သွေးလွန်တုပ်ကွေး—အကိုက်ခံရ၍ရသည့်ရောဂါ
ဖိလစ်ပိုင်မှ နိုးလော့! သတင်းထောက် ပေးပို့သည်
လက်မောင်းသားပေါ်တွင် ခြင်တစ်ကောင်လာနားသည်ကို မိန်းမငယ်လေးမသိလိုက်ပါ။ ထိုအကောင်သည် သူ့အရေပြားကို လျင်မြန်စွာထိုးကာ သွေးကြောကိုဖောက်လိုက်သည်။ ခဏအကြာတွင် မိခင်က သမီးဖြစ်သူကိုလှမ်းကြည့်လိုက်ရာ ခြင်ကိုတွေ့သွားလေသည်။ အမြန်လှမ်းရိုက်လိုက်ရာ ထွက်ပြေးသွားသည်။ ယင်းကပြီးဆုံးသွားပြီလော။ မပြီးဆုံးသေးပါ။ ခြင်ပြေးသွားသော်လည်း တစ်ခဏတာကျူးကျော်ဝင်ရောက်ချိန်အတွင်း ကလေး၏သွေးကြောထဲသို့ ရောဂါဖြစ်စေနိုင်သော မလိုလားအပ်သည့် သက်ရှိပိုးမွှားများကို ချန်ထားခဲ့သည်။
နှစ်ပတ်အတွင်း ကလေးသည် ချမ်းစိမ့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးအထဲမှကိုက်ခြင်း၊ အဆစ်များအလွန်ကိုက်ခဲခြင်းနှင့် အကြီးအကျယ်အဖျားတက်ခြင်းတို့ဖြစ်လာသည်။ ဖျားနာမှုပြင်းထန်လာသည်နှင့် အနီဖုများထွက်ကာ လုံးဝအားပြတ်သွားသည်။ ခြင်ကိုက်ခြင်းကြောင့်ဖြစ်လာသော သွေးလွန်တုပ်ကွေးရောဂါကို သူရထားလေပြီ။
သို့သော် အထူးသဖြင့် ကလေးဖြစ်သူသည် ယခင်က သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရဖူးလျှင် ပို၍ပြင်းထန်သည့်ပုံစံဖြစ်သည့် သွေးထွက်လွန်သော သွေးလွန်တုပ်ကွေးရောဂါ (DHF) ဖြစ်နိုင်သည်။ ယင်းက သွေးကြောမျှင်မှသွေးစိမ့်ထွက်ကာ အရေပြားမှသွေးထွက်စေသည်။ ကိုယ်တွင်းသွေးယိုစိမ့်ခြင်းလည်းဖြစ်နိုင်သည်။ ကောင်းစွာမကုသလျှင် လူနာသည် အလွန်အမင်းသွေးလန့်၍ သွေးလည်ပတ်စနစ်ပျက်စီးကာ ချက်ချင်းသေဆုံးသွားနိုင်သည်။
သွေးလွန်တုပ်ကွေးဟူသည် အမှန်အားဖြင့်အဘယ်နည်း။ သင့်အားထိခိုက်နိုင်သလော။ သင်ကိုယ်တိုင်နှင့် သင့်မိသားစုကိုမည်သို့ကာကွယ်နိုင်သနည်း။ အနီးကပ်လေ့လာကြည့်ကြစို့။
သွေးလွန်တုပ်ကွေးဟူသည် အဘယ်နည်း
ရိုးကိုက်ဖျားဟုလည်းခေါ်ဆိုကြသည့် သွေးလွန်တုပ်ကွေးရောဂါမှာ ခြင်ကိုက်ခြင်းကြောင့်ဖြစ်လာနိုင်သော ရောဂါများမှတစ်ခုသာဖြစ်သည်။ ဗိုင်းရပ်ကြောင့်ရောဂါဖြစ်ခြင်းဖြစ်သည်။ ကူးစက်ထားသောခြင်တစ်ကောင် (ရောဂါစွဲကပ်နေသောလူတစ်ဦးကို ယခင်ကကိုက်ဖူးသည့်ခြင်) သည် ယင်း၏တံတွေးဂလင်းတွင် ဗိုင်းရပ်ကိုသယ်ဆောင်သည်။ သွေးစုပ်ဖို့လူတစ်ဦးကိုကိုက်ရာတွင် ထိုသူထံသို့ဗိုင်းရပ်ကူးစေသည်။
သွေးလွန်တုပ်ကွေးဗိုင်းရပ်လေးမျိုးရှိသည်။ ဗိုင်းရပ်တစ်မျိုးကူးစက်ခံရခြင်းက အခြားသုံးမျိုးကိုပြီးစေသည်မဟုတ်ပါ။ တစ်မျိုးကူးစက်ခံရပြီးနောက် အခြားဗိုင်းရပ်မျိုးသယ်ဆောင်ထားသောခြင်၏အကိုက်ခံရပါက DHF ဖြစ်နိုင်သည်။
“ကမ္ဘာ့လူဦးရေငါးပုံနှစ်ပုံ” အန္တရာယ်ကြုံနေရ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WH0) ၏အဆိုအရ “ကမ္ဘာ့လူဦးရေငါးပုံနှစ်ပုံ” ဖြစ်သည့် ၂.၅ ဘီလီယံမှာ သွေးလွန်တုပ်ကွေးရောဂါခံနေရသည်။ အေးရှားဝိခ်မဂ္ဂဇင်းက “အပူပိုင်းဒေသနှင့် ထိုဒေသနှင့်နီးသော နိုင်ငံ ၁၀၀ ကျော်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ကြောင်း၊ ရောဂါကူးစက်ခံရသူ နှစ်စဉ် သန်းပေါင်းများစွာရှိရာ ၉၅ ရာခိုင်နှုန်းမှာကလေးများဖြစ်သည်” ဟုဆိုသည်။
ကမ္ဘာတွင် သွေးလွန်တုပ်ကွေးရောဂါကို ဦးဆုံးတွေ့ရှိချိန်က မသိသာပေ။ ၁၇၇၉ တွင် ကိုင်ရိုမြို့၌ “ဒူးဆစ်နာရောဂါ” အကြောင်းဖော်ပြချက်မှာ အမှန်အားဖြင့် သွေးလွန်တုပ်ကွေးရောဂါကို ဆိုလိုခြင်းဖြစ်ပေမည်။ ထိုအချိန်မှစ၍ ကမ္ဘာတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါကိုဖော်ပြခဲ့ကြပြီ။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်မှစ၍ အရှေ့တောင်အာရှမှစတင်ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါသည် လူတို့၏ကျန်းမာရေးကို သိသိသာသာထိခိုက်ခဲ့ပေပြီ။ ဗိုင်းရပ်ပိုးပေါင်းများစွာစတင်ပြန့်ပွားလာရာ ယင်းကြောင့် ပိုဆိုးရွားသောသွေးလွန်တုပ်ကွေးအမျိုးမျိုးကိုဖြစ်စေသည်။ WHO မှထုတ်ဝေသော စာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “အာရှတွင် ဦးဆုံးအကြိမ်သွေးလွန်ဖျားဖြစ်ပွားခြင်းကို ၁၉၅၄၊ မနီလာမြို့တွင် တွေ့ရှိခဲ့ရသည်။” အခြားနိုင်ငံများ၊ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဝန်းကျင်ရှိနိုင်ငံများလည်းလိုက်ပါလာသည်။ အရှေ့တောင်အာရှတွင် ဤကနဦးဖြစ်ပွားမှုများကြောင့် ရောဂါရရှိသေဆုံးမှုနှုန်းသည် ၁၀ မှ ၅၀ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ထိုရောဂါအကြောင်း ပို၍သိလာကြသည်နှင့်အမျှ ယင်းနှုန်းများကျဆင်းခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်မှစ၍ ဗိုင်းရပ်သယ်ဆောင်သောခြင်ကို နှိမ်နင်းသည့်အစီအစဉ်ပေါ့လျော့မှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ အကြီးအကျယ်တိုးများလာစေသည်။ သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့လာသည်နှင့် DHF လည်းပျံ့နှံ့လာသည်။ ၁၉၇၀ မတိုင်မီက ရောဂါဖြစ်ပွားသောနိုင်ငံ ၉ ခုသာရှိသော်လည်း ၁၉၉၅ တိုင်သော် ၄၁ နိုင်ငံအထိဖြစ်လာသည်။ နှစ်စဉ် DHF ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရသူ ၅၀၀,၀၀၀ ရှိသည်ဟု WHO မှခန့်မှန်းသည်။
အပူပိုင်းမဟုတ်သည့်ဒေသများတွင် ထိုရောဂါကိုလူသိနည်းသော်လည်း ရောဂါစွဲကပ်နေသောဒေသများသို့ခရီးသွားသူများသည် ကူးစက်ခံရပြီး ထိုရောဂါကို သူတို့ဒေသသို့သယ်ဆောင်လာခဲ့ကြသည်။ ဥပမာ၊ ၁၉၉၆ အကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုရှိ မန်ဆာချူးဆက်၊ နယူးယောက်၊ အော်ရီဂွန်နှင့် တက္ကဆက်စသည်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ကြောင်း သည်နယူးယောက်တိုင်းမ်စ်ကဆိုသည်။
DHF ၏အထူးအန္တရာယ်များ
ရှေ့တွင်ဖော်ပြသကဲ့သို့ DHF သည်အသက်အန္တရာယ်ဖြစ်စေသော သွေးလွန်တုပ်ကွေးပုံစံဖြစ်သည်။ ယင်းသည်စိုးရိမ်ဖွယ်မဟုတ်ဟု လူတို့ကိုမိုက်မဲစွာထင်မှတ်စေခြင်းသည် DHF ၏အန္တရာယ်တစ်ခုဖြစ်သည်။ လူအများက တုပ်ကွေးအဖြစ် မှားယွင်းစွာယူမှတ်ကြသည်။ သို့သော် အချိန်ဆွဲခြင်းသည် သွေးဥမွှားအကြီးအကျယ်လျော့နည်းခြင်း၊ (အတွင်းပိုင်း သို့မဟုတ် သွားဖုံးများ နှာခေါင်း သို့မဟုတ် အရေပြား) မှစတင်သွေးယိုခြင်းနှင့် သွေးပေါင်ချိန်ကျခြင်းစသည့် သာ၍ဆိုးရွားသောအခြေအနေသို့ ရောက်စေသည်။ လူနာမှာ ဘုန်းဘုန်းလဲသွားနိုင်သည်။ စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း မိသားစုသိလာချိန်ဝယ် သူသည် သွေးလန့်နေပေမည်။ ဆေးရုံသို့အမြန်ပို့ကြသည်။ သူ၌ သွေးလည်ပတ်စနစ်ပျက်စီးသွားကြောင်း ဆရာဝန်များတွေ့ရှိကြသည်။ အခြေအနေဆိုးသောကြောင့် သွေးပြန်ကြောတွင်းအစားထိုးအရည်ကို သွင်းပေးရန်ညွှန်ကြားသည်။
သင့်မိသားစုကိုကာကွယ်ခြင်း
ဤရောဂါကြောင့် အထိအခိုက်နည်းရန် အဘယ်သို့ပြုနိုင်သနည်း။ မိသားစုသည် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့သည့်အရပ်တွင်နေထိုင်၍ မိသားစုဝင်တစ်ဦးသည် တစ်ရက်ထက်ပို၍အပြင်းဖျားနေမည်ဆိုလျှင် ပညာရှိစွာဖြင့် ဆရာဝန်နှင့်သွားပြသင့်သည်။ ဖျားနာသူတစ်ဦး၌ အဖုထွက်ခြင်း သို့မဟုတ် ကြွက်သားများနာကျင်ခြင်းနှင့် အဆစ်များ သို့မဟုတ် မျက်စိအတွင်းထဲမှကိုက်ခဲနာကျင်ခြင်းစသည့် အခြားသွေးလွန်တုပ်ကွေးရောဂါလက္ခဏာများရှိမည်ဆိုလျှင် ယင်းသို့ပြုရန်အထူးအရေးကြီးသည်။
ဆရာဝန်က သွေးစစ်ပေမည်။ သွေးမထွက်သည့်သွေးလွန်တုပ်ကွေးရောဂါသည် သာမန်ကုသမှုကိုသာလိုအပ်ပေမည်။ သို့သော် စစ်ဆေးချက်က DHF ဖြစ်ကြောင်းဖော်ပြမည်ဆိုလျှင် ဆရာဝန်သည် အရည်ကို ဂရုတစိုက်စီမံထိန်းချုပ်ပေးရန် အကြံပြုနိုင်သည်။ ယင်းတွင် ဝမ်းလျှောခြင်းအတွက် အသုံးပြုသည့်ဓာတ်ဆားဖျော်ရည်များ သို့မဟုတ် သာ၍စိုးရိမ်ဖွယ်အခြေအနေများတွင် သွေးပြန်ကြောရည်ကိုအစားထိုးဖြည့်ပေးသော ရင်းဂါးပျော်ရည်များ၊ ဆားပျော်ရည်များ သို့မဟုတ် အခြားပျော်ရည်တို့ပါဝင်ပေမည်။ သွေးလန့်ခြင်းကိုကုသရာတွင် ဆရာဝန်သည် သွေးပေါင်တက်ရန်နှင့် သွေးဥမွှားပမာဏပြန်ရရှိရန်ထောက်ကူဖို့ အချို့သောဆေးညွှန်းကိုပေးမည်။
သွေးအလွန်ယိုနေမည်ဆိုလျှင် ဆရာဝန်များသည် သွေးသွင်းဖို့အကြံပြုလိုကြမည်။ အချို့က အခြားနည်းများကိုမစဉ်းစားဘဲ ယင်းသို့ပြုရန် ချက်ချင်းအကြံပြုကြပေမည်။ သို့ရာတွင် ယင်းသည် ဘုရားသခင့်ပညတ်နှင့်ဆန့်ကျင်သည့်အပြင် အများအားဖြင့် မလိုအပ်ပါ။ (တမန်တော် ၁၅:၂၉) ရောဂါစဖြစ်ချိန်မှစ၍ လည်ပတ်နေသောအရည်များကို ဂရုတစိုက်စီမံထိန်းချုပ်ပေးခြင်းသည် ကုသမှုတွင် အရေးအကြီးဆုံးအခြေခံအချက်ဖြစ်ကြောင်း အတွေ့အကြုံကဖော်ပြသည်။ ဤတွင် လူနာနှင့်ဆရာဝန်ပူးပေါင်းဆောင်ရွက်ခြင်းက သွေးသွင်းခြင်းကိစ္စနှင့်ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်ရခြင်းကို ဖယ်ရှားပေးရန် အထောက်အကူပြုနိုင်ပါသည်။ ယင်းတို့အားလုံးက လူတစ်ဦး DHF ဖြစ်နေပုံရလျှင် ချက်ချင်းဆောင်ရွက်ဖို့အရေးကြီးကြောင်း အလေးပေးဖော်ပြသည်။—“ရောဂါပြလက္ခဏာများကား အဘယ်နည်း” ဟူသောလေးထောင့်ကွက်ကိုရှု။
ကာကွယ်နည်းများ
သွေးလွန်တုပ်ကွေးဗိုင်းရပ်ကို အဓိကသယ်ဆောင်သည့်အရာမှာ အေဒီအေဂျစ်ပတီခြင်ဖြစ်သည်။ ဤခြင်ကောင်မျိုးကို ကမ္ဘာတစ်ဝန်းတွင် အပူပိုင်းဒေသနှင့် ထိုဒေသအနီးရှိဒေသများတွင် တွေ့ရလေ့ရှိသည်။ (ပူးတွဲပါမြေပုံကိုရှု။) အေဒီအေဂျစ်ပတီခြင်ကောင်များသည် လူနေထူထပ်သော ဒေသများတွင်ပွားများသည်။ ခြင်ကိုထိန်းချုပ်ခြင်းသည် ရောဂါကိုထိန်းချုပ်နိုင်သည့် အဓိကနည်းတစ်နည်းဖြစ်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခြင်ကိုထိန်းချုပ်ဖို့အရေးမှာ မလွယ်ကူချေ။ သို့သော် ဖြစ်နိုင်သည့်အလားအလာနည်းပါးစေရန် သင့်အိမ်ပတ်ဝန်းကျင်၌ သင်ပြုနိုင်သည့်အရာများရှိပါသည်။ ခြင်မသည် ရေတွင်ဥများဥချသည်။ ပိုးလောင်းသည် စွန့်ပစ်ထားသောတာယာများ၊ ဘူးခွံများ၊ ပုလင်းများ သို့မဟုတ် အုန်းခွံများစသော တစ်ပတ်ခန့်ရေအောင်းမည့် မည်သည့်ဘူးခွံ၌မဆို ကြီးထွားနိုင်သည်။ ယင်းသို့သောဘူးခွံများကို ဖယ်ရှားပစ်ခြင်းက ခြင်ပွားနိုင်သည့်နေရာများ ကွယ်ပျောက်စေသည်။ ထို့ပြင် ရေပုံးများ သို့မဟုတ် လှေများကိုမှောက်ထားရန်အကြံပြုထားသည်။ ရေတံလျှောက်များတွင် အောင်းနေသောရေကို ဖယ်ရှားခြင်းကလည်း အထောက်အကူပြုပါလိမ့်မည်။ ထိုအကြောင်းကြောင့် ၁၉၉၇/၉၈ စာသင်နှစ်အစပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှကျန်းမာရေးဌာနက စာသင်ခန်းများ၌ ပန်းအိုးများမသုံးဖို့တားမြစ်ခြင်းမှာ စိတ်ဝင်စားစရာပင်။
အိမ်သားတစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြစ်နေလျှင် အခြားသူတို့ကိုရောဂါပြန်ကူးစက်စေနိုင်ရာ သူ့ကိုနောက်ထပ်ခြင်အကိုက်မခံရစေဖို့ ကြိုတင်ကာကွယ်ပါ။ ခြင်လုံဇကာကောင်းစွာတပ်ဆင်ထားသော သို့မဟုတ် လေအေးပေးထားသောအဆောက်အဦကလည်း အကာအကွယ်ဖြစ်စေနိုင်သည်။
ကာကွယ်ဆေးထိုးခြင်းကော အသို့နည်း။ သင့်တော်သည့်ကာကွယ်ဆေး မပေါ်သေးပါ။ ကာကွယ်ဆေးတစ်မျိုးထုတ်ဖို့ သုတေသနပြုနေကြသော်လည်း အပြည့်အဝကာကွယ်ရန် သွေးလွန်တုပ်ကွေးရောဂါလေးမျိုးစလုံးကို ပြီးဖို့လိုသောကြောင့်အခက်အခဲတွေ့ကြသည်။ သွေးလွန်တုပ်ကွေးတစ်မျိုးအတွက်သာ ကာကွယ်ဆေးထိုးခြင်းက အမှန်ဆိုလျှင် DHF ဖြစ်ဖို့အလားအလာပိုများသည်။ သုတေသီများက ငါးနှစ်မှ ဆယ်နှစ်အတွင်း ထိရောက်သောကာကွယ်ဆေးကို ထုတ်ဖော်နိုင်မည်ဟု မျှော်လင့်ကြ၏။
သုတေသီအချို့က အခြားနည်းဖြင့်ကြိုးစားနေကြသည်။ မျိုးရိုးဗီဇအင်ဂျင်နီယာပညာကိုသုံးပြီး ခြင်၏တံတွေးထဲတွင် သွေးလွန်တုပ်ကွေးဗိုင်းရပ်မပွားရန်တားဆီးဖို့ မျှော်လင့်ကြသည်။ စီစဉ်ထားသည့်အတိုင်းဖြစ်လာမည်ဆိုလျှင် မျိုးရိုးဗီဇပြုပြင်ထားသောခြင်များသည် ၎င်းတို့၏သားစဉ်မြေးဆက်များအား သွေးလွန်တုပ်ကွေးရောဂါကို တွန်းလှန်စေမည်။ အောင်မြင်မှုအနည်းငယ်ရှိသော်လည်း မည်မျှအောင်မြင်မည်ကို ကြည့်ကြရဦးမည်။
လောလောဆယ် သွေးလွန်တုပ်ကွေးရောဂါကို လုံးဝအမြစ်ပြတ်ကုသနိုင်ပုံမပေါ်သေးပါ။ သို့သော် လက်တွေ့ကျသောကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်းက အကိုက်ခံရ၍ရသည့်ရောဂါတစ်ခုဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက်အန္တရာယ်ရှိသော ဆင့်ပွားရောဂါများမဖြစ်ရန် သင်နှင့် သင်ချစ်မြတ်နိုးရသူများကို ထောက်ကူနိုင်ပါသည်။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
ရောဂါပြလက္ခဏာများကား အဘယ်နည်း
သွေးလွန်တုပ်ကွေးရောဂါနှင့် သွေးထွက်လွန်သောသွေးလွန်တုပ်ကွေးရောဂါ (DHF) တို့၏လက္ခဏာများ
• ရုတ်တရက်အပြင်းဖျားခြင်း
• အပြင်းအထန်ခေါင်းကိုက်ခြင်းa
• မျက်စိအတွင်းထဲမှနာကျင်ခြင်း
• အဆစ်နှင့်ကြွက်သားနာကျင်ခြင်း
• ပြန်ရည်ဖုရောင်ခြင်း
• အဖုအပိန့်ထွက်ခြင်း
• ပင်ပန်းနွမ်းလျခြင်း
DHF နှင့်အသက်ဆိုင်ဆုံးလက္ခဏာများ
• ရုတ်တရက်ဘုန်းဘုန်းလဲသွားခြင်း
• အရေပြားသွေးယိုခြင်း
• တစ်ကိုယ်လုံးသွေးထွက်ခြင်း
• အရေပြားအေးစက်၍ စိုထိုင်းစေးထန်းခြင်း
• ဂနာမငြိမ်ခြင်း
• သွေးခုန်နှုန်းနှေး၍ သွေးလန့်ခြင်း (သွေးလွန်တုပ်ကွေးသွေးလန့်ခြင်းလက္ခဏာစု)
ရောဂါပြလက္ခဏာများတွေ့ မြင်ရလျှင် ဆရာဝန်နှင့်ပြဖို့မဖင့်နွှဲပါနှင့်။ အထူးသဖြင့် ကလေးငယ်များ၌ စိုးရိမ်ရသည်
[အောက်ခြေမှတ်ချက်]
a ဆေးဘက်ဆိုင်ရာတတ်ကျွမ်းနားလည်သူများက အက်စပရင်သည် သွေးပိုထွက်စေနိုင်သောကြောင့် ရှောင်သင့်သည်ဟုဆိုကြသည်။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
ခရီးသွားများအတွက်အသုံးဝင်မည့်အချက်အလက်များ
တစ်ခါတစ်ရံ အပူပိုင်းဇုန်သို့ခရီးသွားသူများသည် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသော်လည်း သွေးထွက်လွန်သော သွေးလွန်တုပ်ကွေးရောဂါမှာ ပို၍အဖြစ်နည်းသည်၊ အကြောင်းမှာ သာ၍စိုးရိမ်ဖွယ်ကောင်းသည့် ဤရောဂါမျိုးမှာ သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ်ကူးစက်ခံရပြီးနောက်မှ ဖြစ်တတ်သောကြောင့်ဖြစ်သည်။ ခရီးသွားများအတွက် ဘေးကင်းစေသော အကြံပြုချက်အချို့မှာ–
•ရှပ်အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များကိုဝတ်ဆင်ပါ
•ခြင်ဆေးအသုံးပြုပါ
•လူနေအလွန်ထူထပ်သောဒေသများမှ ဝေးဝေးနေပါ
•ပြတင်းပေါက်များပိတ်၍ ခြင်မဝင်နိုင်သောနေရာ၌နေပါ
•အိမ်ပြန်ရောက်ပြီးအဖျားတက်လာလျှင် သင်သွားခဲ့သည့်နေရာကို ဆရာဝန်အား ပြောပြပါ
[စာမျက်နှာ ၂၃ ပါ မြေပုံ/ရုပ်ပုံ]
သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်သော အေဒီအေဂျစ်ပတီခြင်ရှိသည့်နယ်နိမိတ်
မကြာသေးမီက သွေးလွန်တုပ်ကွေးဖြစ်ခဲ့သည့်ဒေသများ
သွေးလွန်တုပ်ကွေး ကပ်ဆိုက်လာနိုင်သည့်ဒေသများ
[Credit Line]
မူရင်း– Centers for Disease Control and Prevention, 1997
© Dr. Leonard E. Munstermann/Fran Heyl Associates, NYC
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ခြင်ပွားနိုင်သည့်နေရာများမှာ (၁) စွန့်ပစ်ထားသောတာယာများ၊ (၂) ရေတံလျှောက်များ၊ (၃) ပန်းအိုးများ၊ (၄) ရေပုံးများ သို့မဟုတ် အခြားဘူးများ၊ (၅) စွန့်ပစ်ထားသောဘူးခွံများ၊ (၆) စည်ပိုင်းများ
[Picture Credit Line on page 21]
© Dr. Leonard E. Munstermann/Fran Heyl Associates, NYC