းတိရစ္ဆာန် ဇီဝဗေဒပညာရှင်များက ပြောကြသည်။ ဆင်ဆိုးများသည် လူများကိုရန်မူခဲ့ပြီး လွန်ခဲ့သောသုံးနှစ်အတွင်း ကြံ့ဖြူ ၁၉ ကောင်ကို သေသည့်အထိ အစွယ်ဖြင့်ထိုးကြသည့်အပြင် ကြံ့များကို မိတ်လိုက်ရန်အထိပင် ကြိုးစားခဲ့သည်။ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစ်စုကို ရန်မူပြီးနောက် ဒုက္ခပေးသည့်ဆင်ကို ပစ်သတ်ရန် စေလွှတ်ခံရသည့် မုဆိုးလုပ်ငန်းဖြင့်အသက်မွေးသူတစ်ဦးအပါအဝင် လူနှစ်ဦးအသတ်ခံခဲ့ရသည်။ အဖြစ်အပျက်တစ်ခုစီတွင် ရာဇဝတ်ဆင်သည် ဆင်ကောင်ရေကို ထိန်းချုပ်ဖို့ ၎င်းတို့အုပ်မှကျန်သောဆင်များကို သတ်ဖြတ်ပစ်ပြီးနောက် ကရူကာအမျိုးသားခြံမှ ဘေးမဲ့တောသို့သွင်းသည့်ဆင်ပေါက်အုပ်စုမှဖြစ်သည်။ ဆင်များနှင့်ပတ်သက်ပြီး အလေးထားစရာ အချက်အလက်များစွာရှိမည်ဖြစ်သော်လည်း ဆင်မျိုးစု၏ပုံမှန်အသက်တာ၏ထင်ရှားသောကြန်အင်္ဂါလက္ခဏာတစ်ရပ်ဖြစ်သော အသက်ကြီးသောဆင်များထံမှ ပဲ့ပြင်မှုနှင့် ပြုစုပျိုးထောင်မှုမရှိခြင်းတို့သည် ထင်ရာစိုင်းအပြုအမူအတွက် ယုတ်စွအဆုံး တစ်စိတ်တစ်ပိုင်းတာဝန်ရှိသည်ဟု သိပ္ပံပညာရှင်များယူဆကြသည်။ ယခုတွင် ဆင်မိသားစုတစ်စုလုံးကို ပြောင်းရွှေ့ပေးတော့မည်ဖြစ်ရာ ဆင်ပေါက်လေးများသည် “၎င်းတို့လိုအပ်လျက်ရှိသော မိဘ၏တင်းကျပ်သောဆုံးမပဲ့ပြင်မှုကို ဆက်လက်၍ရရှိတော့မည်ဖြစ်သည်” ဟုဆောင်းပါးတွင် ဖော်ပြထားသည်။

လေဟာပြင်တွင် တိုက်ပြီးပြေးသည့် ပထမဆုံးမတော်တဆမှု

လေဟာပြင်တွင် တိုက်ပြီးပြေးသည့် ပထမဆုံးအတည်ပြုထားသော မတော်တဆမှုသည် မြေပြင်အထက်မိုင် ၄၀၀ ကျော်တွင်ဖြစ်ပျက်ခဲ့သည်ဟု နယူးဆိုင်းယင့်တစ်က သတင်းပို့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်တညီတည်းတွင် တစ်နာရီမိုင် ၃၀,၀၀၀ နှုန်းဖြင့် ရွေ့လျားနေသော လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှ အေရီးယန်းဒုံးပျံ၏အပိုင်းအစတစ်ခုသည် ဆီးရဇ်ခေါ် ပြင်သစ်ဂြိုဟ်တု၏ပဲ့ထိန်းလက်တံနှင့် တိုက်မိပြီး လက်တံမှာ အငွေ့ပြန်သွားသည့်အခါ ဂြိုဟ်တုမှာ အကြီးအကျယ်ယိမ်းထိုးသွားလေသည်။ အပိုင်းအစများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း စုပုံလာသည်နှင့်အမျှ ထိုသို့သော မတော်တဆတိုက်မိမှုများသည် နှစ်စဉ်တိုးများလာလျက်ရှိသည်။ ကမ္ဘာလုံးပတ်ပတ်လည်တွင် အရှိန်ပြင်းပြင်းနှင့်ရွေ့လျားနေသည့် သိထားသော လေဟာပြင်အမှိုက်သရိုက်အပိုင်းအစ ၂၀,၀၀၀ ကျော်ရှိနေပါသည်။ ပတ်လမ်းနိမ့်တွင် ပတ်နေသောအစများသည် လေထုပွမှုကဲ့သို့သော သဘာဝဖြစ်စဉ်များကြောင့် ပျောက်ပျက်သွားလေ့ရှိသော်လည်း ပတ်လမ်းမြင့်တွင်လှည့်ပတ်နေသောအရာများမူ နှစ်ထောင်ပေါင်းများစွာ ဆက်လက်တည်ရှိနိုင်သည်။ အခြားသောအပိုင်းအစများနှင့် တိုက်မိသောအခါ ထိုအရာတို့သည် ပို၍သေးငယ်သောအပိုင်းအစများအဖြစ်ကျိုးပဲ့သွားပြီး ယင်းတို့သည် အာကာသယာဉ်မှူးဝတ်စုံ သို့မဟုတ် အာကာသယာဉ်အကာကိုပင် ထိုးဖောက်နိုင်သည်။ သုတ်ဆေးစများပင် အန္တရာယ်ပေးနိုင်သည်။ လက်ရှိတွင် အသုံးပြုလည်ပတ်နေဆဲ ဂြိုဟ်တု တစ်လုံးလျှင် သုံးမရတော့သည့်ဂြိုဟ်တု ၄ လုံးရှိပြီး ပတ်လမ်းထဲတွင် ပေါက်ကွဲသွားသည့် အားကုန်ဒုံးပျံများသည် သိရှိထားသော လေဟာပြင်အမှိုက်သရိုက်များ၏ လေးပုံတစ်ပုံရှိသည်။

ရေမြုပ်ကောင်များက ဦးဆုံးပိုင်ဆိုင်ကြ

“ထက်မြက်သောလူ့စိတ်ကူးတီထွင်ဉာဏ်များသည် ရှေးကတည်းကရှိလာသည့် သဘာဝနည်းနိဿယများဖြစ်ကြောင်း တွေ့ရှိရသည်” ဟုသည်ဝါရှင်တန်ပို့စ်ထ်ကဖော်ပြထားသည်။ “သာဓကအနေဖြင့် ဖန်မျှင်အလင်းပညာကို သုံးသပ်ကြည့်ပါ။ ၁၉၅၁ တွင် သိပ္ပံပညာရှင်များသည် အလင်းကို ဖမ်းပြီး ထောင့်ချိုးများကို အလင်းပို့ရန် ဖန်ကဲ့သို့သော အမျှင်များကို ထုတ်လုပ်ခဲ့ကြသည်။ အန္တာတိက၏ရော့စ်ပင်လယ်လက်တက်ရေနက်နေ ရေမြုပ်ကောင်များသည် ရှေးပဝေသဏီကတည်းက ထိုသို့လုပ်ဆောင်လာခဲ့ကြောင်းတွေ့ရှိရသည်။” ရေအနက်ပေ ၁၀၀ အထိတွင်တွေ့ရသော ရေမြုပ်ကောင်ကြီးများတွင် ထိုးထွက်နေသည့် ဆူးမျှင်များရှိပြီး ယင်းဆူးမျှင်တို့သည် အလင်းကိုဖမ်းယူကာ ရေမြုပ်ကောင်ကိုယ်၏အလယ်တွင်နေသော အလင်းမှီစုဖွဲ့ခြင်းအယ်လဂျီများအတွက် ၉၀ ဒီဂရီထောင့်ချိုး၍ပင် အလင်းထုတ်လွှတ်ပေးနိုင်သည်။ စမ်းသပ်ချက်များက ထောင့်ချိုးကျသောအလင်းကိုလည်းစုပေးရာ ရေမြုပ်ကောင်၏ဘေးရှိ ဆူးငယ်များသည် အယ်လဂျီအား အလင်းကိုပေးနိုင်ကြောင်း ဖော်ပြသည်။

လောင်းကစားသမားများ၏ အရှုံး

“လောင်းကစားရုံများထောင်ရာတွင် ယင်းပိုင်ရှင်များ မည်သည့်နည်းဖြင့်မျှ ငွေအရှုံးမပေါ်အောင် စီမံထားကြသည်” ဟုဘရာဇီးနိုင်ငံသား စီးပွားရေးပညာရှင် ရီကားဒူး ဂေဇဲလ်ကဆိုသည်။ “လူတစ်ဦးသည် လောင်းကစားရာမှငွေရမည်ဟု အပိုင်တွက်၍ရသောအခွင့်အလမ်းမှာ အလွန်နည်းပါးပါသည်။” လောင်းကစားရုံများသို့ လွယ်လွယ်သွားနိုင်ခြင်းသည် လောင်းကစားမှုကို ပို၍စွဲသွားအောင် ဖန်တီးပေးနေရာရောက်ကြောင်းသတိပေးကာ ဂေဇဲလ် ဤသို့ထပ်ပြောသည်မှာ– “သိပ်အားမထုတ်ရဘဲ ပွပေါက်တိုးမည်ဟူ၍ ထင်ယောင်ထင်မှားဖြစ်စေသည်။ အမှတ်မထင်အကွက်ကောင်း တစ်ချက်ဝင်လိုက်လျှင် နေ့ချင်းညချင်းချမ်းသာလာနိုင်သည်ဟု အိပ်မက်မက်နေကြသည်။” ထို့အပြင် ချာ့ချ် သို့မဟုတ် အစိုးရက အပြစ်တင်စရာအခြေခံမရှိခြင်းနှင့်ပတ်သက်၍ ဗေဂျာကိုးကားဖော်ပြသည်မှာ– “အစိုးရသည် နိုင်ငံ၏အကြီးမားဆုံးလောင်းကစားအဖွဲ့ကြီးဖြစ်သည်။ ပြည်နယ်ထီများမပါဘဲ ဗဟိုအစိုးရများတည်ထောင်သည့် ထီခြောက်မျိုးရှိသည်။ ချာ့ချ်သည် သာသနာနယ်များအတွက် ငွေထွက်လာရန် လောင်းကစားခြင်းအား တရားဝင်လုပ်မှုကို ပြစ်တင်ဝေဖန်မှုမပြုနိုင်ပေ။ ချာ့ချ်သည် မိမိ၏သစ္စာခံများ လောင်းကြေးငွေရှုံးသည့် ဆိုင်ငယ်များအမြဲရှိရာ ဈေးငယ်များတွင် လောင်းကစားအကျင့်ကို မြေတောင်မြှောက်ပေးသည်။ ‘လွတ်မြောက်ဖို့အကူအညီမရှာသည့် မကစားဘဲမနေနိုင်သော လောင်းကစားသမားများသည် ထောင်၊ ကိုယ့်ကိုယ်ကိုသတ်သေခြင်း၊ သို့မဟုတ် ရူးသွပ်သွားခြင်းဖြင့် ဇာတ်သိမ်းဖို့ရှိသည်ဟု ကျွမ်းကျင်သူများကဆိုသည်’ ဟုဂေဇဲလ်ကဆိုသည်။

မြွေကိုကိုင်ထားသည့် လူဆိုးများ

မနက်ဂွာတောင်ဘက် မိုင် ၃၀ အကွာရှိ နီကာရာဂွာမြို့တစ်မြို့ဖြစ်သော ဒါရီးယားဘားတွင် နေထိုင်သူများသည် အဆိပ်ရှိသောမြွေကိုသုံးသည့် သူခိုးများ၏သားကောင်များ ဖြစ်နေကြသည်။ အဲလ်နူးဗိုဒီယာရီအိုသတင်းစာတွင် ဖော်ပြထားချက်အရ ထိုဂိုဏ်းသည် အနီးအနားရှိ လယ်ကွင်းများမှခလောက်မြွေများကိုဖမ်း၍ အဆိပ်ကိုထုတ်ပြီး မြို့ပြင်လမ်းများပေါ်တွင် သွားလာလျက် လူတို့အား မြွေနှင့်ကိုက်ခိုင်းမည်ဟုခြိမ်းခြောက်ကာ ဓားပြတိုက်နေကြသည်။ မြွေစွယ်များကိုတွေ့လိုက်သောအခါ သတိလစ်သွားသည့်မိန်းကလေးတစ်ယောက်သည် ပြန်သတိရလာသောအခါ သူမ၏ရွှေဆွဲကြိုး အခိုးခံလိုက်ရကြောင်းသိရှိခဲ့သည်။ ထိုဂိုဏ်းများသည် အစားအသောက်များနှင့် ငွေကြေးအတွက် တောင်သူလယ်သမားများကိုလည်း ဓားပြတိုက်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ