မြေကြီးကိုချစ်မြတ်နိုးတဲ့ကျွန်မရဲ့လိုအင် ထာဝစဉ်ပြည့်ဝတော့မယ်
ဒေါ်ရသီ ကန္နလီပြောပြသည်
ကျွန်မကလေးဘဝတုန်းက ကျွန်မဟာအဘော်ရီဂျီနီလူမျိုးဖြစ်တဲ့အတွက် ငရဲထဲသွားရမယ်လို့အပြောခံခဲ့ရတယ်။ နှစ်တော်တော်ကြာပြီး ၁၉၃၆ ခုနှစ်မှာတော့ ငရဲကိုရေပိုက်နဲ့လောင်းသတ်လိုက်တဲ့ အသံသွင်းထားတဲ့ကျမ်းစာဟောပြောချက်ကို ကြားခဲ့ရလို့ မျှော်လင့်ချက်အလင်းတန်းကို ကျွန်မရခဲ့တယ်။ အခုဆိုရင် အဲ့ဒီအလင်းတန်းဟာ အရင်ကထက်ပိုပြီးထွန်းလင်းတောက်ပနေပါပြီ။ ဘာဖြစ်လို့လဲဆိုတာကိုမရှင်းပြခင် ကျွန်မနဲ့ပတ်သက်တဲ့အကြောင်းတချို့ကို ပြောပြပါရစေ။
ကျွန်မဟာ ၁၉၁၁ ခုနှစ်လောက်မှာမွေးဖွားခဲ့တယ်။ “လောက်မှာ” ဆိုတဲ့စကားလုံးကိုကျွန်မသုံးရတာဟာ အဲ့ဒီအချိန်တုန်းက အဘော်ရီဂျီနီတွေဟာ မွေးဖွားတဲ့နေ့နဲ့မွေးစာရင်းကို အလုပ်ရှုပ်ခံပြီးမမှတ်ကြဘူး။ ကျွန်မရဲ့မိဘတွေကတော့ အလုပ်ကြိုးစားပြီး ဘုရားသခင်ကိုကြောက်ရွံ့တဲ့သူတွေဖြစ်ခဲ့ကြတယ်။ ကျွန်မတို့ဟာ ဩစတြေးလျ၊ ကွင်းစလန်အလယ်ပိုင်း မညီမညာကြမ်းတမ်းပြီး လှပတဲ့ကာနာဗန်တောင်တန်းနားမှာရှိတဲ့ စပရင်းရူဝါးမြို့ငယ်လေးမှာနေထိုင်ခဲ့ကြတယ်။
ကျွန်မရဲ့အဖေဟာ ကက်သလစ်ဘာသာဝင်လူဖြူမိသားတစ်စုရဲ့လက်ပေါ်မှာ ကြီးပြင်းလာပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့အဘော်ရီဂျီနီမိဘတွေဟာ သူတို့ရဲ့ရိုးရာထုံးစံတွေနဲ့ ကမ္ဘာမြေကြီးကိုချစ်မြတ်နိုးစိတ်ရှိအောင် ကျွန်မကိုလေ့ကျင့်သွန်သင်ပေးခဲ့တယ်။ ကျွန်မတို့ဟာ သားပိုက်ကောင်တွေ၊ အီမျူးငှက်တွေ၊ ပင်လယ်လိပ်တွေနဲ့ မြွေတွေရဖို့အမဲလိုက်ကြပြီး ငါးတွေ၊ ပိုးကောင်သားလောင်းတွေ (စား၍ရသော ခူကောင်ကြီးများ) ကိုဖမ်းခဲ့ကြတယ်။ ဒါပေမဲ့ အီမျူးငှက်ကို ကျွန်မဘယ်တော့မှမစားဘူး။ အဲ့ဒါဟာ ကျွန်မရဲ့ကိုယ်ပိုင်ရိုးရာအထိမ်းအမှတ်အကောင်ဖြစ်တဲ့အတွက် ကျွန်မတို့မိသားစုထဲမှာ ကျွန်မတစ်ယောက်ထဲကိုပဲ မစားဖို့တားမြစ်ထားတာပါ။ အဘော်ရီဂျီနီတွေရဲ့ထုံးတမ်းစဉ်လာ ဒါမှမဟုတ် “မိရိုးဖလာ” ကလူမျိုးစုအတွင်းမှာရှိတဲ့ယောက်စီယောက်တိုင်းမှာ ကိုယ်ပိုင်ရိုးရာအထိမ်းအမှတ်ရှိကြပြီး အဲ့ဒီပစ္စည်းနဲ့ပတ်သက်တဲ့တားမြစ်ချက်ကို မိသားစုနဲ့လူမျိုးစုက ချမှတ်ထိန်းကွပ်ထားတယ်။
ရိုးရာအထိမ်းအမှတ်အယုံအကြည်ဝါဒဟာ အယူသီးမှုကနေမြစ်ဖျားခံတာဖြစ်ပေမဲ့ အဲ့ဒီလိုရိုးရာအထိမ်းအမှတ်ကို အခိုင်အမာသတ်မှတ်ထားပေးတာဟာ အသက်ကို အထွတ်အမြတ်ထားစေတဲ့ သတိပေးချက်တစ်ခုဖြစ်တယ်။ အဘော်ရီဂျီနီတွေဟာ အပျော်သဘောအနေနဲ့ အသက်မသတ်ခဲ့ကြဘူး။ ကလေးဘဝမှာ နှံကောင်အရှင်တွေကို ခြေလက်ချိုးပစ်နေတဲ့ကျွန်မကို တွေ့လိုက်တဲ့အဖေရဲ့ ဒေါသမီးအောက်မှာ ကျုံ့ကျုံ့လေးနေရတာကို သတိရသေးတယ်။ “မင်းတော်တော်ဆိုးပါလား! ဒီလိုရက်စက်တဲ့အလုပ်ကို ဘုရားသခင်မုန်းတယ်ဆိုတာမသိဘူးလား။ ကိုယ့်ကိုသူများဒီလိုလုပ်ရင် ဘယ်လိုနေမလဲ” ဆိုပြီး အကြီးအကျယ်ဆူခဲ့တယ်။
ကျွန်မတို့ဆီမှာ အယူသီးတာတွေအများကြီးရှိခဲ့တယ်။ ဥပမာအနေနဲ့ ကျွန်မတို့နေထိုင်တဲ့နေရာပတ်ဝန်းကျင်မှာ ဝီလီ ဝက်တေး (အလွန်သေးငယ်သောငှက်တစ်မျိုး) သွားလာနေတာတွေ့ရင် ဒါဟာနိမိတ်မကောင်းဘူး၊ ဒါမှမဟုတ် နေ့အချိန်မှာ ဇီးကွက်တစ်ကောင် အနီးအနားမှာရှိတဲ့သစ်ငုတ်တိုပေါ်မှာထိုင်နေရင် တစ်ယောက်ယောက်သေလိမ့်မယ်ဆိုပြီး ကျွန်မတို့ယုံကြည်ခဲ့ကြတယ်။ တချို့အိပ်မက်တွေကိုလည်း အတိတ်နိမိတ်အဖြစ်ထင်မှတ်ခဲ့ကြတယ်။ ဥပမာ၊ ဗွက်ရေကိုအိပ်မက်မက်ခဲ့ရင် မိသားစုထဲမှာ တစ်ယောက်ယောက်ဖျားလိမ့်မယ်လို့ အဓိပ္ပာယ်ကောက်ခဲ့ကြတယ်။ ဒါပေမဲ့ ရေဟာရွှံ့ညွှန်ဖြစ်ခဲ့နေမယ်ဆိုရင် တစ်ယောက်ယောက်တော့သေလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ကျွန်မတို့ဟာ ကက်သလစ်တွေဖြစ်တာမှန်ပေမဲ့ အဲ့ဒါက ကျွန်မတို့လူမျိုးရဲ့အယူသီးမှုအားလုံးကို မပျောက်စေခဲ့ဘူး။
ကျွန်မတို့မိသားစုဟာ အဘော်ရီဂျီနီဘာသာစကားကိုလည်း ဆက်ထိန်းသိမ်းခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မတို့ရဲ့ဒီဘာသာစကားဟာ ပျောက်ကွယ်လုနီးဖြစ်နေတဲ့ ဘာသာစကားအများကြီးထဲကတစ်ခုဖြစ်နေတယ်။ ကျမ်းစာအကြောင်း တခြားသူတွေကိုပြောပြတဲ့အခါ အခွင့်အရေးရတိုင်း ကျွန်မဒီစကားကိုသုံးနေရတုန်းပဲ။ ဒါပေမဲ့ အများအားဖြင့်တော့ အင်္ဂလိပ်လို ဒါမှမဟုတ် ဒေသသုံးကပြားစကားကိုပြောတယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ အစောပိုင်းလေ့ကျင့်ခံရမှု
ကျွန်မအသက်ဆယ်နှစ်အရွယ်မှာ ကျွန်မတို့မိသားစုဟာ စပရင်းရူဝါးကနေမိုင် ၂၀ လောက်ဝေးတဲ့ နွားမွေးမြူရေးခြံမှာနေခဲ့ကြတယ်။ အိမ်အလုပ်တွေကိုလုပ်ဖို့ နေ့တိုင်းတစ်မိုင်နှစ်မိုင်လောက်ဝေးတဲ့ မွေးမြူရေးခြံထဲကအိမ်ကို လမ်းလျှောက်သွားခဲ့ရတယ်။ နွားနို့သံဖြူခွက် (သေးငယ်သောခွက်) တစ်ခွက်နဲ့ ပေါင်မုန့်တစ်လုံးဟာ ကျွန်မရဲ့တစ်နေ့လုပ်ခဖြစ်တယ်။ ကျွန်မတို့မိသားစုဟာ အဘော်ရီဂျီနီမိရိုးဖလာထုံးစံနေထိုင်ပုံဖြစ်တဲ့ သစ်ပင်အခေါက်နဲ့မိုးကာထားတဲ့ တဲအိမ်တွေမှာနေခဲ့ကြတယ်။ ညအချိန်မိုးရွာတဲ့အခါ အနီးအနားမှာရှိတဲ့ဂူတွေထဲမှာ သွားအိပ်ခဲ့ရတယ်။ ဒီလိုရိုးစင်းတဲ့အသက်တာကို ခက်ခဲတယ်လို့ကျွန်မမထင်ခဲ့ဘူး။ ရာစုနှစ်များစွာကတည်းက အဘော်ရီဂျီနီတွေဟာ ဒီလိုဘဝပုံစံအတိုင်းနေထိုင်ခဲ့ကြပြီး ကျွန်မတို့လည်း ဒါကိုလက်ခံခဲ့ကြတယ်။
တင်စားပြီးပြောရမယ်ဆိုရင် ကျွန်မဟာ ငွေလင်ပန်းနဲ့အချင်းဆေးပြီးမွေးလာတဲ့ဘဝနဲ့ ကြီးပြင်းမလာစေဘဲ ကျွန်မကိုဆုံးမခဲ့၊ အလုပ်ကြိုးစားစေခဲ့ကြပြီး ဒီနယ်မြေမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာသင်ပေးခဲ့တဲ့ မေတ္တာရှိတဲ့မိဘရထားလို့ တကယ့်ကိုဝမ်းသာမိပါတယ်။ ကွင်းစလန်၊ ဝူးရာဘင်ဒါမြို့အနားမှာရှိတဲ့သီးသန့်နယ်မြေဘက်ကို ကျွန်မတို့ရွှေ့ပြောင်းပြီးနောက် သိပ်မကြာခင်ဖြစ်တဲ့ ၁၉၃၄ ခုနှစ်မှာ နွားမွေးမြူရေးခြံမှာ အိမ်ဖော်အလုပ်နဲ့ အထွေထွေအလုပ်လုပ်ဖို့ ပထမဆုံးအကြိမ် အိမ်ကနေကျွန်မထွက်ခွာခဲ့ပြီး အနောက်ဘက်ကိုသွားခဲ့တယ်။ နောက်ဆုံးတော့ ပင်လယ်ကမ်းခြေမြို့ရော့ခ်ဟမ်ပ်တန်ရဲ့ မြို့ပြင်အနားဖြစ်တဲ့ အရှေ့ဘက်ကိုရွှေ့ပြောင်းခဲ့ရတယ်။ အဲ့ဒီမှာပဲ အိုင်ယာလန်လူမျိုးဖြစ်ပြီး ဆုံးပါးသွားရှာပြီဖြစ်တဲ့ကျွန်မရဲ့ခင်ပွန်း မာတင် ကန္နလီနဲ့တွေ့ဆုံခဲ့တယ်။ ကျွန်မတို့ ၁၉၃၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်။
ကျမ်းစာသမ္မာတရားကို သင်ယူခြင်း
ကျွန်မအမြဲတမ်း ကျမ်းစာကိုရိုသေကိုင်းရှိုင်းခဲ့တယ်။ ကျွန်မလူငယ်ဘဝတုန်းက မွေးမြူရေးခြံမှာရှိတဲ့အိမ်မှာ အုပ်ချုပ်သူဆရာမက ကျွန်မတို့ကလေးတွေ—အဘော်ရီဂျီနီနဲ့ လူဖြူ—အားလုံးကိုအတူစုပြီး ယေရှုရဲ့အတ္ထုပ္ပတ္တိတွေကိုပြောပြခဲ့တယ်။ တစ်ခါတုန်းက ‘ကလေးငယ်များ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်’ ဆိုတဲ့ယေရှုရဲ့စကားတွေဟာ ဘာအဓိပ္ပာယ်ရှိတယ်ဆိုတာကို ရှင်းပြခဲ့ဖူးတယ်။ (မဿဲ ၁၉:၁၄၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) ကျွန်မဟာ ငရဲကျလိမ့်မယ်လို့အပြောခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့မျှော်လင့်ချက်အလင်းတန်းလေးကို တွေ့ခဲ့ရတယ်။
နောက်ပိုင်းမှာတော့ အစပိုင်းမှာဖော်ပြခဲ့တဲ့ ငရဲဟာပူပြင်းတဲ့နေရာမဟုတ်ဘူးဆိုတဲ့ အားရှိစရာဟောပြောချက်မှတ်တမ်းကို ကြားခဲ့ရတယ်။ ကျွန်မစပြီးစဉ်းစားလာခဲ့ပေမဲ့လည်း ၁၉၄၉ ခုနှစ်အထိ ယေဟောဝါသက်သေတွေနဲ့ နောက်ထပ်အဆက်အသွယ်မရတော့ဘူး။ အဲဒီနောက်ပိုင်း ကျွန်မတို့ဟာ ရော့ခ်ဟမ်ပ်တန်ရဲ့အနောက်ဘက်မိုင် ၁၅၀ အကွာလောက်မှာရှိတဲ့ အမ်မာရယ်မြို့ငယ်လေးမှာနေထိုင်ခဲ့ကြတယ်။ ကျွန်မတို့ဆီအလည်အပတ်လာခဲ့တဲ့ အာရ်. ဘင်နက် ဘရစ်ကာလ်a ကကျမ်းစာအကြောင်းကျွန်မတို့ကိုပြောပြခဲ့တယ်။ နောက်တော့ ကျွန်မတို့မြို့ကို သူရောက်နေတဲ့အချိန်တိုင်းမှာ ကျွန်မတို့အိမ်ဟာ ဘင်န်ရဲ့အိမ်ဖြစ်လာခဲ့တယ်။ မာတင်နဲ့ ကျွန်မတို့ရဲ့ကလေးလေးယောက်အပါအဝင် ကျွန်မတို့အားလုံးဟာ သူ့ကိုအရမ်းရိုသေလေးစားခဲ့ကြတယ်။ မာတင်ဟာ သက်သေခံတွေ၊ အထူးသဖြင့်ဘင်န်အပေါ်မှာ အမြဲတမ်းစာနာမှုပြပြီး ဧည့်ဝတ်ကျေပွန်ခဲ့ပေမဲ့ ကျမ်းစာသတင်းစကားကို စိတ်ဝင်စားမှုမရှိခဲ့ဘူး။
ဘင်န်က ကျမ်းစာသင်အံမှုကိုအထောက်အကူပြုတဲ့ စာအုပ်တွေအများကြီးပေးတယ်၊ အဲ့ဒါက တကယ့်ပြဿနာပဲ—ကျွန်မစာမဖတ်တတ်ဘူးလေ။ အဲ့ဒါကြောင့် ဘင်န်က ကျမ်းစာနဲ့ကျမ်းစာအခြေခံစာပေတွေကို ကျွန်မကလေးတွေနဲ့ကျွန်မကို စိတ်ရှည်ရှည်နဲ့ဖတ်ပြပြီး ဖတ်ပြခဲ့တာတွေကို ရှင်းပြပေးခဲ့တယ်။ တရားဟောဆရာနဲ့တော့ ဆီနဲ့ရေလိုကွာတယ်၊ တရားဟောဆရာဟာ ဆုတောင်းဝတ်ပြုပွဲလည်းပြီးရော ကျွန်မတို့ကို အဖတ်သင်ပေးဖို့ ငါးမိနစ်လောက်တောင် တစ်ခါမျှအချိန်မပေးနိုင်ဘူးလေ! စာတန်နဲ့သူ့ရဲ့နတ်ဆိုးတွေဟာ ကျွန်မတို့လူမျိုးတွေအပါအဝင် လူသားတွေကိုအချုပ်အနှောင်ဖြစ်စေခဲ့တဲ့ အယူသီးမှုတွေကို စတင်ဖြစ်ပေါ်စေတဲ့သူတွေဖြစ်တယ်ဆိုတာကို ကျမ်းစာကနေ ဘင်န်ပြောပြခဲ့တယ်။ “သမ္မာတရားသည်သင်တို့ကိုလွှတ်လိမ့်မည်” ဆိုတဲ့ ယေရှုရဲ့စကားတွေကို ကျွန်မအရမ်းလေးမြတ်တယ်!—ယောဟန် ၈:၃၂။
ဘုရားသခင်ကိုနာခံတဲ့သူတွေအတွက် မြေကြီးပရဒိသုလုပ်ပေးမယ်ဆိုတဲ့ ကိုယ်တော့်ကတိတော်ကိုသိလိုက်ရတော့ ပီတိဖြစ်မိပါတယ်။ အရေးအကြီးဆုံးကတော့ ၁၉၃၉ ခုနှစ်မှာဆုံးပါးသွားတဲ့အမေနဲ့ ၁၉၅၁ မှာဆုံးသွားတဲ့အဖေတို့ ရှင်ပြန်ထမြောက်လာမှာကို အရမ်းတွေ့ချင်တယ်။ သူတို့တွေကိုပွေ့ဖက်ပြီး သူတို့အရမ်းမြတ်နိုးတဲ့မြေကြီးပေါ်မှာ သူတို့ကိုကြိုဆိုခွင့်ရမယ့်အချိန်ကို မကြာခဏကျွန်မမျှော်တွေးတတ်တယ်။ သူတို့တွေကို ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ရဲ့နိုင်ငံတော်အကြောင်းကိုသင်ပေးရမှာ တကယ့်ဘဝင်တုန်စရာပါပဲ!
စာမတတ်တဲ့ဟောပြောသူ
ကျွန်မကျမ်းစာအသိပညာတိုးတက်လာတဲ့အခါ ဒါကိုကျွန်မဝေမျှချင်ခဲ့တယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကိုဟောပြောပေမဲ့ ကျွန်မရဲ့လုပ်ငန်းတော်ကို တိုးချဲ့ချင်ခဲ့တယ်။ ဒါကြောင့် ဘင်န်နောက်တစ်ကြိမ် အမ်မာရယ်ကိုလာတဲ့အခါ ကလေးတွေကိုကပျာကယာခေါ်ပြီး ကျွန်မတို့အားလုံး သူဟောပြောတဲ့နောက်ကိုလိုက်သွားကြတယ်။ တင်ဆက်ပုံရိုးရိုးလေးကို ဘင်န်ကသရုပ်ပြပေးပြီး ဆုတောင်းပြီးယေဟောဝါကိုအားကိုးဖို့ ကျွန်မကိုသင်ပေးခဲ့တယ်။ ကျွန်မဟောပြောတဲ့ပုံက အရမ်းပြေပြစ်တာမဟုတ်ခဲ့ပေမဲ့ ကျွန်မရဲ့နှလုံးထဲကပြောတာဆိုတာကို ကျွန်မဝန်ခံရဲတယ်။
အရင်ဆုံး ကျွန်မစာမဖတ်တတ်ဘူးဆိုတာကို အိမ်ရှင်ကိုပြောပြတယ်၊ အဲ့ဒီနောက် ကျွန်မညွှန်ပြတဲ့ကျမ်းပိုဒ်တွေကိုဖတ်ပေးဖို့ သူတို့ကိုတောင်းဆိုတယ်။ အဲ့ဒီကျမ်းပိုဒ်တွေကို အလွတ်ရအောင်မှတ်ထားရတယ်။ လူဖြူတွေစိုးမိုးတဲ့ဒီမြို့နယ်အတွင်းမှာ တချို့က အံ့သြတကြီးနဲ့ကျွန်မကို ကြည့်ကြလေ့ရှိပေမယ့် ရိုင်းစိုင်းတဲ့သူတွေမရှိသလောက်ပါပဲ။ တဖြည်းဖြည်းနဲ့ စာဖတ်တတ်လာတယ်။ ကျွန်မရဲ့ယုံကြည်စိတ်ချမှုနဲ့ ဝိညာဉ်ရေးရာတွေကို ဒါကတွန်းအားပေးခဲ့တယ်လေ!
ကျွန်မတက်ရောက်တဲ့ ပထမဆုံးခရိုင်စည်းဝေးကြီး
၁၉၅၁ ခုနှစ်မတ်လမှာ ကျွန်မအသက်တာကို ယေဟောဝါထံအပ်နှံခဲ့ပြီး ကျွန်မရဲ့အသက်တာမှာ နောက်ထပ်သမိုင်းမှတ်တိုင်နှစ်ခုကိုထူဖို့ပဲ– ရေနှစ်ခြင်းခံခြင်းနဲ့ ယေဟောဝါသက်သေတွေရဲ့ခရိုင်စည်းဝေးကြီးကို ပထမဆုံးအကြိမ်တက်ရောက်ဖို့ပါ။ ဒါပေမဲ့ ကျေးတောသူတစ်ဦးအနေနဲ့—ဆစ်ဒနီမြို့ကြီးတက်ရမှာကို ကျောစိမ့်နေတယ်။ အဲ့ဒီအပြင် ရထားခအတွက်လမ်းစရိတ်လည်း ကျွန်မမှာမရှိဘူး။ ဒါကြောင့် ကျွန်မဘယ်လိုလုပ်မလဲ။
ရထားခရအောင် လောင်းကစားသွားလုပ်မယ်ဆိုပြီး ကျွန်မဆုံးဖြတ်ခဲ့တယ်။ ‘ဒါက ယေဟောဝါအတွက်လုပ်တာပဲ၊ အဲ့ဒါကြောင့် ငါအနိုင်ရအောင် ကိုယ်တော်ကျိန်းသေကူညီပေးလိမ့်မယ်’ လို့ကျွန်မဆင်ခြင်ခဲ့တယ်။ ဖဲတစ်ဝိုင်းနှစ်ဝိုင်းလောက်ကစားလိုက်တဲ့အခါ အသွားအပြန်ယာဉ်စီးခအတွက် ငွေအလုံအလောက်နိုင်လိုက်တော့ ကိုယ်တော် ကျွန်မကို ကူညီတယ်ပေါ့လေ။
ဘင်န်က ဆစ်ဒနီသွားမယ်ဆိုတဲ့ ကျွန်မရဲ့အစီအစဉ်ကိုသိသွားတယ်၊ ဒါကြောင့် နောက်တစ်ကြိမ်သူလည်ပတ်တဲ့အခါ ကျွန်မမှာငွေလုံလုံလောက်လောက်ရှိမရှိမေးခဲ့တယ်။ “ဘာဖြစ်လို့မရှိရမှာလဲ! ကျွန်မဖဲကစားပြီး ရထားခရထားတယ်” ဆိုပြီးကျွန်မပြန်ပြောခဲ့တယ်။ တကယ်ပါပဲ သူ့ရဲ့မျက်နှာဟာ ခရမ်းချဉ်သီးမှည့်လို နီမြန်းလာတဲ့အတွက် ကျွန်မပြောလိုက်တာ တစ်ခုခုမှားသွားပြီဆိုတာကို ချက်ချင်းသိလိုက်ရတယ်။ ဒါကြောင့် အမြန်ဆုံးကျွန်မကိုယ်ကျွန်မကာကွယ်ရင်းနဲ့ “ဘာများမှားသွားလို့လဲ။ ကျွန်မတစ်ခါမှမခိုးဖူးဘူး!” လို့ကျွန်မထပ်ပြောလိုက်တယ်။
ဘင်န်ဟာဣန္ဒြေပြန်ဆည်လိုက်ပြီး ခရစ်ယာန်တွေဟာ ဘာကြောင့်လောင်းကစားမှာမပါကြတဲ့အကြောင်းကို ကြင်နာစွာရှင်းပြခဲ့တယ်၊ “ဒါပေမဲ့ ဒါဟာညီမရဲ့အပြစ်မဟုတ်ပါဘူး၊ ကျွန်တော် ညီမကိုမပြောပြခဲ့လို့ပါ” လို့နှစ်သိမ့်စကားကိုဆက်ပြောခဲ့တယ်။
ကြိုဆိုခြင်းကိုခံခဲ့ရ
၁၉၅၁ ခုနှစ်၊ မတ် ၂၂-၂၅ မှာကျင်းပတဲ့ ဒီခရိုင်စည်းဝေးကြီးလေးရက်ဟာ ကျွန်မအတွက် ဒီလောက်များတဲ့သက်သေခံတွေနဲ့ ပထမဆုံးအကြိမ်ပေါင်းသင်းရခြင်းပါပဲ။ ဘင်န်နဲ့လက်တစ်ဆုပ်စာလူတွေကိုပဲသိထားတာကြောင့် ကြိုဆိုခံရမယ်ဆိုတာကို သံသယဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် စိတ်စွန်းကွက်မှုကို အရိပ်အယောင်တောင်မှမပြတဲ့ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုက ကျွန်မကိုဘယ်လောက်ပီတိဖြစ်စေခဲ့တယ်ဆိုတာကို ရှင်တို့တွေးကြည့်နိုင်ပါတယ်။ အိမ်မှာနေရသလိုပဲ သက်သောင့်သက်သာရှိတယ်လို့ ကျွန်မခံစားခဲ့ရတယ်။
အထူးသဖြင့် ဘော်တနီပင်လယ်အော်မှာ နှစ်ခြင်းခံတဲ့သူ ၁၆၀ ထဲမှာကျွန်မဟာတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် ဒီခရိုင်စည်းဝေးကြီးကို ကွင်းကွင်းကွက်ကွက်အမှတ်ရနေတုန်းပဲ။ ကြားရတာကတော့ ကျွန်မဟာ ဩစတြေးလျအဘော်ရီဂျီနီလူမျိုးတွေထဲက ပထမဆုံးယေဟောဝါသက်သေခံဖြစ်လာသူတဲ့။ ကျွန်မရဲ့ဓာတ်ပုံကို ဆစ်ဒနီသတင်းစာထဲမှာရော ရုပ်ရှင်ရုံတွေမှာပြတဲ့ သတင်းကားထဲမှာတောင် ပြခဲ့ကြတယ်။
မြို့ငယ်လေးမှာရှိတဲ့ တစ်ဦးတည်းသောသက်သေခံ
ဆစ်ဒနီကနေပြန်လာပြီး တစ်လကြာတဲ့အခါ ကျွန်မတို့မိသားစုဟာ ကွင်းစလန်အနောက်မြောက်ဘက်မှာရှိတဲ့ သတ္ထုတွင်းမြို့ငယ်လေးဖြစ်တဲ့ မောင့်အိုင်စာကိုပြောင်းသွားခဲ့ကြတယ်။ မြို့ပြင်နားမှာရှိတဲ့ မြေကွက်ကျယ်ကြီးကိုစောင့်ရှောက်ပေးသူတွေအဖြစ် ခြောက်နှစ်လုံးလုံးတဲအိမ်မှာနေခဲ့ကြရတယ်။ ကျွန်မတို့တဲနံရံကို အနီးအနားမှာရှိတဲ့တောထဲကခုတ်ထားတဲ့ သစ်တွေနဲ့ကာခဲ့ကြတယ်။ ကတ္တရာစေးတိုင်ကီအဟောင်းကို ဘေးဘက်ကနေခွဲ၊ ပြားအောင်လုပ်ပြီး အဲ့ဒါနဲ့အိမ်မိုးကြတယ်။ မာတင်က မီးရထားလမ်းဌာနဘက်မှာအလုပ်ရခဲ့ပေမဲ့ သောက်ကြူးခဲ့တဲ့အတွက် နောက်ဆုံးတော့ ကျန်းမာရေးချို့ယွင်းခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကျွန်မဟာ မိသားစုကို တစ်ဦးတည်းထောက်ပံ့ပေးရတဲ့သူဖြစ်လာခဲ့တယ်။ ၁၉၇၁ မှာသူဆုံးသွားခဲ့တယ်။
စစချင်းမှာတော့ ကျွန်မဟာ မောင့်အိုင်စာမှာ တစ်ဦးတည်းသောသက်သေခံပေါ့။ မောင့်အိုင်စာဟာ သက်သေခံဖို့ဘင်န်တာဝန်ရထားတဲ့ ကျယ်ပြန့်တဲ့နယ်မြေထဲမှာပါခဲ့တဲ့အတွက် ခြောက်လတစ်ကြိမ်လောက် လည်ပတ်နိုင်ခဲ့တယ်။ ကောင်းကင်အသက်တာမျှော်လင့်ချက်ရှိတဲ့ဘင်န်အတွက် အထူးအခါသမယဖြစ်တဲ့—ယေရှုခရစ်ရဲ့သေခြင်းကို သတိရအောက်မေ့ပွဲအချိန်မှာ ဒီမြို့ကိုသူရောက်နေမယ်ဆိုရင် တစ်ခါတလေ သစ်ပင်အောက်မှာ ကျွန်မတို့မိသားစုနဲ့အတူ ကျင်းပခဲ့ကြတယ်။
အများအားဖြင့် ဘင်န်ဟာအချိန်အကြာကြီးမနေတဲ့အတွက် ကျွန်မနဲ့ကျွန်မကလေးတွေဟာ ကိုယ့်ဘာသာကိုယ်ပဲသက်သေခံခဲ့ရတာများတယ်။ ကျွန်မတို့ချည်းပဲဆိုတာမှန်ပါတယ်; ဒါပေမဲ့ ယေဟောဝါရဲ့ဝိညာဉ်တော်နဲ့ ကိုယ်တော်ရဲ့မေတ္တာပြည့်ဝတဲ့အဖွဲ့အစည်းက ကျွန်မတို့ကိုခွန်အားရှိစေခဲ့တယ်။ သစ္စာရှိတဲ့နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးတွေဟာ နှစ်ပေါင်းတော်တော်ကြာအထိ ကျွန်မတို့ဟာအုပ်စုငယ်လေးဖြစ်နေပေမဲ့ ကျွန်မတို့ကိုအားပေးဖို့ အရမ်းပူအိုက်၊ ယင်ကောင်ကပေါ၊ ဖုန်ထူတဲ့အပြင် တကယ့်ကိုကြမ်းတမ်းတဲ့လမ်းတွေကိုဖြတ်ပြီး မောင့်အိုင်စာကိုလာခဲ့ကြတယ်။ မိုင် ၈၀၀ ကျော်ဝေးတဲ့ အိမ်နီးချင်းအသင်းတော်အသစ်ဖြစ်တဲ့ ဒါဝင်မြို့ကသက်သေခံတွေလည်း တစ်ခါတလေအလည်လာကြတယ်။
အသင်းတော်တစ်ခုဖွဲ့လိုက်
၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလရောက်တော့ မောင့်အိုင်စာမှာ အသင်းတော်တစ်ခုဖွဲ့လိုက်ပါတယ်။ ဘင်န်ဟာ ကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံခဲ့ရပြီး ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ခဲ့တဲ့တခြားသူတွေကတော့ ကျွန်မနဲ့ကျွန်မသမီးအန်းန်တို့ပါပဲ။ ဒါပေမဲ့ မကြာခင်မှာ တခြားသက်သေခံတွေ မြို့ထဲကိုပြောင်းလာခဲ့ကြတယ်။ ကျွန်မတို့ရဲ့ရပ်ကွက်လည်း အချိန်ကြာလာတဲ့အခါ အဘော်ရီဂျီနီတွေပါတဲ့ တပည့်တွေကိုထွက်လာစေခဲ့တယ်။
အသင်းတော်ဟာဆက်ပြီးကြီးထွားလာခဲ့တဲ့အတွက် မကြာခင်မှာပဲ စည်းဝေးတွေကျင်းပဖို့ ဘုရားသခင့်နိုင်ငံတော်ခန်းမလိုတယ်ဆိုတာ ထင်ရှားလာပါတော့တယ်။ တော်တော်ပင်ပင်ပန်းပန်းဆောက်လုပ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်၊ မေလမှာ ကျွန်မတို့ရဲ့ခန်းမအသစ် ပြီးစီးသွားခဲ့တယ်။ နောက် ၁၅ နှစ်အတွင်း ခန်းမကို နှစ်ဆချဲ့လိုက်ရတယ်။ ဒါပေမဲ့ ၁၉၇၀ ပြည့်လွန်နှစ်အလယ်ပိုင်းရောက်တော့ လူထုရှေ့ဓမ္မအမှုမှာ ၁၂၀ လောက်ပါဝင်လာခဲ့တဲ့အတွက် ခန်းမဟာသိပ်သေးသွားပြန်တယ်။ ဒါကြောင့် ထိုင်ခုံ ၂၅၀ ဆံ့တဲ့တကယ်ကောင်းတဲ့နိုင်ငံတော်ခန်းမကိုထပ်ဆောက်ခဲ့ရပြီး ၁၉၈၁ ခုနှစ်မှာအပ်နှံခဲ့တယ်။ အဲ့ဒီမှာ လူပိုဆံ့နိုင်တာကြောင့် တိုက်နယ်စည်းဝေးလို့ခေါ်တဲ့ လူအများကြီးစုဝေးတဲ့စည်းဝေးအတွက်လည်း ဒီအဆောက်အဦကိုအသုံးပြုခဲ့ကြတယ်။
အဘော်ရီဂျီနီများကြားတွင် တိုးတက်မှု
ကျွန်မကိုဘဝင်တုန်စေခဲ့အရာကတော့ အဘော်ရီဂျီနီနဲ့ ကျွန်းသားအုပ်စုအဖွဲ့တွေ မောင့်အိုင်စာမှာရှိတဲ့အသင်းတော်မှာစုရုံးခဲ့ကြတဲ့ ၁၉၉၆ ခုနှစ်ကအဖြစ်အပျက်ပါ။ ကျွန်းသားတွေဟာ ဩစတြေးလျတိုက်အနီးနားမှာရှိတဲ့ ကျွန်းတွေဆီကလာကြတဲ့ အဘော်ရီဂျီနီတွေဖြစ်တယ်။ ဒီအုပ်စုရဲ့အဓိကရည်မှန်းချက်ကတော့ လူဖြူတွေနဲ့လူပေါင်းမဆံ့ဖြစ်နေတဲ့အဘော်ရီဂျီနီတချို့ကို ထိထိရောက်ရောက်သက်သေခံဖို့ဖြစ်တယ်။
ဒီလိုမျိုးအဘော်ရီဂျီနီအုပ်စု ၂၀ နီးပါးလောက်ဟာ ဩစတြေးလျတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေထိုင်ကြတယ်။ အဲ့ဒီအပြင် အဲဒီလိဒ်၊ ကာန်စ်၊ အစ်ပ်စဝှစ်ရှ်၊ ပါသ်နဲ့ တောင်းစ်ဗီလ်မြို့တွေမှာ အဘော်ရီဂျီနီအသင်းတော်တွေဖွဲ့ထားပြီး အယောက် ၅၀၀ လောက်—ကျွန်မရဲ့မိသားစုဝင်တွေအပါအဝင်—ဟာ အဲ့ဒီအုပ်စုတွေနဲ့ အသင်းတော်တွေမှာတက်ရောက်နေကြတယ်။ အဘော်ရီဂျီနီကြေညာသူထဲက ၁၀ ရာခိုင်နှုန်းနီးပါးဟာ ရှေ့ဆောင်တွေ ဒါမှမဟုတ် အချိန်ပြည့်အမှုဆောင်တွေဖြစ်ကြတယ်!
၁၉၇၅ ခုနှစ်မှာကျွန်မဟာ အဘော်ရီဂျီနီတော်တော်များများမှာဖြစ်တတ်တဲ့ ဆီးချိုရောဂါရလာပြီး ဒီဝေဒနာခံရတဲ့နှစ်တစ်လျှောက်လုံး ပြင်းပြင်းထန်ထန်ခံခဲ့ရတယ်။ စာဖတ်ဖို့ ပိုပိုပြီးခက်ခဲလာခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ဆက်ထောက်မပေးပြီး ကျွန်မကိုပျော်ရွှင်စေခဲ့တယ်။
ကျွန်မရဲ့မိသားစုနဲ့ ကျွန်မတို့ကိုအကျိုးဖြစ်စေခဲ့တဲ့ ရဲစွမ်းသတ္တိရှိတဲ့ဓမ္မအမှုဆောင်တွေကို ကျေးဇူးတင်တယ်။ ဖုန်ထူပြီးလူအရောက်အပေါက်နည်းတဲ့လမ်းတွေနဲ့ ကွင်းစလန်လွင်တီးခေါင်အရပ်မှာရှိတဲ့လမ်းတွေဖြစ်ပေမဲ့ သူတို့ရဲ့မလျှော့တဲ့ဇွဲ၊ မေတ္တာနဲ့ ဝိညာဉ်ရေးဘဏ္ဍာတွေကို စက်ဘီးတွေပေါ်မှာတင်လာခဲ့တာဟာ ကျွန်မတို့ကို ကျမ်းစာသမ္မာတရားသင်ယူဖို့ဖြစ်စေခဲ့တယ်။ အခုတော့ မြေကြီးကိုချစ်မြတ်နိုးတဲ့ကျွန်မရဲ့လိုအင် ထာဝရပြည့်ဝတော့မယ့်အချိန်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်မစောင့်မျှော်နေပါတယ်။
[အောက်ခြေမှတ်ချက်]
a ဘင်န် ဘရစ်ကာလ်၏မှတ်သားထိုက်သော ဘဝအတ္ထုပ္ပတ္တိကို ၁၉၇၂၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၅၃၃-၆ [လိပ်] ကင်းမျှော်စင်တွင် ဖော်ပြထားသည်။
[စာမျက်နှာ ၁၅ ပါ မြေပုံ/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပါသ်
ဒါဝင်
ကာန်ဇ်
တောင်းစ်ဗီလ်
မောင့်အိုင်စာ
ရော့ခ်ဟမ်ပ်တန်
အမ်မာရယ်
စပရင်းရူဝါး
ဝူးရာဘင်ဒါ
အစ်ပ်စ်ဝှစ်ရှ်
အဲဒီလိဒ်
ဆစ်ဒနီ
ယနေ့ ဒေါ်ရသီ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်လွန်နှစ်များအလယ်က ဘင်န်နှင့်အတူလေ့ကျင့်မှုအစီအစဉ်