ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
လူ့ ကြားဝင်မှုထက်သာ၍ကောင်း
၁၉၈၇ ခုနှစ်၌ အင်္ဂလန်နိုင်ငံတွင် မုန်တိုင်းတစ်ခုကသစ်ပင် ၁၅ သန်းကိုဖြိုလှဲခဲ့ပြီး ဆယ်နှစ်အကြာတွင် လူ့ကြားဝင်နှောင့်ယှက်မှုမရှိသည့် သစ်တောများဖုံးလွှမ်းသောနယ်မြေသည် အပင်ပြန်ပေါက်မှုအများဆုံးဖြစ်သည်ကိုတွေ့ရကြောင်း သည်ဒေးလီးတယ်လီဂရပ်ဖ်ကဖော်ပြထားသည်။ သစ်ပင်များပြိုလဲခဲ့သည့်မြေပြင်သို့ အလင်းရောင်ပို၍ကျရောက်ခဲ့သည်။ ယင်းက အပင်ပေါက်များနှင့် ချုံပင်များကို ပေ ၂၀ အမြင့်အထိကြီးထွားစေပြီး ပိုးမွှားများ၊ ငှက်များနှင့် အပင်များကိုလည်း တိုးပွားဖြစ်ထွန်းစေသည်။ ပြိုလဲခဲ့သောဝက်သစ်ချပင်နှင့် ကျောက်ထင်းရှူးပင်များစွာတို့သည် မျှော်လင့်ထားသကဲ့သို့ ဆွေးမြေ့မသွားဘဲ ယင်းတို့၏အသားများသည် ယခုအခါ အသားသေသွားကာ တန်ဖိုးသုံးဆမြင့်တက်သွားသည်။ ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်ပီတာရိန်းက ဤသို့ဆိုသည်– “ပို၍များသောအပျက်အစီးသည် မုန်တိုင်းထက် [လူသားများက] ရည်ရွယ်ချက်ကောင်းဖြင့် ရှင်းလင်းခြင်းကြောင့်ဖြစ်၏။ အပင်များစွာကို ဆောင်းဦးရာသီတွင် ကတိုက်ကရိုက်၊ ဖြစ်ကတတ်ဆန်းစိုက်ပျိုးခဲ့ကြရာ သေဆုံးကုန်ကြသည်။”
အလုပ်၊ ပင်ပန်းနွမ်းနယ်မှုနှင့် နှလုံးရောဂါ
လုပ်ငန်းခွင်တွင် စိတ်ပင်ပန်းနွမ်းနယ်မှုသည် နှလုံးနှင့်သွေးလှည့်ပတ်မှုဆိုင်ရာအခက်အခဲများဖြစ်စေသည့် ဒုတိယအရေးကြီးဆုံးသောအန္တရာယ်ဖြစ်ကာ ဆေးလိပ်သောက်ခြင်းသည် ပထမဖြစ်ကြောင်း ဖရန့်ဖာတာ ရန်းစ်ရှောကဖော်ပြထားသည်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် လုပ်ငန်းဆိုင်ရာလုံခြုံမှုနှင့် ကျန်းမာရေးအဖွဲ့ကပြုလုပ်သော လေ့လာမှုတစ်ရပ်ကိုအကျဉ်းချုံးကာ သတင်းစာကဤသို့ဖော်ပြသည်– “ရောဂါအဖြစ်အများဆုံးသူတို့သည် လွတ်လပ်စွာရွေးချယ်လုပ်ပိုင်ခွင့်အလွန်နည်းပြီး အလုပ်ကလည်းတစ်မျိုးတည်းသာဖြစ်လေ့ရှိသည့် အလုပ်သမားများဖြစ်ကြသည်။ သူတို့သည် အားလပ်ချိန်များအတွင်း ဥပမာအားဖြင့် ကိုယ်ပိုင်အိမ်ဆောက်လုပ်ခြင်း သို့မဟုတ် ဖျားနာနေသောဆွေမျိုးများကိုပြုစုခြင်းတို့ကြောင့် ဖိစီးမှုကြုံရမည်ဆိုလျှင်လည်း နှလုံးရောဂါအန္တရာယ်သည် ကိုးဆနီးပါးအထိတိုးလာမည်။” အလုပ်သမားများကို လွတ်လပ်စွာဆုံးဖြတ်လုပ်ပိုင်ခွင့် ပိုပေးသင့်သည်ဟု ကျွမ်းကျင်သူတစ်ဦးကတိုက်တွန်းထား၏။ “ဌာနတစ်ခုရှိအလုပ်သမားများအားလုံးနှင့် တစ်လလျှင် တစ်ခါလောက်ဆွေးနွေးမည်ဆိုလျှင်ပင် အခြေအနေများကိုပို၍ကောင်းစေနိုင်သည်။”
‘ကမ္ဘာ့အထိရောက်ဆုံးသယ်ယူပို့ဆောင်ရေး’
သင်သည် မြို့ကြီးတစ်ခုတွင် ငါးမိုင်ထက်တိုသောခရီးကိုသွားမည်ဆိုလျှင် စက်ဘီးသည် ကားထက်ပိုမြန်နိုင်စရာရှိသည်ဟု သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ထုတ် သည်အိုင်းလဲန်းသတင်းစာကဖော်ပြ၏။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်လေ့လာရေးမဟာမိတ်အဖွဲ့က စက်ဘီးသည် “မြေပြင်ပေါ်ရှိ အထိရောက်ဆုံးသယ်ယူပို့ဆောင်ရေးဖြစ်သည်” ဟူ၏။ စက်ဘီးတစ်စီးသည် လောင်စာဆီတစ်ဂါလံမှရသည့်စွမ်းအင်နှင့်ညီမျှသော အစာမှရသည့်စွမ်းအင်မျှဖြင့် လေထုညစ်ညမ်းမှုမဖြစ်စေဘဲမိုင် ၁,၅၀၀ ကျော်သွားရောက်နိုင်သည်ဟူ၍သူတို့ထောက်ပြသည်ဟု သတင်းစာကဖော်ပြ၏။ ထို့အပြင် စက်ဘီးကိုသုံးခြင်းသည် ကျန်းမာရေးကိုလည်း အကျိုးပြုသည်ဟုထပ်ဆိုထားသေးသည်။
အနိုင်ကျင့်သူများပြား
ရောမနိုင်ငံ လာဆပီယန်ဇာတက္ကသိုလ်မှ ညှိနှိုင်းပြုလုပ်သောလေ့လာမှုတစ်ရပ်၌ ကျောင်းသားများစွာသည် စော်ကားမှု၊ မတရားပြုခံရမှု၊ အသေးအဖွဲအခိုးခံရမှု၊ ကာယရေးထိခိုက်စေမှုနှင့် ခြိမ်းခြောက်မှုအပါအဝင် အနိုင်ကျင့်မှုများစွာကို ရင်ဆိုင်ရသည်ဟုဖော်ပြ၏။ သုံးလအတွင်းမကြာခဏအနိုင်ကျင့်ခံရသည့် ယောက်ျားလေးနှင့် မိန်းကလေး ၅၀ ရာခိုင်နှုန်းကျော်ရှိသည့် ရောမနိုင်ငံတွင် အထူးသဖြင့် ထိုပြစ်မှုများကိုတွေ့ရသည်။ “ထပ်၍စစ်ဆေးဆန်းစစ်ကြည့်သည့်အခါ ပြင်းထန်သောနှောင့်ယှက်မှုကိုပင် မကြာခဏကြုံရသောမိန်းကလေးများသည် ကြောက်ရွံ့တတ်ပြီး တချို့သောအပြုအမူများကို သာမန်ကိစ္စဟုယူမှတ်ကြသောကြောင့် တိုင်ကြားခြင်းမရှိကြ” ဟုသုတေသီအန္န ကော့စ်တန်ဇာ ဘိုလ်ဒရီကရှင်းပြကြောင်း အီတာလျံလာရီပါဘလစ်ကာသတင်းစာကဆိုသည်။
အနိုင်ကျင့်ခြင်းကို ကလေးများသာခံရသည်မဟုတ်ပါ။ လူကြီးများစွာသည် လုပ်ငန်းခွင်တွင် အများအားဖြင့် ၎င်းတို့၏အထက်လူကြီးများ၏ အနိုင်ကျင့်ခြင်းခံရသည်ဟု သည်အိုင်းရစ်တိုင်းမ်စ်သတင်းစာ၌ဖော်ပြ၏။ “နှုတ်ဖြင့်ရန်စခြင်း၊ လူတစ်ဦး၏လုပ်ဆောင်မှုကိုအပြစ်ရှာဝေဖန်ခြင်းနှင့် သူတို့အကြောင်းကောလာဟလသတင်းလွှင့်ခြင်းတို့သည် လုပ်ငန်းခွင်အနိုင်ကျင့်မှုဆိုင်ရာ လူကြိုက်များသောနည်းဖြစ်သည်” ဟုယင်းသတင်းစာကဆိုသည်။ “အရှက်ခွဲခြင်းနှင့် လက်တွေ့တွင် မပြီးနိုင်သည့်အလုပ်ကို ပြီးအောင်လုပ်ပေးဖို့သတ်မှတ်ထားခြင်းသည်လည်း သာမန်ကိစ္စဖြစ်သည်။” အနိုင်ကျင့်ခြင်းသည် “စိုးရိမ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ယုံမှားလွန်စိတ်ဝေဒနာ၊ ဖိစီးခြင်း၊ ယုံကြည်စိတ်ချမှုမရှိခြင်း၊ ကိုယ်ကိုကိုယ်တန်ဖိုးမထားခြင်းနှင့် ဘာသိဘာသာနေခြင်း” တို့အပါအဝင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့်ဆက်နွှယ်သည်ဟု တိုင်းမ်စ်သတင်းကဆိုသည်။ အလွန်အမင်းဖြစ်သောအခါများ၌ ဤသို့သောအနိုင်ကျင့်ခြင်းသည် “အရုပ်ကျိုးပြတ်ဖြစ်ခြင်း သို့မဟုတ် မိမိကိုယ်ကိုသတ်သေခြင်းကိုပင်” ဖြစ်စေနိုင်သည်။
ဗိုက်ခွဲမွေးမည်လော သို့မဟုတ် သဘာဝအတိုင်းမွေးမည်လော
ဘရာဇီးလူမျိုး ဆရာဝန်များနှင့်မိခင်များသည် သဘာဝအတိုင်းမွေးဖို့ထက် ဗိုက်ခွဲမွေးခြင်းကို ပိုနှစ်သက်လေ့ရှိကြသည်။ ဆရာဝန်အနေနှင့် “သူသည် ကလေးပိုမွေးပေးနိုင်ကာ သူ၏အလုပ်ရုံးတွင် ငွေပိုရှာနိုင်ပြီး သူ၏သီတင်းပတ်အကုန်ပိုင်းတွင်လည်း အရှုံးမရှိ” သည်ကိုတွေ့ရှိကြောင်း ဗီဂျာမဂ္ဂဇင်းကဖော်ပြ၏။ မိခင်များသည် “နာကျင်မှုမရှိစေရန် သဘာဝနည်းအတိုင်းမမွေးကြဘဲ (သို့ရာတွင် ဗိုက်ခွဲမွေးခြင်းကြောင့် နာကျင်မှုပို၍ခံစားရသည်) ခွဲမွေးခြင်းသည် ခန္ဓာကိုယ်ကိုကောင်းစွာအကျိုးပြုမည့်နည်း (အမှန်မှာအကျိုးမပြု) ဟုယူဆကြသည်။” ပြည်သူ့ဆေးရုံများတွင် ကလေးမွေးမှုအားလုံး၏သုံးပုံတစ်ပုံကို ဗိုက်ခွဲမွေးပြီး ပုဂ္ဂလိကဆေးရုံတချို့တွင် ၈၀ ရာခိုင်နှုန်းကျော်သည်။ “ကလေးမွေးခြင်းသည် စီးပွားရေးထုတ်ကုန်တစ်ရပ်ဖြစ်လာသည်” ဟုကမ်ပီးနပ်စ်တက္ကသိုလ်မှ သားဖွားသင်တန်းကျောင်းအုပ်ကြီး ဒေါက်တာ လူအီဇ် ကာဗာလျူး ပဲန်တူး အီ ဆီးလ်ဗာကဆိုသည်။ “သဘာဝအတိုင်းမွေးခြင်းနှင့်ဆန့်ကျင်သည့် ဗိုက်ခွဲမွေးခြင်းသည် ခွဲစိတ်ခြင်းဖြစ်ကြောင်းကို လူတို့သတိမေ့နေတတ်ကြသည်။ သွေးများပိုကုန်ခန်းကာ ထုံထိုင်းချိန်ပိုကြာပြီး ရောဂါကူးစက်နိုင်ခြေပိုများသည်။” ဆရာဝန်အဆိုအရ “ဗိုက်ခွဲမွေးခြင်းကို ဖြစ်ရပ်သုံးခုတွင်သာပြုသင့်သည်– လူနာ သို့မဟုတ် ကလေး၏အသက်အန္တရာယ်ကြုံရသောအခါ၊ မွေးဖွားမည့်လက္ခဏာမတွေ့ရသောအခါ၊ သို့မဟုတ် ရုတ်တရက် အခြေအနေပိုဆိုးစေသည့်အရာများကြုံရသောအခါ” ဟုဗီဂျာကဆိုသည်။
ဂရိနိုင်ငံတွင် ဘာသာတရားကြည်ညိုလေးမြတ်မှုနည်းလာ
၁၉၆၃ ခုနှစ်၌တင်ပြခဲ့သောမှတ်တမ်းနှင့်တူသည့် ဂရိနိုင်ငံမှဘာသာရေးမှတ်တမ်းတစ်ခုကို အေသင်သတင်းစာတနီးယားတွင် မကြာမီကထုတ်ဝေခဲ့သည်။ ရလဒ်များက ထိုနိုင်ငံတွင် ဘာသာတရားကြည်ညိုလေးမြတ်မှုနည်းလာကြောင်း ဖော်ပြ၏။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လွန်ခဲ့သည့်လူမျိုးဆက်တွင် ၆၆ ရာခိုင်နှုန်းက မိမိတို့သည် တစ်လလျှင် နှစ်ကြိမ်သုံးကြိမ်ချာ့ချ်တက်ကြသည်ဟုဆိုကြသော်လည်း လက်ရှိမှတ်တမ်းအရ ၃၀ ရာခိုင်နှုန်းပင်မရှိတော့ချေ။ မြို့တွင်းပိုင်းပိုကျသောအေသင်ဒေသတွင် ဆန္ဒမဲကောက်ယူခဲ့သည့် လူကြီး ၉၆၅ ယောက်မှသုံးပုံနှစ်ပုံကျော်က ချာ့ချ်သည် လူ့အဖွဲ့အစည်း၏အကျိုးကို “အနည်းအကျဉ်းသာ” သယ်ပိုး သို့မဟုတ် “လုံးဝ” မသယ်ပိုးတော့ဟုဆိုကြကြောင်းရိုက်တာသတင်းစာကဖော်ပြ၏။ လေးစားခံရသောဂရိမဲဆန္ဒရှင် အီလီးယပ်စ် နီကိုလာကိုပိုလိုးစ်က “တဖြည်းဖြည်းလောကဆန်လာသော ဂရိလူ့ဘောင်” နှင့်ပတ်သက်၍ ဂရိနိုင်ငံ၌ရှိသောချာ့ချ်ကို “သတိထားပြီး မကျေမနပ်” ဖြစ်နေသည်ကိုသတိပြုမိကြောင်း တနီးယာတွင်ရေးသားထားသည်။
ခရမ်းချဉ်သီးများကို စက္ကူစုတ်များကျွေးပါ
ကက်တလောက်များနှင့် အခြားသောကြော်ငြာများအပါအဝင် အိမ်တိုင်ရာရောက်မပို့နိုင်သည့် စက္ကူစုတ်တစ်လတန်ချိန် ၅၀၀ ခန့်ကိုစာတိုက်ကဘာလုပ်ရမည်နည်း။ စာတိုက်သည် ယင်းစက္ကူစုတ်မြောက်မြားစွာကို မြေသြဇာအဖြစ်သို့စတင်ပြောင်းပစ်ရန်ပို့လိုက်သည်။ စက္ကူဆွေးမြေသြဇာကို ခရမ်းချဉ်သီးနှင့် ထပ်တစ်ရာပန်းကိုကြီးထွားစေရန်အသုံးပြုကြရာ အလားအလာကောင်းသည်ဟု သည်နယူးယောက်တိုင်းမ်စ်ကဖော်ပြသည်။ စက္ကူစုတ်များကို မြေသြဇာအဖြစ်ပြောင်းလဲပေးသော ဘက်တီးရီးယားပိုးသည် မလတ်ဆတ်သည့်ဘီယာနှင့် အချိုရည်များ၊ ယမကာထုတ်လုပ်ရေးစွန့်ပစ်ပစ္စည်းများကိုမှီဝဲကြသည်။ သကြားဓာတ်ပါသော ဘီယာနှင့်ဆိုဒါတို့သည် ဘက်တီးရီးယားပိုးကိုရှင်သန်စေသည်။ စမ်းသပ်ချက်များကိုပြုလုပ်သော သစ်ရွက်ဆွေးမြေသြဇာထုတ်လုပ်ရေးကုမ္ပဏီ၏ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂျိုးအယ်လ် ဆီမ်ဆမ်ကဤသို့ဆိုသည်– “ကျွန်ုပ်တို့ကိုဝစေသော အရာများသည် ထိုဘက်တီးရီးယားပိုးများကို ဝစေပြီးပျော်စေသည်။”
အရေပြားရောဂါသည်များအတွက် အကူအညီ
“အရေပြားရောဂါသည်များစွာသည် ရှက်ခြင်းကြောင့်ကုသမှုမခံယူဘဲနေကြရာ နှစ်အတန်ကြာ ‘တိတ်တဆိတ်ကြိတ်မှိတ်ခံစားနေ’ တတ်ကြသည်” ဟုသည်အိုင်းရစ်ကဖော်ပြထားသည်။ ၎င်းတို့၏အခြေအနေဆိုးကိုအလေးပေးကာ ဒေါက်တာ ဂီလ်လီယန် မာဖီကဤသို့ဆိုသည်– “သူတို့၏အဝတ်အစားများကိုချွတ်လိုက်သောအခါ အရေပြားကွာကျသည့်နာတာရှည်အရေပြားရောဂါသည်များ ကျွန်ုပ်တွင်ရှိရာ သူတို့သည် အလွန်မသန့်ရှင်းဟုခံစားကြပြီး ရှက်ကြောက်ကြသဖြင့် ဟိုတယ်တွင်မတည်းလိုကြ သို့မဟုတ် အလှပြင်ဆိုင်များသို့မသွားလိုကြချေ။” လိဒ်စ်တက္ကလိုလ်မှ အရေပြားရောဂါဆိုင်ရာပါမောက္ခ ဘီလ်ကန်လိဖ်က ဤသို့ထပ်ဆိုသည်– “ဝက်ခြံသည် လူတို့အား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာတွင် ထိခိုက်စေသည်။ ယင်းသည် ညစ်ပတ်ပြီး ကူးစက်တတ်သည်ဟု အများအားဖြင့် ယူဆထားကြ၏။ အစွမ်းအစတူသောလူနှစ်ဦး လူတွေ့မေးမြန်းခံရမည်ဆိုလျှင် ဝက်ခြံမရှိသူကသာ အလုပ်ရရှိပါလိမ့်မည်။” ဝက်ခြံအလွန်ပေါက်၍စိတ်နောက်ကျိကာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားသည့် လူနာတချို့ သူ့တွင်ရှိသည်ဟု ကန်လိဖ်ကဆိုသည်။ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ရှိ အရေပြား၊ ကာလသားရောဂါတို့နှင့်ပတ်သက်၍ မကြာမီက ဥရောပသိပ္ပံကျောင်းကွန်ဂရက်တစ်ခုတွင် ဆရာဝန်များက ကုသမှုကိုစောစောစီးစီးခံယူဖို့လိုကြောင်းအလေးပေးတင်ပြခဲ့ကြသည်။ “ယင်းသည် လူတချို့အတွက် ဆိုးရွားသည့်အခက်အခဲတစ်ခုဖြစ်သော်လည်း အလွန်ထိရောက်သောကုသနည်းများရှိကြောင်းကို သတိရဖို့အရေးကြီးသည်” ဟုဆရာဝန်တစ်ဦးကဆိုသည်။
မိဘတို့ ချော့မော့သံများထက်မက ပိုပြောသလော
မိဘများသည် ကလေးငယ်များကို တီတီတာတာပြောဆိုကစားမည်ဆိုလျှင် ချစ်ခင်တွယ်တာမှုပြခြင်းထက်ပိုတာသွားသည်ဟု သိပ္ပံပညာရှင်တချို့ကဆိုသည်။ ဝါရှင်တန်တက္ကသိုလ်မှ ပက်ထရီရှာကူလ်နှင့် သူ၏လုပ်ဖော်ဆောင်ဖက်များသည် ရုရှားဘာသာ၊ ဆွီဒင်ဘာသာနှင့် အင်္ဂလိပ်ဘာသာစကားသုံးမျိုးမှတစ်မျိုးစီဖြင့်တိုက်ရိုက်အပြောခံရသော ကလေးငယ်များကိုလေ့လာခဲ့ကြသည်။ မိဘများ၏ ဖိသံပေးပြောလေ့ရှိသောစကားများသည် ကလေးငယ်များ၏အာရုံဖမ်းစားသည်သာမက ထိုစကားကိုလည်း တတ်လာစေသည်။ “ကလေးငယ်များသည် ၆ လသားအရွယ်တွင် သရသံများကိုခွဲခြားသိရှိလာကြရာ ‘အီး’ နှင့် ‘အ’ ကွာခြားပုံကဲ့သို့သော အမိဘာသာစကားတွင် အဓိပ္ပာယ်ရှိသည့် ကွာခြားချက်များကို ဂရုစိုက်လာကြပြီး တစ်ချိန်တည်းတွင် အဓိပ္ပာယ်မဲ့သောကွဲပြားမှုများကို လျစ်လျူရှုကြသည်။”