တိရစ္ဆာန်များ၏ သမ်းခြင်း
တစ်စုံတစ်ယောက်သည် လူအများကြားတွင်သမ်းသည့်အခါ သူသည် မယဉ်ကျေးသူ—သို့မဟုတ် ယုတ်စွအဆုံး အလွန်ငြီးငွေ့သူဟု လူများထင်နိုင်သည်။ ယဉ်ကျေးမှုနှင့်ဆိုင်သည့်စည်းမျဉ်းများရှိသော်လည်း သမ်းခြင်းသည် အမှန်ပင် အတန်အရာအသုံးဝင်သည့် ရည် ရွယ်ချက်တစ်ခုကိုအထမြောက်စေသည်။ သမ်းခြင်းသည် မထင်မှတ်ဘဲ လေရှူသွင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်နေ့တာလှုပ်ရှားဆောင်ရွက်မှုများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် ညနေပိုင်းအချိန် သို့မဟုတ် ကျွန်ုပ်တို့နိုးထပြီးနောက် နံနက်ခင်းအချိန်များတွင် သမ်းလေ့ရှိသည်။ အားရပါးရသမ်းခြင်းသည် ကျွန်ုပ်တို့၏ အောက်စီဂျင်ထောက်ပံ့မှုကိုတိုးစေပြီး တဒင်္ဂလန်းဆန်းမှုဖြစ်စေနိုင်သည်၊ ၎င်းသည် နိုးနိုးကြားကြားရှိလာစေရန် လှုံ့ဆော်ပေးသည့်ဖြစ်စဉ်တွင် ပါဝင်လေ့ရှိသည်။
သို့သော် တိရစ္ဆာန်များလည်း လေဝင်လေထွက်ပိုကောင်းရန်အတွက် အမြဲမဟုတ်စေကာမူ သမ်းတတ်သည်ကို သင်သိပါသလော။ သူတို့သမ်းရသည့်အကြောင်းသည် အတန်အရာစိတ်ဝင်စားစရာကောင်းလေ့ရှိသည်။ ဥပမာ၊ မျောက်များသည် တစ်ခါတစ်ရံ သတင်းတစ်ခုကိုသိစေရန် သမ်းကြသည်။ ပါးစပ်ကျယ်ကျယ်ဟထားခြင်းနှင့် ကြောက်မက်ဖွယ်ကောင်းသောသွားများကိုပြထားခြင်းက ပြိုင်ဘက်မျောက်ထီးတစ်ကောင် သို့မဟုတ် သားရဲတစ်ကောင်ကောင်ကို သတိပေးသည့်နည်းဖြစ်သည်။ သတင်းမှာ– ‘တအားကိုက်လိုက်မယ်။ ဝေးဝေးနေပါ!’
အာဖရိကလွင်ပြင်ဒေသတွင်ရှိ အသားစားတောကြောင်များသည်လည်း အမဲမလိုက်မီ အကြောဆန့်၍သမ်းလေ့ရှိသည်ကို တွေ့ရသည်။ လူများကဲ့သို့ပင် ကြောင်များ၏သမ်းခြင်းသည် အဆုတ်အတွင်းသို့ အပိုလေများရယူခြင်းဖြစ်သည့် ဇီဝကမ္မ လုပ်ဆောင်မှုတစ်ခုကိုဖြစ်စေသည်။ ၎င်းသည် သွေးတွင် အောက်စီဂျင်ကိုတိုးများစေသည်။ ထိုစဉ် နှလုံးက ၎င်းကို ကိုယ်ခန္ဓာ၏အခြားအပိုင်းများသို့ ပို့ဆောင်ပေးခြင်းဖြင့် သားကောင်ဖမ်းနိုင်ရန် တဒင်္ဂမြင့်မားသည့်အမြန်နှုန်းအတွက် ရုတ်ခြည်းစွမ်းအင်ကိုရရှိစေသည်။
ငါးများပင်လျှင် သမ်းတတ်ကြောင်းကို တွေ့ ရှိရပေသည်တကား! တိရစ္ဆာန်လောက စာအုပ်က တစ်ခါတစ်ရံ ငါးများသည် “လျင်မြန်စွာလှုပ်ရှားမှုမစမီ သမ်းတတ်ကြသည်။ . . . ငါးတစ်ကောင်သည် စိတ်လှုပ်ရှားသည့်အခါ၊ ရန်သူ သို့မဟုတ် အစာကိုမြင်သည့်အခါ၊ လျင်မြန်သည့်လှုပ်ရှားမှုလုပ်ရန် လိုအပ်သည့်အခါတိုင်းတွင် သမ်းလေ့ရှိသည်” ဟုဆိုထားသည်။
အားလုံးထဲတွင် စွဲမက်စရာအကောင်းဆုံးသမ်းခြင်းသည် ရေမြင်း သို့မဟုတ် ဗေဟမုတ်၏သမ်းခြင်းဖြစ်နိုင်သည်။ ဤကြီးမားသည့်ကိုယ်ခန္ဓာရှိသတ္တဝါကြီးသည် သူ၏ကြီးမားသောလိုဏ်ခေါင်းပုံပါးစပ်ကို အံ့ဖွယ်ကောင်းလောက်အောင် ၁၅၀ ဒီဂရီထိ ဆွဲဆန့်ဟထားနိုင်သည်။ အသက်ကြီးသောရေမြင်းအထီးတစ်ကောင်၏သမ်းခြင်းက ရေမြင်းအိုင်တွင် အခြားသူအားလုံး၏ အုပ်ချုပ်သူအကြီးအကဲဖြစ်ကြောင်းတင်ပြရန် စွမ်းဆောင်စေသည်။ ယင်းသို့ သွားများကိုထင်ရှားပြထားခြင်းက သူ၏ပိုင်နက်မြစ်အတွင်း ကျူးကျော်ဝင်ရောက်ရဲသည့် ကျူးကျော်လာသူမည်သူ့ကိုမဆို သတိပေးချက်အဖြစ်လည်း လုပ်ဆောင်သည်။
ခြင်္သေ့၏ဟိန်းခြင်းအာနိသင်မျိုးကို ဖြစ်စေမည်မဟုတ်သော်လည်း သမ်းခြင်း—အိပ်ချင်၍သမ်းခြင်းဖြစ်စေ၊ ခြိမ်းခြောက်သည့်သဘောဖြင့်သမ်းခြင်း သို့မဟုတ် စွမ်းအင်ပြည့်စေခြင်းငှာသမ်းခြင်းဖြစ်စေ—ယင်းသည် အကျိုးရှိသောရည်ရွယ်ချက်တစ်ခုကို ဖြစ်မြောက်စေသည်။ ၎င်းမှာ တိရစ္ဆာန်လောကကို ပုံစံထုတ်လုပ်သူ၏ အံ့ဖွယ်ကောင်းသော ဖန်တီးနိုင်စွမ်းများထဲမှ တစ်ခုသာဖြစ်ပေသည်!