ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၇/၈ စာ. ၄-၆
  • အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျိုးရိုးကြောင့်လော၊ ဝန်းကျင်ကြောင့်လော၊ သို့မဟုတ် နှစ်မျိုးစလုံးကြောင့်လော
  • အဝလွန်ခြင်း၏အန္တရာယ်များ
  • အဝလွန်ခြင်း တကယ့်ပြဿနာလော
    နိုးလော့!—၂၀၀၅
  • ကလေးများ အဝလွန်မှု အဘယ်အရာ ပြုလုပ်နိုင်သနည်း
    နိုးလော့!—၂၀၀၉
  • ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်
    နိုးလော့!—၁၉၉၈
  • အဝလွန်ခြင်း ဖြေရှင်းနည်းကား အဘယ်နည်း
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၇/၈ စာ. ၄-၆

အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း

“ကျွန်ုပ်တို့သားသမီးများ၏ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်နိုင်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်လက်စအချိန်တွင် အသက်ရှင်နေရသည်။ လူ့ဘောင်အဖွဲ့ အစည်းသည် တားဆီးကာကွယ်ရေးကို ယခု အကောင်အထည်ဖော် မဆောင်ရွက်လျှင် အဝလွန်ခြင်း တိုးများလာမှုကို ဟန့်တားနိုင်တော့မည်မဟုတ်။”—ဝီလျံ ဂျေ. ခလစ်ရှ်၊ ကလေးအထူးကုသမားတော်။

ကိုယ်အလေးချိန်ပြဿနာမရှိသူတချို့သည် ကိုယ်အလေးချိန်ပိုပြီး အဝလွန်နေသူတို့ကို စိတ်ဓာတ်ပျော့ညံ့သူများ၊ စေ့ဆော်မှုနည်းသူများအဖြစ် သဘောထားကာ အထင်သေးကြသည်။ သို့သော် ဤပြဿနာသည် ထိုမျှရိုးရှင်းပါသလော။ အဝလွန်နေသူတို့သည် မည်သည့်ကာယလေ့ကျင့်ခန်းမျှ မလုပ်ဘဲရှောင်နေကြသည့် လူပျင်းများ အမှန်ဖြစ်သလော။ သို့မဟုတ် ကိစ္စအတော်များများတွင် ထိန်းဖို့ခက်လှသည့် အလွန်ကြီးမားသော တခြားအကြောင်းရင်းများ ရှိပါသလော။

မျိုးရိုးကြောင့်လော၊ ဝန်းကျင်ကြောင့်လော၊ သို့မဟုတ် နှစ်မျိုးစလုံးကြောင့်လော

အစာနှင့်ပစ်ပေါက်ကစားခြင်း ဟူသောစာအုပ်က ဤသို့ဆိုသည်– “အဝလွန်ရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး မျိုးရိုးဗီဇကြောင့်၊ ဝန်းကျင်ကြောင့်ဟူ၍ အချေအတင် ဆွေးနွေးငြင်းခုံလာခဲ့ကြသည်မှာ ကြာပေပြီ။” ဤစကားစပ်အရ မျိုးရိုးဗီဇကြောင့်ဟုဆိုသော် အဘယ်သဘောနည်း။ လူ့ကိုယ်ခန္ဓာသည် နောင်အတွက် ကယ်လိုရီအပိုအလျှံများကို လိုရမယ်ရ သဘာဝအလျောက် သိုလှောင်ထားတတ်သည်ဟူသော သီအိုရီကို တချို့က လက်ကိုင်ပြကြ၏။ အထက်ပါစာအုပ်ကပင် ဤသို့ဆက်၍ဆိုသည်– “အဝလွန်ခြင်းဆိုင်ရာ မျိုးရိုးလိုက်မှုအကြောင်းကို လေ့လာခဲ့ကြသည်မှာ ဆယ်စုနှစ်ချီလေပြီ။ . . . ယခုအခါ လူ့ဗီဇနှင့် အဝလွန်ရောဂါတို့ကို အတော်ပင် သုတေသနပြုခဲ့ကြပြီးဖြစ်သည်။ ကိုယ်အလေးချိန်ပိုနိုင်ဖွယ်ရှိသူတို့နှင့် ဆီးချိုသွေးချိုကဲ့သို့သောရောဂါများ ခံစားရနိုင်ဖွယ်ရှိသူတို့၏ ဗီဇများကို ခွဲခြားသိရှိရန် ခေတ်မီဆန်းပြားလှသည့် နည်းစနစ်များကို အသုံးပြုလျက်ရှိသည်။ သိပ္ပံဝေါဟာရအရ လူတို့၏ ယေဘုယျကိုယ်အလေးချိန်တွင် ပြောင်းလဲမှု၏ ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိကို မျိုးရိုးဗီဇများဖြင့် ရှင်းပြနိုင်ပေသည်။” အဆိုပါ စာအုပ်က ဤသို့ဆက်ဆိုသည်– “အဝလွန်ခြင်းသည် အများအားဖြင့် ပင်ကိုချို့ယွင်းမှုကြောင့်ဖြစ်သည်ဟု ယူဆလျှင် အထက်ပါအရေအတွက်က ဇီဝဗေဒ၏ အရေးပါမှုကို မီးမောင်းထိုးပြသည်၊ သို့သော် လူ့ကိုယ်အလေးချိန်တွင် ပြောင်းလဲမှုဖြစ်ရသည့်အကြောင်းရင်း ၆၀ ရာခိုင်နှုန်းနှင့် အထက်သည် ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်ပေသည်။” ယင်းက အဝလွန်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လူတစ်ဦး၏ နေထိုင်စားသောက်ပုံကြောင့်ဖြစ်နေဆဲ ဟူသည့်သဘောပင်။ လူတစ်ဦးသည် ကယ်လိုရီကို နေ့စဉ်လောင်ကျွမ်းနိုင်သည့်ပမာဏထက်ပို၍ စားသုံးနေပါသလော။ မစားသင့်သည့် အစားအသောက်များကို နေ့စဉ်ပုံမှန်စားသုံးနေပါသလော။ နေ့စဉ် ကာယလေ့ကျင့်ခန်း အတော်အသင့်ပြုဖို့ အချိန်ဖယ်ထားပါသလော။

မေရိုဆေးခန်းက အဝလွန်ရသည့်အကြောင်းရင်းကို ဤသို့ရိုးရိုးကလေးရှင်းပြသည်– “ကိုယ်အလေးချိန်ပိုခြင်း သို့မဟုတ် အဝလွန်ခြင်းသည် မျိုးရိုးဗီဇကြောင့် တစ်ကြောင်းဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်၊ သို့သော် အဓိကအကျဆုံးမှာ သင့်ကိုယ်ခန္ဓာအလေးချိန်သည် သင်စားသည့်အစာနှင့် ကာယလှုပ်ရှားမှုတို့အပေါ်တွင် မူတည်နေပါသည်။ ရေရှည်တွင် ကယ်လိုရီပါသည့်အစာကို လွန်လွန်ကဲကဲစားသောက်ခြင်း၊ အထိုင်များသည့်ဘဝပုံစံ သို့မဟုတ် ယင်းတို့နှစ်မျိုးစလုံးက အဝလွန်စေ၏။” (ကျွန်ုပ်တို့ စာလုံးစောင်းထား။) အထက်ပါစာအုပ်ကပင် ဤသို့ဆက်၍ဆို၏– “မျိုးရိုးကြောင့် ဝလာရမည်ဟူသည့် သဘောမသက်ရောက်ပါ။ . . . သင့်တွင် မည်သည့်မျိုးရိုးဗီဇပင်ရှိနေပါစေ သင်၏ကိုယ်အလေးချိန်သည် သင်ရွေးချယ်သည့် အာဟာရနှင့် ကိုယ်လက်လှုပ်ရှားမှုတို့အပေါ်တွင် အဓိကမူတည်နေပါသည်။”

မိမိတို့၏ ယခင်ခန္ဓာကိုယ်မျိုး ပြန်လည်ရရှိအောင် အသည်းအသန်ကြိုးစားနေသူများအတွက် ကိုယ်အလေးချိန်လျှော့ချပေးသည့် လုပ်ငန်းများမှာ ဒေါ်လာသန်းချီ၍ ရရှိနေ၏။ သို့တိုင်၊ ထိုအစီအစဉ်များနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက အဘယ်သို့ဆိုကြသနည်း။ “အဝလွန်ခြင်းသည် အလွန်ကုသရခက်ပြီး ကိုယ်အလေးချိန်လျော့ကျသွားသူအများစုမှာ ပြန်မတိုးလာအောင် မထိန်းနိုင်ကြချေ။ အကောင်းဘက်ကကြည့်၍ ခန့်မှန်းရမည်ဆိုလျှင် ၂၅ ရာခိုင်နှုန်း [လေးဦးတွင် တစ်ဦး] က ကိုယ်အလေးချိန်လျော့ကျသွားပြီး အဆိုပါလျော့ကျသွားမှုကို မြဲအောင်ထိန်းထားနိုင်ကြ၏၊ သို့သော် များစွာကြိုးစားအားထုတ်မှုတော့လိုပေသည်” ဟု အစာနှင့် ပစ်ပေါက်ကစားခြင်းစာအုပ်ကဆို၏။

အဝလွန်ခြင်း၏အန္တရာယ်များ

အဝလွန်ခြင်းသည် ဆိုးရွားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်၏။ တောင်ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ်မှ အာရုံကြောအထူးကု ဒေါက်တာ စကော့တ် လော်ရန်-ဆဲလ်ကိုက အဝလွန်နေသည့် လူငယ်များပင်လျှင် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ကြောင်း သတိပေးသည်။ (၂၀၀၄၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်းကို ရှု။) သူက ဤသို့ဆို၏– “အခု အဲ့ဒီရောဂါကို တစ်ချိန်လုံးပဲ ကျွန်တော်တို့တွေ့ မြင်နေရပါတယ်၊ တကယ့်ကို ထိတ်လန့်စရာပါပဲ။ သူတို့ [အဝလွန်လူနာ] တွေကို ဆီးချိုကုသဆောင် ခေါ်သွားပြီး အဝလွန်လို့ အမျိုးအစား ၂ [ဆီးချို] ကြောင့် မျက်စိကွယ်ရ၊ ခြေလက်ဖြတ်ပစ်ရ၊ မသန်မစွမ်းဘဝရောက်သွားတဲ့သူတွေ တစ်ပုံကြီးကို ပြပြီး မင်းတို့လည်း အဲ့လိုဘဝမျိုး ရောက်သွားနိုင်တယ်လို့ ပြောပြတယ်။” အဝလွန်ရသည့် အခြေခံအကြောင်းရင်းတစ်ခုကား အဘယ်နည်း။ “သူတို့တွေဟာ ဘာဂါမုန့်တွေ၊ အကျော်မုန့်တွေကို တဝ ဝယ်စားနိုင်ကြတော့ အဝလွန်ကြတော့မပေါ့။ ဒီလိုစားတာ မှားတယ်လို့ ပြောပေးမယ့်သူမရှိဘူး၊ အမြန်ရအစားအစာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ပြောမှာမဟုတ်တာတော့ သေချာတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အာဟာရဗေဒ လေ့ကျင့်မှုမခံရသေးတဲ့ သမားတော်အများစုကလည်း ပြောပြကြမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်” ဟု လော်ရန်-ဆဲလ်ကိုကဆို၏။

အာဟာရဗေဒနှင့်ပတ်သက်၍ နာမည်ကြီးစာရေးဆရာ ဒေါက်တာ အက်ဒ်ဝါ့ တိုးဘ် က ဤသို့ပြောပြသည်– “ကိုယ်အလေးချိန် ပိုလာခြင်းကို ခေတ်သစ်လူမှုဘဝ၏ သဘာဝတရားအဖြစ် လက်ခံလာမှုသည် မကြာသေးမီက သာ၍ခေတ်စားလာရုံမက နိုင်ငံရေးအရပင် သင့်တော်ပါသည်။ ကျွန်ုပ်တို့အား အဝလွန်စေသည့် စားသောက်ကုန်များမှရသည့် အမြတ်အစွန်းများဖြင့် အများပြည်သူနှင့် ဆက်ဆံရေး ဖန်တီးနိုင်လိုက်ခြင်းမှာ အံ့မခန်းဖွယ်ရာပင်။”

တင်ပါးတွင် အဆီများစုနေသည့် “သစ်တော်သီးသဏ္ဌာန် တင်ခါးပိုင်ရှင်တို့သည် ဝမ်းဗိုက်ပိုင်းတွင် အဆီများစုနေသည့် (အထူးသဖြင့် ခါး ၃၅ လက်မမှ လက်မ ၄၀ အထိ ရှိနေလျှင်) ပန်းသီးသဏ္ဌာန် တင်ခါးပိုင်ရှင်တို့ထက် ပို၍ကျန်းမာနိုင်ကြောင်း ကျွမ်းကျင်သူများကဆိုကြ၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ဝမ်းဗိုက်ပိုင်းရှိအဆီသည် သွေးတိုး၊ နှလုံးပတ် သွေးလွှတ်ကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်ခြင်းနှင့် တချို့သောကင်ဆာရောဂါများဖြစ်ဖို့ အကြောင်းများသည်။ သင်သည် တင်ပါး၊ ပေါင်တံနှင့် တင်ပါးဆုံတို့ကြီးနေသည့် သစ်တော်သီးသဏ္ဌာန်ရှိမည်ဆိုလျှင် သင်၏ကျန်းမာရေးအန္တရာယ်မှာ ပြောသလောက် မပြင်းထန်ပေ” ဟု ကျန်းမာသောကိုယ်အလေးချိန်ဆိုင်ရာ မေရိုဆေးခန်းစာအုပ်က ဆိုသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်း ကိုယ်အလေးချိန်ပိုခြင်းနှင့် ထပ်တိုးရောဂါသစ်များကြောင့် ကျန်းမာရေးအန္တရာယ်ရှိနေကြသည့် ကလေးသူငယ်နှင့် လူကြီး သန်းပေါင်းများစွာအတွက် ဖြေရှင်းနည်းကား အဘယ်နည်း။ ထိရောက်သည့်ကုသမှု ရှိပါ၏လော။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ဇယား]

ဘီအမ်အိုင်ဟူသည် အဘယ်နည်း။ ယင်းက အဘယ်သို့ဆိုသနည်း

ဘီအမ်အိုင် (ကိုယ်အလေးချိန်ပမာဏအညွှန်း) ဟူသည် လူတစ်ဦး ကိုယ်အလေးချိန်ပိုနေမနေ၊ အဝလွန်နေမနေကို ပိုင်းဖြတ်ရန် အကူအညီပေးနိုင်သည့် အရပ်နှင့် ကိုယ်အလေးချိန်အချိုးဖြစ်သည်။ မေရိုဆေးခန်း၏အဆိုအရ၊ ဘီအမ်အိုင် ၁၈.၅ မှ ၂၄.၉ အထိရှိသော အုပ်စုကို အကျန်းမာဆုံးဟု သတ်မှတ်သည်။ သင်၏ ဘီအမ်အိုင်သည် ၂၅ နှင့် ၂၉.၉ အကြားရှိမည်ဆိုလျှင် သင်သည် ကိုယ်အလေးချိန်ပိုနေပြီဖြစ်သည်။ ဘီအမ်အိုင် ၃၀ ကျော်လျှင် အဝလွန်သည်ဟု ရှုမြင်ကြ၏။ ဇယားဖြင့် တိုက်ကြည့်လျှင် သင့်အခြေအနေမည်သို့နည်း။ သင်၏အခြေအနေနှင့်စပ်လျဉ်း၍ အတည်ပြုချက် သို့မဟုတ် အကြံပြုချက်များအတွက် ဆရာဝန်ထံ သွားတွေ့ဖို့လိုမည်လော။

သင်၏ဘီအမ်အိုင်ကို တွက်ချက်ရန် သင်၏ကိုယ်အလေးချိန်ကို ၇၀၅ ဖြင့်မြှောက်၍ ရလာသည့်အဖြေကို သင်၏အရပ် လက်မဖြင့်စားပြီး တစ်ဖန် သင်၏အရပ် လက်မဖြင့် ထပ်စားပါ။ ဥပမာ၊ သင်၏ ကိုယ်အလေးချိန်သည် ပေါင် ၂၀၀ ရှိပြီး အရပ်က ခြောက်ပေရှိသည်ဆိုလျှင် သင်၏ ဘီအမ်အိုင်သည် ၂၇ (၂၀၀×၇၀၅÷၇၂÷၇၂=၂၇) ဖြစ်သည်။

[ဇယား]

ကျန်းမာ ကိုယ်အလေးချိန်ပို အဝလွန်

ဘီအမ်အိုင် ၁၈.၅-၂၄.၉ ၂၅-၂၉.၉ ၃၀နှင့်အထက်

အရပ်အမြင့် ကိုယ်အလေးချိန်ပေါင်

၄’၁၀’’ ၁၁၈ နှင့်အောက် ၁၁၉-၁၄၂ ၁၄၃ နှင့်အထက်

၄’၁၁’’ ၁၂၃ နှင့်အောက် ၁၂၄-၁၄၇ ၁၄၈ နှင့်အထက်

၅’၀’’ ၁၂၇ နှင့်အောက် ၁၂၈-၁၅၂ ၁၅၃ နှင့်အထက်

၅’၁’’ ၁၃၁ နှင့်အောက် ၁၃၂-၁၅၇ ၁၅၈ နှင့်အထက်

၅’၂’’ ၁၃၅ နှင့်အောက် ၁၃၆-၁၆၃ ၁၆၄ နှင့်အထက်

၅’၃’’ ၁၄၀ နှင့်အောက် ၁၄၁-၁၆၈ ၁၆၉ နှင့်အထက်

၅’၄’’ ၁၄၄ နှင့်အောက် ၁၄၅-၁၇၃ ၁၇၄ နှင့်အထက်

၅’၅’’ ၁၄၉ နှင့်အောက် ၁၅၀-၁၇၉ ၁၈၀ နှင့်အထက်

၅’၆’’ ၁၅၄ နှင့်အောက် ၁၅၅-၁၈၅ ၁၈၆ နှင့်အထက်

၅’၇’’ ၁၅၈ နှင့်အောက် ၁၅၉-၁၉၀ ၁၉၁ နှင့်အထက်

၅’၈’’ ၁၆၃ နှင့်အောက် ၁၆၄-၁၉၆ ၁၉၇ နှင့်အထက်

၅’၉’’ ၁၆၈ နှင့်အောက် ၁၆၉-၂၀၂ ၂၀၃ နှင့်အထက်

၅’၁၀’’ ၁၇၃ နှင့်အောက် ၁၇၄-၂၀၈ ၂၀၉ နှင့်အထက်

၅’၁၁’’ ၁၇၈ နှင့်အောက် ၁၇၉-၂၁၄ ၂၁၅ နှင့်အထက်

၆’၀’’ ၁၈၃ နှင့်အောက် ၁၈၄-၂၂၀ ၂၂၁ နှင့်အထက်

၆’၁’’ ၁၈၈ နှင့်အောက် ၁၈၉-၂၂၆ ၂၂၇ နှင့်အထက်

၆’၂’’ ၁၉၃ နှင့်အောက် ၁၉၄-၂၃၂ ၂၃၃ နှင့်အထက်

၆’၃’’ ၁၉၉ နှင့်အောက် ၂၀၀-၂၃၉ ၂၄၀ နှင့်အထက်

[Credit Line]

ကျန်းမာသောကိုယ်အလေးချိန်ဆိုင်ရာ မေရိုဆေးခန်းအရ ပြုပြင်ထားသည်

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ကယ်လိုရီဟူသည် အဘယ်နည်း

ကယ်လိုရီကို မည်သို့အနက်ဖွင့်မည်နည်း။ ၎င်းသည် အပူစွမ်းအင်ကိုတိုင်းတာသည့် စံယူနစ်တစ်ခုဖြစ်၏။ သင်ချွေးထွက်သည့်အခါ ကယ်လိုရီ ခေါ် အပူစွမ်းအင်ကို သင်သုံးပစ်လိုက်ခြင်းဖြစ်သည်။ “ကယ်လိုရီဟူသည် ရေ တစ်ကီလိုဂရမ်၏ အပူချိန်ကို တစ်ဒီဂရီစင်တီဂရိတ် အတိအကျတိုးစေဖို့ လိုအပ်သည့် အပူပမာဏဖြစ်သည်။” (ခန္ဓာကိုယ်ညီ အသက်တည်) လူတစ်ဦးစီ၏ နေ့စဉ် ကယ်လိုရီလိုအပ်မှုများမှာ မတူညီကြချေ၊ အရပ်၊ ကိုယ်အလေးချိန်၊ အသက်နှင့် လှုပ်ရှားမှုအတိုင်းအတာအစရှိသည့် အခြေခံအကြောင်းရင်းများအပေါ် မူတည်ပေသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်သည်

◼ သင်၏တစ်နေ့တာအချိန်အများစုကို မလှုပ် မယှက်ထိုင်၍ တီဗွီကြည့်လျှင်၊ စားပွဲ သို့မဟုတ် ယာဉ်တစ်စီးတွင် မလှုပ်မယှက်ထိုင်နေလျှင်

◼ ကိုက် ၁၀၀ ထက်ပို၍ လမ်းလျှောက်ခြင်း မရှိလျှင်

◼ လှုပ်ရှားမှုမရှိသည့်အလုပ်မျိုးကို လုပ်ရလျှင်

◼ အနည်းဆုံး ရက်သတ္တပတ်လျှင်တစ်ကြိမ် မိနစ် ၂၀ နှင့် ၃၀ အကြား ကိုယ်လက် လှုပ်ရှားမှု မရှိလျှင် အထိုင်များသူဖြစ်၏

[Credit Line]

ကျန်းမာသော ကိုယ်အလေးချိန်ဆိုင်ရာ မေရိုဆေးခန်း စာအုပ်ကို အခြေပြုထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ