တစ်ကမ္ဘာလုံးစုပေါင်းဖြေရှင်းခြင်း—ဖြစ်နိုင်ပါမည်လော
တီဘီရောဂါသည် တစ်ကမ္ဘာလုံးစုပေါင်းဖြေရှင်းဖို့လိုသည့် ကမ္ဘာ့ပြဿနာတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများ လက်ခံထားကြသည်။ အပတ်စဉ် လူပေါင်းသန်းနှင့်ချီပြီး နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်နေကြသောကြောင့် တီဘီရောဂါကို တစ်နိုင်ငံကောင်းဖြင့် မထိန်းချုပ်နိုင်ပါ။
ချမ်းသာသောနိုင်ငံများက တီဘီအပြင်းအထန်ခံစားနေရသည့် ဆင်းရဲသောနိုင်ငံများကို ကူမပေးခြင်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းလုပ်ဆောင်မှုလိုအပ်သည်ဟု အများက ယုံကြည်ထားကြသည်။ ဒေါက်တာ အရက်တာ ကိုချီ ပြောသကဲ့သို့ “ချမ်းသာသောနိုင်ငံများအနေဖြင့် စိတ်ဝင်စားသည့်အရာမှာ မိမိတို့၏နိုင်ငံသည် တီဘီစစ်မြေပြင်မဖြစ်မီ သိပ်မဖွံ့ဖြိုးသော နိုင်ငံများက တီဘီအား တိုက်ဖျက်နေမှုကို ကူညီပေးရေးဖြစ်သည်။”
သို့သော် ကြွယ်ဝသောနိုင်ငံများသည် သာ၍အရေးတကြီးဦးစားပေးရမည့်အရာများနှင့် ပြဿနာများဟုသူတို့ယူမှတ်ထားသော အရာများနှင့် ပြည့်နှက်ဝန်းရံနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို အဆောတလျင်မလုပ်ကြပါ။ ဆင်းရဲသောနိုင်ငံအချို့ကိုယ်နှိုက်က ကျန်းမာရေးဂရုစိုက်ခြင်းကို လျစ်လျူရှုထားလေ့ရှိကာ စစ်လက်နက်များအတွက် ငွေပုံအော၍အကုန်အကျခံနေကြသည်။ ၁၉၉၆ ခုနှစ်နှစ်လယ်တွင် ကမ္ဘာ့တီဘီရောဂါသည်၏ ၁၀ ရာခိုင်နှုန်းသာ ဒေါ့တ်စ်နည်းဖြင့် ကုသမှုခံကြရသည်၊ ယင်းသည် ဤရောဂါကပ် သာ၍ဆိုးလာမှုကို မဆိုစလောက်သာ ကာကွယ်တားဆီးပေးသည်။
ဒဗ္ဗလျူအိတ်ချ်အိုက “တီဘီရောဂါကို ကုသနိုင်သည့် အသိပညာနှင့် ဈေးနှုန်းချိုသာသောဆေးဝါးများရှိလာခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီပေပြီ။ ကမ္ဘာတွင် ယခုလိုအပ်နေသည့်အရာမှာ ဤဆေးများကို ကမ္ဘာတစ်ဝန်းလုံးတွင် ထိထိရောက်ရောက်အသုံးပြုရန်ကြီးကြပ်ပေးမည့် အစွမ်းတန်ခိုး၊ ဩဇာနှင့် ညှာတာမှုရှိသူများ၏ အင်တိုက်အားတိုက်ကြိုးစားမှုဖြစ်သည်။”
ရလတ္တံ့သောအောင်မြင်မှု
ဤပြဿနာကို ဖြေရှင်းဖို့ အစွမ်းတန်ခိုးနှင့် ဩဇာရှိလူသားများကို ယုံကြည်စိတ်ချစွာ မျှော်ကိုးနိုင်ပါသလော။ မှုတ်သွင်းခံ ကျမ်းစာဆာလံဆရာက ဤသို့ရေးသားထားသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” သို့ဆိုလျှင် မည်သူ့ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်သနည်း။ ကျမ်းစာကထပ်၍ ဤသို့ဆိုသည်– “ယာကုပ်အမျိုး၏ဘုရားသခင်မစတော်မူသောသူ၊ မိမိဘုရားသခင်ထာဝရဘုရားကိုမျှော်လင့်သောသူသည် မင်္ဂလာရှိ၏။ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ရှိသမျှကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်ကိုအစဉ်အမြဲစောင့်တော်မူ၏။”—ဆာလံ ၁၄၆:၃၊ ၅၊ ၆။
ဤကမ္ဘာကို ပုံစံထုတ်လုပ်ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ရောဂါဘယကို အဆုံးသတ်ပေးနိုင်သည့် အစွမ်းတန်ခိုးနှင့် ဉာဏ်ပညာလည်းရှိတော်မူသည်။ ကိုယ်တော်တွင် ညှာတာမှုရှိ၏လော။ ယေဟောဝါသည် မိမိ၏မှုတ်သွင်းခံပရောဖက်မှတစ်ဆင့် “အစေခံသောသားကို အဘညှာတာသကဲ့သို့ ထိုသူတို့ [ငါ၏လူမျိုးတော်] ကိုငါညှာတာမည်” ဟုကတိပြုတော်မူသည်။—မာလခိ ၃:၁၇၊ သမ္မာ။
ကျမ်းစာ၏နိဂုံးအခန်းကြီးတွင် တမန်တော်ယောဟန် အဆင်းအာရုံတစ်ခုရခဲ့ကြောင်း ဖော်ပြထားသည်။ သူမြင်ခဲ့သည်မှာ “အသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။” ဤပုံဆောင်အပင်နှင့် ထွက်သောသစ်သီးများသည် နာခံမှုရှိသောလူသားများအား ဤကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်နိုင်စေမည့် ဘုရားသခင့်ပြင်ဆင်ပေးရာများကို ပုံတင်ပြသည်။—ဗျာဒိတ် ၂၂:၂။
ယောဟန်က ဤသို့ဆက်၍ရေးသည်– “အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။” ဤပုံဆောင်သစ်ရွက်များသည် လူသားများအား ဝိညာဉ်ရေးကော ကာယရေးပါ ရောဂါပျောက်ကင်းစေမည့် ဘုရားသခင်ထံတော်မှလာသော ကောင်းချီးများကို ပုံတင်ပြသည်။ ထို့ကြောင့် ဘုရားသခင်အုပ်စိုးမှုအောက် ဖြောင့်မတ်သော ကမ္ဘာသစ်တွင် တီဘီရောဂါကို ထာဝစဉ်လုံးလုံးအောင်နိုင်မည်ဟု စိတ်ချသေချာနိုင်ပါသည်။—ဗျာဒိတ် ၂၁:၃၊ ၄။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
လူသားတို့ ထာဝစဉ်ရောဂါကင်းသွားမည်ဟု ဘုရားသခင်ကတိပေးတော်မူသည်