လူငယ်များ အမေး . . .
အမှန်တရားကို ကျွန်ုပ်၏ကိုယ်ပိုင် မည်သို့ ဖြစ်စေနိုင်မည်နည်း
“ယေဟောဝါသက်သေတစ်ဦးအဖြစ် ကျွန်မကြီးပြင်းလာပါတယ်၊ ဒီလိုပြုစုပျိုးထောင်ခံရတဲ့သူဟာ ယေဟောဝါကို တကယ်သိကျွမ်းလိမ့်မယ်လို့ ကျွန်မအမြဲယူမှတ်ခဲ့တယ်။ တက်တက်စင်အောင်လွဲတာပါပဲ!”—အန်နက်။
“[အမှန်]တရားကား အဘယ်သို့နည်း။” ယေရှုအား တရားစီရင်ဖို့ရာ အမှုကိုင်တွယ်ခဲ့သူ ပုန္တိပိလတ်မင်းက ကျော်ကြားသောထိုမေးခွန်းကို မေးမြန်းခဲ့သည်။ (ယောဟန် ၁၈:၃၈) သို့သော် ပိလတ်မင်း၏သရော်သောမေးခွန်းက သဘောရိုးဖြင့် အပြန်အလှန်ပြောဆိုမှုကိုရပ်တန့်ပစ်ရန် ရည်သန်ကြောင်းထင်ရှားသည်။ သူသည် “[အမှန်]တရား” ကို အမှန်စိတ်ဝင်စား၍မဟုတ်။ သို့သော် အသင်ကော။ အမှန်တရားကို စိတ်ဝင်စားပါသလော။
ရာစုနှစ်တစ်လျှောက် ဒဿနိကဗေဒပညာရှင်များသည် အမှန်တရားကိုစူးစမ်းခဲ့ကြသော်လည်း သူတို့၏ကြိုးစားအားထုတ်မှုမှာ အချည်းနှီးသာဖြစ်၏။ သို့သော် သင့်အနေနှင့် ပိလတ်၏မေးခွန်းမှ အဖြေရှာတွေ့နိုင်သည်။ ယေရှုခရစ်က ဘုရားသခင့်နှုတ်မြွက်စကားတော်မှာ အမှန်တရားဖြစ်ကြောင်း သွန်သင်ပေးခဲ့၏။ ကိုယ်တော်သည် မိမိကိုယ်တိုင်ကို “[အမှန်]တရား” အဖြစ်လည်းမိန့်တော်မူခဲ့သည်။ ထို့အပြင် တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– ‘[အမှန်]တရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း။’ (ယောဟန် ၁:၁၇; ၁၄:၆; ၁၇:၁၇) ထို့ကြောင့် ခရစ်ယာန်၏သွန်သင်ချက်တစ်ရပ်လုံး၊ နောက်ပိုင်းတွင် သမ္မာကျမ်းစာ၏အစိတ်အပိုင်းဖြစ်လာသောအရာကို “[အမှန်]တရား” သို့မဟုတ် “မှန်သောဧဝံဂေလိတရား” ဟူ၍လည်းခေါ်ဆို၏။ (တိတု ၁:၁၄; ဂလာတိ ၂:၁၄; ၂ ယောဟန် ၁၊ ၂) ဤခရစ်ယာန်သွန်သင်ချက်များတွင် ဘုရားသခင်၏ကိုယ်ပိုင်နာမတော်၊ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကဲ့သို့သောအရာများ ပါဝင်သည်။—ဆာလံ ၈၃:၁၈; မဿဲ ၆:၉၊ ၁၀; ၂၀:၂၈; ယောဟန် ၅:၂၈၊ ၂၉။
ထောင်နှင့်ချီသောလူငယ်တို့သည် သမ္မာကျမ်းဆိုင်ရာအမှန်တရားကို ခရစ်ယာန်မိဘများထံမှ သွန်သင်ခြင်းခံခဲ့ရ၏။ သို့သော် ယင်းက ထိုသူတို့သည် “[အမှန်]တရား၌ကျင်လည်” နေကြ၏ဟု အဓိပ္ပာယ်သက်ရောက်ပါသလော။ (၃ ယောဟန် ၃၊ ၄) မသက်ရောက်ပါလေ။ ဥပမာ၊ အသက်နှစ်ဆယ်ရှိ ဂျယ်နီဖာသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့၏။ သူဤသို့ပြောပြသည်– “အမေဟာ ကျွန်မကို သက်သေခံတွေရဲ့စည်းဝေးကြီးတွေခေါ်သွားပြီး နှစ်ခြင်းနဲ့ပတ်သက်လို့ ကျွန်မစဉ်းစားသင့်တယ်ဆိုပြီး အရိပ်အမြွက်ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မဘာသာကျွန်မ စဉ်းစားခဲ့မိတာက ‘ကျွန်မ သက်သေခံတစ်ယောက် ဘယ်တော့မှမဖြစ်ချင်ဘူး။ ပျော်ပျော်ပဲနေချင်တယ်!’”
လူငယ်အချို့မှာ မိမိတို့သွန်သင်ခံရသောအရာကို ယုံကြည်ကြသော်လည်း သမ္မာကျမ်းစာ၌ အမှန်တကယ်သွန်သင်ရာများအပေါ် အလေးအနက်နားလည်မှုတိုးပွားစေရေးကိုမူ လုပ်ဆောင်ရန် ပျက်ကွက်ကြသည်။ အန္တရာယ်ကား အဘယ်နည်း။ ယေရှုက အချို့သူတို့သည် “စိတ်နှလုံး၌အမြစ်မစွဲ” ဟူ၍သတိပေးခဲ့၏။ ထိုသူတို့သည် “ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့်ညှဉ်းဆဲခြင်းကိုခံရသောအခါ ချက်ချင်းဖောက်ပြန်” သွားပေမည်။ (မာကု ၄:၁၇) အခြားသူတို့မှာ အတိုင်းအတာတစ်ခုအထိ သမ္မာကျမ်းစာဆိုင်ရာအခြေခံယုံကြည်ချက်များကို ရှင်းပြနိုင်သော်လည်း သူတို့သည် ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအနေနှင့် သိခဲ့ကြခြင်းမရှိချေ။ အနီစာအမည်ရှိ မိန်းမငယ်တစ်ဦးက ဤသို့ပြောသည်– “ကျွန်မ ငယ်စဉ်တုန်းက ကျွန်မမှာ ယေဟောဝါနဲ့စစ်မှန်တဲ့ဆက်ဆံရေး ရှိခဲ့တယ်လို့မထင်ဘူး။ . . . အဲဒါဟာ ကိုယ်တော်နဲ့ ကျွန်မမိဘတွေရဲ့ဆက်ဆံရေးအပေါ်မှာပဲ အဓိကတည်မှီခဲ့တယ်လို့ထင်တယ်။”
ယင်းနှင့်ပတ်သက်၍ သင်၏အခြေအနေကား မည်သို့နည်း။ ယေဟောဝါသည် သင့်မိဘ၏ ဘုရားသခင်မျှသာလော။ သို့မဟုတ် သမ္မာကျမ်းစာမှ ဆာလံဆရာကဲ့သို့ “ထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏” ဟူ၍သင်ဆိုနိုင်သလော။ (ဆာလံ ၃၁:၁၄) အဖြစ်မှန်များကိုရင်ဆိုင်ရန် ရဲစွမ်းသတ္တိရှိရပေမည်။ လူငယ်တစ်ဦးဖြစ်သော အလက်ဇန္ဒားက ဤသို့ပြောသည်– “ကျွန်တော့်အတွက်ဆိုရင် ကိုယ့်ကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်ခြင်းဟာ ပထမခြေလှမ်းပါပဲ။” စိတ်နှလုံးအတွင်းပိုင်းကို စစ်ဆေးမှုပြုပြီးနောက် အမှန်တရား (ခရစ်ယာန်သွန်သင်ချက်တစ်ရပ်လုံး) ကို မိမိကိုယ်ပိုင်အဖြစ် တစ်ခါမျှမခံယူထားခဲ့ကြောင်း သင်သိမြင်လာမည်။ သင့်၌ ခိုင်မာသောယုံကြည်ချက်မရှိသည့်အတွက် သင့်ဘဝသည် ရည်ရွယ်ချက်မဲ့ဖြစ်ကာ တကယ့်ဦးတည်ချက်မရှိဖြစ်ပေမည်။
ခရစ်ယာန်စည်းဝေးများ၌ ယေဟောဝါသက်သေများသည် “ကိုယ်ပိုင်[အမှန်]တရားဖြစ်စေပါ” ဟုခေါင်းစဉ်ရှိသော သီချင်းတစ်ပုဒ်ကိုဆိုလေ့ရှိကြသည်။a ယင်းအကြံပြုချက်သည် သင်နှင့်သင့်လျော်ပေမည်။ သို့သော် ယင်းကို သင်မည်သို့ပြုလုပ်နိုင်မည်နည်း။ မည်သည့်နေရာမှ သင်စတင်မည်နည်း။
ပိုင်းခြား၍သိပါ
ရောမ ၁၂:၂ [သမ္မာ] တွင် တမန်တော်ပေါလု၏ အကြံပြုချက်ကို ကျွန်ုပ်တို့တွေ့ရှိရသည်– “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုပိုင်းခြား၍သိ” လော့။ ယင်းကို သင်မည်သို့သိနိုင်သနည်း။ “သမ္မာတရားတော်ကို သိကျွမ်းခြင်း” အားဖြင့်ဖြစ်သည်။ (တိတု ၁:၁-၃၊ သမ) ရှေးခေတ် ဗေရိမြို့သားတို့သည် မိမိတို့ကြားသိသောအရာများကို စုံစမ်းစစ်ကြောခြင်းမပြုဘဲနှင့် လက်မခံခဲ့ကြချေ။ သို့အစား သူတို့သည် “နှုတ် [မြွက်စကားတော်] ကိုခံယူ၍၊ [မိမိတို့သင်ယူချက်] မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ၏။”—တမန်တော် ၁၇:၁၁။
အီရင်အမည်ရှိ ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦးက သူလည်း အလားတူပြုဖို့လိုအပ်သည်ကို သိမြင်ခဲ့သည်။ သူဤသို့ပြောပြသည်– “ကျွန်မသုတေသနပြုခဲ့တယ်။ ကိုယ့်ကိုယ်ကို ‘ဒါဟာ စစ်မှန်တဲ့ဘာသာဆိုတာ ငါဘယ်လိုလုပ်သိမလဲ။ ယေဟောဝါအမည်ရှိတဲ့ ဘုရားသခင်တစ်ပါးရှိတယ်ဆိုတာ ငါဘယ်လိုလုပ်သိမလဲ’ ဆိုပြီးမေးခဲ့တယ်။” သင့်ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကို စတင်လိုက်ပါလေ။ သမ္မာကျမ်းစာပေါ်အခြေခံထားသည့် ထာဝရအသက်ရစေသောအသိပညာစာအုပ်ဖြင့် သင်စတင်နိုင်သည်။b ယင်းကို အသေအချာဖတ်ပါ။ ရည်ညွှန်းထားသော ကျမ်းချက်များအားလုံးကို ဖွင့်ဖတ်ပြီး ဖော်ပြထားသောအရာနှင့် မည်သို့ဆက်စပ်ကြောင်းကို သတိပြုပါ။ သင်သည် “ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ [အမှန်]တရားကိုမှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်” လာသည့်အခါ [အမှန်]တရားနှင့်ပတ်သက်သော သင့်ခံစားချက်မှာ မည်မျှကွာခြားလှကြောင်း တွေ့ရှိရသဖြင့် သင်အံ့အားသင့်ပေလိမ့်မည်။—၂ တိမောသေ ၂:၁၅။
တမန်တော်ပေတရုက သမ္မာကျမ်းစာ၌ “ခက်ခဲသောအရာ” အချို့ရှိသည်ဟုဆိုထားရာ ယင်းသည် အမှန်ပင်ဖြစ်ကြောင်း သင်တွေ့ရှိပေလိမ့်မည်။ (၂ ပေတရု ၃:၁၆) သို့သော် ဘုရားသခင့်ဝိညာဉ်တော်သည် ခက်ခဲသောအကြောင်းအရာများကိုပင် သင့်အားသိနားလည်စေဖို့ ကူညီပေးနိုင်ပေသည်။ (၁ ကောရိန္သု ၂:၁၁၊ ၁၂) တစ်စုံတစ်ခုကို နားလည်ဖို့ရာ သင်အခက်အခဲကြုံနေရလျှင် ဘုရားသခင့်အကူအညီအတွက် ဆုတောင်းပါ။ (ဆာလံ ၁၁၉:၁၀၊ ၁၁၊ ၂၇) ကင်းမျှော်စင်အသင်းမှထုတ်ဝေသော စာအုပ်များ၌ အနည်းငယ်ထပ်ဆင့်သုတေသနပြုဖို့ကြိုးစားပါ။ မည်သို့ပြုလုပ်ရမည်ကို သင် အသေအချာမသိလျှင် အကူအညီအတွက် မေးမြန်းပါ။ သင့်မိဘများ သို့မဟုတ် ခရစ်ယာန်အသင်းတော်ရှိ အခြားရင့်ကျက်သောအသင်းသားများက သင့်ကို အကူအညီပေးနိုင်ပေသည်။
သင့်အသိပညာနှင့်ပတ်သက်၍ အခြားသူတို့အထင်ကြီးစေဖို့ သင်လေ့လာနေခြင်းမဟုတ်ကြောင်း သတိရပါ။ ကောလင်းအမည်ရှိ လူငယ်တစ်ဦးက ဤသို့ရှင်းပြသည်– “သင်သည် ယေဟောဝါ၏ဂုဏ်ရည်တော်များကိုသိရှိဖို့ ကြိုးစားနေခြင်းဖြစ်သည်။” သင်ဖတ်ရှုသောအရာများ နှလုံးထဲစိမ့်ဝင်သွားအောင် ယင်းတို့ကို တွေးတောစဉ်းစားဖို့ အချိန်ယူပါ။—ဆာလံ ၁:၂၊ ၃။
ခရစ်ယာန်အစည်းအဝေးများ၌ အသင်းတော်နှင့်ပူးပေါင်းခြင်းကလည်း သင့်အား အကူအညီဖြစ်စေနိုင်သည်။ ထိုထက်ကား တမန်တော်ပေါလုရေးသားသကဲ့သို့ အသင်းတော်သည် “[အမှန်]တရား၏အမှီတံကဲဖြစ်၏။ [အမှန်]တရား၏တည်ရာလည်းဖြစ်၏။” (၁ တိမောသေ ၃:၁၅) ခရစ်ယာန်စည်းဝေးများသည် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု လူငယ်အချို့က ညည်းညူကြသည်။ “သို့သော် စည်းဝေးများအတွက် သင်အနေဖြင့်ပြင်ဆင်မှုမရှိလျှင် ယင်းတို့ထံမှ အကျိုးကျေးဇူးကို ရရှိလိမ့်မည်မဟုတ်” ဟုလူငယ်ကောလင်းက သတိပေးသည်။ သို့ဖြစ်၍ သင်ခန်းစာများကို ကြို၍ပြင်ဆင်ပါ။ တက်ရောက်နားထောင်သူမျှသာမဟုတ်ဘဲ ပါဝင်သူတစ်ဦးဖြစ်သောအခါ စည်းဝေးများမှာ သာ၍စိတ်ဝင်စားဖွယ်ကောင်းပေ၏။
မလေ့လာအားသည့်အထိ အလုပ်များနေလျှင်ကော
ကျောင်းစာနှင့် အိမ်မှုကိစ္စများဖြင့် သင်လုံးပန်းနေရသောကြောင့် လေ့လာမှုပြုဖို့ အချိန်လုယူရခြင်းသည် စိန်ခေါ်ချက်ဖြစ်မည်မှာအမှန်ပင်။ ငယ်ရွယ်သူ စူဇန်က ဤသို့ရေးသားသည်– “နှစ်များတစ်လျှောက် ကျွန်မသည် စည်းဝေးများအတွက် ပြင်ဆင်ခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုများပြုလုပ်ဖို့ လိုအပ်ကြောင်းကို သိရှိသည်နှင့်အညီ ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ယင်းကို မည်သည့်အခါမျှ ပြုလုပ်နိုင်ခြင်းမရှိခဲ့ချေ။”
အရေးသိပ်မကြီးသည့်လိုက်စားရာများမှ ‘အချိန်ကို ရွေးနုတ်ယူ’ ရမည်ကို စူဇန်သိရှိလာသည်။ (ဧဖက် ၅:၁၅၊ ၁၆) ဦးဆုံး သူက လေ့လာဖို့လိုအပ်ရာမှန်သမျှကို စာရင်းပြုလုပ်လိုက်၏။ ထို့နောက် ယင်းတို့ကိုလေ့လာဖို့ အချိန်ဇယား ရေးဆွဲလေသည်။ သို့သော် သူသည် မိမိ၏ဇယားထဲတွင် အပန်းဖြေမှုအချို့ကိုလည်း ထည့်သွင်းထားလေ၏။ သူက ဤသို့အကြံပြုသည်– “အားလပ်တဲ့အချိန်တိုင်းတွင် တစ်ခုခုလုပ်ရန် ဇယားမဆွဲထားပါနှင့်။ ကျွန်မတို့အားလုံး ဘာအလုပ်မှမရှိသည့်အချိန် လိုအပ်ပေသည်။” ဇယားတစ်ခုရှိထားခြင်းက သင့်အတွက်လည်း အကျိုးရှိပေမည်။
သင်သိရှိရာကို ဝေမျှပါ
သင်သိရှိရာကို အသုံးပြုခြင်းက အထူးသဖြင့် သင်၏တစ်စိတ်တစ်ဒေသဖြစ်ဖို့အတွက် ပြုလုပ်ရာ၌ အကူအညီဖြစ်စေသည်။ တစ်ဦးတစ်ယောက်ကို သွန်သင်ဖို့ကြိုးစားပါ။ ဆာလံဆရာက ဤသို့ဆိုသည်– “ငါ့နှုတ်သည် ပညာကိုမြွက်ဆိုမည်။ ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။”—ဆာလံ ၄၉:၃။
သတင်းကောင်းနှင့်ပတ်သက်၍ သင့်အနေဖြင့် ရှက်ရွံ့ခြင်းမရှိပါက ယင်းကို ကျောင်းနေဖက်များအပြင် သင်တွေ့ဆုံသည့်အခြားသူတို့ကို ဝေမျှဖို့ တွန့်ဆုတ်နေလိမ့်မည်မဟုတ်ချေ။ (ရောမ ၁:၁၆) အခြားသူတို့ကို [အမှန်]တရားအား ပြောပြရာ၌ ထိုကဲ့သို့သောအခွင့်အရေးများကို အရယူခြင်းဖြင့် သင်သိရှိရာကို အသုံးပြုခြင်းဖြစ်ပေမည်; ဤနည်းအားဖြင့် [အမှန်]တရားသည် သင့်စိတ်နှလုံးတွင် သင့်ကိုယ်ပိုင်အဖြစ် ကိန်းအောင်းနေပေလိမ့်မည်။
သင့်အပေါင်းအသင်းများကို သတိထားလေ
ပထမရာစုနှစ်ရှိ ခရစ်ယာန်အချို့တို့တွင် ဝိညာဉ်ရေးဆိုင်ရာတိုးတက်မှုကောင်း ရှိခဲ့ကြသည်။ သို့သော် မကြာမီ တမန်တော်ပေါလုက သူတို့ထံ ဤသို့ရေးသား၍ မေးမြန်းခဲ့ရသည်– “[အမှန်] တရားကိုနားမထောင်စေခြင်းငှာ အဘယ်သူဆီးတားသနည်း။” (ဂလာတိ ၅:၇) အဲလစ်အမည်ရှိ လူငယ်တစ်ဦးတွင်လည်း အလားတူပင်ဖြစ်ခဲ့သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်သည့် သူ၏ကြိုးစားအားထုတ်မှုများသည် “မကောင်းသောအပေါင်းအသင်းများနှင့် တပူးတွဲတွဲနေမှုကြောင့်” အခြေပျက်သွားခဲ့ကြောင်း သူဝန်ခံလေသည်။ သင့်အနေဖြင့်လည်း ဝိညာဉ်ရေးဆိုင်ရာတိုးတက်မှုအတွက် ယင်းနှင့်ပတ်သက်၍ ပြောင်းလဲမှုအချို့ကိုပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်မည်။
ယင်းနှင့်ဆန့်ကျင်လျက် အပေါင်းအသင်းကောင်းများက သင့်အား တိုးတက်မှု အမှန်တကယ်ဖြစ်စေနိုင်ပေသည်။ နယပုံပြင် ၂၇:၁၇ က “သံကိုသံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏” ဟုဆိုသည်။ မိမိတို့ဘဝတွင် အမှန်တရားကို ကိုယ်ပိုင်အဖြစ်ရှိထားသူတို့—စံနမူနာကောင်းရှိသူတို့ကို ရှာဖွေပါ။ သူတို့ကို သင့်မိသားစုအပြင်ဘက်မှ ရှာစရာမလိုချေ။ ငယ်ရွယ်သူ ဂျယ်နီဖာက ဤသို့ပြောပြသည်– “အဘိုးဟာ ကျွန်မအတွက် အကောင်းဆုံးပုံနမူနာပါပဲ။ တနင်္ဂနွေနေ့မှာ သူဟာ အမြဲပဲကျွန်မတို့အသင်းတော်ကျမ်းစာလေ့လာမှုအတွက် ကြိုတင်ပြင်ဆင်မှုကို သုံးနာရီကြာ အချိန်ယူပြုလုပ်လေ့ရှိတယ်။ သင်ခန်းစာတွေအတွက် ကျမ်းချက်တိုင်းကို ဘာသာပြန်ကျမ်းအမျိုးမျိုးကနေ ရှာဖွေကြည့်ရှုပြီး အဘိဓာန်ကျမ်းထဲက စကားလုံးတွေကို ဆန်းစစ်ကြည့်တယ်။ ကျမ်းစာထဲက လူသိနည်းတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လာရင် သူဟာ အရမ်းကိုကျွမ်းကျင်သူပါ။ ဘာမဆို သူ့ကိုမေးနိုင်တယ်၊ သူက အဖြေရှာပေးပါလိမ့်မယ်။”
အမှန်တရားကို သင့်ကိုယ်ပိုင်ဖြစ်စေသောအခါ သင့်အနေဖြင့်—မည်သည့် အဖိုးတန်သောအရာနှင့်မဆို လဲယူ၍မရနိုင်သည့် တန်ဖိုးရှိအရာတစ်ခုကို သင်ရရှိလေသည်။ သို့ဖြစ်၍ အမှန်တရားကို “ကျွန်ုပ်မိဘ၏ဘာသာ” အဖြစ် မည်သည့်အခါမျှ မရှုမြင်လိုက်ပါနှင့်။ သင်၏ယုံကြည်စိတ်ချမှုသည် ဤသို့ပြောခဲ့သော ဆာလံဆရာကဲ့သို့ပင်ဖြစ်သင့်သည်– “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူ၏။” (ဆာလံ ၂၇:၁၀) သမ္မာကျမ်းစာဆိုင်ရာသွန်သင်ချက်များကို အမှန်တကယ်သိရှိခြင်း၊ ယင်းကို ယုံကြည်ခြင်း၊ အခြားသူတို့ထံ သင်၏ယုံကြည်ချက်များကို ဝေငှခြင်းနှင့် ယင်းတို့အပြင် ဤယုံကြည်ချက်များနှင့်အညီ အသက်ရှင်နေထိုင်ခြင်းက အမှန်တရားသည် သင်၏ကိုယ်ပိုင်ဖြစ်ကြောင်း ထင်ရှားပြသခြင်းဖြစ်ပေမည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသော ယေဟောဝါအားချီးမွမ်းကျူးဧခြင်း သီချင်းစာအုပ်မှ။
b ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
သင်ကိုယ်တိုင်သုတေသနပြုလေ့လာမှုအားဖြင့် အမှန်တရားကို သင့်ကိုယ်နှိုက်အား သက်သေထူစေ