သင့်အစားအစာ သင့်ကိုသေစေနိုင်သလော
“ခင်ဗျား နှလုံးပတ်သွေးလွှတ်ကြောပိတ်ဆို့ မှုအလွန်အကျွံဖြစ်နေတယ်၊ ၉၅% လောက်ပိတ်ဆို့မှုဖြစ်နေတယ် . . . မကြာခင်မှာ ခင်ဗျား ရုတ်တရက်နှလုံးရောဂါဖိစီးမှု ခံရလိမ့်မယ်။”
သုံးဆယ့်နှစ်နှစ်ရှိဂျိုးသည် ရင်ဘတ်အောင့်ရသည့်အဖြစ်ကိုစစ်ဆေးပေးသော နှလုံးရောဂါအထူးကုဆရာဝန်၏ ယင်းစကားများကို ယုံရအလွန်ခက်နေ၏။ နှလုံးရောဂါဖြင့်သေမည့်သူထက်ဝက်နီးပါးသည် သူတို့၌ [နှလုံးရောဂါ] ရှိနေသည်ကို သိပင်မသိကြပေ။
သို့သော် ဂျိုး၏ထိုအခြေအနေကို ဖြစ်စေသောအရာကားအဘယ်နည်း။ ‘၃၂ နှစ်အတွင်း အမေရိကန်အစားအစာ “အသားနဲ့နို့” ကိုကျွန်တော်စားခဲ့တယ်’ ဟုဂျိုးမြည်တမ်းခဲ့တယ်။ ‘အမေရိကန်အစားအစာဟာ ကျွန်တော့်ရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတယ်ဆိုတာကို တစ်နည်းနည်းနဲ့ ကျွန်တော်လျစ်လျူရှုခဲ့တယ်။’
သင့်အစားအစာနှင့်နှလုံးရောဂါ
ဂျိုး၏ဓာတ်စာတွင် အဘယ်အရာမှားနေသနည်း။ အခြေခံအားဖြင့် ယင်းတွင် ကိုလက်စထရောနှင့် အဆီ၊ အထူးသဖြင့်ပြည့်ဝပျော်အဆီများစွာပါဝင်သည်။ ငယ်ရွယ်စဉ်မှစ၍ နှစ်နှစ်ခြိုက်ခြိုက်စားခဲ့သောအစာအားလုံးနီးပါးက ဂျိုးကို နှလုံးသွေးကြောရောဂါအန္တရာယ်ဖြစ်စေခဲ့သည်။ အဆီများသောအစားအစာသည် အမေရိကန်၌ သေဆုံးစေသည့်အကြောင်းရင်းဆယ်ခုအနက် ငါးခုနှင့်ဆက်နွှယ်လျက်ရှိ၏။ ထိပ်ဆုံးတွင်ပါဝင်သည်မှာ နှလုံးသွေးကြောရောဂါဖြစ်သည်။
ဓာတ်စာနှင့် နှလုံးရောဂါဆက်စပ်ခြင်းကို နိုင်ငံခုနစ်နိုင်ငံမှအသက် ၄၀ မှ ၄၉ နှစ်ရှိအမျိုးသား ၁၂,၀၀၀ ခန့်အပေါ် ပြုခဲ့သောလေ့လာမှုတစ်ရပ်တွင် သိရှိခဲ့ရသည်။ အလွန်အမင်းကွာဟမှုများ အထူးသဖြင့်ထင်ရှား၏။ သူတို့၏ကယ်လိုရီ ၂၀ ရာခိုင်နှုန်းကို ပြည့်ဝပျော်အဆီဖြင့်စားကြသည့် ဖင်လန်အမျိုးသားများသည် သွေးကိုလက်စထရောများကြပြီး၊ သူတို့၏ကယ်လိုရီ ၅ ရာခိုင်နှုန်းကိုသာပြည့်ဝအဆီဖြင့်စားကြသည့် ဂျပန်အမျိုးသားများသည် သွေးကိုလက်စထရောနည်းကြကြောင်း လေ့လာမှုကဖော်ပြသည်။ သို့ဖြင့် ဖင်လန်အမျိုးသားများရုတ်တရက်နှလုံးရောဂါဖိစီးမှုသည် ဂျပန်အမျိုးသားများထက် ခြောက်ဆပိုများသည်!
သို့ရာတွင် နှလုံးသွေးကြောရောဂါသည် ဂျပန်နိုင်ငံ၌ အဖြစ်နည်းသည့်ရောဂါမဟုတ်တော့။ လွန်ခဲ့သောနှစ်အနည်းငယ်က အနောက်တိုင်းပုံစံအမြန်ရအစာများ ထိုတွင်ခေတ်စားလာရာ တိရစ္ဆာန်အဆီစားသုံးမှု ၈၀၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယခုအခါ ဂျပန်ယောက်ျားကလေးများသည် ရွယ်တူအမေရိကန်ယောက်ျားကလေးများထက် သွေးကိုလက်စထရောများနေကြသည်! အဆီပါသောအစားအစာနှင့် ကိုလက်စထရောတို့သည် အသက်အန္တရာယ်ရှိသောအခြေအနေများ၊ အထူးသဖြင့် နှလုံးရောဂါဖြစ်မှုနှင့်ပတ်သက်နေသည်။
ကိုလက်စထရော၏ကဏ္ဍ
ကိုလက်စထရောသည် အဖြူရောင်ရှိပြီး ဖယောင်းဒြပ်ဖြစ်ကာ အသက်အတွက်အရေးပါသည်။ ၎င်းကို လူနှင့်တိရစ္ဆာန်အားလုံး၏ဆဲလ်များတွင် တွေ့ရသည်။ ကျွန်ုပ်တို့၏အသည်းသည် ကိုလက်စထရောကိုထုတ်ပေးပြီး ကျွန်ုပ်တို့စားသောအစားအစာများတွင်လည်း ပမာဏအမျိုးမျိုးဖြင့်တွေ့ရသည်။ သွေးသည် ကိုလက်စထရော၊ အဆီများနှင့်ပရိုတင်းများဖွဲ့စည်းပါဝင်သည့် လိုက်ပိုပရိုတင်းခေါ် မော်လီကျူးများအားဖြင့် ကိုလက်စထရောကိုဆဲလ်များဆီသို့ သယ်ဆောင်သွားပေးသည်။ သွေးကိုလက်စထရောအများစုကိုသယ်ဆောင်သော လိုက်ပိုပရိုတင်းနှစ်မျိုးမှာ သိပ်သည်းမှုနည်းလိုက်ပိုပရိုတင်း (LDL) နှင့်သိပ်သည်းမှုများလိုက်ပိုပရိုတင်း (HDL) တို့ဖြစ်သည်။
LDL တို့သည် ကိုလက်စထရောဓာတ်ကြွယ်ဝသည်။ ၎င်းတို့သည် သွေးကြောထဲလှည့်ပတ်စဉ် ဆဲလ်နံရံများရှိ LDL လက်ခံများမှတစ်ဆင့် ဆဲလ်များထဲဝင်ပြီး၊ ဆဲလ်များသည် ယင်းကို အသုံးပြုရန် ခွဲထုတ်ပစ်ကြသည်။ ခန္ဓာကိုယ်ထဲရှိ ဆဲလ်အများစုတွင် အဆိုပါလက်ခံများပါဝင်ကြပြီး ၎င်းတို့က LDL အချို့ကို စားသုံးပစ်ကြသည်။ သို့သော် အသည်းသည် ယင်းတွင်ပေါ်ထွက်လာသော LDL လက်ခံများအားဖြင့် သွေးကြောထဲမှ LDL ၇၀ ရာခိုင်နှုန်းကိုပယ်ရှားပစ်ရန် တည်ဆောက်ထားခြင်းခံရသည်။
တစ်နည်းအားဖြင့် HDL တို့သည် ကိုလက်စထရောလိုအပ်နေသောမော်လီကျူးများဖြစ်သည်။ သွေးကြောထဲသွားလာစဉ် ပိုလျှံသောကိုလက်စထရောများကို စုပ်ယူကြပြီး အသည်းသို့ပို့ဆောင်ပေး၏။ အသည်းသည် ကိုလက်စထရောကိုချေဖျက်ကာ ခန္ဓာကိုယ်မှဖယ်ရှားပစ်၏။ ခန္ဓာကိုယ်သည် ၎င်းလိုအပ်သောကိုလက်စထရောကို အသုံးပြုရန်နှင့် အကြွင်းအကျန်ကိုစွန့်ရန် အံ့သြဖွယ်လုပ်ဆောင်သည်။
သွေးထဲတွင် LDL လွန်ကဲလာသောအခါ ပြဿနာပေါ်လာသည်။ ယင်းသည် သွေးလွှတ်ကြောနံရံများပေါ်တွင် ချိုးကပ်မည့်အလားအလာကိုတိုးပွားစေသည်။ ချိုးထူလာသောအခါ သွေးကြောများကျဉ်းလာပြီး အောက်ဆီဂျင်သယ်ဆောင်သည့် သွေးဖြတ်သန်းနိုင်သည့်အတိုင်းအတာလျော့သွားနိုင်သည်။ ယင်းအခြေအနေကို သွေးလွှတ်ကြောလေးမာကျစ်ခြင်း (atherosclerosis) ဟုခေါ်သည်။ ယင်းဖြစ်စဉ်သည် တဖြည်းဖြည်းချင်းမသိမသာဆက်လက်ဖြစ်နေပြီး ရောဂါလက္ခဏာထင်ရှားလာသည်အထိ ဆယ်စုနှစ်ချီ၍ကြာသည်။ လက္ခဏာတစ်ခုမှာ အထူးသဖြင့် ဂျိုးကြုံတွေ့နေသကဲ့သို့ ရင်ထဲမှနာကျင်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းဖြစ်သည်။
သွေးခဲများကြောင့်ဖြစ်လေ့ရှိသည့် နှလုံးပတ်သွေးလွှတ်ကြောလုံးလုံးပိတ်ဆို့ခြင်းဖြစ်သောအခါထိုသွေးလွှတ်ကြောမှသွေးများကိုလက်ခံသည့် နှလုံး၏အစိတ်အပိုင်းသည် သေသွား၏။ အကျိုးဆက်မှာ ရုတ်တရက်နှလုံးရောဂါဖိစီးမှုဟု အများသိကြသည့် နှလုံးကြွက်သားသွေးပြတ်တစ်သျှူးသေခြင်းဖြစ်ကာ ရုတ်တရက်သေဆုံးသွားတတ်သည်။ နှလုံးပတ်သွေးလွှတ်ကြော တစ်စိတ်တစ်ပိုင်းပိတ်ဆို့ခြင်းပင် ကာယပိုင်းအရ သိသိသာသာနာကျင်မှုမဖြစ်ဘဲ နှလုံးတစ်ရှူးကိုသေစေနိုင်သည်။ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများရှိသွေးကြောများပိတ်ဆို့ခြင်းသည် လေဖြတ်ခြင်း၊ ခြေထောက်သေခြင်းနှင့် ကျောက်ကပ်အလုပ်မလုပ်ခြင်းတို့ကိုပင်ဖြစ်စေနိုင်သည်။
LDL ကိုမကောင်းသောကိုလက်စထရောဟုခေါ်ပြီး HDL ကိုကောင်းသောကိုလက်စထရောဟုခေါ်ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ LDL များပြီး HDL နည်းကြောင်းစစ်ဆေးတွေ့ရှိလျှင် နှလုံးရောဂါဖြစ်ရန်အကြောင်းများသည်။a ရိုးရိုးသွေးစစ်ခြင်းသည် ရင်ထဲမှနာကျင်ခြင်းကဲ့သို့သော ရောဂါလက္ခဏာမပေါ်မီ အန္တရာယ်ကိုကြိုဖော်ပြပေမည်။ ထို့အပြင် သွေးကိုလက်စထရောအတိုင်းအတာကို ထိန်းထားရန် အရေးကြီး၏။ သင့်အစားအစာသည် ယင်းကိုမည်သို့သြဇာသက်ရောက်နိုင်ကြောင်း ယခုကြည့်ကြစို့။
သွေးကိုလက်စထရောနှင့်အစားအစာ
ကိုလက်စထရောသည် တိရစ္ဆာန်များမှရရှိသော အစာများ၏သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အသား၊ ဥ၊ ကြက်သား၊ ဘဲသားနှင့် နို့ထွက်ပစ္စည်းတို့တွင် ကိုလက်စထရောပါဝင်သည်။ တစ်နည်းအားဖြင့် အပင်များမှရသောအစာများ၌ ကိုလက်စထရောမရှိကြပါ။
ခန္ဓာကိုယ်သည် ၎င်းလိုအပ်သောကိုလက်စထရောကို ထုတ်လုပ်သောကြောင့် အစာမှရရှိသောကိုလက်စထရောသည် အပိုဖြစ်သည်။ ကျွန်ုပ်တို့၏ အစားအစာတွင်ပါဝင်သော ကိုလက်စထရောအများစုသည် အသည်းတွင်လမ်းဆုံးသည်။ သာမန်အားဖြင့် အစားအစာမှရရှိသော ကိုလက်စထရောသည် အသည်းသို့ဝင်ရောက်သောအခါ အသည်းက ယင်းနှင့်ဆက်လက်လုပ်ဆောင်ပြီး မိမိဘာသာကိုလက်စထရောထုတ်လုပ်မှုကို လျှော့ချလိုက်သည်။ ယင်းက သွေးထဲရှိကိုလက်စထရောစုစုပေါင်းပမာဏကို ဆက်ထိန်းပေးသည်။
သို့ရာတွင် အသည်းကလျင်မြန်စွာမလုပ်နိုင်သည်အထိ အစားအစာတွင် ကိုလက်စထရောများလျှင် ဘာဖြစ်မည်နည်း။ သွေးလွှတ်ကြောနံရံ၏ဆဲလ်များအတွင်းသို့ ကိုလက်စထရောတိုက်ရိုက်ဝင်ရောက်မှု ပိုများနိုင်ခြေရှိသည်။ ထိုသို့ဖြစ်သောအခါ သွေးလွှတ်ကြောလေးမာကျစ်ခြင်းဖြစ်တတ်၏။ စားသုံးခဲ့သောကိုလက်စထရောပမာဏမည်မျှပင်ရှိစေကာမူ ကိုယ်ခန္ဓာကထပ်တူကိုလက်စထရောပမာဏကို ဆက်ထုတ်သောအခါ အခြေအနေသည် အထူးအန္တရာယ်ရှိသည်။ အမေရိကန်၌ ၅ ယောက်တွင် ၁ ယောက်ဤပြဿနာရှိသည်။
ကိုလက်စထရောစားသုံးမှုကို လျှော့ချခြင်းသည် ပညာရှိရာရောက်သည်။ သို့သော် ကျွန်ုပ်တို့အစားအစာ၏အခြားအစိတ်အပိုင်းဖြစ်သည့် ပြည့်ဝပျော်အဆီသည် သွေးကိုလက်စထရောပမာဏအပေါ် သာ၍ပင်သက်ရောက်မှုရှိသေးသည်။
အဆီများနှင့်ကိုလက်စထရော
အဆီကိုနှစ်မျိုးခွဲနိုင်သည်– ပြည့်ဝပျော်အဆီနှင့် မပြည့်ဝပျော်အဆီဖြစ်သည်။ မပြည့်ဝပျော်အဆီများသည် တစ်မျိုးတည်းမပြည့်ဝပျော်အဆီ သို့မဟုတ် အလွန်မပြည့်ဝပျော်အဆီဖြစ်နိုင်သည်။ ပြည့်ဝပျော်အဆီများကိုစားသုံးခြင်းသည် သွေးထဲရှိကိုလက်စထရောများစေသောကြောင့် ပြည့်ဝပျော်အဆီများထက် မပြည့်ဝပျော်အဆီများသည် ကိုယ်ခန္ဓာအတွက်ပိုကောင်းသည်။ ပြည့်ဝပျော်အဆီများသည် ဤနည်းနှစ်နည်းဖြင့်လုပ်ဆောင်သည်– ၎င်းတို့သည် အသည်း၌ကိုလက်စထရောထုတ်လုပ်မှုကိုများစေပြီး အသည်းဆဲလ်တွင် LDL လက်ခံကိုထိန်းချုပ်ကာ သွေးမှ LDL သွားလာမှုနှုန်းကိုလျှော့ချသည်။
ပြည့်ဝပျော်အဆီများကို ထောပတ်၊ ဥအနှစ်များ၊ ဝက်ဆီ၊ နို့၊ ရေခဲမုန့်၊ အသားနှင့် ကြက်၊ ဘဲတို့ကဲ့သို့သော တိရစ္ဆာန်မှရသောအစာများတွင် အဓိကအားဖြင့်တွေ့ရသည်။ ယင်းတို့ကို ချောကလက်၊ အုန်းသီးနှင့် အုန်းဆီ၊ ဟင်းသီးဟင်းရွက်ဆီနှင့် အုန်းမျိုးဝင်ဆီတို့တွင်လည်း တွေ့ရသည်။ ပြည့်ဝပျော်အဆီများသည် အခန်းအပူချိန်တွင်ခဲသည်။
တစ်ဖက်တွင်မူ မပြည့်ဝပျော်အဆီများသည် အခန်းအပူချိန်တွင်ပျော်ဝင်သည်။ တစ်မျိုးတည်းမပြည့်ဝပျော်အဆီများနှင့် အလွန်မပြည့်ဝပျော်အဆီများပါသော အစာများကို ပြည့်ဝပျော်အဆီများပါသော အစာများအတွက် အစားထိုးမည်ဆိုလျှင် သွေးကိုလက်စထရောလျှော့နည်းစေရန် ထောက်ကူနိုင်မည်။b ပြောင်းဆီနှင့် နေကြာဆီတို့တွင်ရှိတတ်သော အလွန်မပြည့်ဝပျော်အဆီများသည် ကိုလက်စထရောအကောင်းနှင့်အဆိုးနှစ်မျိုးလုံးလျော့စေသော်လည်း သံလွင်ဆီနှင့် ကာနိုလာဆီတို့တွင်များစွာပါဝင်သော တစ်မျိုးတည်းမပြည့်ဝပျော်အဆီသည် ကောင်းသောကိုလက်စထရောကိုမထိခိုက်စေဘဲ မကောင်းသောကိုလက်စထရောကိုသာလျှော့စေသည်။
အဆီသည် ကျွန်ုပ်တို့အစားအစာတွင် လိုအပ်သောအစိတ်အပိုင်းတစ်ခုဖြစ်သည်မှာမှန်၏။ သာဓကအားဖြင့် ၎င်းတို့မပါဘဲ ဗီတာမင် အေ၊ ဒီ၊ အီးနှင့် ကေတို့ကိုရရှိမည်မဟုတ်။ သို့ရာတွင် ခန္ဓာကိုယ်လိုအပ်သောအဆီပမာဏသည် အလွန်နည်းသည်။ ၎င်းကို ဟင်းသီးဟင်းရွက်၊ ပဲ၊ သီးနှံစေ့နှင့် သစ်သီးဝလံများစားသုံးရုံဖြင့် ရရှိနိုင်သည်။ ပြည့်ဝပျော်အဆီများကို အနည်းငယ်သာစားခြင်းသည် ခန္ဓာကိုယ်လိုအပ်သောအာဟာရကို မချို့တဲ့စေနိုင်ပါ။
အဆီများနှင့် ကိုလက်ထရောကိုလျှော့ရသည့်အကြောင်းရင်း
အဆီနှင့်ကိုလက်စထရောကြွယ်ဝသောအစားအစာစားတိုင်း သွေးကိုလက်စထရောကိုတိုးစေသလော။ ထိုသို့မဟုတ်ပါ။ အဖွင့်ဆောင်းပါးတွင်ဖော်ပြခဲ့သော သောမတ်စ်သည် နိုးလော့!နှင့်တွေ့ဆုံမေးမြန်းခံရပြီးနောက် သွေးစစ်ကြည့်ရန်ဆုံးဖြတ်ခဲ့သည်။ ရလဒ်အဖြစ် သူ၏ကိုလက်စထရောအဆင့်သည် လိုအပ်သောအတိုင်းအတာအတွင်းဖြစ်ကြောင်းသိရှိခဲ့သည်။ သူ၏အသည်းသည် ကိုလက်စထရောအဆင့်ကို ပုံမှန်ထိန်းသိမ်းနိုင်ခဲ့သည်။
သို့ရာတွင် ယင်းကြောင့် သောမတ်စ်အတွက် ဘေးကင်းသည်ဟုမဆိုနိုင်ပါ။ အစာမှရရှိသောကိုလက်စထရောသည် သွေးကိုလက်စထရောအဆင့်ကို လုံးဝမပြောင်းလဲစေဘဲ နှလုံးပတ်သွေးကြောရောဂါဖြစ်စေနိုင်ကြောင်း မကြာမီကပြုလုပ်သော လေ့လာမှုများကဖော်ပြသည်။ “ကိုလက်စထရောဓာတ်ကြွယ်ဝသော အစာများသည် သွေးကိုလက်စထရောနည်းသူတို့ကိုပင် နှလုံးရောဂါပို၍ဖြစ်စေသည်” ဟုအနောက်မြောက်ပိုင်းတက္ကသိုလ်မှ ဒေါက်တာဂျဲရမိုင်ယာစတမ်လာကဆိုသည်။ “ထို့ကြောင့် သွေးကိုလက်စထရောပမာဏကို ပမာမပြုခြင်း၊ ကိုလက်စထရောလျှော့စားခြင်းကို လူတိုင်းအလေးထားရမည်။”
အစားအစာတွင် ပါဝင်သောအဆီကိစ္စလည်းရှိသေးသည်။ ပြည့်ဝပျော်အဆီဖြစ်စေ၊ မပြည့်ဝပျော်အဆီဖြစ်စေ အစာတွင်ပါဝင်ခြင်းကြောင့် သွေးထဲတွင်အဆီများလွန်းခြင်းသည် သွေးနီဥများကိုစုစည်းထူပြစ်စေသည်။ ထိုထူပြစ်သောသွေးသည် ကျဉ်းမြောင်းသောသွေးကြောမျှင်များကိုမဖြတ်နိုင်သောကြောင့် လိုအပ်သောအာဟာရများကို တစ်ရှူးသို့မပို့နိုင်တော့ပေ။ သွေးလွှတ်ကြောများတစ်လျှောက် စုစည်းနေသောဆဲလ်များဖြတ်သန်းခြင်းသည် သွေးကြောနံရံများသို့ အောက်ဆီဂျင်ပျံ့နှံ့မှုကိုလည်းဟန့်တားကာ ချိုးအလွယ်တကူစုစည်းပြီး သွေးကြောမျက်နှာပြင်ကိုထိခိုက်စေနိုင်သည်။ သို့သော် အဆီပမာဏလွန်ကဲစွာစားသုံးခြင်းဖြင့် အခြားအန္တရာယ်များလည်းရှိသေးသည်။
ကင်ဆာနှင့်အစားအစာ
“အဆီအားလုံး—ပြည့်ဝပျော်အဆီနှင့်မပြည့်ဝပျော်အဆီ—သည် အချို့သောကင်ဆာဆဲလ်များကို တိုးပွားခြင်းနှင့်ပတ်သက်နေသည်” ဟုဒေါက်တာဂျွန်အေ.မက်ဒေါဂေါလ်ကဆိုသည်။ အပြည်ပြည်ဆိုင်ရာအူမနှင့်စအိုကင်ဆာ၊ ရင်သားကင်ဆာဖြစ်ပွားမှုဆိုင်ရာ လေ့လာမှုတစ်ရပ်က အဆီများများစားသုံးကြသော အနောက်နိုင်ငံများနှင့် ဖွံ့ ဖြိုးဆဲနိုင်ငံများအကြားတွင် ထိတ်လန့်ဖွယ်ကွာဟမှုများကိုဖော်ပြ၏။ သာဓကအနေဖြင့် အမေရိကန်၌အူမနှင့်စအိုကင်ဆာသည် အမျိုးသားနှင့်အမျိုးသမီးနှစ်ရပ်ပေါင်းတွင် ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်နေပြီး ရင်သားကင်ဆာသည် အမျိုးသမီးအဖြစ်အများဆုံးရောဂါဖြစ်နေသည်။
အမေရိကန်ကင်ဆာအသင်း၏အဆိုအရ ကင်ဆာအဖြစ်များသောနိုင်ငံတစ်နိုင်ငံသို့ နေရာသစ်ထူထောင်သောလူစုများသည် ဘဝပုံစံသစ်နှင့်အစားအစာသစ်ကို ပြောင်းလဲစားသုံးရန် လိုအပ်သည့်အချိန်ကြာမြင့်မှုအပေါ်မူတည်၍ နောက်ဆုံးတွင် ထိုနိုင်ငံ၏ကင်ဆာဖြစ်မှုနှုန်းအတိုင်းဖြစ်လာသည်။ “ဟာဝိုင်အီသို့ပြောင်းရွှေ့နေထိုင်ကြသော ဂျပန်လူမျိုးများသည် အနောက်တိုင်းကင်ဆာပုံစံဖြစ်သည့် အူမနှင့်ရင်သားကင်ဆာဖြစ်မှုမြင့်နေပြီး၊ အစာအိမ်ကင်ဆာနည်းကာ ဂျပန်ပုံစံနှင့်ပြောင်းပြန်ဖြစ်နေသည်” ဟုကင်ဆာအသင်း၏အသေးစိတ်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။ ကင်ဆာသည် ဓာတ်စာနှင့်ဆက်နွှယ်နေကြောင်းထင်ရှားသည်။
သင့်အစားအစာသည် အဆီ၊ ပြည့်ဝပျော်အဆီ၊ ကိုလက်စထရောနှင့် ကယ်လိုရီများနေလျှင် ပြောင်းလဲမှုအချို့ပြုလုပ်ရန် လိုနေသည်။ ကောင်းသောဓာတ်စာသည် ကျန်းမာရေးကောင်းစေနိုင်ပြီး မကောင်းသောဓာတ်စာ၏ ဆိုးကျိုးများကိုပင်တားဆီးနိုင်သည်။ ဒေါ်လာ ၄၀,၀၀၀ သို့မဟုတ် ယင်းထက်မကကုန်ကျသည့် နာကျင်သောခွဲစိတ်မှုရွေးချယ်ရမည့်အဖြစ်ကိုကြည့်လျှင် ဤနည်းသည် အမှန်ပင်နှစ်လိုဖွယ်ဖြစ်သည်။
သင်စားသောအရာများကို သတိပညာရှိစွာရွေးချယ်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပြီး သင့်ကျန်းမာရေးကိုတိုးတက်စေကာ အချို့သောရောဂါများကို ရှောင်ဖို့ သို့မဟုတ် ခုခံဖို့အကူအညီဖြစ်စေနိုင်၏။ ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆောင်းပါးတွင် အကြံကောင်းများကိုဖော်ပြထားပါသည်။
[အောက်ခြေမှတ်ချက်များ]
a ကိုလက်စထရောကို တစ်ဒက်စီလီတာ (deciliter) လျှင် ပါဝင်သောမီလီဂရမ်ဖြင့်တိုင်းတာ၏။ လိုအပ်သောစုစုပေါင်းကိုလက်စထရော—LDL, HDL နှင့်သွေးထဲရှိအခြားလိုက်ပိုပရိုတင်းများ၏ပေါင်းလဒ်—သည် တစ်ဒက်စီလီတာလျှင် ၂၀၀ မီလီဂရမ်ထက်နည်းရမည်။ တစ်ဒက်စီလီတာလျှင် HDL ၄၅ မီလီဂရမ်နှင့်အထက်ပါရှိလျှင် ကောင်းသည်ဟုယူမှတ်နိုင်သည်။
b အမေရိကန်လူမျိုးများအတွက် ၁၉၉၅ အစားအစာလမ်းညွှန်တွင် အဆီစားသုံးမှုကိုနေ့စဉ် ကယ်လိုရီ၏ ၃၀ ရာခိုင်နှုန်းထက်မပိုစေရန်နှင့် ပြည့်ဝပျော်အဆီကို ကယ်လိုရီ ၁၀ ရာခိုင်နှုန်းအောက်လျှော့ရန်အကြံပြုထားသည်။ ကယ်လိုရီအတွက် ပြည့်ဝပျော်အဆီစားသုံးမှု ၁ ရာခိုင်နှုန်းလျှော့ချလျှင် သာမန်အားဖြင့် သွေးကိုလက်စထရောပမာဏသည် တစ်ဒက်ဆီလီတာလျှင် ၃ မီလီဂရမ်ရှိသည်အထိ လျော့ကျနိုင်သည်။
[စာမျက်နှာ ၈ ပါ ဇယား]
နှလုံးသွေးလွှတ်ကြောများ၏ဖြတ်ပိုင်းပုံ– (၁) ပိတ်ဆို့ မှုလုံးဝမရှိ (၂) တစ်စိတ်တစ်ပိုင်းပိတ်ဆို့ မှု (၃) လုံးဝနီးပါးပိတ်ဆို့ မှု