ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၂/၈ စာ. ၁၀-၁၂
  • သင့်အလုပ်ကို သင်ငြီးငွေ့ သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အလုပ်ကို သင်ငြီးငွေ့ သလော
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အားကြိုးမာန်တက် လုပ်ဆောင်ခြင်း
  • အတတ်နိုင်ဆုံး လုပ်ဆောင်ပါ
  • သင်လုပ်ငန်းကို “အလှဆင်ပါ”
  • ဆက်၍သင်ယူပါ
  • နောက်ဆုံးအကြံပြုချက်အချို့
  • “ယေဟောဝါကို မျှော်လင့်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၂/၈ စာ. ၁၀-၁၂

သင့်အလုပ်ကို သင်ငြီးငွေ့ သလော

သင်သည် တစ်ရက်လျှင်ရှစ်နာရီခန့် အလုပ်လုပ်ရဖွယ်ရှိသည်။ ယင်းက ငြီးငွေ့ဖွယ်အခြေအနေအတွက် အချိန်နှင့်ဘဝကို များစွာပေးဆက်ရပါသည်တကား! သို့တိုင် ၂၀ ရာစုရှိအလုပ်အတော်များများမှာ ငြီးငွေ့ဖွယ်ကောင်းပြီး လုပ်သားများအတွက် ဂုဏ်ယူဝင့်ကြွားစရာမဖြစ်လှချေ။

ထို့ကြောင့် သင့်လုပ်ငန်းကို စိတ်ဝင်စားဖွယ်ဖြစ်စေခြင်းဖြင့် အကျိုးများစွာရရှိနိုင်ပါသည်။ အလုပ်မှ သာ၍ကြီးမားသောရွှင်လန်းမှုကို သင်ရရှိကာ အနာဂတ်တွင် သင်လုပ်ဆောင်မည့် လုပ်ငန်းတစ်စုံတစ်ရာကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေသည့်သော့ချက်ကို သင်သိရှိရမည်။ ထို့ကြောင့် ယင်းကို ပြီးမြောက်အောင်မြင်စေသည့် နည်းလမ်းအချို့ကို စူးစမ်းလေ့လာကြည့်ကြစို့။

အားကြိုးမာန်တက် လုပ်ဆောင်ခြင်း

အချို့အခွင့်အာဏာရှိသူများက အလုပ်တွင် ပျော်မွေ့သည့်အလား လုပ်ဆောင်ခြင်းကို အားပေးထောက်ခံကြသည်။ ထိုသို့ သင်ပြုလုပ်သည်ဆိုလျှင် ထိုသဘောထားက သင့်ကိုပျော်မွေ့စေကြောင်း တွေ့ရပေမည်။

‘ဒါပေမဲ့ ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ အားကြိုးမာန်တက်မဖြစ်နိုင်ဘူး!’ ဟုသင်တုံ့ပြန်ပေမည်။ သင့်လုပ်ငန်းတွင် စုပေါင်း၍ လက်ဆင့်ကမ်းလုပ်ရသည့်လုပ်ငန်းကဲ့သို့သော တင်းကျပ်သောလုပ်ရိုးလုပ်စဉ်ပါဝင်ပေမည်။ သို့မဟုတ် သင့်လုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီဖြစ်ရာ ၎င်းကို အသစ်တစ်ဖန် စိတ်ဝင်စားခြင်းဟူသည် ဖြစ်နိုင်မည်မဟုတ်ဟု သင်ယူမှတ်ပေမည်။ သို့ရာတွင် ပြုံးပြုံးရွှင်ရွှင်နေခြင်းနှင့် မတ်မတ်ရပ်ခြင်းကဲ့သို့သော ရိုးရှင်းသည့်နည်းလမ်းများက သင့်အလုပ်နှင့်ပတ်သက်၍ ပိုမိုစိတ်အားထက်သန်စေသည်ဟု ခံစားရရန် ကူညီပေးနိုင်ပေမည်။

သင်လုပ်နေသည့်အရာအပေါ် လုံးလုံးအာရုံစူးစိုက်မည်ဆိုလျှင်လည်း အကူအညီဖြစ်စေပေမည်။ အလိုအလျောက်လည်ပတ်သည့်စက်ပမာလုပ်ဆောင်ခြင်း၊ နေ့လယ်စာအချိန်၊ ရက်သတ္တပတ်အဆုံး သို့မဟုတ် နောက်လုပ်ရမည့်အလုပ်အကြောင်း စဉ်းစားနေခြင်းတို့ကို မပြုပါနှင့်။ လက်ရှိလုပ်နေသည့်အလုပ်ကို လုံးလုံးအာရုံစိုက်ခြင်းသည် များသောအားဖြင့် ပညာရှိရာရောက်သည်။ ရလဒ်ကား အဘယ်နည်း။ အလုပ်တွင်ပျော်မွေ့လာမည်ဖြစ်ပြီး အချိန်သည် လျင်မြန်စွာကုန်လွန်သည်ဟုထင်ရပါလိမ့်မည်။

ယင်းသည် သင်အမှန်ပင် ချစ်မြတ်နိုးသောလုပ်ငန်းတွင် အာရုံနစ်မျောနေသောအခါ ဖြစ်လေ့ရှိသည့်အရာပင်ဖြစ်သည်။ သာမန်အားဖြင့် သင်မပျော်မွေ့သောလုပ်ငန်းတွင် အပြည့်အဝအာရုံစိုက်ခြင်းကို အင်တိုက်အားတိုက်ပြုလုပ်ခြင်းဖြင့် ထပ်တူအကျိုးသက်ရောက်မှုကို သင်ရရှိနိုင်ပေမည်။

အတတ်နိုင်ဆုံး လုပ်ဆောင်ပါ

သင်၏အတတ်နိုင်ဆုံးလုပ်ဆောင်မှုက အလုပ်မှ ကျေနပ်မှုခံစားရရန် ကူညီပေးနိုင်သည်။ အဆိုပါအကြံပြုချက်သည် အလုပ်တွင်စိတ်ဝင်စားမှုမတွေ့သည့်အခါ ပြီးစလွယ်သာလုပ်လိုက်ဟူသော ခေတ်စားနေသည့်အကြံဉာဏ်နှင့် အမှန်ပင်ဆန့်ကျင်သည်။ သို့သော် ပေါ့ဆခြင်း၊ အချိန်ဆွဲခြင်းနှင့် အနည်းငယ်သာကြိုးစားခြင်းက သင့်စွမ်းအင်ကိုကုန်ခန်းစေကာ စိုးရိမ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ထပ်ဆင့်ပေးဖွယ်ရှိသည်။ အချို့ကိစ္စရပ်များတွင် အလုပ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် မောပန်းနွမ်းနယ်မှုတို့ဖြင့် အိမ်သို့ရောက်လာကြသူများသည် အလုပ်ကိုဝီရိယရှိရှိလုပ်ရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပေမည်။

သမ္မာကျမ်းစာအရ လုပ်ငန်းခွင်တွင် ကြိုးစားလုပ်ဆောင်ခြင်းက အားလပ်ချိန်များကို ပို၍ပျော်ရွှင်ဖွယ်ရာဖြစ်စေသည်။ “စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကိုရနိုင်သည်ဟု ငါသိမြင်၏။” (ဒေ. ၂:၂၄) ယင်းသည် အချို့သူတို့အတွက် ခေတ်နောက်ကျသောဆောင်ပုဒ်ပမာဖြစ်ပေမည်၊ သို့သော် အခြားသူများမူကား ကာလအကန့်အသတ်မရှိ လက်တွေ့ကျသော ဤစည်းမျဉ်းမူကို ကျင့်သုံးကြသည်။ မိမိတို့ကြိုးစားအားထုတ်မှု၏အသီးအပွင့်တွင် ပျော်မွေ့ခြင်းထက် သာ၍ “ကောင်းသောအခွင့်မရှိ” ကြောင်း အမှန်ပင် သဘောတူကြသည်။ အလုပ်ရွှင်လန်းမှု စာအုပ်က ဤသို့ဝန်ခံ၏– “ကောင်းစွာပြီးမြောက်အောင်မြင်သည့်အလုပ်က အတွင်းကျေနပ်နှစ်သက်မှုကိုဖြစ်စေသည်။”

ထို့ကြောင့် လုပ်ငန်းကို အတတ်နိုင်ဆုံးလုပ်ဆောင်ပါ၊ အားအင်ရှိလာသည်ဟု ခံစားရနိုင်ခြေရှိသည်။ အနည်းငယ်မျှထက်မက ပိုမို၍လုပ်ဆောင်ပါ၊ ပျော်ရွှင်မှုပိုရှိသည်ဟု ခံစားရပေမည်။ အရေးကြီးသည့်တာဝန်များကို ရှေးဦးစွာလုပ်ပါ၊ အချိန်ဆွဲခြင်းကြောင့်ပင်ပန်းနွမ်းနယ်သူများထက် သင်သည် နေ့လယ်စာနားချိန်နှင့် ရက်သတ္တပတ်ကုန်ရက်များတွင် ပို၍ပျော်မွေ့ပါလိမ့်မည်။—ဧသတာ ၁၀:၂; ရောမ ၁၂:၁၁; ၂ တိမောသေ ၂:၁၅ နှိုင်းယှဉ်။

အခြားသူများနှင့် ယှဉ်ပြိုင်မည့်အစား ကိုယ့်ကိုယ်ကို ပိုကောင်းအောင်ကြိုးစားပါ။ (ဂလာတိ ၆:၄) စံနှုန်းအသစ်များ၊ ပန်းတိုင်အသစ်များကိုချမှတ်ပါ။ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်ကြိုးစားပါ။ အချို့က မျှော်လင့်စရာမရှိ ပျင်းရိဖွယ်ကောင်းသည်ဟုယူမှတ်ကြသော အထပ်ထပ်ချုပ်ရသည့်အလုပ်ကိုလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ယင်းကို ကစားစရာပွဲတစ်ခုဖြစ်စေသည်။ သူမသည် နာရီအလိုက် ချုပ်လုပ်ပြီးသည့်အတိုင်းအတာကို မှတ်သားထားပြီး တိုး၍ချုပ်လုပ်ရန်ကြိုးစားသည်။ သူမလုပ်နိုင်သမျှအတိုင်းလုပ်ရန် ကြိုးစားသောကြောင့် သူမ၏လုပ်ငန်းတွင် အမှန်ပင်ပျော်မွေ့ပါသည်။—သု. ၃၁:၃၁။

သင်လုပ်ငန်းကို “အလှဆင်ပါ”

ဒေါက်တာ ဒဲန်းနစ် တီ. ဂျေဖီနှင့် စင်းသီယာ ဒီ. စကော့က ဤသို့အကြံပြုထားသည်– “သင့်အလုပ်ကို ဟာလာဟင်းလင်းအိမ်တစ်ဆောင်ကဲ့သို့ တွေးလိုက်ပါ။ အိမ်ထဲသို့ သင်ပြောင်းရွှေ့လာကာ ၎င်း၏ပုံစံနှင့် တည်ဆောက်ပုံကိုကြည့်လိုက်သည်။ ထိုအခါ သင့်ဖန်တီးလုပ်ဆောင်လိုသည့်စိတ် လှုံ့ဆော်ခံရသည်။ နေရာအကွက်ကိုပုံစံချ၍ မွမ်းမံပြင်ဆင်ကာ အိမ်ကို သင့်စံအိမ်အဖြစ်ပြောင်းလဲလိုက်သည်။ သင့်အကြိုက်ပုံစံဖန်တီးခြင်းအားဖြင့် သင့်ကိုယ်ပိုင်ဖြစ်စေသည်။”

အလုပ်အများစုကို ယေဘုယျစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များဖြင့် အပ်နှင်းခံရလေ့ရှိကြသည်။ တောင်းဆိုခံရသလောက်သာလုပ်ခြင်းသည် ဘာတစ်ခုမျှမရှိသည့်အိမ်တွင်နေထိုင်သည့်ပမာဖြစ်သည်။ ထိုတွင် ကိုယ်ရည်ကိုယ်သွေးမရှိချေ။ သို့သော် အသင်ကိုယ်တိုင်၏အကြိုက်ပုံစံကိုထည့်သွင်းပါက သင့်လုပ်ငန်းကို များစွာစိတ်ဝင်စားဖွယ်ဖြစ်လာစေနိုင်ပါသည်။ လုပ်ငန်းတစ်ခုကို လူပုဂ္ဂိုလ်နှစ်ဦးသည် တစ်နည်းတစ်ပုံစံတည်းဖြင့် “အလှဆင်” ကြမည်မဟုတ်ပေ။ စားပွဲထိုးတစ်ယောက်သည် မှန်မှန်စားသုံးသူများ၏အကြိုက်ကို မှတ်မိနေပေမည်။ နောက်တစ်ယောက်မူ ကြင်နာမှုနှင့်ရည်မွန်မှုတို့ဖြင့် ထူးခြားပေါ်လွင်နေပေမည်။ နှစ်ဦးစလုံးသည် သူတို့လုပ်ဆောင်သည့်အရာတွင် ကိုယ်တိုင်ပါဝင်ပတ်သက်စေသည့်အတွက် သူတို့အလုပ်တွင် ပျော်မွေ့ကြသည်။

ဆက်၍သင်ယူပါ

လုပ်ငန်းတွင် ရွှင်လန်းမှုရရှိသည့်နောက်တစ်နည်းမှာ သင်ယူခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကြီးထွားလာကြသည်နှင့်အမျှ ကျွန်ုပ်တို့၏ဦးနှောက်သည် အကြောင်းအချက်ထည့်သွင်းနိုင်စွမ်း တိုးများလာကြောင်း တဲန်ရှင် တာနာရောင်း စာအုပ်ကရှင်းပြသည်။ ယခင်က စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အရာများသည် ယခုတွင် ကျွန်ုပ်တို့အတွက် ငြီးငွေ့ဖွယ်ဖြစ်သွားရခြင်းမှာ ယင်းအကြောင်းကြောင့်ဖြစ်သည်။ ဖြေရှင်းနည်းမှာ အသစ်သောအကြောင်းအရာများကို သင်ယူခြင်းအားဖြင့် အသစ်သောအရာများအား ဦးနှောက်၏တောင့်တမှုကိုဖြည့်ဆည်းပေးရန်ဖြစ်သည်။

သင့်လုပ်ငန်းအကြောင်း ပို၍သင်ယူခြင်းက အချိန်တန်သော် သင့်အား ပို၍နှစ်သက်ဖွယ်အလုပ်ပေးအပ်ခြင်းကို ဦးတည်စေမည်။ သို့သော် ထိုသို့မဖြစ်လာသည့်တိုင် သင်ယူခြင်းအစီအစဉ်ကိုယ်နှိုက်က သင့်အလုပ်ကို ပိုမိုစိတ်ဝင်စားစေပြီး ကျေနပ်မှုဖြစ်စေပါလိမ့်မည်။ စာရေးဆရာ ချားလ်ကဲန်မရွန်းနှင့် ဆူဇန်နာ အီလူစာတို့က ဤသို့ထောက်ပြကြသည်– “သင်ယူခြင်းသည် သင့်စွမ်းရည်ကိုတိုးပွားစေခြင်းဖြင့် သင့်ယုံကြည်ကိုးစားမှုကို တိုးပွားစေသည်သာမက ဘဝအပေါ် ယေဘုယျအမြင်သဘောထားကိုလည်း ပြောင်းလဲသက်ရောက်မှုရှိစေသည်; ယင်းက ပြဿနာများကို ပြေလည်စေနိုင်သည်၊ အခက်အခဲများကို ကျော်လွှားစေနိုင်သည်၊ ကြောက်ရွံ့မှုများကို ပပျောက်စေနိုင်ပြီး သင်စိတ်ကူးခဲ့သည်ထက်ပို၍ အရာများကို ဖြစ်မြောက်နိုင်သည်။”

‘ဒါပေမဲ့ ကျွန်တော့်အလုပ်အကြောင်း ဟိုးအရင်ကတည်းက အားလုံးကိုသင်ယူပြီးလို့ သိပြီးပါပြီ’ ဟုသင်ကန့်ကွက်ပေမည်။ ယင်းသို့ဖြစ်လျှင် သင်သည် သင့်အလုပ်နှင့် သွယ်ဝိုက်သောနည်းဖြင့် ဆက်စပ်သောအရာများကို သင်ယူနိုင်မည်လော။ ဥပမာအနေဖြင့် လူသားချင်းဆက်ဆံရေးအကြောင်း သို့မဟုတ် သင့်ပစ္စည်းကိရိယာများအကြောင်း ပိုမိုသင်ယူရန် ဆုံးဖြတ်ပေမည်။ သာ၍ကောင်းသော ရုံးမှတ်တမ်းကို မည်သို့ရေးသားမည် သို့မဟုတ် သာ၍ကောင်းသော အစည်းအဝေးတစ်ခုကို မည်သို့ကျင်းပမည်အကြောင်း သင်ယူပေမည်။ ကြီးကြပ်ရေးမှူးများနှင့် ထိတွေ့ဆက်ဆံရန် အထိရောက်ဆုံးသောနည်းများကို သင်ယူနိုင်သည်။

ထိုအရာများကို မည်သို့သင်ယူနိုင်မည်နည်း။ သင့်ကုမ္ပဏီက သင်အခွင့်အရေးယူနိုင်သည့် သင်တန်းများပို့ချပေးပေမည်။ သို့မဟုတ် စာကြည့်တိုက်တစ်ခုသည် သင်လိုအပ်ရာစာအုပ်များရှိပေမည်။ သို့သော် သိပ်မထင်ရှားသော အကြောင်းအချက်ရင်းမြစ်တို့ကို သတိမပြုမိဘဲမနေပါနှင့်။ အလုပ်ခွင်ရှိလူတို့ကို အကဲခတ်ကာ သူတို့၏အားသာချက်နှင့် အားနည်းချက်များကို သတိပြုမှတ်သားခြင်းသည် ပညာသင်ယူခြင်းတစ်ရပ်ဖြစ်ပေမည်။ သင့်မှားယွင်းမှုများမှ သင်ခန်းစာယူနိုင်ပြီး မှန်ကန်စွာပြုလုပ်ခဲ့သည့်အရာကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့်လည်း သင့်အောင်မြင်မှုများမှ သင်ယူနိုင်ပါသည်။ သင့်ကိုယ်တိုင်၏တွေ့ကြုံမှုများနှင့် အခြားသူများကို လေ့လာသုံးသပ်ခြင်းမှ သင်ယူရရှိသည့်အရာက စာအုပ်စာပေများတွင် တစ်ခါမျှမဖတ်ဖူးသော၊ သို့မဟုတ် သင်တန်းကျောင်းများတွင် တစ်ခါမျှမကြားဖူးသောအရာများကို သင်ပေးနိုင်ပါသည်။

နောက်ဆုံးအကြံပြုချက်အချို့

သင့်အလုပ်နှင့်ပတ်သက်၍ နောက်တစ်မျိုးစဉ်းစားနိုင်သေးသည်။ သင်သည် သာ၍ကောင်းသောအရာကိုရထိုက်သည်၊ အခြားသူများက အခွင့်အရေးမှန်သမျှရသည်၊ သင်မှာမူ မိမိအမှန်လုပ်လိုသောအလုပ်ကိုလုပ်ရန် မည်သည့်အခါမျှအခွင့်အရေးမရဟု သင်စဉ်းစားဆုံးဖြတ်ပေမည်။ သင်နှင့်သဘောတူသော အခြားသူများနှင့် မဆုံးနိုင်အောင် အပြန်အလှန်ပြောဆိုနေနိုင်ပြီး ဤအချက်အားလုံး မှန်ကန်သည်ဟု ယုံကြည်လာပေမည်။

သို့သော် ယင်းသည် မမှန်ကန်ချေ။ သူတို့၏အလုပ်တွင် ပျော်မွေ့ကြသူများစွာသည် ထိုသို့ဖြစ်ရန် သင်ယူခဲ့ကြခြင်းဖြစ်သည်။ အိမ်ပုံစံရေးဆွဲသည့်အလုပ်ကို သဘောကျသူသည် ဘတ်စကားမောင်းခြင်းကိုလည်း သဘောကျလာနိုင်သည်။ အဘယ်ကြောင့်နည်း။ အလုပ်ကို တီထွင်မှုစိတ်ကူးဉာဏ်ဖြင့်ချဉ်းကပ်ခြင်းက ရွှင်လန်းမှုနှင့် ကျေနပ်ရောင့်ရဲမှုကိုပေးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အလုပ်ရက်များကို စနေတနင်္ဂနွေနေ့များနှင့်မတူဘဲ စိတ်ပျက်စရာကောင်းစေသည့် အပြုသဘောမပါသောတွေးတောမှုကို သင့်ထံမှဖယ်ထုတ်ပစ်လိုက်ပါ။ ယခင်က ​သင့်အရေးနိမ့်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ နောက်တစ်ခါ ဘာမှားယွင်းသွားမည်ကို စဉ်းစားခြင်းနှင့် သင့်အား အခြားသူများ မည်သို့ယူဆသည်ကို စိုးရိမ်ခြင်းတို့ဖြင့် အချိန်ကို အလဟဿမဖြစ်စေပါနှင့်။ သင့်ရှေ့ရှိအလုပ်ကိုကြည့်ပါ။ အပြည့်အဝအာရုံစိုက်ပါ။ သင်အနှစ်သက်ဆုံး ဝါသနာပါရာအလုပ်တွင် သင်နစ်မွန်းသကဲ့သို့ဖြစ်လာရန် ကြိုးစားပါ။ သင်၏အတတ်နိုင်ဆုံးကြိုးစားမှုဖြစ်စေကာ ကောင်းစွာလုပ်ဆောင်ထားသည့်အလုပ်မှ ရွှင်လန်းမှုကိုရယူပါ။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်အလုပ်ကို ပေါ့ပေါ့မလုပ်ပါနှင့်

သမ္မာကျမ်းစာက နယပုံပြင် ၂၇:၂၃၊ ၂၄ [သမ] တွင်ဤသို့ဆိုသည်– “သင်၏သိုးဆိတ်အုပ်များအဖြစ်အနေကိုသိရန် ဂရုပြုလော့။ အသို့ဆိုသော် ဥစ္စာဘဏ္ဍာသည် အမြဲမတည်တတ်။ သရဖူကိုလည်း အစဉ်အဆက်မခံရ။” ယင်းက ဘာကိုဆိုလိုသနည်း။

အားလုံးကိုရရှိခဲ့သည်ဆိုဦးတော့ ကြွယ်ဝမှု (ဥစ္စာဘဏ္ဍာ) နှင့် ထင်ပေါ်သည့်ရာထူး (သရဖူ) တို့သည် တစ်ခဏသာတည်လေ့ရှိကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ကျမ်းစာခေတ်ကသိုးထိန်းတစ်ဦးသည် မိမိသိုးစုကို ဝီရိယရှိရှိအာရုံစိုက်မည်ဆိုလျှင် တစ်နည်းအားဖြင့် ‘သူ၏သိုးအုပ်များအဖြစ်အနေကိုသိရန် ဂရုပြု’ လျှင် ဉာဏ်ပညာရှိကြောင်း ပြသရာရောက်သည်။ ဆက်လိုက်လာသော နောက်အခန်းငယ်သုံးခုက ပြဆိုသည့်အတိုင်း ရလဒ်အနေဖြင့် လုပ်သားနှင့် သူ၏မိသားစုအတွက် ရုပ်စ္စည်းဘက်တွင် လုံခြုံမှုရရှိစေမည်ဖြစ်သည်။—သု. ၂၇:၂၅-၂၇။

ယနေ့ကော။ လူတို့သည် ကံကောင်းထောက်မမှု သို့မဟုတ် ထင်ပေါ်သည့်ရာထူးရှာဖွေရယူခြင်းအပေါ် စိတ်နှလုံးရောက်လေ့ရှိကြသည်၊ ယင်းက သူတို့အား မိမိတို့၏လက်ရှိလုပ်ငန်းမှ နုတ်ထွက်စေနိုင်လိမ့်မည်ဟု မျှော်လင့်ကြသည်။ အချို့တို့တွင် လက်တွေ့ကျသောအစီအစဉ်များရှိကြသည်; အခြားသူများမူ စိတ်ကူးယဉ်ကြရုံသာရှိသည်။ မည်သို့ပင်ဖြစ်ပါစေ လူတစ်ဦး၏ဝင်ငွေအလုပ်ကို အထင်သေးခြင်း သို့မဟုတ် ပေါ့ပေါ့တန်တန်ပြုခြင်းတို့သည် ပညာရှိရာမရောက်ချေ။ ယင်းသည် အားအထားရဆုံးသော ငွေဝင်ပေါက်ဖြစ်ကာ ထိုသို့ဆက်၍ဖြစ်နေနိုင်သည်။ လူတစ်ဦး မိမိ၏ “သိုးနွားစု” အပေါ် စိတ်နှလုံးရောက်ခြင်း၊ မိမိအားထားရသော အလုပ်လယ်ကွင်းတွင် အပြည့်အဝအာရုံစိုက်ခြင်းသည် ပို၍ပညာရှိရာရောက်သည်။ ထိုသို့ပြုလုပ်ခြင်းသည် လက်ရှိကော အနာဂတ်တွင်ပါ ရုပ်ပစ္စည်းဘက် လုံခြုံမှုကိုဖြစ်စေနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ