ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၇/၈ စာ. ၁၂
  • ကင်ညာနိုင်ငံမှ မိဘမဲ့ကြံ့ပေါက်ကလေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကင်ညာနိုင်ငံမှ မိဘမဲ့ကြံ့ပေါက်ကလေးများ
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြံ့ကို ပြုစုစောင့်ရှောက်ခြင်း
  • မိဘမဲ့သားပေါက်လေးများအတွက် အနာဂတ်ရေးမည်သို့နည်း
  • အာဖရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ
    နိုးလော့!—၂၀၁၅
  • ဗီယက်နမ်နိုင်ငံ၏ လူသူမသိသော တိရစ္ဆာန်များ
    နိုးလော့!—၂၀၀၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၄
နိုးလော့!—၁၉၉၉
န၉၉ ၇/၈ စာ. ၁၂

ကင်ညာနိုင်ငံမှ မိဘမဲ့ကြံ့ပေါက်ကလေးများ

ကင်ညာနိုင်ငံမှနိုးလော့!သတင်းထောက်ပေးပို့သည်

တောကြီးမျက်မည်းတွင် တိရစ္ဆာန်ပေါက်လေးတစ်ကောင်သည် မိဘတို့နှင့်ကွဲသွားသည့်အခါ မည်သို့ဖြစ်နိုင်သနည်း။ သူသည် သားရဲများ၏ ကိုက်သတ်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ ယင်းကိုကာကွယ်တားဆီးရန် ကင်ညာနိုင်ငံမှ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးတောခေါင်းတို့သည် ထိုသို့သောအကောင်ပေါက်ကလေးများကို တိရစ္ဆာန်မိဘမဲ့စခန်းများတွင် ကယ်တင်ထားကြသည်။ နိုင်ရိုဘီအမျိုးသားဥယျာဉ်မှ ဒက်ဖနီ ရှဲလ်ဒရစ်ခ်၏ဆောင်ရွက်မှုသည် လူသိများသည့်အထဲတွင်ပါဝင်သည်။ ရှဲလ်ဒရစ်ခ်သည် ဆယ်စုနှစ်နှင့်ချီပြီး ကျွဲရိုင်း၊ အင်တီလုပ်သမင်၊ တောကြောင်များ၊ တောဝက်များ၊ မြွေပါများ၊ ဆင်များနှင့် ကြံ့အပါအဝင် တိရစ္ဆာန်ငယ်များစွာကိုပြုစုပေးခဲ့ကာ တောတွင်းသို့ပြန်လွှတ်ပေးခဲ့သည်။

လွန်ခဲ့သည့်နှစ်က သူသည် ကြံ့မည်းပေါက်စနှစ်ကောင်ဖြစ်သည့် မဂ္ဂနက်နှင့် မဂ္ဂနမ်ကိုစောင့်ရှောက်ခဲ့ရသည်။ မဂ္ဂနက်သည် နိုင်ရိုဘီဥယျာဉ်မှ အသက်ရှင်လျက်ရှိသေးသည့် အိဒစ်သ်၏သားပေါက်လေးဖြစ်သည်။ အကောင်ပေါက်လေးသည် သူ၏မိခင်ထံမှ အကြောင်းတစ်ခုခုကြောင့်ကွဲသွားခဲ့၍ ၁၉၉၈ ဖေဖော်ဝါရီလလယ်တွင် မိဘမဲ့စခန်းသို့ ခေါ်ဆောင်ခံခဲ့ရသည်။ တောခေါင်းတို့သည် ငါးရက်လွန်ပြီးနောက် မဂ္ဂနက်၏မိခင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါ ကွဲနေသည့်အချိန်ကြောင့်နှင့် သားပေါက်လေးတွင်လူအနံ့ရနေခြင်းတို့ကြောင့် မိခင်ကြံ့မကြီးသည် သားပေါက်ကိုလက်ခံဖို့ဖြစ်နိုင်ခြေမှာ အလွန်နည်းသည်။

မဂ္ဂနမ်သည် ၁၉၉၇ ဇန်နဝါရီ ၃၀ တွင်ပေါက်ဖွားခဲ့ပြီး ရှေ့ညာလက်ဆွံ့နေသည့် စကဒ်အမည်ရှိကြံ့မကြီး၏သားပေါက်ဖြစ်သည်၊ သူသည် ကဆုန်ပေါက်ပြေးနေစဉ် ကျင်းတစ်ခုကို ခြေကျွံသွားခြင်းဖြစ်နိုင်သည်။ ဒဏ်ရာကိုကုသရန် အမျိုးမျိုးကြိုးစားအားထုတ်ခဲ့သော်လည်း အရိုးဒဏ်ရာပို၍ဆိုးလာကာ မဂ္ဂနမ်ကိုပေါက်ဖွားပြီး သုံးပတ်အကြာတွင် စကဒ်သည် နာကျင်မှုမခံစားရန် သတ်ပစ်ခြင်းခံခဲ့ရသည်။

ကြံ့ကို ပြုစုစောင့်ရှောက်ခြင်း

ကြံ့ပေါက်ကလေးများသည် နှစ်သက်ခံလိုကြပြီး ကိုင်တွယ်ရာတွင်လွယ်ကူသော်လည်း သူတို့ကိုစောင့်ရှောက်ခြင်းသည် အိမ်အတွင်း၌သာအောင်းပြီး လုပ်ရသည့်အလုပ်မျိုးမဟုတ်ပါ။ နေ့အချိန်တွင် လေးနာရီခြားတစ်ကြိမ် မလိုင်အပြည့်ပါသည့်နို့စစ်စစ်ကို နို့ဘူးကြီးဖြင့်နို့တိုက်ပေးရသည်။ သူတို့သည် ချုံနွယ်ပိတ်ပေါင်းများကိုလည်း ညစာအဖြစ်စားကြသေးသည်။ မွေးခါစကြံ့ပေါက်ကလေးသည် ၁၈ လက်မခန့်မြင့်ပြီး ပေါင် ၆၀ မှ ၈၀ အတွင်းတွင်သာရှိနိုင်သော်လည်း အံ့ဩစရာကောင်းသောနှုန်းဖြစ်သည့်—တစ်ရက်လျှင် အလေးချိန်နှစ်ပေါင်တိုးတိုးသွားလေသည်! အရွယ်ရောက်ပြီးသောကြံ့တစ်ကောင်သည် တစ်တန်ကျော်လေးသည်။

ပြုစုစောင့်ရှောက်သူများသည် မဂ္ဂနက်နှင့်မဂ္ဂနမ်တို့နှင့်အတူ ဥယျာဉ်ကြီးထဲတွင် နေ့စဉ်ခရီးဝေးလျှောက်ပေးရသည်။ ထိုသို့လမ်းလျှောက်ခြင်းသည် လေ့ကျင့်ခန်းအတွက်လောက်သာမဟုတ်ပါ၊ အရေးကြီးသည့်ရည်ရွယ်ချက်ဖြစ်သော—ကြံ့များ၏သားရိုင်းဘဝတွင် နေသားတကျဖြစ်လာရန် အထောက်အကူဖြစ်စေသည်။ ဤသို့ဖြစ်ရန် မည်သို့လုပ်ဆောင်သည်ကို သုံးသပ်ကြည့်ကြစို့။

ကြံ့သည် အမြင်အာရုံအားနည်းသော်လည်း အလွန်ကောင်းသောအနံ့ခံအာရုံနှင့် အလွန်ထူးခြားသည့်မှတ်ဉာဏ်များကို ပိုင်ဆိုင်ကြသည်။ ဤသို့ဖြင့် ပထမအကြိမ်တွင် ကြံ့သည်အနံ့ခံခြင်းဖြင့် တစ်ကောင်ကိုတစ်ကောင်သိလာကြသည်။ ကြံ့သည် သူတို့၏ပိုင်နက်နယ်နိမိတ်ကို မစင်အစုအပုံ (ကြံ့ချေးပုံ) စွန့်ခြင်းနှင့် ချုံပုတ်များပေါ်တွင် ကျင်ငယ်စွန့်ခြင်းဖြင့် အမှတ်အသားပြုလုပ်ကြသည်။

သာမန်အခြေအနေအောက်တွင် သားပေါက်တစ်ကောင်သည် မိခင်၏စောင့်ရှောက်မှုကိုရရှိပြီး သူ၏ထူးခြားသောအနံ့ခံအာရုံဖြင့် သူ၏မိခင်နောက်သားပေါက်တစ်ကောင်မပေါက်မချင်း တကောက်ကောက်လိုက်နေခဲ့သည်။ ထိုသို့အားဖြင့် ကြံ့ပေါက်ကလေးသည် နေသားတကျဖြစ်လာပြီး အတည်တကျနေထိုင်ကြသည့် ကြံ့အသိုင်းအဝိုင်း၏လက်ခံခြင်းကိုခံရမည်ဖြစ်သည်။ မဂ္ဂနက်နှင့်မဂ္ဂနမ်ကဲ့သို့သော အသစ်ဝင်ရမည့်သူများအတွက်မူ အခြေအနေမှာမတူပေ။ သူတို့သည် ထိုဒေသတွင်နေထိုင်သောကြံ့များနှင့်မတွေ့ဆုံမီ သူတို့၏မစင်များကို ရှိပြီးသားကြံ့ချေးပုံများပေါ်သို့ ထပ်၍စွန့်ထားရမည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်ခရီးဝေးလမ်းလျှောက်စဉ်အချိန်အတွင်း ကြံ့ပေါက်ကလေးများသည် ချုံပုတ်များတွင်ရှိသော ကြံ့ချေးပုံများပေါ်သို့ ထပ်ဆင့်ဖြည့်စွက်ရလေသည်။ ဤသို့အားဖြင့် သူတို့၏အနံ့သည်သိပြီးသား၊ စစ်ဆေးပြီးသားဖြစ်ကာ နောက်ဆုံးတွင် ဒေသခံကြံ့အုပ်၏လက်ခံခြင်းကိုခံရသည်။ ထို့ကြောင့် ကြံ့ကိုမွေးမြူစောင့်ရှောက်ပြီး တောထဲသို့ပြန်လွှတ်ရန်မှာ နှစ်ပေါင်းများစွာကြာနိုင်သော ခက်ခဲရှုပ်ထွေးသည့်ကိစ္စဖြစ်သည်။

မိဘမဲ့သားပေါက်လေးများအတွက် အနာဂတ်ရေးမည်သို့နည်း

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များရန်ပုံငွေအဖွဲ့အဆိုအရ ၁၉၇၀ ပြည့်နှစ်တွင် အာဖရိက၌ ကြံ့မည်းကောင်ရေ ၆၅,၀၀၀ ခန့်ရှိသည်ဟုဆိုသည်။ ယနေ့အချိန်တွင် ၂,၅၀၀ ခန့်ပင်မရှိတော့ပါ။ ဤသို့ အကြီးအကျယ်လျော့နည်းသွားရခြင်းမှာ သားရေနှင့်ဦးချိုရရန်အတွက် ကြံ့များကိုသတ်သည့် အမဲခိုးလိုက်သူများကြောင့်ဖြစ်သည်။ မှောင်ခိုဈေးကွက်များတွင် ကြံ့ဦးချိုသည် ရွှေချိန်ထက်ပင်ဈေးကြီးသည်။ အဘယ်ကြောင့်ဤမျှ ဈေးကောင်းရသနည်း။

အကြောင်းတစ်ချက်မှာ အရှေ့ဖျားနိုင်ငံအချို့တွင်ရှိသောလူအများစုက ကြံ့ဦးချိုအမှုန့်သည် အဖျားသက်သာနိုင်သည်ဟု ယုံကြည်ကြသည်။ ဓာတုဗေဒစမ်းသပ်ချက်များက ယင်းအချက်တွင် အမှန်တရားအချို့ရှိနိုင်ကြောင်းတွေ့ရသော်လည်း လက်ရှိဆေးဝါးများတွင်ပါရှိသည်ထက် ပို၍တိုက်ကျွေးမှသာလျှင် သက်သာမည်ဖြစ်သည်။ အဖျားသက်သာစေသည့် အခြားဆေးဝါးများစွာအမှန်ပင်ရှိသည်။

ယဉ်ကျေးမှုနှင့်ပတ်သက်သည့် အကြောင်းရင်းများကြောင့်လည်း ကြံ့ဦးချိုကို လူကြိုက်များကြသည်။ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံတစ်ခုတွင် ဓားမြှောင်အကောက်သည် ယောက်ျားပီသမှု၏ မက်စရာအထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်သည်။ ထို့ကြောင့် ဝယ်သူများက ဦးချိုအသစ်လက်ကိုင်အတွက် ဒေါ်လာ ၅၈၀ ပေးရန်နှင့် ရှေးဟောင်းဦးချိုလက်ကိုင်တစ်ခုအတွက် ဒေါ်လာ ၁,၂၀၀ ပေးရန် လိုလိုလားလားရှိခြင်းကြောင့် ကြံ့ဦးချိုလက်ကိုင်နှင့်ဓားမြှောင်တစ်လက်သည် အလွန်ဈေးကြီးသည်။

အမဲခိုးလိုက်ခြင်း၏ရလဒ်အနေနှင့် အနှစ်နှစ်ဆယ်မပြည့်သော အချိန်အတွင်းမှာပင် ကင်ညာနိုင်ငံရှိကြံ့အရေအတွက် ၉၅ ရာခိုင်နှုန်းကျော် အစပျောက်သွားသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်း၌ အကောင်ရေ ၂၀,၀၀၀ မှ ၄၀၀ လောက်ပင် မရှိသလောက် ဖြစ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကြပ်ကြပ်မတ်မတ် ကာကွယ်ခြင်းလုပ်ငန်းများကြောင့် ကြံ့အကောင်ရေ ၄၅၀ ခန့်တိုးလာခဲ့သည်။ ယခုအချိန်တွင် ကင်ညာနိုင်ငံသည် ကြံ့မည်းအရေအတွက် တည်ငြိမ်နေသော သို့မဟုတ် တိုးလာသောအာဖရိကရှိနိုင်ငံသုံးနိုင်ငံထဲတွင် တစ်နိုင်ငံပါဝင်သည်။ ထို့ကြောင့် မဂ္ဂနက်နှင့်မဂ္ဂနမ် တို့၏အနာဂတ်မှာ အခြေအနေကောင်းနေပြီး သူတို့ကိုပြုစုစောင့်ရှောက်သူများက နောက်ဆုံး၌ သူတို့သည် ဒေသခံကြံ့မည်းများနှင့် ပူးပေါင်းကာ နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြသည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

လေးလသားအရွယ် မဂ္ဂနမ်(ဘယ်) နှင့် မဂ္ဂနက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ