ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
အန္တရာယ်ကြုံနေသောအဏ္ဏဝါပြင်များ
နိုင်ငံပေါင်း ၆၅ နိုင်ငံမှအဏ္ဏဝါသိပ္ပံပညာရှင်များနှင့် ထိန်းသိမ်းရေးဇီဝဗေဒပညာရှင် ၁,၆၀၀ ကျော်သည် အဏ္ဏဝါပြင်များကို ထပ်၍ပျက်စီးစေမည့်အရေးမှ ကာကွယ်ပေးသည့် “အရေးယူဆောင်ရွက်မှု” တစ်ခုကိုအတည်ပြုခဲ့ကြသည်ဟု ကုန်သွယ်မှုဂျာနယ်ကဖော်ပြထားသည်။ “ပင်လယ်သည် ယခင်က ကျွန်ုပ်တို့ယူဆထားသည်ထက်ပို၍ အမှန်တကယ်ဘေးတွေ့နေသည်” ဟုအဏ္ဏဝါဂေဟဗေဒပညာရှင် အဲလက်ထ် နောရ်စ်ကဆိုသည်။ ဖော်ပြထားသောသာဓကတစ်ခုမှာ သက်မဲ့ဇုန်ဟုလူသိများသည့် မက္ကဆီကိုပင်လယ်ကွေ့ရှိ စတုရန်းမိုင် ၇,၀၀၀ ရှိသောအဏ္ဏဝါပြင်အပိုင်းငယ်ဖြစ်သည်။ ယင်း၏အမည်နှင့်လိုက်ဖက်စွာ သက်မဲ့ဇုန်သည် ငါး၊ ပုစွန်ဆိတ်နှင့် အခြားရေသတ္တဝါအများစုတို့မရှင်သန်ကြချေ။ ပြဿနာမှာ မစ်စစ္စပီမြစ်မှ အာဟာရဓာတ်ကြွယ်ဝသောအစာကိုရရှိကြသည့် အယ်လ်ဂျီအပင်အများစုကြောင့်ဖြစ်သည်ကို သိပ္ပံပညာရှင်များခြေရာခံမိကြသည်။ အယ်လ်ဂျီများသေသောအခါ သမုဒ္ဒရာကြမ်းခင်းသို့ကျသွားကြသည်။ ဘက်တီးရီးယားများသည် အယ်လ်ဂျီအပင်သေကို စတင်ဆွေးမြည့်စေသည်နှင့်အမျှ သမုဒ္ဒရာအောက်ခြေတွင် အောက်ဆီဂျင်လျော့နည်းလာခဲ့သည်။ အဏ္ဏဝါသိပ္ပံပညာရှင် ဒေါက်တာနန်စီ ရက်ဘလေက ဤသို့ဆိုသည်– “ပြောင်းရွှေ့မရသည့်အရာမှန်သမျှသည် နောက်ဆုံးသေသွားကြသည်။”
ကိုယ်အင်္ဂါအလှူရှင်များ
သင်သေဆုံးသောအခါ အခြားသူများက သင့်ကိုယ်အင်္ဂါများအားတောင်းစေလိုသလော။ ယင်းသည် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ဥပဒေသစ်အကျိုးသက်ရောက်ကတည်းက ဘရာဇီးလ်နိုင်ငံသားများစွာ ရင်ဆိုင်နေရသည့်မေးခွန်းဖြစ်သည်။ အသက် ၁၈ နှစ်အထက်ရှိ ဘရာဇီးလ်နိုင်ငံသားအားလုံးသည် ကင်းလွတ်ခွင့်စာချုပ်များတွင်လက်မှတ်မထိုးခဲ့လျှင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအလှူရှင်များအလိုအလျောက်ဖြစ်လာကြမည်ဟု ဥပဒေပြဋ္ဌာန်းထားသည်။ သို့သော် “ဘရာဇီးလ်နိုင်ငံသားအများစုသည် သူတို့သေဆုံးပြီးနောက် နဂိုပုံအတိုင်းရှိနေရန် ပိုနှစ်သက်ကြမည့်ဟန်ရှိသည်” ဟုမီယာမီသံတော်ဆင့်သတင်းကဖော်ပြထားသည်။ “လွန်ခဲ့သောခြောက်လအတွင်း ယာဉ်မောင်းလိုင်စင်ရရှိသော လူလေးယောက်တွင်သုံးယောက်သည် ကိုယ်အင်္ဂါလှူဒါန်းခြင်းကိုငြင်းဆန်ခဲ့ကြသည်။” အဘယ်ကြောင့်နည်း။ ၎င်းတို့၏ကိုယ်အင်္ဂါများကိုခွဲထုတ်ရန်အတွက် လူနာများ၏ဦးနှောက်အလုပ်မလုပ်တော့ဟု အချိန်မတန်ဘဲကြေညာရန် ဆရာဝန်များဖိအားပေးခံရမည်ကို လူတချို့စိုးရွံ့ကြသည်။
ဗေဒင်ဆရာများအတွက် ပြဿဒါးနှစ်
ဂျာမနီနိုင်ငံရှိဗေဒင်ဆရာများသည် ၁၉၉၇ ခုနှစ်တွင် လုံးလုံး “အမှောင်ဖုံး” ခဲ့ကြဟု ဖရန့်ခ်ဖာတ်မြို့မှ နာဆောအီရှိ နီယို ဖရက်စ်သတင်းစာကဖော်ပြထားသည်။ ခေတ်လွန်သိပ္ပံပညာရပ်များကို သုတေသနပြုသည့်သိပ္ပံဆိုင်ရာအဖွဲ့ (ဂျီဒဗ္ဗလျူယူပီ) ကလေ့လာခဲ့သောဟောကိန်း ၇၀ ခန့်အနက်တစ်ခုမှဖြစ်မလာချေ။ ကျန်ရှိသော ၁၉၉၇ ခုနှစ်၏အံ့ဖွယ်ဖြစ်ရပ်မှန်များကို အကြားအမြင်ရသူများမသိရန်ဖုံးကွယ်ထားသည်။ ဥပမာ၊ မင်းသမီးဒိုင်ယာနာရုတ်တရက်သေဆုံးမည်ကို မည်သည့်စိတ်နယ်လွန်တန်ခိုးရှင်တစ်ဦးကမျှကြိုမဟောခဲ့ချေ။ ဗေဒင်ဆရာများစွာသည် စီးပွားရေးနှင့် နိုင်ငံရေးအခက်အခဲများကဲ့သို့သော ခေတ်ရေစီးကြောင်းတိုးတက်ဖြစ်ပေါ်မှုကို ဟောဖို့သာဂရုစိုက်လာကြသည်။ ဤအရာများသည် “သတင်းစာဖတ်သူတစ်ဦးစီက တစ်နည်းနည်းဖြင့် အကြံပြုတင်ပြနိုင်သည့်အရာများ” ဖြစ်သည်ဟု ဂျီဒဗ္ဗလျူယူပီမှ အက်ဒ်ဂါ ဝန်ဒါဆိုသည်။
အန္တရာယ်ကြီးသောလိင်ဆက်ဆံမှု
၁၉၉၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိအမေရိကန်ပြည်ထောင်စုရှိ ရိုဒီအိုင်းလဲန်းဆေးရုံနှင့် ဘော့စ်တန်စီးတီးဆေးရုံရှိသုတေသီများသည် အိပ်ချ်အိုင်ဗွီကူးစက်ခံရသည့် လူနာ ၂၀၃ ဦးအားသူတို့၏လိင်ဆက်ဆံသည့်လုပ်ရပ်အကြောင်း မေးမြန်းခဲ့ကြသည်။ ထိုလေ့လာချက်က ဘာဖော်ပြသနည်း။ “အိပ်ချ်အိုင်ဗွီကူးစက်ခံရသူ ဆယ်ယောက်အနက်လေးယောက်က လိင်ဆက်ဆံဖက်များအား မိမိတို့၏အခြေအနေကိုမပြောဘဲနေကြပြီး ထိုသူသုံးပုံနှစ်ပုံနီးပါးသည် ကွန်ဒွမ်အမြဲမသုံးကြ” ဟုသည်နယူးယောက်တိုင်းမ်စ်ကဖော်ပြသည်။ အိပ်ချ်အိုင်ဗွီကူးစက်မှုနှင့်ပတ်သက်သော ထိုသို့သတင်းထိမ်ချန်ခြင်းသည် သာမန်ကိစ္စဖြစ်သည်ဟု သုတေသီများကဆိုကြသည်။ “ယင်းသည် အသိတရားနည်းမှုကြောင့်မဟုတ်ချေ” ဟုရို့ဒ်ကျွန်း၊ ခရိုင်တစ်ခုရှိဘရောန်းဆေးတက္ကသိုလ်မှ ဒေါက်တာမိုက်ကယ်စတိန်းကဆိုသည်။ “လူတို့သည် ၎င်းတို့၏အိပ်ချ်အိုင်ဗွီကူးစက်သွားမည့်အန္တရာယ်ကိုနားလည်ကြ၏။ [သူတို့] သည် ဤအကြောင်းကိစ္စနှင့်ပတ်သက်၍ အသိတရားမနည်းကြပါ။ ယင်းသည် ကိုယ့်တာဝန်ကိုယ့်ကိစ္စသာဖြစ်သည်။”
အလွန်ဝခြင်းနှင့်နှလုံးရောဂါ
“လူကြီးဘဝတွင် စီအေဒီ [နှလုံးပတ်သွေးလွှတ်ကြောရောဂါ] မဖြစ်ရန် အထိရောက်ဆုံးကာကွယ်နည်းမှာ ကလေးဘဝတွင် အဝမလွန်စေခြင်းဖြစ်ပေသည်” ဟုအမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဂျာနယ်ကဖော်ပြထားသည်။ စောစောစီးစီးအဝလွန်ခြင်းသည် သွေးတိုး၊ ဆီးချိုရောဂါ၊ သွေးအဆီများခြေ (သွေးထဲတွင် အဆီများလွန်းခြင်း)၊ နှလုံးသွေးကြောရောဂါနှင့် အခြားသောနာတာရှည်ရောဂါများကိုတိုးပွားစေသည်ဟု ကျန်းမာရေးအရာရှိများ သိရှိလာသည်မှာ အချိန်အတော်ကြာပေပြီ။ အဆီကိုကန့်သတ်စားရန်နှင့် လေ့ကျင့်ခန်းများမှန်မှန်လုပ်ပေးရန် ဆရာဝန်များအကြံပေးကြသော်လည်း အမေရိကန်မြောက်ပိုင်းသားသုံးပုံတစ်ပုံသည် ကိုယ်အလေးချိန်လွန်ကဲ သို့မဟုတ် အဝလွန်လာကြသည်ဟုဆိုကြ၏။ “ကျွန်ုပ်တို့၏သားသမီးများကို ပို၍တိုးတက်ကောင်းမွန်သောအစာများကိုကျွေးပြီး လေ့ကျင့်ခန်းလုပ်သည့်အကျင့်များရှိစေခြင်းအားဖြင့် အဝလွန်ခြင်းကို ကြိုတင်ကာကွယ်ဖို့ လူ့ဘောင်တစ်ရပ်အနေဖြင့် ကျွန်ုပ်တို့မလုပ်ဆောင်နိုင်သေးမီ အချက်အလက်မည်မျှလိုအပ်ပါမည်နည်း” ဟုချီကာဂိုမြို့ရှိအနောက်မြောက်ပိုင်းဆေးတက္ကသိုလ်မှ လင်ဒါ ဗန် ဟောန်းကစောဒကတက်ခဲ့သည်။ “ဖြစ်နိုင်သည့်အကျိုးဆက်များကို တိုင်းဆမရနိုင်ချေ။ အရေးတယူမပြုလျှင် နှလုံးသွေးကြောဆိုင်ရာဆိုးကျိုးများသည် ကြိုတင်မှန်းဆနိုင်လောက်အောင် ထိခိုက်စေနိုင်ကာ ကုန်ကျစရိတ်များ၏။” သို့ရာတွင် အဝလွန်ခြင်းသည် လူတစ်ဦး၏ကျန်းမာရေးကို အတော်အတန်သာထိခိုက်စေသည်ဟု အင်္ဂလန်ဆေးဘက်ဆိုင်ရာဂျာနယ်သစ်တွင် လွန်ခဲ့သောလေ့လာမှုရလဒ်များကိုဖော်ပြထားသည်။ အဝလွန်ခြင်းသည် “သေချိန်မတန်ဘဲသေဆုံးရခြင်းကိုတိုးများစေသော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများစွာယူဆခဲ့ကြသလောက်မဟုတ်ကြောင်း” တွေ့ရသည်ဟုသည်နယူးယောက်တိုင်းမ်စ်ကဖော်ပြထားသည်။
ကွယ်ပျောက်နေသောသစ်တောများ
သစ်တောများကို လူသားတို့စတင်မဖျက်ဆီးမီက ကမ္ဘာမြေကိုဖုံးလွှမ်းခဲ့သော သစ်တောသုံးပုံနှစ်ပုံနီးပါးသည် ယခုကွယ်ပျောက်ခဲ့ပြီဟု သဘာဝထိန်းသိမ်းရေးကမ္ဘာ့ရန်ပုံငွေ (WWF) ကဆိုသည်။ ပြဿနာအတွက် လူတို့ကိုနှိုးဆော်ရန်အားသွန်ခွန်စိုက်ကြိုးပမ်းသည့်ကြားက ဤဆယ်စုနှစ်အတွင်းသစ်တောပြုန်းတီးမှုသည် များမကြာမီ နိုင်ငံအတော်များများ၌ သဘာဝသစ်တောများလုံးဝပြုန်းတီးသွားနိုင်သည့်အထိ ကြီးမားလာခဲ့သည်။ သစ်နှင့် ထွန်ယက်စိုက်ပျိုးနိုင်သောမြေယာရရေးအတွက် သစ်တောနယ်မြေများကို ခုတ်ထွင်ရှင်းလင်းခြင်းသည် အပင်များနှင့် တိရစ္ဆာန်မျိုးစိတ်များကို အကြီးအကျယ်ဖျက်ဆီးပစ်ရာကျသည်။ ထို့အပြင် အပင်မီးရှို့ခြင်းသည် ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်များကို ထုတ်လွှတ်ပေးရာ ကမ္ဘာကြီးပူနွေးလာမည့်အရေးကို လူအများရတက်မအေးဖြစ်နေကြသည်။ WWFက သက္ကရာဇ် ၂၀၀၀ တွင်ကမ္ဘာတစ်ဝန်းရှိသစ်တောအမျိုးအစားအားလုံး၏အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ကာကွယ်ရန်တိုက်တွန်းသည်ဟု လန်ဒန်ဂါဒီးယန်းသတင်းစာကဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းအစာငတ်ပြတ်မှုခန့်မှန်းချက်
ဂျွန်ဟုပ်ကင်းစ်တက္ကသိုလ်မှလေ့လာမှုတစ်ရပ်အရ “လူဦးရေတိုးပွားမှုနှုန်းနှေးပြီး လယ်ယာထွက်ကုန် သိသိသာသာတိုးမလာလျှင် သက္ကရာဇ် ၂၀၂၅ တွင်ကမ္ဘာ့ငတ်မွတ်သူဦးရေ သန်းရှစ်ထောင်ခန့်အတွက် အစာလုံလောက်မည်မဟုတ်” ဟုအေပီသတင်းကဖော်ပြထားသည်။ “မွေးဖွားမှုနှုန်းသည် အမျိုးသမီးတစ်ယောက်လျှင် ကလေးနှစ်ယောက်ခန့်မျှအထိ မကျဆင်းလျှင်” ပြည်သူများကျန်းမာနေစေရေးအတွက် “ကျန်းမာရေးနှင့်ညီပြီး အာဟာရပြည့်ဝသော အစားအစာအလုံအလောက်ရရှိနိုင်” စေရန် သက္ကရာဇ် ၂၀၂၅ တွင် အစားအစာထုတ်ကုန်နှစ်ဆထွက်ရှိဖို့လိုမည်ဟု သုတေသီများကတွက်ဆထားကြသည်။ နောက်ထပ်ပြဿနာများမှာ ရေပြတ်လပ်ခြင်း၊ မြေထုညစ်ညမ်းခြင်း၊ အပေါ်ယံမြေဆီလွှာများ တဖြည်းဖြည်းတိုက်စားခံရခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ဖြစ်၏။ ယနေ့ပင် ကမ္ဘာပေါ်အသက်ရှင်နေထိုင်ကြသော လူသန်းခြောက်ထောင်နီးပါးကိုကျွေးနိုင်လောက်အောင် အစာအလုံအလောက်ထွက်ရှိနေသည့်ကြားက ငတ်ပြတ်မှုကြောင့် လူ ၁၈ သန်းခန့်နှစ်စဉ်သေဆုံးနေကြသည်။
ပျောက်ကွယ်လာနေသော အိုရီနိုဂိုမိကျောင်း
ဂါရာဂါးစ်မဂ္ဂဇင်းအက်စ်တဲမ်ပတ်စ်အရ ဗင်နီဇွဲလားနိုင်ငံအိုရီနိုဂိုမြစ်ရှိမိကျောင်းများသည် ဘေးသင့်နေကြသည်။ ယင်းသတ္တဝါများသည် ၁၉၃၀ ပြည့်နှစ်ကတည်းက ယင်းတို့၏သားရေအတွက် သတ်ဖြတ်ခံနေရသည်။ ထိုအချိန်က “ဗင်နီဇွဲလားတွင် မိကျောင်းကောင်ရေသည် လူဦးရေထက်ပိုများ၏” ဟုထိုမဂ္ဂဇင်းကဖော်ပြသည်။ သို့သော် ၁၉၃၁ ခုနှစ်နှင့် ၁၉၃၄ ခုနှစ်ကာလအတွင်း မိကျောင်းကောင်ရေအနည်းဆုံး ၄.၅ သန်း၏သားရေပေါင်ချိန်သုံးသန်းနီးပါးတင်ပို့ခဲ့ကြသည်။ “နှစ်အတန်ကြာ တရစပ်သတ်ဖြတ်ခဲ့ကြပြီးနောက်” ၁၉၅၀ ပြည့်နှစ်တွင် မိကျောင်းကောင်ရေသည် အလွန်လျော့နည်းသွားခဲ့ရာ ပေါင်ချိန် ၆၆,၀၀၀ “သာ” တင်ပို့နိုင်တော့သည်။ ယနေ့ အိုရီနိုဂိုမိကျောင်းကောင်ရေ ၃,၀၀၀ အောက်သာရှိတော့ရာ အခြားသောဗင်နီဇွဲလားတိရစ္ဆာန်မျိုးစိတ် ၃၁၂ မျိုးနှင့်အတူ လူသားများကြောင့် မျိုးသုဉ်းတော့မည့်အန္တရာယ် ကြုံတွေ့နေရသည်ဟု ကျွမ်းကျင်သူများကဆိုသည်။
အံ့သြဖွယ်ကြယ်စွမ်းအား
ကျွန်ုပ်တို့၏ဂလက်ဆီအတွင်းတွင် “အပြာရောင်ကြယ်ရှင်” ဟုခေါ်သောရှားပါးသည့် ကြယ်တစ်မျိုးရှိကြောင်းနောက်ထပ်အထောက်အထားတစ်ခုကို မကြာသေးမီက ဟဘဲလ် နက္ခတ်တာရာကြည့်မှန်ပြောင်းမှမြင်ရသည့်ပုံရိပ်ကဖော်ပြသည်။ နက္ခတ္တပညာရှင်များ၏အဆိုအရ အလွန်တောက်ပသောကြယ်နှင့် ပတ်ပတ်လည်ရှိနက်ဗျူလာသည် သေနတ်ပုံသဏ္ဌာန်ရှိရာ ပစ္စတိုဟုအမည်ပေးခဲ့ကြသည်။ ယင်းပစ္စတိုသည် နေထက်အနည်းဆုံးအဆ ၆၀ ကျော်ထုထည်ပိုကြီးမားပြီး အဆပေါင်း ၁၀ သန်းနီးပါးမျှစွမ်းအင်ပိုကြီးမားသည်။ ယင်းသည် “ကောင်းကင်တွင် စွမ်းအင်အများဆုံးကြယ်” ဖြစ်နိုင်သည်ဟု သိပ္ပံမဂ္ဂဇင်းကဆိုသည်။ သို့သော် အမှုန်များခံထားခြင်းကြောင့် ယင်းကြယ်ကို အနီအောက်ရောင်ခြည်သုံးစူးစမ်းလေ့လာရေးကိရိယာများဖြင့်သာ တွေ့ရှိနိုင်သည်။ ယင်းပစ္စတိုသည် ကမ္ဘာမှအလင်းနှစ် ၂၅,၀၀၀ အကွာတွင်တည်ရှိသောကြောင့် ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းအထိမတွေ့ရှိခဲ့ကြဟု ယင်းသတင်းကရှင်းပြ၏။ ဤအမျိုးအစားဖြစ်သောအခြားကြယ်ခြောက်လုံးကိုသာ ကျွန်ုပ်တို့၏ဂလက်ဆီတွင်တွေ့မြင်ရသည်။
ကားမောင်းခြင်းနှင့်ဖုန်းပြောခြင်း—အန္တရာယ်များသောအတွဲ
ကားမောင်းနေစဉ်တယ်လီဖုန်းပြောသည့်ယာဉ်မောင်းများသည် သတိမပြုမိဘဲကြီးလေးသောအမှားများကိုပြုမိနိုင်ပေသည်။ ယင်းသည် ဂျာမနီနိုင်ငံအထွေထွေမော်တော်ကားအသင်းက ပြုလုပ်သောစမ်းသပ်မှုတစ်ရပ်မှ နောက်ဆုံးရလဒ်ဖြစ်၏။ ယာဉ်မောင်းများအား သုံးကြိမ်ပြည့်သည့်အထိ အစမ်းသပ်ခံဖို့တောင်းဆိုထားသည်။ ပထမအကြိမ်တွင် သူတို့သည်တယ်လီဖုန်းအသုံးမပြုခဲ့ကြချေ။ ဒုတိယအကြိမ်တွင် လက်လွတ်ကားဖုန်းနှင့် တတိယအကြိမ်တွင် လက်ကိုင်ဖုန်းကိုအသုံးပြုခဲ့ကြသည်။ ယာဉ်မောင်းများမည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ ဘရိတ်ဖမ်းရာတွင် ပျမ်းမျှအားဖြင့် တယ်လီဖုန်းမပြောသောယာဉ်မောင်းများသည် ၀.၅၊ လက်လွတ်ဖုန်းအသုံးပြုသူများသည် ၅.၉ နှင့်လက်ကိုင်ဖုန်းသုံးသောယာဉ်မောင်းများသည် ၁၄.၆ ကြိမ်အမှားပြုကြသည်။ ထို့ကြောင့် ကားမောင်းချိန်တွင် လက်ကိုင်ဖုန်းအသုံးပြုခြင်းသည် “အတော်ပင်အန္တရာယ်ရှိ” ကြောင်းလေ့လာမှုက မှတ်ချက်ချသည်ဟု ဆဒ်ဒီယွတ်ဆကဲ ဇေတုန်သတင်းကဖော်ပြထား၏။