ဖိစီးမှု—“ဖြည်းညင်းသောအဆိပ်”
“‘ရောဂါရတဲ့အထိ စိတ်ဖိစီးမှုမခံပါနဲ့’ ဟူ၍ လူတို့ပြောဆိုကြသည်ကို ကျွန်ုပ်တို့ကြားကြရ၏။ အမှန်တကယ်အားဖြင့် ယင်းအတွက် ဇီဝဆိုင်ရာအခြေခံတရားတစ်ရပ်ရှိကြောင်းကိုမူသူတို့မသိရှိနိုင်ကြချေ။”—ဒေါက်တာ ဒေးဗစ် ဖဲလ်တန်။
ဆယ်ကျော်သက်အရွယ် သားတစ်ဦးရှိသည့် ကြင်ဖော်မဲ့မိခင်ဖြစ်သူ ဂျေးလ်သည် ဘဏ်စုငွေနည်းပါးလာပြီး မိဘများနှင့်လည်း တင်းမာသောဆက်ဆံရေးရှိထားရာ ဖိစီးမှုများစေဖို့ အကြောင်းဖန်လာသည်။ ထိုအခါ မမျှော်လင့်ပဲ ယားယံသည့်မီးလောင်ဖုကဲ့သို့သောအဖုအပိမ့်များ သူ့လက်မောင်းတွင်ပေါ်လာ၏။ သူသည် ပဋိဇီဝဆေးဝါးများ၊ ကော်တီဆုန်းလိမ်းဆေးများနှင့် ဟစ္စတာမင်းဖြေဆေးများကိုမှီဝဲသော်လည်း ၎င်းတို့မှတစ်ခုကမျှ မပျောက်ကင်းစေနိုင်ချေ။ ယင်းအစား ထိုအဖုအပိမ့်များသည် ဂျေးလ်၏မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။ ဖိစီးမှုသည် အမှန်ပင် သူ့အရေပြားအောက်ရောက်သွားလေပြီ။
ဂျေးလ်သည် လူနာများ၏ စိတ်လှုပ်ရှားမှုဆိုင်ရာအခြေအနေကိုဆန်းစစ်သည့် အရေပြားဆိုင်ရာဆေးကုခန်းသို့သွားရန် ညွှန်ကြားခံခဲ့ရသည်။ ဆေးကုခန်းကို တွဲဖက်တည်ထောင်သူ ဒေါက်တာသောမတ်စ် ဂရက်ဂ်က “ကျွန်တော်တို့ဟာ သူတို့ရဲ့ဘဝမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သိရှိဖို့ကြိုးစားကြရတယ်” ဟူ၍ပြောပြ၏။ ကုသရခက်သောအရေပြားပြဿနာရှိသူတို့တွင် ဆေးကုသမှုလိုအပ်သည့်အပြင် ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်းရာ၌ ကူညီပေးဖို့ပါလိုအပ်ကြောင်း သူတွေ့မြင်ရလေ့ရှိသည်။ “ရှင်းရှင်းပြောရလျှင် သင့်သဘောထားပုံနှင့် ပြုမူပုံက အရေပြားရောဂါကိုဖြစ်စေသည်” ဟုဒေါက်တာ ဂရက်ဂ်ကဝန်ခံသည်။ “သို့သော် ကျွန်ုပ်တို့ပြောနိုင်သည်မှာ အရေပြားဆိုင်ရာဝေဒနာများတွင် လူတစ်ဦး၏စိတ်ပိုင်းအခြေအနေမှာ အကြီးအကျယ်ပါဝင်ပတ်သက်နိုင်ပြီး သူ့ဘဝ၏ဖိစီးမှုကိုဖြေရှင်းပေးဖို့မကူညီဘဲနှင့် စတီရွိုက်လိမ်းဆေး ဆေးညွှန်းများကိုရေးပေးခြင်း မပြုလုပ်သင့်ချေ။”
ဂျေးလ်က ဖိစီးမှုကို ထိန်းချုပ်ဖို့သင်ယူခြင်းသည် အမှန်ပင် သူ့အရေပြားကိုထိန်းသိမ်းကာကွယ်ပေးခဲ့၏ဟု ခံစားရသည်။ “ကျွန်မမှာ အဖုအပိမ့်တွေရှိဆဲပါပဲ၊ ဒါပေမဲ့ ဟိုအရင်ကလောက်တော့ သိပ်မဆိုးတော့ဘူး” ဟူ၍ဆိုသည်။ ဖြစ်လေ့ဖြစ်ထမရှိသည့်အရာတစ်ခုလော။ လုံးဝမဟုတ်ပါ။ ဖိစီးမှုသည် အင်ပျဉ်၊ ဂျွတ်ပွေး၊ ဝက်ခြံနှင့် နှင်းခူအပါအဝင် အရေပြားဆိုင်ရာရောဂါအမျိုးမျိုးဖြစ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်လေ့ရှိကြောင်း ဆရာဝန်များစွာက ယုံကြည်ကြ၏။ သို့သော် ဖိစီးမှုသည် သင့်အရေပြားကိုသာမက အခြားအစိတ်အပိုင်းများကိုလည်း ထိခိုက်နိုင်ပေသည်။
ဖိစီးမှုနှင့် သင့်ရောဂါပြီးစနစ်
လတ်တလောသုတေသနပြုချက်က ဖိစီးမှုသည် သင့်ရောဂါပြီးစနစ်ကို အားနည်းစေနိုင်သည့်အတွက် ကူးစက်ရောဂါအမျိုးမျိုးအတွက် တံခါးဖွင့်ထားပေးရာကျ၏ဟု ဖော်ပြသည်။ “ဖိစီးမှုက သင့်အားဖျားစေသည်မဟုတ်” ဟူ၍ဗိုင်းရတ်ပညာရှင် ရောနယ်လ် ဂလက်စာကဆို၏။ “သို့သော် ယင်းက သင့်ရောဂါပြီးစနစ်တွင်းလုပ်ဆောင်မှုကြောင့် ဖျားနာသည့်အဖြစ်သို့ရောက်စေဖို့ အလားအလာပို၍များစေသည်။” အအေးမိခြင်း၊ တုတ်ကွေးနှင့် ရေယုန်တို့သည် ဖိစီးမှုနှင့်ဆက်နွှယ်လျက်ရှိကြောင်း အထူးယုံကြည်လောက်သည့်သာဓကရှိ၏။ အဆိုပါဗိုင်းရတ်ပိုးများ ရဖို့အန္တရာယ်အမြဲရှိနေသော်လည်း သာမန်အားဖြင့် ကျွန်ုပ်တို့၏ရောဂါပြီးစနစ်က ယင်းတို့ကို တိုက်ထုတ်လေသည်။ သို့သော် လူတစ်ဦးသည် စိတ်သောကဖြစ်နေချိန်ဝယ် ဤခုခံကာကွယ်မှုများချို့ယွင်းသွားနိုင်သည်ဟူ၍ ကျွမ်းကျင်သူအချို့ကဆိုသည်။
ဇီဝဆိုင်ရာဖြစ်စဉ်များကို အပြည့်အဝနားမလည်သည့်တိုင် သီအိုရီအချို့အရ သင်သည် ဖိစီးမှုအောက်ရောက်နေချိန်ဝယ် လှုပ်ရှားမှုအတွက် အသင့်အနေအထားဖြစ်စေသော ဟော်မုန်းသည် သွေးကြောမှတစ်ဆင့် တလိမ့်လိမ့်တက်လာရာ သင်၏ရောဂါပြီးလုပ်ငန်းကို ဟန့်တားနိုင်လေသည်။ ဤဟော်မုန်းတို့သည် အချိန်တိုအတွင်းသာထွက်ရှိသောကြောင့် များသောအားဖြင့် ယင်းသည် စိုးရိမ်ဖွယ်ရာအကြောင်းရင်းတစ်ရပ်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ လူတစ်ဦးသည် ဖိစီးမှုကို ဆက်တိုက်အပြင်းအထန်ကြုံနေရလျှင် သူ၏ရောဂါပြီးစနစ်သည် ဖျားနာမှုကို မခုခံနိုင်တော့သည့်အတိုင်းအတာအထိ အားပျော့လာသည်ဟု အချို့ကဆိုသည်။
မိမိတို့ထံ ရောဂါအကြောင်းလာရောက်တိုင်ပင်သူများတွင် အများအားဖြင့် ခေါင်းကိုက်ခြင်း၊ အိပ်မရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများပါဝင်သော ဖိစီးမှုနှင့်ပတ်သက်ဆက်နွှယ်နေသည့်ရောဂါသည် ၅၀ မှ ၇၀ ရာခိုင်နှုန်းခန့်ပါဝင်သည်ဟု ကနေဒါနိုင်ငံမှဆရာဝန်များ အဘယ်ကြောင့်ခန့်မှန်းရကြောင်း ယင်းက ရှင်းလင်းစေပေမည်။ အမေရိကန်ပြည်ထောင်စုတွင် အဆိုပါကိန်းဂဏန်းသည် ၇၅ နှင့် ၉၀ ရာခိုင်နှုန်းကြားရှိသည်ဟု ခန့်မှန်းကြ၏။ ဒေါက်တာ ဂျန်း ကင်းက မိမိဤသို့ပြောရာတွင် ချဲ့ကား၍ပြောခြင်းမဟုတ်ဟု သူယူမှတ်သည်– “နာတာရှည်ဖိစီးမှုသည် ဖြည်းညင်းသောအဆိပ်နှင့်တူ၏။”
တစ်ခုတည်းသောအကြောင်းရင်းလည်းမဟုတ်၊ တစ်ခုတည်းသောကုသမှုလည်းမဟုတ်
ဆိုခဲ့ပြီးသည့်အတိုင်းဖြစ်သော်လည်း ဖိစီးမှုတစ်ခုတည်းကသာ လူတစ်ဦး၏ ကျန်းမာရေးအခြေအနေ ပြောင်းလဲလောက်သည့်အထိ ရောဂါပြီးစနစ်ကိုထိခိုက်နိုင်သည်ဟု သိပ္ပံပညာရှင်များ တပ်အပ်မပြောနိုင်ချေ။ သို့ဖြစ်၍ ဖိစီးမှုကြုံရသူတိုင်း၊ ရေရှည်ပုံစံပင်ဖြစ်လင့်ကစား ရောဂါတစ်ခုခုရမည်ဟု တစ်ဖက်သတ်မဆိုနိုင်ချေ။ ဆန့်ကျင်ဘက်အနေနှင့် ဖိစီးမှုမရှိခြင်းက ကောင်းသောကျန်းမာရေးကိုရရှိဖို့ အာမခံချက်ပေးလိမ့်မည်ဟု မပြောနိုင်သကဲ့သို့ အကောင်းမြင်၍အပြုသဘောရှိခြင်းဖြင့် ဖျားနာမှုကို စိတ်စွမ်းအားဖြင့် ပျောက်ကင်းစေနိုင်သည်ဟူသော လွဲမှားသည့်အယူအဆကြောင့် ဆေးဘက်ဆိုင်ရာကုသမှုကို ငြင်းပယ်ခြင်းသည်လည်း ပညာရှိရာမကျပါ။ ဒေါက်တာ ဒယ်နီယယ် ဂလိုမန်းက ဤသို့သတိပေးသည်– “ရောဂါအားလုံးကို စိတ်နေသဘောထားကပျောက်စေနိုင်သည်ဟူသော အပြောကောင်းခြင်း၏ရလဒ်က စိတ်သည် ဖျားနာမှုအပေါ် ဩဇာသက်ရောက်သည့်အတိုင်းအတာနှင့်ပတ်သက်၍ နေရာအနှံ့တွင် စိတ်ရှုပ်ထွေးမှုနှင့် သဘောထားကွဲလွဲမှုဖြစ်ပေါ်စေပြီး ထိုထက်ဆိုးသည်မှာ ရောဂါရှိခြင်းသည် စိတ်ဓာတ်ကျဆင်းမှု၊ ဝိညာဉ်ရေးမထိုက်တန်မှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟူ၍ တစ်ခါတစ်ရံ လူတို့အားခံစားရစေသည်။”
ထို့ကြောင့် ဖျားနာမှုတစ်ခုဖြစ်ရခြင်း၏အကြောင်းရင်းကို အချက်တစ်ချက်တည်းဖြင့်သာကန့်သတ်ထားရန်မှာ ဖြစ်နိုင်ခြေအလွန်နည်းသည်ဟု သဘောပေါက်ရမည်။ သို့တိုင် ဖိစီးမှုနှင့် ဖျားနာမှုကြား ဆက်နွှယ်ချက်က ဤ “ဖြည်းညင်းသောအဆိပ်” မှ သက်သာစေရန် ဖြစ်နိုင်သည့်အခါတိုင်း သင်ယူခြင်း၏ပညာရှိပုံကို အလေးအနက်ဖော်ပြသည်။
ယင်းကို မည်သို့ပြုနိုင်ကြောင်း ထည့်သွင်းမသုံးသပ်မီ ဖိစီးမှု၏သဘောသဘာဝနှင့် အချို့ကိစ္စများတွင် ၎င်းက သင့်အတွက် မည်သို့အကျိုးပင်ပြုနိုင်ကြောင်း အသေးစိတ်သုံးသပ်ကြည့်ကြစို့။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ဖိစီးမှုနှင့်ဆက်နွှယ်သည့် ဖျားနာမှုအချို့
• ဓာတ်မတဲ့ခြင်းများ
• လေးဖက်နာ
• ပန်းနာရင်ကျပ်
• ကျောဘက်၊ လည်ပင်းနှင့် ပခုံး၌နာကျင်ခြင်း
• အအေးမိခြင်း
• စိတ်ကျခြင်း
• ဝမ်းလျှောခြင်း
• တုတ်ကွေး
• အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာများ
• ခေါင်းကိုက်ခြင်း
• နှလုံးဆိုင်ရာပြဿနာများ
• အိပ်မပျော်ခြင်း
• ခေါင်းတစ်ခြမ်းကိုက်ခြင်း
• အစာအိမ်၌ အနာဖြစ်ခြင်း
• လိင်ဆိုင်ရာချို့ယွင်းခြင်း
• အရေပြားပြဿနာများ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဆရာဝန်ထံ လာရောက်သူအများစု၏ပြဿနာမှာဖိစီးမှုကြောင့်ဖြစ်