ဝေခွဲရခက်သော စက္ကူမဲ့ရုံး
ဤဆောင်းပါး၏နောက်ဆုံးစာမူကြမ်း ၁၁ မျက်နှာခန့်ကို ရိုးရိုးစက္ကူဖြင့် ပရင့်ထုတ်လိုက်သည်။a တည်းဖြတ်မှုအဆင့်ဆင့်ပြုစဉ် အကြောင်းအရာကို အကြိမ် ၂၀ ခန့် အထပ်ထပ်ပရင့်ထုတ်ခဲ့သည်။ နောက်ဆုံးတွင် ယင်းကို ကမ္ဘာတစ်ဝန်းရှိ ဘာသာပြန်အဖွဲ့ပေါင်း ၈၀ ခန့်ထံ ပို့လိုက်ပြီးနောက် အဖွဲ့တစ်ဖွဲ့စီသည် ဘာသာပြန်စာမူကြမ်း ခြောက်စုံခန့် ပရင့်ထုတ်ခဲ့ကြသည်။ သို့နှင့် စုပေါင်းကြည့်လိုက်လျှင် ဤဆောင်းပါး ပုံနှိပ်တိုက်များသို့ မရောက်မီ စက္ကူရွက်ရေ ၅,၀၀၀ ကျော် ကုန်သွားလေသည်။
ဤအချက်အလက်များသည် ကွန်ပျူတာခေတ်အစပျိုးချိန်၌ တချို့သူများ ဟောကိန်းထုတ်ခဲ့ကြသကဲ့သို့ “စက္ကူမဲ့ရုံး” ဖြစ်တော့မည်ဟူသည့် ကြိုတင်ခန့်မှန်းချက်များကို လွန်စွာပင် ဖီလာဆန့်ကျင်သည်။ အနာဂတ်ဝါဒီ အယ်လ်ဗင်တော်ဖလာက ‘စာရွက်ဖြင့် နှိပ်ထုတ်ကူးယူခြင်း မည်သည့်အရာမဆိုသည် အီလက်ထရောနစ်စာစီစာရိုက်စက်များကို ခေတ်နောက်ပြန်ဆွဲနည်းဖြင့်သုံးခြင်းဖြစ်ရာ ယင်းစက်တို့၏ရည်ရွယ်ချက်ကို ဖျက်ဆီးပစ်သည်’ ဟု သူ၏ တတိယလှိုင်းဂယက် စာအုပ်တွင် ကြေညာသည့်အထိဖြစ်ခဲ့သည်။ စိတ်ဝင်စားစရာမှာ၊ ၁၉၈၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာစီးပွားရေးစက်ကိရိယာများ (IBM) ကော်ပိုရေးရှင်းက မိမိတို့၏ မူရင်းတစ်ကိုယ်ရေသုံးကွန်ပျူတာကို မိတ်ဆက်ပေးလိုက်သောအချိန်က စာရိုက်စက် (printer) မစီစဉ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ကွန်ပျူတာအသုံးပြုသူများသည် သတင်းအချက်အလက်ကို ကွန်ပျူတာမော်နီတာပေါ်မှ ဖတ်ရှုလိုစိတ်ရှိမည်ဟု ကုမ္ပဏီကထင်ကြောင်း တချို့ကဆိုသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ စက္ကူသည် မကြာမီ ပြတိုက်များနှင့် ဖုန်ထူသောမော်ကွန်းတိုက်များသို့ အပို့ခံရတော့မည်—“စက္ကူမဲ့သုခဘုံ” ဖြစ်လာမည်ဟု အချို့ကစိတ်ကူးခဲ့ကြသည်။
စက္ကူမဲ့အလားအလာ အဖြစ်မှန်၏ဖီလာဘက်ခြမ်းမှာ
သို့သော် စက္ကူမဲ့ရုံးဖြစ်လာစေမည်ဟူသည့် ကိရိယာသည် အမှန်စင်စစ်တွင် ကျွန်ုပ်တို့အား စက္ကူပုံကြီးထဲတွင် နစ်သည်ထက် နစ်မြှုပ်စေခဲ့သည်။ အမှန်မှာ၊ မကြာသေးမီနှစ်များက စက္ကူအသုံးပြုမှု တိုးများလာခဲ့သည်ဟု တချို့ကခန့်မှန်းကြသည်။ အပြည်ပြည်ဆိုင်ရာ အချက်အလက်ကော်ပိုရေးရှင်းမှ လေ့လာသူ စကော့မက်ခ်ခရီဒေး ကဤသို့ဆိုသည်– “ကျွန်ုပ်တို့ရုံးများတွင် အလိုအလျောက်စနစ်ဖြင့်လုပ်ဆောင်မှုသည် ပုံနှိပ်စာရွက်များကို တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်းတိုးပြီး အသုံးပြုသွားစေသည်။” တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊ ပရင်တာများ၊ ဖက်စ်ပို့စက်များ၊ အီး-မေးလ်၊ မိတ္တူကူးစက်များနှင့် အင်တာနက်တို့သည် လူအများ နေ့စဉ် ထိတွေ့ဆက်ဆံပုံနှိပ်ထုတ်သည့် သတင်းအချက်အလက်ပမာဏကို သိသိသာသာတိုးလာစေသည်။ CAP စီးပွားရေးမြှုပ်နှံစွန့်စားမှုကုမ္ပဏီ၏အဆိုအရ ၁၉၉၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပရင်တာအလုံးရေ ၂၁၈ သန်း၊ ဖက်စ်ပို့စက် ၆၉ သန်း၊ စွယ်စုံသုံးစက်အလုံးရေ ၂၂ သန်း (စက်တစ်လုံးတည်းတွင် ပရင်တာ၊ စကင်နာ နှင့် မိတ္တူကူးစက်တို့ပါဝင်)၊ စကင်နာစက်အလုံးရေ ၁၆ သန်း နှင့် မိတ္တူကူးစက် ၁၂ သန်းရှိသည်။
အမေရိကန်ပြည်ထောင်စုသည် တစ်နှစ်လျှင် စာရွက် ကုဋေပေါင်း ၁.၃ သန်း ကို ထုတ်လုပ်သည်ဟု သူ၏ ၁၉၉၀ ပြည့်နှစ်ထုတ် ပါဝါရှစ်ဖ်စာအုပ်တွင် တော်ဖလာကခန့်မှန်းခဲ့သည်—ဂရင်းကင်ရန်လျှိုမြောင်နံရံကို ၁၀၇ ထပ်ကပ်ရန် လုံလောက်ပေသည်။ အစီရင်ခံစာများအရ၊ ကိန်းဂဏန်းအရေအတွက်မှာ ပို၍များများလာနေသည်။ သတင်းရပ်ကွက်တစ်ခုအရ၊ ၁၉၉၅ ခုနှစ်ခန့်တွင် အမေရိကန်ပြည်ထောင်စုသည် တစ်နေ့လျှင် စာရွက် သန်းပေါင်း ၆၀၀ နီးပါး—မိုင်ပေါင်း ၁၇၀ ရှည်လျားသည့် ဖိုင်အံဆွဲတစ်ခုပြည့်နိုင်လောက်သည့် စာရွက်များကို ထုတ်လုပ်နေသည်ဟုဆို၏။ ၂၀၀၁ ခုနှစ်ဝင်လာသည်နှင့်အမျှ မြင့်တက်မှုနှုန်းသည် အပြောင်းအလဲသိပ်မရှိလှပေ; သတင်းအချက်အလက်အများစုကို စာရွက်ဖြင့်ဖြန့်ချိနေဆဲပင်။
စက္ကူဆက်သုံးနေရသည့်အကြောင်း
အီလက်ထရောနစ်ပစ္စည်းများက စက္ကူကို အစားထိုးနေရာယူမည်ဟူသည့် တင်ကူးဟောကြားချက်များတွင် အဘယ်အရာ မှားယွင်းခဲ့သနည်း။ အပြည်ပြည်ဆိုင်ရာစက္ကူကုမ္ပဏီက အရဲစွန့်မှန်းဆကာ ဤသို့ပြောနေသည်– “လူတို့သည် သတင်းအချက်အလက်ကို မိမိတို့၏လက်ဖျား၌သာ မရှိစေလိုကြပေ။ ယင်းကို မိမိတို့၏လက်ထဲ၌ ရှိစေလိုသည်။ သူတို့သည် ထိချင်ကြ၊ ခေါက်ချိုးပြီးအနားလိပ်ချင်ကြ၊ ဖက်စ်ပို့ချင်ကြ၊ မိတ္တူကူးပြီး အကိုးအကားပြုလိုကြသည်; စက္ကူမာဂျင်တွင်ရေးခြစ်ခြင်း သို့မဟုတ် ရေခဲသေတ္တာတံခါးပေါ်တွင် ဝင့်ကြွားစွာကပ်ပြထားခြင်း လုပ်လိုကြသည်။ ထိုထက်ကား သူတို့သည် အလျင်အမြန်၊ အနာအဆာကင်းကင်းနှင့် အရောင်အသွေးကောင်းကောင်းဖြင့် ပရင့်ထုတ်လိုကြသည်။”
စက္ကူတွင် ကျိန်းသေအကျိုးကျေးဇူးများရှိသည်ကို ဝန်ခံရပေမည်။ ၎င်းသည် သယ်ဆောင်ရလွယ်ကူသည်၊ ဈေးပေါသည်၊ ကြာရှည်ခံသည်၊ စုဆောင်းရလွယ်ကူပြီး တစ်ဖန်ပြန်လည်အသုံးချ၍လည်းရသည်။ လှန်လှောရှာဖွေ၍လည်း အလွန်လွယ်ကူသည်—မည်သည့်စာမျက်နှာသို့ရောက်နေပြီး စာရွက်မည်မျှကျန်နေသေးသည်ကို သင်မြင်နိုင်ပေသည်။ “လူတို့သည် စက္ကူကိုနှစ်သက်ကြသည်။ မိမိတို့လက်ထဲ၌ ၎င်းကို ထိတွေ့ခံစားလိုကြသည်” ဟု ရုံးပစ္စည်းများရောင်းချသည့် ကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒန်ကော့စ်ကဆိုသည်။ “လူတို့သည် စက္ကူမဲ့ရုံးဖြစ်မြောက်ဖို့ ကြိုးစားကြကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့သည်” ဟု စာကြည့်တိုက်များ၊ မော်ကွန်းတိုက်နှင့် ပြည်သူ့အမှုတွဲများဆိုင်ရာ အရီဇိုးနားဌာနမှ မှတ်တမ်းများဆန်းစစ်လေ့လာသူ ဂျယ်ရီ မော်လာရီကဆိုသည်။ “သို့သော် ကျွန်တော်တို့တွေ့ရသည့် ထောင်နှင့်ချီသောကွန်ပျူတာအားလုံးတွင် တူညီသောအချက်တစ်ချက်ရှိသည်– ယင်းတို့အားလုံးသည် အနည်းဆုံး ပရင်တာတစ်ခုနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။”
ထို့အပြင်၊ အကျင့်ဟောင်းများကို ဖြတ်တောက်ပစ်ရန်လည်း ခက်ခဲလှပေသည်။ ယနေ့ စီးပွားရေးလောကမှလူတို့သည် ပုံနှိပ်စာရွက်မှ မည်သို့ဖတ်ရမည်ကိုသင်ယူဖို့ ကြီးပြင်းလာခဲ့ကြသည်။ စာချပ်တစ်ခု သို့မဟုတ် အီး-မေးလ်တစ်စောင်ကို မောက်စ်တစ်ချက်နှိပ်လိုက်ရုံနှင့် ပရင့်ထုတ်နိုင်သည်။ ထို့နောက် ထိုအချိန်၌ သူသည် မည်သည့်နေရာတွင်ရှိနေပါစေ မိမိအဆင်ပြေသည့်အချိန်တွင် ဖတ်ရှုသည်။ ကွန်ပျူတာအများစုကို အဆင်ပြေစွာအသုံးမပြုနိုင်သည့် နေရာများ—ခုတင်၊ ရေချိုးဇလုံ၊ သဲသောင်ပြင်အခင်းပေါ်ထိ မည်သည့်နေရာမဆိုတွင် ပရင့်ထုတ်ထားသည့်အကြောင်းအရာကို ယူဆောင်သွားနိုင်သည်။
အခြေခံအကြောင်းတရားနောက်တစ်ခု– ကွန်ပျူတာများသည် မကြာသေးမီက စီးပွားရေးသုံးပရင်တာများသာ ထုတ်လုပ်နိုင်သည့် စာချပ်မျိုးတို့ကို လူတို့အလွယ်တကူဖန်တီးနိုင်ရန် စွမ်းဆောင်ပေးသည်။ ရောင်စုံမိတ္တူများ၊ စာမူကြမ်းများနှင့် မှတ်တမ်းမှတ်ရာများမှအစ သရုပ်ဖော်ပြကွက်များ၊ ဇယားကွက်များ၊ ဂရပ်ဖ်များ၊ စီးပွားရေးလိပ်စာကတ်များနှင့် ပို့စကတ်များအဆုံး မည်သည့်အရာမဆိုကို အားသိပ်မစိုက်လိုက်ရဘဲ ထုတ်လုပ်နိုင်ပေသည်။ ထိုကဲ့သို့သောစွမ်းဆောင်နိုင်မှုများက စမ်းသပ်မှုပြုလုပ်ရန် ဖိတ်ခေါ်နေသည်။ ထို့ကြောင့် ကွန်ပျူတာအသုံးပြုသူတစ်ဦးသည် စာချပ်တစ်ခု ရိုက်ထုတ်ပြီးနောက် စာလုံးပုံစံနှင့်ဒီဇိုင်းပြောင်းရန် သူအတွေးပေါက်လာနိုင်ပြီး ယင်းကို နောက်တစ်ကြိမ် ပရင့်ထုတ်လိုက်ပြန်သည်။ ယင်းက ထပ်ဆင့်ပြင်ဆင်တည်းဖြတ်မှုများ ပါလာနိုင်ပြီး၊ သင်သိသည့်အတိုင်းပင် ပရင့်အောက်များ ထပ်၍ထပ်၍ ထုတ်လိုက်ရလေသည်!
အင်တာနက်သည်လည်း လူတို့အား သတင်းအချက်အလက်များ အဆီးအတားမရှိလုနီးပါး အသုံးပြုခွင့်ပေးခြင်းအားဖြင့် ထိုအခြေအနေသို့ ဆိုက်ရောက်စေသည်။b အင်တာနက်အသုံးပြုသူများသည် မိမိတို့၏ သုတေသနပြု ရှာဖွေတွေ့ရှိချက်များကို စက္ကူချပ်များဖြင့် ပရင့်ထုတ်လေ့ရှိသည်နှင့်အမျှ စက္ကူအကြီးအကျယ်အသုံးပြုမှုကို မလွဲမသွေ ဖြစ်ပေါ်စေသည်။
ကွန်ပျူတာအနုထည် [ဆော့ဖ်ဝဲ] နှင့် ပစ္စည်းကိရိယာတို့၏ရေစီးကြောင်းသည် အကြံပေးစာအုပ်များပို၍လိုအပ်သည် ဟူသည့်အချက်ကို အမှုမထားဘဲနေ၍မရချေ။ ကွန်ပျူတာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုက လက်စွဲစာအုပ်များနှင့် ကွန်ပျူတာမဂ္ဂဇင်းများကဲ့သို့သောစာအုပ်များ အပုံလိုက်ထွက်လာစေသည်။
ကွန်ပျူတာဖန်သားပြင်—အထူးသဖြင့် မော်နီတာအဟောင်းများ—ပေါ်မှဖတ်ရှုခြင်းက ချွတ်ယွင်းချက်များရှိနိုင်ကြောင်းလည်း ဝန်ခံရပေမည်။ မျက်စိအားစိုက်ရခြင်းကို အသုံးပြုသူအချို့က ညည်းညူပြောဆိုကြဆဲပင်။ မည်သို့ပင်ဆိုစေ၊ အမြင် အလွန်ကြည်လင်ပြတ်သားရန်အတွက် ဟောင်းနွမ်းသော ဗီဒီယိုပြစက်၏မျက်နှာပြင်ပုံဖော်နှုန်းကို ယခင်ထက် ဆယ်ဆတိုးစေရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ထို့အပြင်၊ တချို့အတွက် ဖန်သားပြင်ပေါ်တွင်မြင်ရသည့်အရာထက် စာရွက်အပိုင်းတစ်ခုက ပို၍အရေးကြီးသည်၊ ပို၍မြန်မြန်စွဲမှတ်မိစေသည်ဟု ယူဆကြပေမည်။ ပရင့်ထုတ်ထားသော စာချပ်တစ်ခုသည် လူတစ်ဦး၏အလုပ်၊ အားထုတ်မှုကို လက်ဆုပ်လက်ကိုင်ပြနိုင်သောအရာဖြစ်ပြီး ထိတွေ့ကိုင်ကြည့်၍ရစေသည်။ လူတစ်ဦး၏ အထက်အရာရှိ သို့မဟုတ် အောက်လက်ငယ်သား၏လက်ထဲ၌ထားရှိသည့် အကောင်အထည်ရှိသော စာချပ်တစ်ခုသည် အီလက်ထရောနစ်သတင်းတစ်ခုထက် တုံ့ပြန်မှုပိုရရှိပြီး အာရုံစိုက်မှုပင် ပို၍လက်ခံရရှိနိုင်ပေမည်။
နောက်ဆုံးအနေနှင့် လူများစွာတို့သည် အချက်အလက်များပျောက်ဆုံးသွားမည်ကို စိုးရိမ်ပူပန်ကြသည်။ ထိုကဲ့သို့သောစိုးရိမ်ပူပန်မှုသည် လျော်ကန်သင့်မြတ်လေ့ရှိတတ်သည်။ ယခုအခါ ခေတ်မီဆန်းပြားသော အရန်သိမ်းဆည်းစနစ်များ အမျိုးမျိုးအဖုံဖုံရှိသည့်ကြားမှ နာရီနှင့်ချီပြီးလုပ်ထားရသည့် အဖိုးတန်စာသားများသည် ဓာတ်အားရုတ်တရက်တက်ဆောင့်မှု၊ ပျက်စီးတတ်သောဒစ်ခ် သို့မဟုတ် မှားတတ်သောကီးဘုတ်တို့၏ ပြုသမျှနုရသည့်အခြေအနေတွင် ရှိနေဆဲပင်။ ထို့ကြောင့် စာရွက်သည် ပို၍အန္တရာယ်ကင်းသည့်အရာအဖြစ် လူအများစုက ယူမှတ်ကြသည်။ စိတ်ဝင်စားစရာမှာ အနှစ် ၂၀၀ မှ ၃၀၀ အထိဖတ်နိုင်မည်ဟု ခန့်မှန်းရသည့် အက်စစ်မဲ့စက္ကူနှင့်နှိုင်းစာကြည့်လျှင် အီလက်ထရောနစ်မှတ်တမ်းများကို ဖတ်နိုင်မည့်သက်တမ်းမှာ အလွန်ပင်တိုတောင်းသည်ဟု ပညာရှင်အချို့က ဆိုကြသည်။ အီလက်ထရောနစ်သတင်းအချက်အလက်သည် တဖြည်းဖြည်းချင်းပျက်စီးသွားသည်မှာ မှန်ပါသည်။ သို့သော် စက်မှုနည်းပညာက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည်။ ထို့အပြင် ခေတ်မစားတော့သည့် အမာထည် [ဟာ့ဒ်ဝဲ] နှင့် အနုထည် [ဆော့ဖ်ဝဲ] တို့ကို ဖျက်ပစ်လိုက်သည်ဖြစ်ရာ ကွန်ပျူတာဟောင်းတွင် သွင်းထားသည့်မှတ်တမ်းများကို ဖတ်ရှုရန် ပို၍ခက်ခဲလာနိုင်သည်။
သို့ဖြစ်၍ စက္ကူမဲ့ရုံးခန်းအိပ်မက် အကောင်အထည်ပေါ်မပေါ်ကို စောင့်ကြည့်ဖို့သာရှိတော့မည်။ ဤအတောအတွင်း ရှင်းနေသည်မှာ၊ မာ့ခ်တွိန်း၏စကားအသုံးအနှုန်းကို အငှားသုံးရမည်ဆိုလျှင် စက္ကူအသုံးပြုခြင်း ကွယ်ပျောက်မည်ဟူသောသတင်းသည် အလွန့်အလွန် ချဲ့ကားရာရောက်ပေမည်။
သစ်ပင်အားလုံးကို ကျွန်ုပ်တို့ဖျက်ဆီးပစ်မည်လော
သစ်ပင်တစ်ပင်မှ စက္ကူပေါင်းမည်မျှထုတ်လုပ်နိုင်သနည်း။ သစ်ပင်အရွယ်အစားနှင့်ပုံစံ၊ စက္ကူပုံစံနှင့်အလေးချိန်စသည်တို့အရ အရေအတွက်အမျိုးမျိုးရှိနိုင်သော်လည်း ဈေးကွက်ဝင်ပျော့ဖတ်ထုတ်သည့် သစ်ပင်တစ်ပင်သည် စံချိန်မီစာရေးစက္ကူ သို့မဟုတ် ပုံနှိပ်စက္ကူ အရွက်ရေပေါင်း ၁၂,၀၀၀ ခန့်ထုတ်လုပ်ကြောင်း ခန့်မှန်းကြသည်။ သို့သော် လက်ရှိသုံးစွဲနေကြသည့် စက္ကူပမာဏများစွာက သစ်တောများ ကြောက်ခမန်းလိလိပြုန်းတီးမှုကို ဖြစ်ပေါ်စေနေဆဲပင်။ ဂေဟစနစ်အကျပ်အတည်းသို့ ကျွန်ုပ်တို့အမှန်တကယ် ဦးတည်နေပါသလော။
စက္ကူထုတ်လုပ်သူများက ဤကိစ္စနှင့်စပ်လျဉ်း၍ အကြောက်လွန်မှုမဖြစ်ရန် သတိပေးကြသည်။ စက္ကူအမြောက်အမြား—အချို့ဒေသများတွင် ၅၀ ရာခိုင်နှုန်းမျှ—ကို သစ်တိုသစ်စများ၊ အလဟဿအမှိုက်ကျင်းဖြစ်နေမည့် သစ်ခွဲသားစက်၏စွန့်ပစ်သစ်သားများမှ ထုတ်လုပ်ကြောင်း သူတို့မဆိုင်းမတွ ထောက်ပြကြသည်။ ထိုမျှသာမကသေးပါ၊ သစ်တိုသစ်စများ ဆွေးမြေ့လာသည့်အခါ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သော မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်ရာ ကမ္ဘာပူနွေးလာစေမှုနှင့် ဆက်စပ်နေသည်။ သို့ဖြစ်၍ စက္ကူထုတ်လုပ်ခြင်းသည် ယင်းသစ်တိုသစ်စများကို ကောင်းစွာအသုံးပြုခြင်းဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်နှင့် စားသုံးသူအုပ်စုများက စက္ကူထုတ်လုပ်မှုလုပ်ငန်းသည် ညစ်ညမ်းမှုဖြစ်စေပြီး သစ်တောများကို ညံ့ဖျင်းစွာစီမံနေသည်ဟု စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြသည်။ စက္ကူထုတ်လုပ်ရေးတွင်အသုံးပြုသည့် လောင်စာများက ဖန်လုံအိမ်ဓာတ်ငွေ့များထွက်စေသည်ဟု ဆိုကြသည်! စွန့်ပစ်စက္ကူများသည် အမှိုက်ကျင်းများထဲ ရောက်သွားသည်နှင့်အမျှ နောက်ထပ်ဖန်လုံအိမ်ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးကြောင်းလည်း သူတို့ကထောက်ပြကြသည်။
သို့သော် ကမ္ဘာ့သယံဇာတပစ္စည်းများကို မကုန်ခန်းစေဘဲ လိုအပ်သောစက္ကူပမာဏကို ထုတ်လုပ်နိုင်ကြောင်း အထောက်အပံ့ဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာ့စီးပွားရေးကောင်စီမှ လေ့လာချက်တစ်ရပ်က ကောက်ချက်ချခဲ့သည်။ တစ်ချက်မှာ သစ်ပင်များကို အသစ်ပြန်စိုက်နိုင်ကာ စက္ကူကို ပြန်သုံး၍ရအောင်လုပ်နိုင်ခြင်းဖြစ်သည်။ သို့တိုင် “စက္ကူသံသရာ၏ အဆင့်တစ်ဆင့်စီဖြစ်သော သစ်တောဆိုင်ရာစီမံအုပ်ချုပ်မှု၊ ပျော့ဖတ်နှင့်စက္ကူထုတ်လုပ်မှု၊ စက္ကူအသုံးပြုမှု၊ ပြန်လည်အသုံးချမှု၊ စွမ်းအင်ပြန်လည်ထူထောင်မှုနှင့် နောက်ဆုံးစွန့်ပစ်မှု—တို့တွင် ထပ်၍ စက်မှုလုပ်ငန်းဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရမည်ဖြစ်ကြောင်း” လေ့လာချက်တစ်ရပ်က အလေးအနက်ပြောဆိုသည်။ စက္ကူထုတ်လုပ်မှုလုပ်ငန်းသည် ပတ်ဝန်းကျင်နှင့်လည်း သဟဇာတဖြစ်၊ စီးပွားရေးအရလည်း အောင်မြင်ဖြစ်ထွန်းစေမည့် ပျော့ဖတ်ထုတ်လုပ်ရန် ကြိုးပမ်းရာတွင် ကောက်ရိုး၊ ကြီးထွားမြန်သောသစ်ပင်များ၊ ပြောင်းနှင့်ပိုက်ဆံလျှော်ပင်ကဲ့သို့သော အခြားရွေးချယ်စရာများကိုလည်း အားကိုးနေပါသည်။ ထိုသို့သောစီမံချက်များက မည်မျှအထိအသုံးဝင်၍ ထိရောက်မှုရှိမည်ကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a ရည်ညွှန်းချက်များနှင့်နည်းပညာအညွှန်းများပါဝင်သည်။
b ၁၉၉၇၊ ဇူလိုင် ၂၂ ရက်ထုတ် [လိပ်] နိုးလော့! ၏ “အင်တာနက်—ယင်းသည် သင့်အတွက်လော” အခန်းဆက် ဆောင်းပါးများကိုရှု။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]
ရုံး၌ စက္ကူဖြုန်းတီးမှုလျော့နည်းစေနိုင်ပုံ
✔ တတ်နိုင်သ၍ နည်းနိုင်သမျှနည်းအောင် ပရင့်ထုတ်ပါ။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် စာချပ်များကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပါ။ ပရင့်ထုတ်မည့်စာရွက်နှင့် စာမူကြမ်းတို့၏အရေအတွက်ကို နည်းနိုင်သမျှနည်းစေပါ။
✔ ပိုများသော စာချပ်များအတွက် ဖတ်၍ရနိုင်သေးသော ငယ်သည့်စာလုံးအရွယ်အစားကို အသုံးပြုပါ။
✔ သင့်ပရင်တာသည် ဖွင့်ထားချိန်တိုင်း သို့မဟုတ် စာချပ်တစ်ခုထုတ်နေသည့်အချိန်တိုင်း အစမ်းထုတ်မှု သို့မဟုတ် နဖူးစီးစာတမ်းစာမျက်နှာကိုအသုံးပြုလျှင် ဤကဏ္ဍ [ဖီချာ] ကိုပိတ်ထားပါ။
✔ စွန့်ပစ်စာရွက်ကို ပြန်လည်ပြုပြင် အသုံးချပါ။
✔ တစ်ဖက်သာသုံးရသေးသည့်စာရွက်ကို ပြန်လည်ပြုပြင်အသုံးမချမီ အကြမ်းထုတ်ရန်ဖြစ်စေ၊ စာရွက်အပိုင်းအစလုပ်ရန်ဖြစ်စေ နောက်ပိုင်းအသုံးပြုရန် ဘေးဖယ်ထားပါ။
✔ ဖြစ်နိုင်သည့်အချိန်တိုင်း ပရင့်ထုတ်ခြင်း သို့မဟုတ် မိတ္တူကူးခြင်းတွင် နှစ်ဖက်စလုံးကိုသုံးပါ။
✔ ရုံးတစ်ရုံးအတွင်း၌ စာချပ်များဝေမျှရမည်ဆိုလျှင် လူတိုင်းအတွက် မိတ္တူတစ်စောင်စီကူးယူမည့်အစား ယင်းတို့ကို တစ်ဦးမှတစ်ဦးလက်ဆင့်ကမ်းကြည့်စေရန် ကြိုးစားပါ။
✔ စက္ကူချပ်လိုအပ်ချက်ကို လျှော့ချရန်အတွက် သင်၏ကွန်ပျူတာမှတစ်ဆင့် ဖက်စ်များကို တိုက်ရိုက်ပို့ပါ။ စက္ကူချပ်များအသုံးပြု၍ ဖက်စ်ပို့ရမည်ဆိုလျှင် မျက်နှာဖုံးစာရွက်ကို အသုံးမပြုခြင်းအားဖြင့် စက္ကူကိုချွေတာပါ။
✔ မလိုအပ်ဘဲ အီးမေးလ် သတင်းအချက်အလက်များ ပရင့်ထုတ်ခြင်းကို ရှောင်ကြဉ်ပါ။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
စက္ကူမဲ့ရုံးဖြစ်လာစေရန် စွမ်းဆောင်မည်ဟုဆိုသည့် ပစ္စည်းကိရိယာသည် ကျွန်ုပ်တို့ကို စက္ကူထဲ၌ ပို၍ပို၍ နစ်မြှုပ်သွားစေသည်ဟု တချို့က စောဒကတက်ကြသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တစ်ခါတစ်ရံ ကွန်ပျူတာဖန်သားပြင်ထက် ပုံနှိပ်စာရွက်က အသုံးပြုရ သာ၍ လွယ်ကူနေသည်