လမ်းပေါ်ဒေါသ သင်မည်သို့ ကျော်လွှားနိုင်မည်နည်း
ဗြိတိန်နိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ဒေါသထွက်ပြီး အကြမ်းဖက်မှုဖြစ်ခဲ့ခြင်းအကြောင်းကို ကမ္ဘာ့သတင်းတွင် ပိုမိုအလေးပေးနေသည်။ (ကုန်တိုက်များတွင် ဝယ်ယူသူများအသုံးပြုကြသည့် ထရော်လီ သို့မဟုတ် အစားအစာတင်လှည်းများဖြင့် တစ်ဦးကိုတစ်ဦး ဒေါသထွက်ပြကြသည့်) ထရော်လီဒေါသနှင့် (သင်ဖုန်းဆက်နေသူက နောက်တစ်ယောက်ကိုပါ ဖုန်းဆက်၍ရသည့် နည်းပညာကြောင့် ဖြစ်ရသည့်) ဖုန်းဒေါသအပြင် ဗြိတိန်တွင် လမ်းပေါ်ဒေါသသည် လူတို့၏အာရုံကို ဖမ်းစားထားသည်။
လမ်းပေါ်ဒေါသသည် အလွန်ပင်အနှံ့အပြားဖြစ်နေရာ ယာဉ်မောင်းများ၏အကျင့်နှင့်ပတ်သက်သည့် ၁၉၉၆ ခုနှစ်အစီရင်ခံစာတစ်ခုက ဗြိတိန်တွင် လမ်းပေါ်ဒေါသ “ကပ်ဆိုက်နေကြောင်း၊ လွန်ခဲ့သောနှစ်အတွင်း ယာဉ်မောင်းအားလုံးမှထက်ဝက်နီးပါးသည် တစ်နည်းနည်းဖြင့် တိုက်ခိုက်မှု သို့မဟုတ် မတရားမှု ခံခဲ့ရကြောင်း” ဖော်ပြထားသည်။ မော်တော်ယာဉ်အစည်းအရုံးစစ်တမ်းတစ်ခုက ထို့ထက်ပင်ပို၍ “ယာဉ်မောင်းဆယ်ဦးလျှင် ကိုးဦးသည် လမ်းပေါ်ဒေါသ၏သားကောင်များဖြစ်ခဲ့ကြရ” ကြောင်း သတင်းပို့သည်။ စိတ်ဝင်စားစရာမှာ အဆိုပါလူထုသဘောထား အစမ်းကောက်ယူမှုက “[ယာဉ်မောင်း] ဆယ်ဦးလျှင် ခြောက်ဦးသာ မောင်းနေစဉ် ဒေါသထွက်မိခဲ့ကြကြောင်း ဝန်ခံသည်” ဟုဖော်ပြသည်။
မည်သည့်အရာက လမ်းပေါ်ဒေါသကို ဆွပေးလေ့ရှိသနည်း။ အသင်သည် ယင်း၏သားကောင်တစ်ယောက်ဖြစ်နေလျှင် သင့်ကိုယ်သင် ကာကွယ်ရန် ဘာလုပ်နိုင်သနည်း။ အခြားသူတစ်ဦး ကားမောင်းပုံက သင့်ကို ဒေါသထွက်စေလျှင် သင်မည်သို့ပြုလုပ်သင့်သနည်း။ လမ်းပေါ်ဒေါသသည် ကမ္ဘာတစ်ဝန်း တစ်ဟုန်ထိုးတိုးများလာစဉ် ယင်းကို သင်မည်သို့ ကျော်လွှားနိုင်မည်နည်း။
အကြောင်းနှင့် အကျိုး
စိတ်တိုတတ်သောယာဉ်မောင်းများမှာ အသစ်အဆန်းမဟုတ်ပေ။ အစောပိုင်းအချိန်က ထိုသို့ဖြစ်ခဲ့သူတစ်ဦးမှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာ လော့ဒ်ဘိုင်ရွန်ဖြစ်သည်။ ၁၈၁၇ ခုနှစ်က သူရေးသည့် စာတစ်စောင်၌ လမ်းပေါ်တွင် ပဋိပက္ခဖြစ်မှုတစ်ခုအကြောင်း ဖော်ပြထားသည်။ သတင်းပို့ချက်အရ လမ်းသွားသူ အခြားတစ်ဦးသည် ဘိုင်ရွန်၏မြင်းကို “မလေးမခန့်” ပြုလုပ်ခဲ့သည်။ ယင်းကြောင့် ကဗျာဆရာသည် ထိုသူ၏နားအုံကို ရိုက်လိုက်သည်။
နိုင်ငံအများတွင် ယာဉ်များလာလေ ယာဉ်မောင်းများ စိတ်မတွေ့စရာ ပို၍များလာလေဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ယူအက်စ်သတင်းစာများက “လမ်းပေါ်ဒေါသ” သည် ယာဉ်မောင်းရင်းဖြစ်သည့် အကြမ်းဖက်မှုများ၏မီးပွားဖြစ်သည်ဟု ဖော်ပြသည်။ ရာဇဝတ်မှုမမည်သော်လည်း လမ်းပေါ်ဒေါသသည် အခြားယာဉ်မောင်းတစ်ဦး ကားမောင်းနှင်ပုံကြောင့် ဒေါသထွက်ပြီးကျူးလွန်မိသည့် အကြမ်းဖက်မှု၏ရင်းမြစ်ဖြစ်သည့် စိတ်လှုပ်ရှားမှုကို ပီပြင်စွာသရုပ်ဖော်သည်။
ကျွန်ုပ်တို့သွားလာနေသည့်လမ်းများပေါ်တွင် ငါသာပထမဟူသည့်သဘောထား လွှမ်းနေသည်။ “အကြမ်းဖက်ရန်လိုမှုကျူးလွန်သူတို့က မိမိတို့သည် လူမှုရေးနားမလည်သော အခြားသူတစ်ဦး၏ပယောဂကြောင့် ယခုလိုအဖြစ်ဆိုက်ရသည့် အပြစ်မရှိသူပါဟု အမြဲလိုလိုထင်တတ်ကြသည်” ဟူ၍ယာဉ်မောင်းများ၏အကျင့်ကို လေ့လာသောသုတေသီများက ကောက်ချက်ချကြောင်း လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ်က ဖော်ပြသည်။ မိမိ၏ယာဉ်ကို ဘယ်လောက်ပင် ကြမ်းကြမ်းရမ်းရမ်းမောင်းနေပါစေ တော်တည့်မှန်ကန်သည်ဟု ယူမှတ်နေပေသည်။ သို့သော် နောက်ယာဉ်မောင်းတစ်ဦးက လမ်းယဉ်ကျေးမှုကို အနည်းအကျဉ်းချိုးဖောက်မိသည့်အခါ လမ်းပေါ်ဒေါသမီး ဟုန်းကနဲထတောက်လေတော့သည်။
လူငယ်များကြားတွင် အနှံ့အပြားတွေ့ရှိရသော မူးယစ်ဆေးအလွဲသုံးမှုသည်လည်း လမ်းပေါ်ဒေါသကိုဖြစ်ပေါ်စေသည့် မီးပွားဖြစ်သည်။ ဆေးရုံအကြံပေးပုဂ္ဂိုလ်တစ်ဦးအဆိုအရ ကိုကင်းအလွဲသုံးမှုသည် “အရက်သောက်ပြီး ကားမောင်းခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။” ဆေးသုံးထားသော ယာဉ်မောင်းများသည် မိမိတို့ကိုယ်ကို အထင်ကြီးလွန်းစိတ်ဝင်နေတတ်သည်။ ရလဒ်အနေဖြင့် အချို့ယာဉ်မောင်းတို့သည် မိမိတို့ယာဉ်ကို အန္တရာယ်ရှိနိုင်သောအမြန်နှုန်းဖြင့် မောင်းလေတော့သည်။ အခြားဆေးသမားများမူ စဉ်းစားဆုံးဖြတ်နိုင်စွမ်းပျောက်ကာ ကပြောင်းကပြန်မောင်းလေတော့သည်။
ယာဉ်မောင်းတစ်ဦးခံစားရသည့် စိတ်ဖိစီးမှုကိုလည်း သုံးသပ်ကြည့်ပါ။ မန်ချက်စတာတက္ကသိုလ်မှ ပါမောက္ခ ကယ်ရီကူပါက ၁၉၉၀ ပြည့်လွန်နှစ်များတွင် လမ်းပေါ်ဒေါသအများအပြားဖြစ်ခဲ့ရခြင်းမှာ နေ့စဉ်ဘဝ၏စိတ်ဖိစီးမှုနှင့် မသေချာမရေရာမှုများကြောင့်ဖြစ်သည်ဟုဆိုသည်။ “ယာဉ်မောင်းများသည် ပို၍ပို၍စိတ်ဖိစီးခံနေကြရပြီး အကြမ်းဖက်ခြေလွန်လက်လွန်ဖြစ်မှုအရေအတွက်မှာလည်း များသည်ထက်များလာနေသည်” ဟု ဘုရင့်မော်တော်ယာဉ်ကလပ်တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ အလုပ်မှအသွားအပြန် နာရီပေါင်းများစွာ ကားမောင်းနေရသည့် အလုပ်များသော လူထုဆက်ဆံရေးတာဝန်ခံတစ်ဦးက သူမသည် ယခင်ကလောက် စိတ်မရှည်နိုင်တော့ကြောင်း ဝန်ခံသည်။ “အခုဆိုရင် ကျွန်မဟာ ထစ်ကနဲဆို ဒေါသထွက်၊ နဂိုတုန်းက ကျွန်မအတွက် ဘာမှမဟုတ်တာလေးတွေအတွက်နဲ့ စိတ်တိုလာတယ်” ဟု သူမပြောကြောင်း သည်ဆန်းဒေးတိုင်းမ်စ်က ဖော်ပြသည်။ သင်လည်းအလားတူဖြစ်မိပေမည်။ သို့ဆိုလျှင် သင်မည်သို့ပြုလုပ်နိုင်သနည်း။
လမ်းပေါ်ဒေါသ ထိုးဆွမိခြင်းကိုရှောင်
အခြားယာဉ်မောင်းများသည် ခြောက်ပြစ်ကင်းမဟုတ်ကြောင်း အသိအမှတ်ပြုပါ။ သူတို့သည် တစ်ခါတစ်ရံ စည်းကမ်းချိုးဖောက်ကြလိမ့်မည်။ သင်ကားမောင်းသည့်အခါ ဤအချက်ကို ထည့်တွက်ပါလေ။ ကြိုတင်စဉ်းစားပါ။ ဥပမာ၊ သင်သည် ယာဉ်ပေါင်းစုံ အဝေးပြေးလမ်းမကြီး၏ဘေးလမ်းကြောတွင် သို့မဟုတ် အနှေးလမ်းကြောတွင် မောင်းနေပေမည်။ သို့နှင့် သင်သည် လမ်းဆုံတစ်ခုဆီသို့ ချဉ်းကပ်လာနေသည်။ အဆိုပါလမ်းဆုံတွင် အဝေးပြေးလမ်းမကြီးသို့ဝင်နိုင်သည့် လမ်းခွဲ သို့မဟုတ် ယာဉ်ဖြတ်ဝင်နိုင်သော ဆင်ခြေလျှော အဝင်လမ်းရှိသည်။ ရှေ့ကိုကြည့်လိုက်သောအခါ ထိုလမ်းခွဲမှ အဝေးပြေးလမ်းမဆီသို့ ချဉ်းကပ်လာနေသော ကားတစ်စီးကို သင်တွေ့လိုက်သည်။ သင်အရင်ရောက်သည့်အတွက် သင့်လမ်းကြောတွင် သင်မောင်းနှင်ခွင့်ရှိသည်ဟု သင်ဆင်ခြင်ယူဆသလော။ ကြားဖြတ်ပြီး စုပြုံဝင်လာသော မော်တော်ယာဉ်များအတွက် အဘယ်ကြောင့် နေရာပေးရမည်နည်း။ ကားရှင်းမည်ဆိုလျှင် အခြားယာဉ်မောင်းတစ်ဦးကို အဝေးပြေးလမ်းမကြီးသို့ မောင်းဝင်နိုင်ရန် နောက်လမ်းကြောသို့ အဘယ်ကြောင့် ပြောင်းမောင်းရမည်နည်း။ စဉ်းစားကြည့်ပါ၊ အကယ်၍သင်သည် မိမိလမ်းကြောကို အသေယူထားပြီး အရှိန်ကိုလည်း မလျှော့ဘဲနေလျှင် ဘာဖြစ်မည်နည်း။ အဝေးပြေးလမ်းမပေါ်သို့ မောင်းဝင်လာသည့် ယာဉ်မောင်းကလည်း သင့်နည်းတူ စဉ်းစားနေနိုင်သည်။ တစ်ဦးဦးက မဖြစ်မနေလမ်းပေးရလိမ့်မည်၊ သို့မဟုတ်ပါက ယာဉ်တိုက်မှုဖြစ်ပေလိမ့်မည်။
လမ်းပေါ်ဒေါသကို မထိုးဆွလိုသည့်ယာဉ်မောင်းသည် ပညာရှိစွာရှေ့ရှု၍ ဆင်ဆင်ခြင်ခြင်နှင့် မောင်းလိုက်သည်။ လမ်းပေးနိုင်သောအခါ လမ်းပေးလိုက်သည့်အပြင် အခြားယာဉ်မောင်းဖြစ်သူက မိမိတင်ပြလိုက်သည့် ယဉ်ကျေးမှုကို အသိအမှတ်မပြုလျှင်လည်း ဒေါသထွက်မည်မဟုတ်ပေ။ ဗြိတိန်အဆင့်မြင့်ယာဉ်မောင်းအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ယာဉ်မောင်း ၃ ဦးတွင် ၁ ဦးသည် အန္တရာယ်ပြုတတ်သည့် သဘောထားရှိသည်ဟု ခန့်မှန်းသည်။ အဆိုပါယာဉ်မောင်းများသည် မိမိတို့၏ယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ကြသော်လည်း ယဉ်ကျေးမှုမရှိကြပါ။ ၎င်းတို့သည် “ကျွမ်းကျင်သော်လည်း ယဉ်ကျေးမှုမရှိသော ယာဉ်မောင်းများ” ဟုသူက ကင်ပွန်းတပ်ထားသည်။
ယာဉ်မောင်းအများစုသည် ဤလမ်းအား အခြားသူများအသုံးပြုနေသည်ကို ရံဖန်ရံခါလျစ်လျူရှုတတ်ကြသည်။ သို့သော် သူတို့ထိုသို့ပြုသောကြောင့် သင်လည်းလိုက်၍ပြုရန် မသင့်ပေ။ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သုံးသပ်ကြည့်ပါ။ သင်သည် သင့်ဘက်မှ အလျှော့မပေးမှုကြောင့် အစုလိုက်အပြုံလိုက်ယာဉ်တိုက်မှုဖြစ်ခြင်းကို သင်လိုလားမည်မဟုတ်ပေ။ သင့်စိတ်ကို အထိန်းအကွပ်လွတ်မသွားစေပါနှင့်။ ကျွမ်းကျင်သောယာဉ်မောင်းတစ်ဦး၏အကြံပြုချက်ကားဤသို့– “လမ်းပေါ်မှ ရန်လိုစိတ်ကို ဘယ်သောအခါမျှ ရန်တုံ့မမူလိုက်လေနှင့်။” လမ်းပေါ်ဒေါသသားအဖြစ်မခံပါနှင့်!
သင်သည် သားကောင်တစ်ဦးလော
ယာဉ်မောင်းတိုင်းနီးပါး လမ်းပေါ်ဒေါသ၏သားကောင် တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်ကြရသည်။ လက်သီးဆုပ်ပြခြင်း၊ ဆဲဆိုအော်ဟစ်သွားခြင်း၊ ရန်စသည့်ပုံစံဖြင့်မောင်းခြင်း။ ယင်းတို့အားလုံးသည် ကြောက်ရွံ့စေနိုင်သည်၊ ကြောက်လည်းကြောက်ရွံ့စေသည်။ အကောင်းဆုံးအကာအကွယ်မှာ ပဋိပက္ခမဖြစ်ရန် ရှောင်ခြင်းသာဖြစ်သည်။ ယာဉ်မောင်းတစ်ဦးသည် မိမိရှေ့ ကျော်တက်လိုသော အခြားယာဉ်မောင်းတစ်ဦး၏ ခြိမ်းခြောက်မှုကိုခံလိုက်ရသည်။ နောက်ဆုံးတွင် ဒေါသထွက်နေသော အဆိုပါယာဉ်မောင်းသည် သူ့ကို ကျော်တက်ပြီး ဖြတ်ဝင်လိုက်ကာ ကားတိုက်မှုဖြစ်လေရော့မည်လောဟု ကြောက်လန့်သွားရသည့်အထိ အရှိန်ကိုလျှော့ပစ်လိုက်သည်။ တော်တော်ဝေးဝေးအထိ ဤသို့ဆက်လုပ်သွားသည်၊ ခြိမ်းခြောက်ခံရသည့်ယာဉ်မောင်းက အခြားလမ်းကို ပြောင်းသွားမှ ရန်အေးသွားတော့သည်။
အခြားယာဉ်မောင်များက သင့်ကို ကျော်တက်လိုလျှင် ကျော်တက်ခွင့်ပြုရန် အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။ မိမိယူထားသည့်လမ်းသည် မှန်သည်ဟု တရားသေမကိုင်ထားပါနှင့်။ အခြားသူကို ဒေါသထွက်အောင်လုပ်မိကြောင်း သင်သိလျှင် တောင်းပန်ပါ။ မရည်ရွယ်ဘဲ စိတ်တိုအောင်လုပ်မိလျှင်ပင် တောင်းပန်သည့်အမူအရာပြပါ။ နူးညံ့သောစကားတစ်ခွန်းသည် ဒေါသကို ပြေစေနိုင်ကြောင်း သတိရပါ။
သင်သည် မည်သည့်အကြောင်းကြောင့်ပင် လမ်းပေါ်ဒေါသကြောင့် ထိုးနှက်တိုက်ခိုက်ခံရပါစေ ရန်တုံ့မမူပါနှင့်။ “မိမိခံရသည့်အတိုင်း ပြန်မတုံ့ပါနှင့်၊ အန္တရာယ်ပေးနိုင်သောလက်နက်အဖြစ်အသုံးပြုနိုင်သည့် ပစ္စည်းများကို သင့်ကားပေါ် ယူမသွားပါနှင့်” ဟု ဖိုးကပ်စ် မဂ္ဂဇင်းက အကြံပြုသည်။ အခြားတစ်ချက်မှာ ကားတံခါးများကို သော့ခတ်ထားပြီး ပြတင်းပေါက်များကို ပိတ်ထားပါ။ ရန်လိုသူနှင့် မျက်လုံးချင်းမဆုံမိစေနှင့်။
လမ်းပေါ်မှဒေါသကို ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်သည့် အထက်ပါအကြံပြုချက်များသည် အသစ်အဆန်းမဟုတ်ပါလေ။ ယင်းတို့သည် ရှေးကတည်းက အစ္စရေးဘုရင် ဒေးဗစ်ပေးခဲ့သည့် အကြံပြုချက်နှင့်ကိုက်ညီသည်။ သူက ဤသို့သွန်သင်သည်– “မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်။ အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။”—ဆာလံ ၃၇:၁၊ ၈။
လမ်းပေါ်ဒေါသ တိုးပွားနေသော်လည်း သင့်၌ ဤသို့အဖြစ်မခံပါနှင့်!
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
လမ်းပေါ်ဒေါသကို ထိန်းချုပ်ခြင်း
လမ်းပေါ်ဒေါသကို လုံးဝဖယ်ရှားပစ်ရေးနှင့်ပတ်သက်လျှင် “စိတ်သဘောထားများကို ပြောင်းပစ်ရေးသည် အဟန့်အတားနည်းစနစ်များတီထွင်ဖန်တီးရေးတမျှ အရေးပါသည်” ဟု မော်တော်ယာဉ်အစည်းအရုံးက မှတ်ချက်ချသည်။ လမ်းပေါ်ဒေါသကို ကျော်လွှားရန်အရေးပါသည့်အရာမှာ မိမိကိုယ်တိုင်၏ယာဉ်မောင်းစွမ်းရည်နှင့် အခြားယာဉ်မောင်းသူများ၏စွမ်းရည်နှစ်ခုစလုံးအပေါ် အရှိကိုအရှိအတိုင်းမြင်ခြင်းဖြစ်သည်။ အခြားသူ၏အမှားဖြစ်ကြောင်းမြင်သာထင်သာရှိသော်လည်း မိမိ၏မောင်းနှင်မှုအမှားကိုလည်း လျစ်လျူမရှုပါနှင့်။ လမ်းစည်းမျဉ်းများကို မလိုက်သည့်ယာဉ်မောင်းများရှိသည်ဟူသည့်အချက်ကို လက်ခံပါ။ သင်ယာဉ်မောင်းနေစဉ် မပြတ်မလပ်သတိချပ်ပါ။ ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်ဖိစီးမှုဖြစ်စေသည်။ အာရုံစိုက်မှု တစ်ချက်လွတ်သွားလျှင် အသက်ဆုံးနိုင်သည့် ယာဉ်တိုက်မှုဖြစ်နိုင်သည်။
အောက်ပါအကြံဉာဏ်ကိုလည်း သုံးသပ်ပြီး ပညာရှိ ဘုရင်ရှောလမုန်၏ထင်ရှားသောစကားများနှင့် မည်သို့သက်ဆိုင်ကြောင်း သတိပြုပါ။
• သင့်ခရီးသည်များပင် သင်ဒေါသထွက်နေသည်ကို သတိပြုမိကြသလော။ စိတ်အေးအေးထားဖို့ သင့်ကို သူတို့က အကြံပြုပေမည်။ သူတို့ပေးသည့်အကြံဉာဏ်ကို မငြင်းလိုက်လေနှင့်၊ ခင်ဗျားတို့ မိချောင်းမင်း ရေခင်းပြမနေကြနဲ့ဟု ပြန်မပက်လိုက်လေနှင့်။ အေးဆေးသောသဘောထားသည် ကျန်းမာရေးနှင့်ပို၍ညီညွတ်စေပြီး စာသားအတိုင်းပင် ပို၍အသက်ရှည်စေကြောင်း သတိရပါ! “ငြိမ်သက်သောနှလုံးသည် ကိုယ်ကာယ အသက်ရှင်ရာအကြောင်း” ဖြစ်၏။—သု. ၁၄:၃၀၊ သမ။
• အခြားယာဉ်မောင်းကိုပါ ထည့်တွက်ကာ ပြဿနာဖြစ်မည့်အရေးကို ရှောင်ပါ။ “ပညာရှိသောသူသည်ကြောက်၍ ဒုစရိုက်ကိုရှောင်တတ်၏။ မိုက်သောသူမူကား၊ မာနကြီး၍ ရဲရင့်တတ်၏။”—သု. ၁၄:၁၆။
• တောင်းပန်သော အပြုအမူ သို့မဟုတ် အပြောအဆိုအားဖြင့် ဒေါသကို ပြေစေပါ။ “ချိုသာစွာတုံ့ပြန်ချက်သည် ဒေါသကို လွှဲရှောင်တတ်၏။”—သု. ၁၅:၁၊ သမ။
• အခြားသူများက လမ်းပေါ်ဒေါသဖြစ်လေ့ရှိသော်လည်း သင်မူကား သူတို့ကို တုပဖို့မလိုပါ။ “ဒေါသကြီးသူနှင့် မိတ်မဖွဲ့လင့်။”—သု. ၂၂:၂၄၊ သမ။
• အခြားသူများ၏ ပဋိပက္ခဖြစ်မှုများနှင့် မပတ်သက်ပါနှင့်။ “ခိုက်ရန်ဒေါသမဖြစ်မီ ထွက်သွားလိုက်ပါ။”—သု. ၁၇:၁၄၊ ကဘ။