ကျွန်ုပ်တို့နှင့်မလှမ်းမကမ်းတွင်ရှိ လင်းပိုင်
ဩစတြေးလျမှ နိုးလော့! သတင်းထောက် ပေးပို့သည်
ရေငန်ဖြစ်စေ၊ ရေချိုဖြစ်စေ၊ ရေနောက်ဖြစ်စေ၊ ရေကြည်ဖြစ်စေ အပူပိုင်းရေတိမ်ဒေသများကို သူနှစ်သက်သည်။ ယင်းတို့ကျက်စားရာအရပ်မှာ အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားပင်လယ်အော်မှ မလေးကျွန်းစုတစ်လျှောက်၊ မြောက်ပိုင်းသြစတြေးလျအထိဖြစ်သည်။
သို့တိုင် ဧရာဝတီလင်းပိုင်ကို တွေ့ဖူးကြားဖူးသူနည်းသည်—အထူးသဖြင့် ဩစတြေးလျတိုက်သားများဖြစ်ပြီး သူတို့၏မြောက်ပိုင်းဒေသသည် ကမ္ဘာတွင် ဤသတ္တဝါများအများဆုံးစုဝေးရာအရပ်ဖြစ်သည်။ အံ့ဩစရာဖြစ်သလော။ ဖြစ်လည်းဖြစ်သည်၊ ဖြစ်လည်းမဖြစ်ပါ။
၁၉ ရာစုတွင် သတ္တဗေဒပညာရှင် ဂျွန် အက်ဒါစင်သည် မြန်မာနိုင်ငံရှိဧရာဝတီမြစ်တွင် နှုတ်သီးမပါသောခေါင်းဝိုင်း ခိုပြာရောင်လင်းပိုင်ငါးအုပ်ကြီးကို မြင်ခဲ့သည်။ ယင်းကိုသူက ဧရာဝတီလင်းပိုင်ဟု အမည်ပေးခဲ့သည်။
မြင်ရခဲသည့်အကြောင်း
ဧရာဝတီတို့သည် ပူအိုက်စွတ်စိုသော ပင်လယ်ကမ်းရိုးတန်း၊ မြစ်ဝကျယ်နှင့် မြစ်ဝန်းကျင်ဒေသတို့တွင် ကြီးထွားရှင်သန်ကြသည်။ ၎င်းတို့၏နေအိမ်မှာ လူတို့ကိုဆွဲဆောင်မှုရှိသော ပတ်ဝန်းကျင်မျိုးမဟုတ်ဘဲ ရွှံ့နွံ၊ လမုပင်များ၊ ချုံတော၊ ခြင်အုပ်ကြီးနှင့် မိကျောင်းများပင်ရှိသည့်နေရာများ အနီးတစ်ဝိုက်ဖြစ်သည်။
ထိုနေရာများမှရေမှာလည်း အများအားဖြင့် နောက်နေတတ်သောကြောင့် အသက်ရှူရန်ရေပြင်သို့ခေတ္တမျှတက်လာချိန်၌သာ လင်းပိုင်ကိုတွေ့နိုင်ပေမည်။ ယင်းအချိန်မျိုး၌ပင် ထိုသတ္တဝါသည် ပုန်းလျှိုးကွယ်လျှိုးနှင့်ဖြစ်သည်။ ယင်း၏ကျောပိုင်းနည်းနည်းသာပေါ်ပြီး ကျောရိုးဆူးတောင်မှာ အခြားလင်းပိုင်များနှင့်စာလျှင် ပိုငယ်သည်။
သို့သော် အချို့နေရာများတွင် ဧရာဝတီလင်းပိုင်များကို မြင်ဖို့မခဲယဉ်းပါ။ ထိုသတ္တဝါများသည် အစာရှာ၍ ရေဆန်ခုန်ပေါက်မြူးထူးနေကြသည့်အပြင် ရေပန်းများ သို့မဟုတ် ရေပန်းခြံထဲမှပန်းပုရုပ်များကဲ့သို့ သူတို့၏ပါးစပ်မှ ရေပန်းထုတ်ကြသည်ကိုပင် မြန်မာနိုင်ငံမှ ဧရာဝတီမြစ်နှင့် အာရှဒေသလင်းပိုင်များကျက်စားရာ အခြားမြစ်များတွင် သွားလာနေကြသည့် တံငါသည်များနှင့် ရေယာဉ်မောင်းသူများ မကြာခဏမြင်ရကြသည်။
ဧရာဝတီတို့သည် ဩစတြေးလျရေပြင်တွင် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှ တိုက်ကြီး၏ထိပ်ပိုင်းတစ်ဝိုက်နှင့် အရှေ့ဘက်ကမ်းရိုးတန်းအထိ ကျက်စားကြသည်။ ယင်းတို့ကို ၆ ကောင်ထက်မပိုသော အုပ်စုဖြင့်တွေ့ရလေ့ရှိပြီး ရံဖန်ရံခါမှသာ ၁၅ ကောင်အထိတွေ့ရသည်။ သူတို့၏အာရှတိုက်ဖွားမျိုးနွယ်များနှင့်မတူဘဲ ဩစတြေးလျမျိုးရိုးစုတို့သည် ရေပန်းမှုတ်ထုတ်ခြင်းကို တစ်ခါမျှမပြုကြပါ။
လင်းပိုင်တစ်ကောင်လော
ဧရာဝတီတို့သည် ကုန်းမြေနှင့်နီးသောနေရာတွင်နေထိုင်ကြပြီး သွက်လက်ဖျတ်လတ်စွာနေထိုင်သော ရေပြင်ပြာတွင်ကျက်စားသည့် မျိုးရင်းဝင်တို့နှင့်ယှဉ်လျှင် ရေကူးပိုနှေးသည်။ သို့တိုင် သိပ္ပံပညာရှင်တို့သည် ၎င်းသတ္တဝါတို့ကိုလေ့လာမှုပြုရာတွင် အခက်အခဲများတွေ့ကြသည်။ အဓိကအကြောင်းရင်းတစ်ခုမှာ ယင်းတို့၏ ဆွဲဆောင်မှုမရှိသောကျက်စားရာနေရာကြောင့်ဖြစ်သည်။ သို့ရာတွင် သက်ရှိဧရာဝတီများကို အင်ဒိုနီးရှား၊ ဂျကာတာမြို့မှ ဂျာယာအန်ကိုးလ်ငါးကန်ကြီးတွင် လေ့လာခဲ့ကြသည်။
ဧရာဝတီတို့အကြောင်းလူသိနည်းသောကြောင့် ဝေလ-လင်းပိုင်ပင်မမျိုးရင်း၏ မည်သည့်အဆင့်တွင်ပါဝင်ကြောင်း မကြာသေးမီအချိန်အထိ ဇီဝဗေဒပညာရှင်များ အတိအကျမသိကြသေးချေ။ ယင်းတို့တွင် လင်းပိုင်များနှင့်တူညီရာများရှိကြောင်း ထင်ရှားသည်။ သို့တိုင် အရောင် (ခိုပြာရောင်ဖျော့ဖျော့မှ ခိုပြာရောင်ရင့်ရင့်အထိရှိ) မဟုတ်ဘဲ ပုံစံအားဖြင့် အာ့တစ်ခ်ဘလူးဂါးငါးမန်း သို့မဟုတ် ငါးမန်းဖြူအသေးစားနှင့် ယင်းကိုအထင်မှားနိုင်သည်။ ယင်းတို့၏ ထူးခြားစွာကွေးဆန့်နိုင်သည့် လည်ပင်းသည်ပင် ဘလူးဂါးလည်ပင်းနှင့် အတော်ဆင်သည်။ ထို့ကြောင့် ယင်းတို့ကားအဘယ်နည်း—အီကွေတာဘလူးဂါးလော၊ လင်းပိုင်အစစ်လော။
သိရှိနိုင်သောနည်းတစ်နည်းမှာ ခန္ဓာဗေဒဆိုင်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာ ကျယ်ပြန့်သည့်ကွဲပြားမှုများကို ချိန်ခွင်ပေါ်တွင်တင်သကဲ့သို့ဆန်းစစ်ကာ မည်သည့်ဘက်သို့အလေးသာသည်ကို ကြည့်ခြင်းအားဖြင့်ဖြစ်သည်။ သက်သေအထောက်အထားမှာ လင်းပိုင်ဘက်သို့အလေးသာသွားပါသည်။
ကျွန်ုပ်တို့သိထားသည့်အချက်အလက်အနည်းငယ်
ဧရာဝတီသားပေါက်ဖွားခါစတွင် အရှည်သုံးပေခန့်ရှိပြီး အလေးချိန် ၂၆ ပေါင်ခန့်ရှိသည်။ အထီးများမှာ ကိုးပေခန့်၊ အမများမှာ ယင်းထက်အနည်းငယ်လျော့သည်အထိ ကြီးထွားလာသည်။ ၂၈ နှစ်မျှအသက်ရှင်နိုင်သည်။
ဧရာဝတီအသေကောင်၏ ဝမ်းဗိုက်မှရရှိရာများက ထိုသတ္တဝါတို့သည် ပြည်ကြီးငါး၊ ပုစွန်ဆိတ်၊ ပုစွန်ထုပ်နှင့်ငါး—အထူးသဖြင့် ရေနက်ပိုင်းနေငါးများကိုစားကြောင်း ဖော်ပြသည်။ ရေမှုတ်ထုတ်တတ်သည့် အာရှဒေသမှလင်းပိုင်များ၏ တစ်မူထူးသောရေမှုတ်ထုတ်သည့်အလေ့အထက နောက်ကျိသောရေထဲငါးရှာရာ၌ အထောက်အကူပြုနိုင်သည်ဟု သိပ္ပံပညာရှင်အချို့က မှန်းဆကြသည်။
ဧရာဝတီတို့သည် အခြားလင်းပိုင်များကဲ့သို့ ထူးခြားသည့်မြည်သံကိုပြုလုပ်ကြသည်။ အပူပိုင်းကွင်းစ်လဲန်ပြည်နယ်ပြတိုက်မှ ဒေါက်တာ ပီတာအာနိုးလ်က “ဂျာယာအန်ကိုးလ်ငါးကန်ကြီးတွင် ပြုလုပ်သောသုတေသနပြုချက်အရ ဧရာဝတီလင်းပိုင်များသည် အခြားလင်းပိုင်များပြုသကဲ့သို့ ပဲ့တင်ပြန်နေရာမှတ်ရန် မြည်သံပြု၍ သားကောင်ကိုရှာဖွေကြသည်” ဟု နိုးလော့! ကိုပြောပြသည်။
ယင်းသည်အနာဂတ်ရှိပါသလော
ကမ္ဘာတွင် ဧရာဝတီမည်မျှရှိသည်ကို သိပ္ပံပညာရှင်များမသိကြပါ။ သို့သော် ယင်းတို့မျိုးသုဉ်းသွားမည်ကို စိုးရိမ်နေရသည်။ အရှေ့တောင်အာရှဒေသအချို့တွင် ယင်းတို့၏အရေအတွက်မှာ လျော့နည်းလာပြီး အခြားဒေသများတွင်မူ လုံးဝမတွေ့ရတော့ပေ။
ယင်းသို့ဖြစ်ခြင်းမှာ သစ်ခုတ်စီမံကိန်း၊ ယင်းကြောင့်ဖြစ်သော ညစ်ညမ်းမှုများနှင့် မြစ်တွင်သောင်ထွန်းခြင်းတို့ကြောင့် ဖြစ်လေ့ရှိသည်။ ဩစတြေးလျနိုင်ငံတွင် လူတို့ကြောင့် ဧရာဝတီတို့ကျက်စားရာနေရာအများမှာ ယင်းတို့မနေနိုင်လောက်အောင်ဖြစ်ခဲ့သည်။ သို့သော် အရှေ့ဘက်ကမ်းရိုးတန်းမှ ပို၍ဆွဲဆောင်မှုရှိသောနယ်မြေတို့တွင် မြို့ပြများတည်ကာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ တည်ထောင်လိုက်ခြင်းကြောင့် ယင်းတို့ အကြီးအကျယ်သေဆုံးကြရသည်။ အချို့ဧရာဝတီများမှာ ငါးဖမ်းပိုက်ကွန်များ၊ အချို့တို့မှာ ကမ်းခြေများ၌ ရေကူးသူတို့ကိုကာကွယ်ပေးဖို့ဆင်ထားသော ငါးမန်းပိုက်ကွန်များတွင် ရေမွန်းသေဆုံးရကြသည်။ ဧရာဝတီတို့၏အစားအစာဖြစ်သည့်ငါးများကို အလွန်အကျွံဖမ်းခြင်းကလည်း ယင်းတို့၏အရေအတွက်ကို ထိခိုက်စေသည်။
သို့သော် ဖြစ်နိုင်ခြေအရှိဆုံးအန္တရာယ်မှာ မြစ်များနှင့် မြစ်ဝကျယ်တို့တွင်စွန့်ပစ်ကြသည့် အညစ်အကြေးအဆမတန်များခြင်းဖြစ်နိုင်သည်။ အဆိုးဆုံးမှာ ပတ်ဝန်းကျင်တွင် ကြာမြင့်စွာတည်ရှိလေ့ရှိသော ပိုလီခရိုရီနိုနိတ်တက် ဗိုင်ဖနီးလ်စ် (PCBs) ကဲ့သို့သော အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည်။ ပီစီဘီအက်စ္စကို အီလက်ထရောနစ်ပစ္စည်းများ၊ သုတ်ဆေးများ၊ ချောဆီများ၊ သစ်သားနှင့်သတ္တုအတွက် အရောင်တင်ဆေးများနှင့် အခြားပစ္စည်းများတွင်အသုံးပြုသည်။
ဩစတြေးလျန်း သဘာဝထိန်းသိမ်းရေးအေဂျင်စီက ဩစတြေးလျန်းလင်းပိုင်မျိုးရင်းများအတွက် အရေးယူလုပ်ဆောင်မှုဟူသော သူတို့၏မှတ်တမ်းတွင် အကောင်းဘက်မှနေ၍ ဤသို့ဖော်ပြခဲ့သည်– “ကွင်းစ်လဲန်ရှိ [ဧရာဝတီလင်းပိုင်တို့၏] ကျက်စားရာနေရာအများစုကို ကြီးမားသောရေအောက်ကျောက်တန်းအဏ္ဏဝါဥယျာဉ်ဖြင့် ကာကွယ်ထားသောကြောင့် ကွင်းစ်လဲန်ရေပြင်တွင် ထိုသတ္တဝါများကို ကိုင်တွယ်ထိန်းသိမ်းခြင်းသည် အလားအလာကောင်းသည်။”
သာ၍ကောင်းသောစီမံအုပ်ချုပ်မှုဖြစ်ဖို့ နောက်တစ်ဆင့်အနေနှင့် ရေယက်ရှည်ပါသည့်ဝေလငါးကြီးမျိုး၊ တောင်ပိုင်းမှရိုက်ထ်ဝေလငါး၊ ပုလင်းပုံနှုတ်သီးရှိလင်းပိုင်တို့နှင့်အတူ ဧရာဝတီကို အရေးပါသော မျိုးစိတ်တစ်ခုအဖြစ်ပေါ်လွင်သွားစေရေး အစီအစဉ်များလုပ်ဖို့ ထိုအေဂျင်စီမှထောက်ခံသည်။ သို့ပြုခြင်းက ဧရာဝတီလင်းပိုင်—နှင့် ကျွန်ုပ်တို့အတွက် အကျိုးရှိစေပါလိမ့်မည်။
[Picture Credit Line on page 17]
ဓာတ်ပုံ– Courtesy Dr. Tony Preen