ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၃/၈ စာ. ၁၄-၁၉
  • ဆင်စွယ်—မည်မျှတန်ဖိုးရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်စွယ်—မည်မျှတန်ဖိုးရှိသနည်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိန်းကွပ်မှုမဲ့သော တရားမဝင်အမဲလိုက်ခြင်း
  • ကမ္ဘာချီပိတ်ပင်မှု
  • အာဖရိကတောင်ပိုင်းမှဆင်များ
  • ဆင်စွယ်အစုအပုံ
  • စိုးရိမ်ဖွယ်ရာများရှိမြဲရှိနေ
  • ဆင်များအတွက် အဘယ်အနာဂတ်ရှိသနည်း
  • ဆင်နှာမောင်း
    နိုးလော့!—၂၀၁၂
နိုးလော့!—၁၉၉၉
န၉၉ ၃/၈ စာ. ၁၄-၁၉

ဆင်စွယ်—မည်မျှတန်ဖိုးရှိသနည်း

ကင်ညာနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်

၁၉၉၇ ခုနှစ်၊ ဇွန်လအတွင်း ဇင်ဘာဘွေနိုင်ငံ၊ ဟာရားရေးမြို့တွင်ကျင်းပသည့်အပြည်ပြည်ဆိုင်ရာညီလာခံ၌ ၁၃၈ နိုင်ငံမှကိုယ်စားလှယ်များသည် ခုနစ်နှစ်ကြာပြီဖြစ်သော ဆင်စွယ်အရောင်းအဝယ်ကမ္ဘာချီပိတ်ပင်ထားမှုကို လျှော့ပေါ့ရန်မဲပေးဆုံးဖြတ်ခဲ့ကြသည်။ အပြင်းအထန်ငြင်းခုံဆွေးနွေးကြပြီးနောက် အာဖရိကတောင်ပိုင်းနိုင်ငံသုံးနိုင်ငံ—ဘော့စ်ဝါးနား၊ နမီးဘီးယားနှင့် ဇင်ဘာဘွေ—တို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ဂျပန်နိုင်ငံသို့ဆင်စွယ်ရောင်းချခွင့်ပြုရန် ဆုံးဖြတ်ကြသည်။ အာဖရိကတောင်ပိုင်းမှကိုယ်စားလှယ်များသည် ဆုံးဖြတ်ချက်ကိုဝမ်းသာအားရဖြစ်ကာ သီချင်းဟစ်ဆိုခဲ့ကြသည်။ အခြားကိုယ်စားလှယ်များမူ ယင်းဆုံးဖြတ်ချက်သည် အာဖရိကဆင်များအတွက် ဖြစ်လာနိုင်ဖွယ်ရှိသည့်အရာကို စိုးရိမ်စိတ်ဖြင့်တွေးနေကြသည်။

ဘီ.စီ.အီး. တတိယရာစုတွင် ဟန်နီဘောလ်က ရောမစစ်တပ်ကိုစိန်ခေါ်ခဲ့ချိန်တွင် သူ့တွင် ယဉ်ပါးအောင်လေ့ကျင့်ထားသည့် အာဖရိကဆင်များရှိခဲ့သည်။ ထိုအချိန်တွင် အာဖရိကဆင်များသည် ကောင်ရေဆယ်သန်းခန့်ရှိကောင်းရှိနိုင်ပြီး ဂွတ်ဟုတ်အငူမှ ကိုင်ရိုဒေသအထိပွားများကျက်စားခဲ့ကြသည်။

အခြေအနေပြောင်းလဲခဲ့ပေပြီ။ အကဲခတ်သူတစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “ဆင်ပင်လယ်ထဲမှ လူသားကျွန်းများသည် လူသားပင်လယ်ထဲမှဆင်ကျွန်းကလေးများအခြေအနေသို့ တိုးများပြောင်းလဲသွားခဲ့ပြီ။” လူဦးရေတိုးပွားလာသည်နှင့်အမျှ ဆင်များ၏စားကျက်သည်လည်း လျော့ပါးလာခဲ့၏။ ဆင်များလျော့နည်းရသည့် နောက်အကြောင်းတစ်ခုမှာ ဆာဟာရသဲကန္တာရသည် တောင်ဘက်သို့ကျယ်ပြန့်လာခြင်းကြောင့်ဖြစ်သည်။

သို့ရာတွင် ဤအကြောင်းရင်းများထက်အလေးသာသည့်အရာမှာ ဆင်စွယ်ရောင်းဝယ်မှုဖြစ်သည်။ ကျားရိုး၊ ကြံ့ချိုတို့နှင့်မတူဘဲ ဆင်စွယ်သည် ဆေးဘက်ဆိုင်ရာအသုံးဝင်မှုနှင့်ပတ်သက်၍ မည်သည့်အထောက်အထားမျှမရှိချေ။ သို့သော်ငြားလည်း ယင်းသည် စွဲမက်ဖွယ်ကောင်း၏၊ လှပ၏၊ တာရှည်ခံ၏၊ ထို့အပြင် ထွင်းထုရန်လွယ်ကူ၏။ ရှေးအချိန်များတွင် ဆင်စွယ်များသည် တန်ဖိုးရှိပြီး လိုချင်စဖွယ်ပစ္စည်းများတွင် ပါဝင်ခဲ့သည်။

ဟန်နီဘောလ်ခေတ်နောက်ပိုင်း အနှစ်လေးရာအကြာတွင် ရောမအင်ပါယာသည် ဆင်စွယ်တပ်မက်မှုကိုပြေစေရန် အာဖရိကမြောက်ပိုင်းတွင် ဆင်များကို အကြီးအကျယ်သတ်ဖြတ်ခဲ့သည်။ ထိုအချိန်ကတည်းက အထူးသဖြင့် အနောက်တိုင်းလောကတွင် ယင်းတပ်မက်မှုမီးတောက်ခဲ့သည်။ ဤရာစုနှစ်အစောပိုင်းတွင် အပူတပြင်းလိုလာကြသည်။ ယခင်ကကဲ့သို့ အနုပညာလုပ်ငန်းများနှင့် ဘာသာရေးအဆောင်အယောင်များအတွက် မဟုတ်တော့ဘဲ စန္ဒရားခလုတ်ခုံများအတွက်ဖြစ်သည်။ ဆင်များအတွက်တိုက်ပွဲဟူသောစာအုပ်အရ ၁၉၁၀ ခုနှစ်တစ်နှစ်တည်းတွင် အမေရိကန်ပြည်ထောင်စု၌ (သတ်ဖြတ်ခံရသည့်ဆင်ကောင်ရေ ၁၃,၀၀၀ ကိုကိုယ်စားပြုသော) ဆင်စွယ်တန်ချိန် ၇၀၀ ခန့်ကို ခလုတ်ခုံ ၃၅၀,၀၀၀ လုပ်ရန်အသုံးပြုခဲ့သည်။

ထိန်းကွပ်မှုမဲ့သော တရားမဝင်အမဲလိုက်ခြင်း

ပထမကမ္ဘာစစ်ပြီးသည့်နောက် ဆင်စွယ်ဝယ်လိုအားကျဆင်းခဲ့ရာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေသစ်များကိုချမှတ်ခဲ့ကြပြီး ဆင်ကောင်ရေစတင်တိုးပွားလာခဲ့သည်။ သို့ရာတွင် ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် အကြီးအကျယ်သတ်ဖြတ်မှု ပြန်၍စတင်ခဲ့သည်။ ယခုအခါ ဆင်စွယ်လိုအပ်မှုသည် ကြီးပွားချမ်းသာခါစအာရှနိုင်ငံများမှပေါ်ထွက်လာသည်။

ဤအချိန်တွင် အာဖရိကရှိဆင်များအတွက် ဘေးဖြစ်စေမည့်အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ပေါ့ပါး၍ ခေတ်မီဆန်းပြားသောလက်နက်များတိုးများလာခြင်းဖြစ်၏။ ယင်းသည် ဆင်တစ်ကောင်ချင်းသာမက အုပ်လိုက်ကိုပင်အလွယ်တကူပစ်သတ်နိုင်သည်။ ဒုတိယအချက်မှာ ဆင်စွယ်ကုန်ကြမ်းကို ဈေးကွက်တွင်ရောင်းချမည့် ကုန်ချောအဖြစ်သို့ အလွယ်တကူပြောင်းလဲပစ်နိုင်သည့် လျှပ်စစ်ထွင်းထုကိရိယာများဖြစ်သည်။ တစ်ချိန်က ဂျပန်ပန်းပုသမားတစ်ဦးသည် ဆင်စွယ်တစ်ခုတည်းကိုထွင်းထုရန် တစ်နှစ်အချိန်ယူခဲ့ရသည်။ သို့ရာတွင် လျှပ်စစ်ကိရိယာများဖြင့် ရတနာနှင့် ဟန်ကို (ဂျပန်နိုင်ငံ၌ ခေတ်စားသည့်နာမည်တံဆိပ်တုံး) ပြုလုပ်သည့် လူရှစ်ဦးရှိသောစက်ရုံတစ်ရုံသည် တစ်ပတ်မျှဖြင့် ဆင်ကောင်ရေ ၃၀၀ ၏အစွယ်ကိုအပြီးထွင်းထုနိုင်သည်။ ဆင်စွယ်ဝယ်လိုအားတိုးများလာခြင်းသည် ဈေးနှုန်းမြင့်တက်စေသည်။ မှန်ပါသည်၊ ငွေကြေးများစွာသည် တရားမဝင်အမဲလိုက်သူများထံသို့မဟုတ်ဘဲ ပွဲစားများနှင့် ကုန်သည်များထံသို့ရောက်ခဲ့ရာ သူတို့ထဲမှများစွာသည် အကြီးအကျယ်ချမ်းသာလာခဲ့ကြသည်။

ဆင်များဆုံးရှုံးမှုမှာ ကြောက်ခမန်းလိလိဖြစ်ခဲ့၏။ ခန့်မှန်းခြေအရ အနှစ်နှစ်ဆယ်ခန့်အတွင်း အဓိကအားဖြင့် တရားမဝင်အမဲလိုက်သူများကြောင့် တန်ဇန်းနီးယားနိုင်ငံတွင် ဆင်ကောင်ရေ ၈၀ ရာခိုင်နှုန်း၊ ကင်ညာနိုင်ငံတွင် ၈၅ ရာခိုင်နှုန်းနှင့် ယူဂန်ဒါနိုင်ငံတွင် ၉၅ ရာခိုင်နှုန်းဆုံးရှုံးခဲ့သည်။ အစတွင် တရားမဝင်အမဲလိုက်သူများသည် အကြီးဆုံးဆင်စွယ်များရရှိရန် ဆင်ထီးကြီးများကို အဓိကပစ်သတ်ခဲ့ကြသည်။ သို့သော် အသက်ကြီးသောဆင်များနည်းလာသည်နှင့်အမျှ အမဲလိုက်သူများသည် ဆင်စွယ်ငယ်များရရန် ဆင်ပေါက်စများကိုပင် စတင်ပစ်သတ်လာခဲ့ကြသည်။ ထိုအတောအတွင်း ဆင်စွယ်အတွက်တစ်သန်းထက်မကသောဆင်များကို သတ်ဖြတ်ခဲ့ကြရာ အာဖရိကဆင်ကောင်ရေ ၆၂၅,၀၀၀ သာကျန်ရှိတော့သည်။

ကမ္ဘာချီပိတ်ပင်မှု

ဆင်စွယ်ရောင်းဝယ်မှုကိုထိန်းချုပ်ရန်နှင့် သတ်ဖြတ်မှုကိုရပ်တန့်စေရန် လုပ်ဆောင်မှုများသည် စိတ်ပျက်ဖွယ်မအောင်မြင်ခဲ့ချေ။ နောက်ဆုံးတွင် ၁၉၈၉ ခု၊ အောက်တိုဘာလ၌ ဆွစ်ဇလန်နိုင်ငံတွင်ကျင်းပသော မျိုးသုဉ်းမည့်အန္တရာယ်ရှိသည့် သစ်ပင်ပန်းပင်များနှင့် တိရစ္ဆာန်မျိုးစိတ်များရောင်းဝယ်မှု အပြည်ပြည်ဆိုင်ရာစာချုပ်အဖွဲ့ (စီအိုင်တီအီးအက်စ်) ၏ဆွေးနွေးပွဲတွင်ယင်း၏အဖွဲ့ဝင်နိုင်ငံများအတွင်း ဆင်စွယ်ရောင်းဝယ်မှုအားလုံးကို ပိတ်ပင်ခဲ့ကြသည်။ ပိတ်ပင်မှုကို စားကျက်ကွင်းရှိဆင်များအား ငွေကြေးများစွာအကုန်ကျခံကာကွယ်ခြင်းအားဖြင့် ခိုင်မာစေခဲ့ကြသည်။

ဆင်စွယ်ပိတ်ပင်မှုသည် မှောင်ခိုဈေးမြင့်တက်စေမည့်အပြင် တရားမဝင်အမဲလိုက်ခြင်းတိုးပွားလာမည်ဟု လူအချို့ဟောကိန်းထုတ်ခဲ့ကြသည်။ ထင်သည့်အတိုင်းမဖြစ်ခဲ့ချေ။ ဈေးနှုန်းများထိုးကျသွားခဲ့ပြီး တစ်ချိန်က အမြတ်များခဲ့သောဈေးကွက်များကွယ်ပျောက်ခဲ့သည်။ ဥပမာ၊ အိန္ဒိယနိုင်ငံတွင် ဆင်စွယ်လက်လီဈေး ၈၅ ရာခိုင်နှုန်းအထိလျော့ကျခဲ့ရာ ထိုနိုင်ငံ၏ဆင်စွယ်လက်မှုပညာသည်အများစုသည် အခြားလုပ်ငန်းကိုရှာဖွေခဲ့ကြရသည်။ တရားမဝင်အမဲလိုက်ခြင်း အကြီးအကျယ်လျော့နည်းသွားခဲ့သည်။ မပိတ်ပင်မီတွင် ကင်ညာနိုင်ငံရှိတရားမဝင်အမဲလိုက်သူများသည် တစ်နှစ်လျှင် ဆင်ကောင်ရေအနည်းဆုံး ၂,၀၀၀ သတ်ဖြတ်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ်တွင် ၃၅ ကောင်အထိကျဆင်းသွားသည်။ ထို့အပြင် ကင်ညာနိုင်ငံတွင် ၁၉၈၉ ခုနှစ်၌ ဆင်ကောင်ရေ ၁၉,၀၀၀ ရှိရာမှ ယခုအခါ ၂၆,၀၀၀ ခန့်အထိတိုးပွားခဲ့သည်။

ဤအကြောင်းများကြောင့် လန်ဒန်မြို့၌အခြေစိုက်ထားသော ပတ်ဝန်းကျင်လေ့လာရေးအဖွဲ့က ဆင်စွယ်ရောင်းဝယ်မှုပိတ်ပင်ခြင်းကို “မကြာသေးမီက ထိန်းသိမ်းစောင့်ရှောက်ရေးသမိုင်း၏ မဟာအောင်မြင်မှုတစ်ရပ်” ဟုအခိုင်အမာဆိုခဲ့သည်။ သို့ရာတွင် လူတိုင်းစိတ်အားထက်သန်မှုမရှိကြပါ၊ အထူးသဖြင့် အာဖရိကတောင်ပိုင်းဖြစ်သည်။

အာဖရိကတောင်ပိုင်းမှဆင်များ

အာဖရိကတောင်ပိုင်းနိုင်ငံများ၌ ဆင်ကောင်ရေ ၂၀၀,၀၀၀ ထက်မက သို့မဟုတ် အာဖရိကတစ်တိုက်လုံးရှိဆင်အားလုံး၏ သုံးပုံတစ်ပုံခန့်ရှိသည်။ ယင်းသည် ထိရောက်သောထိန်းသိမ်းရေးမူများကြောင့်တစ်ကြောင်း၊ ဤနိုင်ငံများသည် အရှေ့ပိုင်းနှင့် ဗဟိုအာဖရိကရှိဆင်အုပ်ကိုအကြီးအကျယ်သတ်ဖြတ်ခဲ့သော စစ်တပ်များ၏ရန်မှကင်းလွတ်မှုကြောင့်တစ်ကြောင်းဖြစ်သည်။

သို့ရာတွင် ဆင်ကောင်ရေတိုးပွားလာသည်နှင့်အမျှ ဆင်များနှင့် ကျေးလက်ဒေသများ၌နေထိုင်သောလူတို့စပ်ကြား ပဋိပက္ခများဖြစ်လေ့ရှိသည်။ အားလုံးကိုခြုံကြည့်လျှင် အရွယ်ရောက်ပြီးသောဆင်တစ်ကောင်သည် အလွန်အစားကြီးပြီး တစ်နေ့လျှင် အပင်ပေါင် ၆၀၀ ထက်မကစားသုံးနိုင်၏။ အကယ်၍ သင့်အနီးအနားတွင် ဆင်တစ်ကောင်ရှိလျှင် ယင်းကိုသင်သိပါသည်။

ဇင်ဘာဘွေနိုင်ငံတွင် အခြေစိုက်သော အာဖရိကသယံဇာတအဖွဲ့က ဤသို့ဖော်ပြသည်– “ဆင်များသည် ကျေးလက်ဒေသရှိအာဖရိကလူမျိုးအများစု၏ ကြောက်ရွံ့မှု၊ သံသယဖြစ်မှုနှင့် ရန်သူအဖြစ်သဘောထားမှုတို့ကိုခံရ၏။ ဆင်များသည် လူတို့၏စိုက်ခင်းများကိုစားသုံးခြင်း သို့မဟုတ် ခြံမွေးတိရစ္ဆာန်များကို သေအောင်နင်းချေပစ်ခြင်းတို့အားဖြင့် လူတို့၏အသက်မွေးလုပ်ငန်းကို နာရီပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်သည်။ ဆင်တို့သည် အိမ်များ၊ ကျောင်းများ၊ ကျွဲနွားတင်းကုပ်များ၊ အသီးအနှံပင်များ၊ ဆည်များနှင့် မြေဆီဖွဲ့စည်းထားမှုများကိုလည်း ပျက်စီးစေသည်။ ဒေသဆိုင်ရာသတင်းစာများတွင် ဆင်ကြောင့်ပျက်စီးမှုသတင်းများကို နေ့စဉ်ဖော်ပြလေ့ရှိသည်။”

အာဖရိကတောင်ပိုင်းနိုင်ငံများသည် ဆင်ကောင်ရေမြောက်မြားစွာကို ထိန်းသိမ်းထားနိုင်သည့် ၎င်းတို့၏အောင်မြင်မှုကို ဂုဏ်ယူကြသည်။ သို့သော် ထိန်းသိမ်းမှုစရိတ်ကြီးမား၏၊ အခြားသောအာဖရိကနိုင်ငံများ၏ပြဿနာများအတွက် သူတို့ကိုပြစ်ဒဏ်ချမှတ်သင့်သည်ဟု သူတို့မယူဆကြချေ။ ဆင်စွယ်ရောင်းဝယ်မှုကိုထိန်းခြင်းကငွေကို ထိန်းသိမ်းစောင့်ရှောက်ရေးကြိုးပမ်းမှုများကို ထောက်ပံ့ရန်အသုံးပြုနိုင်ကာ ကျေးလက်လယ်သမားများအား ၎င်းတို့ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးထောက်မပေးမည်ဟု သူတို့ကျိုးကြောင်းဆင်ခြင်ကြသည်။

ဆင်စွယ်အစုအပုံ

ဆင်များကျက်စားရာနိုင်ငံများတွင် ဆင်စွယ်များစုပုံနေသည်။ ယင်းတို့သည် တရားဝင်သတ်ဖြတ်ခံရသည့်ဆင်များမှ၊ သဘာဝဘေးများကြောင့် သေရသောဆင်များမှ၊ တရားမဝင်သိုလှောင်ထားရာမှသိမ်းဆည်းရမိသောဆင်စွယ်များမှရရှိခြင်းဖြစ်သည်။ ဤဆင်စွယ်များကို ဘာလုပ်ကြသနည်း။

ကင်ညာနိုင်ငံသည် ဆင်စွယ်ကိုမီးရှို့ပစ်ခဲ့သည်။ ၁၉၈၉ ဇူလိုင်မှစ၍ ကင်ညာနိုင်ငံသည် ပြင်ပရင်းမြစ်များမှလျော်ကြေးမရဘဲ ဒေါ်လာသန်းနှင့်ချီတန်ဖိုးရှိသော သဘာဝဆင်စွယ်များကို လူသိရှင်ကြားမီးရှို့ဖျက်ဆီးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဇမ်ဘီယာနိုင်ငံသည်လည်း ဆင်စွယ်အစုအပြုံကိုမီးရှို့ခဲ့သည်။ အဖြေမှာရှင်းနေသည်– ကင်ညာနိုင်ငံနှင့် ဇမ်ဘီယာနိုင်ငံတို့သည် ဆင်စွယ်ရောင်းဝယ်မှုနှင့် လုံးဝမပတ်သက်လိုကြချေ။

အခြားသောနိုင်ငံများသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုအဖြစ် ၎င်းတို့၏ဆင်စွယ်များကို အစုလိုက်အပြုံလိုက် သိမ်းထားကြသည်။ ကမ္ဘာ့အကြီးမားဆုံးသော တောရိုင်းတိရစ္ဆာန်ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ (ထရက်ဖစ်) က အာဖရိကန်နိုင်ငံများရှိ လက်ရှိဆင်စွယ်အစုအပြုံပမာဏစုစုပေါင်းသည် အနည်းဆုံးတန်ချိန် ၄၆၂ ရှိပြီး တန်ဖိုးဒေါ်လာ ၄၆ သန်းရှိသည်ဟု ခန့်မှန်းထားသည်။ ဘော့စ်ဝါးနား၊ နမီးဘီးယားနှင့် ဇင်ဘာဘွေစသည့်နိုင်ငံသုံးနိုင်ငံသည် ဆင်စွယ်တန်ချိန် ၁၂၀ အထိဂျပန်နိုင်ငံနှင့်ရောင်းဝယ်ခွင့်ရရှိထားသည်။ ထို့ကြောင့် လူများစွာက ‘စီးပွားရေးကြပ်တည်းသောဒေသတွင် သိုလှောင်ရုံများရှိဆင်စွယ်များကို အဘယ်ကြောင့်ရောင်းချခွင့်မပြုသနည်း။ အဘယ်ကြောင့် ယင်းကိုရောင်းပြီး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ပုံငွေပြန်ရရန်မလုပ်ကြသနည်း’ ဟုမေးကြသည်။

စိုးရိမ်ဖွယ်ရာများရှိမြဲရှိနေ

ဆင်စွယ်ပိတ်ပင်မှုကိုလျှော့ပေါ့ခြင်းသည် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကိုအထောက်အကူပြုမည်ဟု အချို့သောအာဖရိကနိုင်ငံများက စောဒကတက်ကြသော်လည်း အခြားနိုင်ငံများကမူ ရောင်းဝယ်မှုကိုလုံးဝပိတ်ပင်ခြင်းသည် တရားမဝင်အမဲလိုက်ခြင်းကိုတားဆီးမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု အခိုင်အမာယုံကြည်ကြသည်။ စိုးရိမ်ဖွယ်ရာများသည် ရောင်းဝယ်မှုကိုကြပ်တည်းစွာထိန်းချုပ်သည့်အတိုင်းအတာအပေါ်တွင် မူတည်သည်။ ဈေးကွက်စနစ်များသည် တရားမဝင်ဆင်စွယ်များကို တရားဝင်ရောင်းဝယ်မှုသို့ဝင်ရောက်စေနိုင်သည့် ထွက်ပေါက်များကိုဖန်တီးပေးနိုင်သလော။ စီးပွားဖြစ်တရားမဝင်အမဲလိုက်ခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ပိတ်ပင်မှုကိုလျှော့ပေါ့ခြင်းသည် အနာဂတ်တွင် ပိတ်ပင်မှုကို ဤထက်ပို၍လျှော့ပေါ့ပေးမည်ဟုမျှော်လင့်ထားသူများက ဆင်များကိုသတ်ပြီး ဆင်စွယ်များကိုတရားမဝင်သိုလှောင်ထားစေရန် ပြုရာကျမည်လော။

ဤစိုးရိမ်ဖွယ်ရာများကိုထပ်ဆင့်သည်မှာ အာဖရိကတွင် သေနတ်များပို၍များပြားလာခြင်းဖြစ်သည်။ ဤတွင်ဖြစ်သည့်ပြည်တွင်းစစ်များသည် အော်တိုမက်တစ်ရိုင်ဖယ်များကို ခက်ခဲသောစီးပွားရေးအခြေအနေများကြောင့် ယင်းတို့ကိုအသုံးပြု၍ငွေရှာလိုသူတို့၏လက်ဝယ်သို့ ရောက်ရှိစေသည်။ အရှေ့အာဖရိကတောရိုင်းတိရစ္ဆာန်အသင်းဒါရိုက်တာ နီဟမိုင်ယာ ရိုးတစ်ချ်က ဤသို့ရေးသားခဲ့သည်– “[ပြန်လည်ဆန်းသစ်လာသောရောင်းဝယ်မှုကြောင့်] ဆင်စွယ်ဈေးရလာသဖြင့် ဤသေနတ်များသည်ဆင်များထံသို့ဦးလှည့်လာမည်မှာ ယုံမှားဖွယ်မရှိချေ—အမှန်မှာ ကျယ်ဝန်းလှသည့်ဥယျာဉ်တစ်ခုထဲရှိ ဆင်တစ်ကောင်ကိုပစ်သတ်ခြင်းသည် မြို့ဘဏ်တစ်ခုကိုဓားပြတိုက်ခြင်းထက်ပို၍လွယ်ကူသည်။”

တရားမဝင်အမဲလိုက်ခြင်းကိုဆန့်ကျင်သည့်နည်းများသည် စရိတ်စကကြီးမားသည့်အပြင် အခက်အခဲရှိခြင်းသည် နောက်ထပ်ပြဿနာတစ်ခုဖြစ်သည်။ ဆင်များကျက်စားရာဒေသကြီးများတွင် ကင်းလှည့်ခြင်းသည် ငွေကြေးပမာဏမြောက်မြားစွာလိုအပ်၏။ အရှေ့အာဖရိကတွင် ယင်းကိုရရှိဖို့ခက်ခဲသည်။

ဆင်များအတွက် အဘယ်အနာဂတ်ရှိသနည်း

ဆင်စွယ်ရောင်းဝယ်မှုနှင့်ပတ်သက်သော ပိတ်ပင်မှုကိုလျှော့ပေါ့ရန် ဆုံးဖြတ်သည့်အကျိုးဆက်များကို ဆက်တွေ့မြင်ရမည်ဖြစ်သည်။ အစီအစဉ်အတိုင်း ကောင်းလာလျှင်ပင် ဆင်များအပေါ်သက်ရောက်သည့်ခြိမ်းခြောက်မှုသည် ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ချေ။ စိုက်ပျိုးမွေးမြူရန်နှင့် အခြားအကြောင်းများအတွက်မြေလိုသည့် လူဦးရေတိုးများလာခြင်းကြောင့်လည်း ဆင်များဘေးသင့်နေသည်။ တောင်အာဖရိကဒေသတစ်ခုတည်းတွင် လူတို့သည် နှစ်စဉ်မြေစတုရန်းမိုင် ၃,၀၀၀ ထက်မက—အစ္စရေးနိုင်ငံ၏တစ်ဝက်အတိုင်းအတာ—ကို အဓိကအားဖြင့်စိုက်ပျိုးရေးအတွက် တောထွင်ကြသည်။ လူဦးရေတိုးများလာသည်နှင့်အမျှ ဆင်များ၏စားကျက်များသည် သေးငယ်လာလျက်ရှိသည်။

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်မဂ္ဂဇင်းကဤသို့ဖော်ပြသည်– “အခက်အခဲကိုလေ့လာသုံးသပ်သူတိုင်း သဘောတူသည့်အချက်တစ်ခုရှိသည်– အာဖရိကဆင်များအတွက် ခက်ခဲသောအနာဂတ်တစ်ခုရှိနေသည်။ [လူဦးရေတိုးပွားမှုကြောင့်ဖြစ်ရသော] စားကျက်အကျပ်အတည်းက ဆင်များစွာသည် အချိန်မတန်မီ တစ်နည်းမဟုတ် တစ်နည်းဖြင့် သေဆုံးရလိမ့်မည်ဟုဆိုလိုနေသည်။ ၎င်းတို့သည် လိုင်စင်ရမုဆိုးများ၏ပစ်သတ်ခြင်း သို့မဟုတ် ရွေးချယ်သတ်ဖြတ်ခြင်း—သို့မဟုတ် တရားမဝင်အမဲလိုက်သူများ၏သတ်ဖြတ်ခြင်း—ကိုမခံရလျှင်ပင် မြောက်မြားစွာသောဆင်များစွာသည် ငတ်မွတ်ခြင်းကြောင့်သေဆုံးကြပေလိမ့်မည်။”

ဤဝမ်းနည်းဖွယ်အလားအလာသည် ဆင်များကိုဖန်ဆင်းသူယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်မဟုတ်ချေ။ ဘုရားသခင်သည် မိမိဖန်ဆင်းထားသောသတ္တဝါများအတွက်ပူပန်ကြောင်းကို ယေရှုခရစ်ဤစကားများတွင် အထင်အရှားတွေ့ရသည်– “စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။” (လုကာ ၁၂:၆) ဘုရားသခင်သည် အလွန်သေးငယ်သောစာငှက်ငယ်တစ်ကောင်ကိုမမေ့လျှင် စာငှက်ထက်အဆမတန်ကြီးသော ဆင်ကြီးများ၏အခြေအနေကိုလည်း လျစ်လျူရှုမည်မဟုတ်ဟု ကျွန်ုပ်တို့စိတ်ချနိုင်ပေသည်။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

ဆင်စွယ်အကြောင်း

“ဆင်စွယ်သည် လှပသောပစ္စည်းဖြစ်သည်မှာယုံမှားဖွယ်မရှိချေ။ ယင်းသည် အလှဆင်ပစ္စည်းများ သို့မဟုတ် ပန်းပုအတွက် အသုံးပြုသောအခြားမည်သည့်ပစ္စည်းနှင့်မျှမတူပဲ သစ်လွင်တောက်ပြောင်လျက်ရှိသည်။ သို့သော် ဆင်စွယ်သည် ဆင်တစ်ကောင်၏အစွယ်ဖြစ်သည်ကို လူတို့မေ့နေသည်ဟု ကျွန်ုပ်ယူဆသည်။ ဆင်စွယ်ဟူသောဝေါဟာရက ကျွန်ုပ်တို့၏စိတ်ထဲတွင် ဆင်တစ်ကောင်နှင့်မပတ်သက်သလို ဖြစ်စေသည်။ ယင်းကို ကျောက်စိမ်း၊ ကျွန်းသစ်၊ ယင်းတိုက်သား၊ ပယင်း၊ ရွှေငွေတို့နှင့်ပင် တစ်အုပ်စုတည်းထားကြသည်၊ သို့သော် အဓိကခြားနားမှုကြီးတစ်ခုရှိသည်– အခြားပစ္စည်းများသည် တိရစ္ဆာန်မှရရှိသည့်အရာများမဟုတ်ကြချေ; ဆင်စွယ်သည် ဖြတ်တောက်မွမ်းမံထားသောသွားဖြစ်သည်။ လူတစ်ဦးသည် လှပသောဆင်စွယ်လက်ကောက်တစ်ကွင်း သို့မဟုတ် အလွန်လက်ရာမြောက်သော ဆင်စွယ်ပန်းပုရုပ်တစ်ရုပ်ရှိထားသောအခါ ထိုပစ္စည်းသည် တစ်ချိန်က စားရန်၊ တူးဖော်ရန်၊ ထိုးဖောက်ရန်၊ ကစားရန်နှင့် တိုက်ခိုက်ရန်တို့တွင် အသုံးပြုခဲ့သောဆင်တစ်ကောင်ထံမှရသည့် ဆင်စွယ်အစိတ်အပိုင်းဖြစ်ကြောင်းအပြင် လူတစ်ဦးလက်ဝယ်ရှိသည့်ဆင်စွယ်အစိတ်အပိုင်းအတွက် ထိုဆင်သေပေးရကြောင်းတို့ကို သိမြင်လာနိုင်ရန် နားလည်မှုကိုအတော်အတန်တိုးချဲ့ရန်လိုသည်။”—စင်သီယာမော့စ်၏ ဆင်မှတ်တမ်းများ။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ဆင်များအကြောင်း

ဆင်များသည် အလွန်ခွန်အားကြီးပြီး သူတို့ဒေါသထွက်သောအခါ မြေပင်တုန်ခါ၏။ ဆင်တစ်ကောင်သည် ယင်း၏နှာမောင်းဖြင့် သင့်ကိုဖမ်းယူနိုင်ကာ ကျောက်ခဲတစ်လုံးကို လေထဲသို့ပစ်လိုက်သကဲ့သို့ သင့်ကိုပစ်မြှောက်နိုင်သည်။ သို့တိုင် ဆင်တစ်ကောင်သည် သင့်ကိုယင်း၏နှာမောင်းဖြင့် တယုတယပွတ်သပ်နိုင်သည် သို့မဟုတ် သင့်လက်မှအစာကို ညင်သာစွာယူစားနိုင်သည်။ ဆင်များသည် အသိဉာဏ်ရှိပြီး၊ နားလည်ရခက်ကာ ထူးဆန်း၏။ သူတို့သည် ခိုင်မြဲသောမိသားစုသစ္စာကိုပြကြပြီး တစ်ကောင်နှင့်တစ်ကောင်အနာများကိုပြုစုပေးကြကာ ဖျားနာသည့်အကောင်များကိုစောင့်ရှောက်ပေးကြသည့်အပြင် သေဆုံးသွားသည့်မိသားစုဝင်တစ်ဦးအတွက်လည်း တုံ့ပြန်တတ်ကြသည်။ အခြားသောတိရစ္ဆာန်အသေကောင်များကိုလျစ်လျူရှုကြသော်လည်း သူတို့သည် အခြားဆင်များ၏အရိုးများကိုသိရှိကြပြီး ယင်းတို့ကိုဖြန့်ကျဲခြင်း သို့မဟုတ် မြေမြှုပ်ပေးခြင်းတို့ကိုပြုကြသည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

နိုင်ငံနှစ်ခုသည် ၎င်းတို့၏ဆင်စွယ်များကိုမီးရှို့ခဲ့ကြ; အခြားတို့မူ မိမိတို့၏ဆင်စွယ်အစုအပုံကိုရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သိမ်းထားကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ