ပိုးမွှားပျံသန်းပုံ၏ သိမ်မွေ့နက်နဲမှု အဖြေတွေ့
ပိုးမွှားများသည် သူတို့၏လေးလံသောကိုယ်ခန္ဓာနှင့် ပါးလျသောအတောင်လေးများဖြင့် လေထဲတွင်မည်သို့ပျံနိုင်သည်ကို သိပ္ပံပညာရှင်များစဉ်းစားလာခဲ့ကြသည်မှာ ကြာပေပြီ။ ဤသေးငယ်သော ဤသတ္တဝါလေးများသည် သမားရိုးကျပျံသန်းမှုဆိုင်ရာနိယာမများကို ဥပေက္ခာပြုဟန်ရှိသည်။ ယခု အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီများသည် ပိုးမွှားများ၏ ဖြစ်နိုင်ဖွယ်မရှိသော ဤလုပ်ဆောင်မှုကို မည်သို့လုပ်ဆောင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ပိုးမွှားများပျံသန်းခြင်းကိုလေ့လာရန် သိပ္ပံပညာရှင်များသည် ပိုးဖလံတစ်မျိုးကို ဝါချည်မျှင်နှင့်ချည်ပြီး ၎င်းကို စမ်းသပ်လေပြွန်တစ်ခုအတွင်းတွင်ထားသည်။ အဆိပ်အတောက်မဖြစ်စေသည့်မီးခိုးများကို လေပြွန်တစ်လျှောက်မှုတ်သွင်းပြီး ပိုးဖလံသည် သူ၏အတောင်များခတ်စဉ် မီးခိုးများ၏လှုပ်ရှားပုံကို မှတ်သားခဲ့ကြသည်။ ထို့နောက် ထိုပိုးဖလံထက် ကိုယ်ထည်အားဖြင့် ၁၀ ဆပိုကြီးပြီး ယင်း၏တောင်ပံခတ်နှုန်းထက်အဆ ၁၀၀ ပိုနှေးသည့်စက်ရုပ်တစ်ခုကိုပြုလုပ်ကာ ထင်ရှားစွာမြင်နိုင်သည့်အကျိုးသက်ရောက်မှုကို စောင့်ကြည့်ခဲ့ကြသည်။ ပိုးဖလံ၏အတောင်များ အောက်သို့စတင်ရိုက်ခတ်သည့်အခါ တောင်ပံ၏အရင်းတွင် လေဝဲဂယက်တစ်ခုဖြစ်ပေါ်လာသည်ကို သူတို့တွေ့ရှိခဲ့သည်။ ယင်းကြောင့် တောင်ပံအထက်တွင် လေဖိအားနည်းလာကာ ပိုးဖလံကိုအထက်သို့တက်ရန် ပင့်အားဖြစ်စေသည်။ လေဝဲဂယက်ပပျောက်သွားလျှင် ပိုးဖလံ၏ပင့်အားလျှော့လာပြီး မြေပေါ်သို့ကျလာမည်။ ယင်းသို့ဖြစ်မည့်အစား လေဝဲဂယက်သည် တောင်ပံအရှေ့ဘက်အသွားတစ်လျှောက် အဖျားသို့ရွေ့လျားကာ အောက်သို့ရိုက်ခတ်ခြင်းကြောင့်ဖြစ်လာသည့်ပင့်အားသည် ပိုးဖလံအလေးချိန်၏တစ်ဆခွဲနှင့်ညီမျှသောကြောင့် ပိုးဖလံများကို အလွယ်တကူပျံသန်းစေနိုင်သည်။
လေကြောင်းပညာအင်ဂျင်နီယာများက တြိဂံပုံအတောင်ရှိလေယာဉ်များသည် (တောင်ပံသည် ဂရိစကားလုံး △ နှင့်ဆင်တူသောကြောင့် ထိုသို့ခေါ်သည်) ယင်းတို့၏အတောင်ထိပ်တွင် လေဝဲဂယက်များဖြစ်ပေါ်စေခြင်းဖြင့် ပင့်အားရရှိကြောင်း သိရှိထားပြီးဖြစ်သည်။ သို့ရာတွင် အတောင်ရိုက်ခတ်ခြင်းအားဖြင့် လေဝဲဂယက်များသည် ပိုးဖလံများအတွက် ပင့်အားမည်သို့ရရှိသည်ကို ယခုသိရှိထားရာ ဤသဘောတရားကို ပန်ကာများနှင့်ရဟတ်ယာဉ်များ၏ပုံစံတွင် မည်သို့အသုံးချနိုင်ကြောင်း လေ့လာလိုကြသည်။