ကုလားအုတ်များနှင့် ဘရန်ဘီမြင်းရိုင်းများ ပျော်ရာမြေ
ဩစတြေးလျမှ နိုးလော့! စာရေးသူပေးပို့သည်
သြစတြေးလျနိုင်ငံ၏ လွင်တီးခေါင်ဒေသ (outback)—ထိုဒေသအကြောင်း ကြားလိုက်ရသည့်အခါ သင့်စိတ်ထဲ အဘယ်အရာမြင်ယောင်လာသနည်း။ သန်မာဖျတ်လတ်သောသားပိုက်ကောင်များ၊ မပျံတတ်သောအီမျူးငှက်များ၊ ဖုန်ထူသောအနီရောင်လွင်တီးပြင်နှင့် အလွန့်အလွန်ပူပြင်းသော ဒေသတစ်ခုအဖြစ်လော။ အတော်များများ သင်မှန်ပါသည်—သို့သော် အံ့ဖွယ်ကောင်းသော ဒေသတစ်ခုလည်းဖြစ်သည်။
ဩစတြေးလျနိုင်ငံသည် မြေကြီးပေါ်တွင် ကုလားအုတ်ရိုင်းများ အများဆုံးအုပ်ဖွဲ့တည်ရှိရာ၊ ကမ္ဘာပေါ်တွင် မြင်းရိုင်းအုပ်အများဆုံးရှိရာ၊ ကမ္ဘာဂြိုဟ်ပေါ်ရှိ အခြားနေရာများထက် မြည်းကောင်ရေအများဆုံးရှိသော နိုင်ငံဖြစ်သည်ကို သင်သိပါသလော။ ဤကြံ့ခိုင်သန်မာသော တိရစ္ဆာန်များ ရောက်ရှိလာပုံနှင့် ၎င်းတို့၏ဒဏ်ခံနိုင်မှု၊ အခက်အခဲကြားရုန်းကန်နိုင်မှုတို့ကြောင့် ရှင်သန်တည်တံ့နေနိုင်ပုံတို့အကြောင်းကို အနည်းငယ်သာသိရှိရသော်လည်း လွန်လေပြီးသောအချိန်ကို ပြန်အမှတ်ရစေသည့် သက်ရှိအမှတ်အသားတစ်ခုဖြစ်သည်။
ကုလားအုတ်များ၏အကူအညီဖြင့် တိုးတက်မှု
လွန်ခဲ့သောဆယ်စုနှစ်လေးခုတစ်လျှောက် လွင်တီးခေါင်အရပ်မှ ကျွဲနွားမွေးမြူရေးသမားအချို့သည် ဩစတြေးလျမှ ကုလားအုတ်များစာအုပ်ထဲမှ နွားကျောင်းသားတစ်ဦးညည်းညူခဲ့သည့်အတိုင်း ပဲ့တင်ထပ်ခဲ့ကြသည်– “ကုလားအုတ် ၅ ကောင်သည် ၇ မိုင်ရှည်သော စည်းရိုးကာသံဆူးကြိုးများအား ဖျက်ဆီးပစ်သည်ကို အထင်အရှားတွေ့ခဲ့ရသည်။ . . . တစ်နေရာတွင် နန်းကြိုးများကိုဖျက်ဆီးပစ်ရုံသာမကဘဲ တိုင်များနှင့် ရှိရှိသမျှအားလုံးကို ချိုးဖဲ့ဖျက်ဆီးပစ်ခဲ့ကြသည်။”
ဈေးကြီးသောစည်းရိုးကာသံဆူးကြိုးများသည် တစ်ဇွတ်ထိုးနိုင်သော ကုလားအုတ်တစ်ကောင်၏ ရှည်လျားသောခြေထောက်နှင့် ကိုယ်လုံးကိုယ်ထည်ကြီးကို မခံနိုင်ပါ။ သို့သော် သူတို့၏ကြံ့ခိုင်သန်မာသောခြေထောက်များသည် ဤတိုက်ကြီး၏ ပူလောင်ခြောက်သွေ့သောအတွင်းပိုင်းဒေသကို ဖြတ်သွားရာတွင် သူတို့ကိုဆက်အသက်ရှင်သန်စေရန် အထောက်အကူပြုသည်။
နယ်မြေသစ်ရှာဖွေသူ ဘာ့ခ်နှင့် ဝီလ်စ်တို့၏ ဩစတြေးလျတောင်ဘက်မှ မြောက်ဘက်သို့ဖြတ်သွားသည့် သူတို့၏ခရီးရှည်တွင် ၁၈၆၀ ပြည့်နှစ်က အိန္ဒိယမှတင်သွင်းခဲ့သော ကုလားအုတ်များကို ခေါ်ဆောင်သွားခဲ့သည်။ သူတို့၏ ထူးကဲသာလွန်သည့်ခွန်အားနှင့် သက်လုံကောင်းမှုတို့ကြောင့် တိုင်းတစ်ပါးမှရောက်ရှိလာသည့် ဤသတ္တဝါများသည် အစောပိုင်းစွန့်စားသူများနှစ်ခြိုက်သည့် အဖော်မွန်များဖြစ်လာခဲ့ကြသည်။ သူတို့သည် ပေါင် ၇၀၀ လေးသောပစ္စည်းကို မိုင် ၅၀၀ ခရီးသယ်ဆောင်ရန်အတွက် လောင်စာဆီအဖြစ် ရေ,လေးဂါလံသာလိုအပ်ခြင်းသည် အံ့သြဖွယ်ပင်။
ရွှေထွက်သောနယ်မြေသစ်များသို့ပြောင်းရွှေ့ရာ၌ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်ရေး၊ အယ်ဒီလေ့ဒ်မှ ဒါဝင်အထိ ကုန်းတွင်းပိုင်းကိုဖြတ်၍ တယ်လီဖုန်းလိုင်းများတပ်ဆင်ရေးနှင့် ဆစ်ဒနီနှင့်ပါ့သ်မြို့ကိုဆက်သွယ်သော ဩစတြေးလျမီးရထားလမ်း ဖောက်လုပ်ရေးတို့တွင် ကုလားအုတ်များသည် များစွာအထောက်အကူပြုခဲ့ကြသည်။ ၎င်းတို့သည် မျက်မှောက်ခေတ်စက်များပင် လုပ်ဆောင်ရန်ခဲယဉ်းသေးသည့် စတုရန်းမိုင် တစ်သန်းခွဲကျော်ကျယ်ဝန်းသောနယ်မြေတွင် လမ်းတစ်ခုဖောက်ပေးခဲ့ကြသည်။
၁၉၂၂ ၌အိမ်မွေးကုလားအုတ် အများဆုံးအရေအတွက်မှာ ၂၂,၀၀၀ ရှိသော်လည်း မော်တော်ယာဉ်များနှင့် အစားထိုးလာသည်နှင့်အမျှ ကုလားအုတ်များစွာကို လွတ်လပ်စွာကျင်လည်ကျက်စားရန် လွှတ်ပေးလိုက်ကြသည်။ ယင်းသို့ လွှတ်လိုက်ကြသည့်အချိန်မှစ၍ ထပ်၍ပေါက်ပွားလာကြရာ ယခုအခါ ဩစတြေးလျကန္တာရတွင် မှတ်တမ်းအရ ကောင်ရေ ၂၀၀,၀၀၀ ကျော်ရှိသည်ဟုဆိုကြပြီး ခြောက်နှစ်အတွင်း ကောင်ရေ၏နှစ်ဆတိုးလာမည်ဟု အချို့ကခန့်မှန်းကြသည်။
သို့သော် လွတ်လပ်စွာကျင်လည်ကျက်စားစေရန် ကုလားအုတ်အားလုံးကို လွှတ်ပေးခဲ့ကြသည်မဟုတ်ပါ။ ဩစတြေးလျအလယ်ပိုင်းရှိ ကုလားအုတ်ဆိုင်ရာအသင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုးလော့!ကို ဤသို့ပြောပြ၏– “ဩစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါကင်းသောကုလားအုတ်အုပ်များရှိရာ တစ်ခုတည်းသောနိုင်ငံဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အာရှတိုက်တို့ရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ဥယျာဉ်ကြီးများအတွက် ကောင်ရေအနည်းငယ်ကို နှစ်စဉ်တင်ပို့နေရသည်။” ဒေသခံခရီးသွားအကျိုးဆောင်သူများက အလည်အပတ်ရောက်ရှိလာသူများအား ကုလားအုတ်စီးပြီး ဩစတြေးလျအတွင်းပိုင်း မြေရိုင်းဒေသ—အချုပ်အနှောင်ကင်းသည့် အခြားဝန်တင်တိရစ္ဆာန်များကျင်လည်ကျက်စားရာ အတွင်းပိုင်းဒေသ—သို့သွား၍ အတွေ့အကြုံသစ်များရှာယူရန်လည်း ကမ်းလှမ်းကြသည်။
ဘရန်ဘီဟူသည် အဘယ်နည်း
၁၇၈၈ ခုနှစ်၌ ပထမဆုံးအင်္ဂလိပ်စစ်သင်္ဘောများသည် အကျဉ်းသားများ၊ စစ်သားများနှင့် မြင်းများ၊ ၎င်းတို့၏ဝန်စည်စလယ်များကို ဩစတြေးလျကမ်းခြေများတွင် ချခဲ့ကြသည်။ ဤနိုင်ငံတွင်ရှိသော မြင်းများ၏သမိုင်းသည် သူတို့နှင့်အတူရောက်လာသော လူသားအဖော်မွန်များကဲ့သို့ပင် ထူးခြားဆန်းကြယ်ပြီး ဝမ်းနည်းဖွယ်ကောင်းသည်။
နယ်မြေသစ်ကို စီမံခန့်ခွဲဖို့ကြိုးပမ်းရာတွင် အရေးပါသောမြင်းများသည် အစောပိုင်းနယ်သစ်ရှာဖွေသူများကို တိုက်ကြီး၏လေးဘက်လေးတန်သို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ အုပ်မှကွဲသွားသောမြင်းများနှင့် ထွက်ပြေးသောမြင်းများသည် များမကြာမီ စိတ်ရိုင်းဝင်လာပြီး အုပ်လိုက်ကျက်စားလာခဲ့ကြ၏၊ သို့နှင့် ထိုမြင်းများကို ဘရန်ဘီများဟု လူသိများလာခဲ့သည်။ ဘရန်ဘီ (brumby) ဟူသောစကားလုံးသည် ကွင်းစလန်မှ အဲဗရစ်ဂျနီလူမျိုးများ၏ “ရိုင်းသည်” ဟုအဓိပ္ပာယ်ရသော ဘရောန်ဘီဟူသည့်စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်နိုင်ပေသည်။
လွတ်လွတ်လပ်လပ်နေတတ်သော ဘရန်ဘီမြင်းရိုင်းများ၏ သဘောသဘာဝသည် အေ. ဘီ. (ဘင်ဂျို) ပက်တာစင်ကဲ့သို့သော ကဗျာဆရာများ၏ စိတ်အာရုံကိုနှိုးဆွပေးပြီး “နှင်းချောင်းကလူ” အမည်ရှိ သူ၏ဘဲလေးသီချင်းကြောင့် ဩစတြေးလျလူမျိုးများစွာ၏ နှလုံးသားထဲတွင် မြင်းရိုင်းများသည် အခိုင်အမာနေရာယူသွားခဲ့ကြသည်။ ပထမကမ္ဘာစစ်နောက်ပိုင်းတွင် ဘရန်ဘီမြင်းရိုင်းအရေအတွက် တိုးများလာခဲ့သည်၊ အကြောင်းမှာ ဩစတြေးလျဘရစ်ဂိတ်မြင်းတပ်အတွက်နှင့် အိန္ဒိယစစ်တပ်တွင် အသုံးပြုရန်အတွက် သတ်သတ်မွေးမြူထားသော ဝေလာမြင်းများအရေအတွက် လိုအပ်မှုနည်းလာသောကြောင့် တောထဲတွင် လွတ်လပ်စွာကျင်လည်ကျက်စားရန်လွှတ်လိုက်ဖို့ အမိန့်ထုတ်ပြန်ခဲ့၍ဖြစ်သည်။ ယခုအချိန်တွင် တိုက်ကြီးအတွင်း၌ မြင်းရိုင်းကောင်ရေ ၃၀၀,၀၀၀ သည်ခြေဦးတည့်ရာလှည့်လည်ကျက်စားနေသည်ဟု ခန့်မှန်းရသည်။
သူတို့လှည့်လည်သွားလာရာတွင် သူတို့၏ခွာများသည် ပန်းပဲသမား၏တူကဲ့သို့ ကြေမွလွယ်သောမြေကြီးအပေါ်ယံလွှာကို နင်းခြေပြီး ရေကျင်းများ၏နှုတ်ခမ်းကို ပျက်စီးစေသည်။ ရုတ်တရက်မိုးခေါင်သည့်အခါ သူတို့သည် အစာငတ်ရေငတ်၍ သေဆုံးကြရရှာသည်။ ကျွဲနွားတိရစ္ဆာန်အုပ်များ အလွန်များသည့်ဒေသတွင် ထိုဘရန်ဘီမြင်းရိုင်းများသည် သည်းမခံနိုင်သောအနှောင့်အယှက်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့် နှစ်စဉ် ထောင်နှင့်ချီ၍ ရွေးထုတ်သတ်ဖြတ်ခြင်းခံရကြသည်။ အချို့ကို လူသားတို့စားသုံးရန် သတ်ဖြတ်ကြပြီး အချို့ကိုမူ အိမ်မွေးတိရစ္ဆာန်အစားအစာအဖြစ် ရောင်းချခဲ့ကြသည်။
သို့ရာတွင် ဘရန်ဘီမြင်းရိုင်းမျိုးဝင်ဖြစ်သော မြည်းများသည် ပို၍ပင် လွတ်လပ်စွာကျင်လည်ကျက်စားနေကြသည်။ မြင်းရိုင်းကောင်ရေထက် အဆမတန်များလာပြီး ကုလားအုတ်များထက် ပိုမိုပျံ့နှံ့ပြန့်ပွားလာခြင်းကြောင့် ယခုအခါ ယင်း၏ကောင်ရေကို ထိန်းချုပ်ရတော့မည်ဖြစ်သည်။
သစ္စာဖောက်ဖြေရှင်းနည်း
မြင်းများကဲ့သို့ပင် မြည်းများကို ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် ဝန်စည်စလှယ်များဆွဲရန် သို့မဟုတ် လယ်ထွန်ရန်အတွက် ဦးဆုံးတင်သွင်းခဲ့ကြပြီး ၎င်းတို့သည် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်နှင့် နေသားတကျဖြစ်လာခဲ့ကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ၎င်းတို့အားလုံးကို လွတ်လပ်စွာကျင်လည်ကျက်စားရန် လွှတ်ပေးခဲ့ကြရာ ၎င်းတို့၏ကောင်ရေသည် သဘာဝမြည်းရိုင်းကောင်ရေထက်အဆ ၃၀ ပိုပွားလာခဲ့သည်။
ကန္တာရတွင် အသက်ရှင်နေထိုင်နိုင်သော မြည်းများသည် ကုလားအုတ်များကဲ့သို့ပင် ရေဓာတ်ကုန်ခန်းသည့်အခါ ချွေးထွက်ခြင်းကိုထိန်းချုပ်ပြီး ၎င်းတို့ကိုယ်အလေးချိန်၏ ၃၀ ရာခိုင်နှုန်းနှင့်ညီမျှသော ရေဓာတ်လျော့နည်းသွားသည့်အထိ အသက်ရှင်နိုင်သည်။ (အခြားနို့တိုက်သတ္တဝါများသည် ၁၂ မှ ၁၅ ရာခိုင်နှုန်းဆုံးရှုံးသည့်အခါ သေဆုံးသွားမည်ဖြစ်သည်။) သူတို့သည် စိမ်းစိုသောစားကျက်ကို ပိုနှစ်ခြိုက်ကြသော်လည်း ကျွဲနွားတိရစ္ဆာန်များမစားသည့် အပင်ကြမ်းများကိုလည်း စားသုံးပြီးရှင်သန်နိုင်ကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်က မြည်းကောင်ရေ ၇၅၀,၀၀၀ ကျော်သည် တိုက်ကြီးတစ်ဝက်တွင် ကျင်လည်ကျက်စားခဲ့ကြသည်။ ကောင်ရေတရိပ်ရိပ်တိုးများလာခြင်းကြောင့် ပတ်ဝန်းကျင်နှင့် ကျွဲနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာရာ အရေးယူဆောင်ရွက်ရတော့မည်။
၁၉၇၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ စနစ်တကျရွေးချယ်သတ်ဖြတ်ခဲ့ကြရာ ဩစတြေးလျအနောက်မြောက်ပိုင်းဒေသတစ်ခုတည်း၌ပင် မြည်းကောင်ရေ ၅၀၀,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြသည်။ လောလောဆယ်တွင် သစ္စာဖောက်အစီအစဉ်ဟုခေါ်သည့် ရေဒီယိုအသံလွှင့်ကိရိယာများကို မြည်းကောင်ရေ ၃၀၀ တွင်တပ်ဆင်ပေးထားကြသည်။ မြည်းအုပ်ထံပြန်လွှတ်ပေးလိုက်သည့် ထိုမြည်းများကို ရဟတ်ယာဉ်ဖြင့်ခြေရာခံကြပြီး ၎င်းတို့၏အဖော်အဖက်များသည် ရက်စက်ရာမရောက်သောနည်းဖြင့် ရွေးထုတ်သတ်ဖြတ်ခြင်းခံရကြသည်။ သစ္စာဖောက်မြည်းများသည် အခြားအုပ်စုနှင့် မိတ်ဖွဲ့ပေါင်းသင်းနေထိုင်သည့်အခါ ထိုအုပ်စုတည်ရှိသည့်နေရာကိုလည်းသိရှိရပြီး သုတ်သင်ခြင်းခံရသည်။
“ဒါဟာ ရေရှည်ပြဿနာတစ်ခုဖြစ်တယ်” ဟုသြစတြေးလျအနောက်ပိုင်း လယ်ယာစိုက်ပျိုးရေးကာကွယ်ရေးအရာရှိတစ်ဦးက နိုးလော့!ကို ပြောပြခဲ့သည်။ “ပေါက်ပွားနိုင်စွမ်းရှိတဲ့ မြည်းအုပ်ငယ်လေးတစ်ခုကျန်ရစ်ခဲ့မယ်ဆိုရင် မြည်းကောင်ရေဟာ အချိန်တိုလေးအတွင်းမှာပဲ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာရှိခဲ့တဲ့ ကောင်ရေကိုပြန်ရောက်သွားမယ်” ဟုသူသတိပေးခဲ့သည်။ “အဲ့ဒီတိရစ္ဆာန်တွေကို ဘာကြောင့်ရွေးထုတ်သတ်ဖြတ်ရတယ်၊ သေသွားတဲ့နေရာမှာပဲ ဘာကြောင့် ဒီအတိုင်းထားရစ်ခဲ့ရတယ်ဆိုတာကို အများအားဖြင့်တော့ လူတွေနားမလည်ကြဘူး။ အဲ့ဒီဒေသတွေဟာ လူသူအရောက်အပေါက် သိပ်နည်းတယ်ဆိုတာကိုတောင် လူတွေမသိကြဘူး။ အဲ့ဒီနေရာတွေမှာ လမ်းမရှိဘူး၊ ဒေသအများစုကို ရဟတ်ယာဉ်နဲ့ပဲသွားလို့ရတယ်။ လူတွေလုပ်လို့ ဒီပြဿနာပေါ်လာတာမို့ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး ရက်စက်ရာမရောက်တဲ့သုတ်သင်မှုဖြစ်ဖို့ ကြိုးစားရပါတယ်။”
ကြံ့ခိုင်သန်မာပြီး များစွာပေါက်ဖွား
ဩစတြေးလျနိုင်ငံအလယ်ပိုင်းတွင် အပိုဖြစ်နေသော ဝန်တင်တိရစ္ဆာန်အုပ်ကြီးများ ပြွတ်သိပ်နေသည်ကို ယခု သင်မြင်ယောင်ကြည့်နိုင်ပါသည်။ သို့သော် ဩစတြေးလျလွင်တီးပြင်သည် အလွန်ကျယ်ဝန်းသည်။ ဥရောပတိုက်အရွယ်ပမာဏရှိပြီး လကမ္ဘာနီးပါး ဝေးခေါင်သည့် မသီးမပွင့်သောဒေသတွင် ထိုတိရစ္ဆာန်များသည် လွတ်လပ်စွာ ကျင်လည်ကျက်စားလျက်ရှိကြသည်။ တိရစ္ဆာန်အုပ်ကို ခြေရာခံလိုက်ခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်ပြီး သူတို့ကိုထိန်းချုပ်ရန်မှာ လုံးဝမဖြစ်နိုင်ပါ။
မျိုးသုဉ်းတော့မည့်အန္တရာယ်နှင့် ကြုံတွေ့နေရသော ဇာတိမျိုးစိတ်များနှင့်မတူဘဲ ကြံ့ခိုင်သန်မာပြီး များစွာပေါက်ပွားနိုင်သော ထိုတိရစ္ဆာန်များသည် တောတောင်ရေမြေတွင် ထာဝစဉ်တည်ရှိသွားမည့်အရာများထဲမှ တစ်ခုဖြစ်သည်။ ပကတိသားရဲများရန်မှကင်းဝေးပြီး ရောဂါကင်းခြင်းကြောင့် ဩစတြေးလျလွင်တီးခေါင်ဒေသတွင် လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားနေကြသည်!
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဩစတြေးလျသဲကန္တာရတွင် ကုလားအုတ် ၂၀၀,၀၀၀ ခန့် လွတ်လပ်စွာကျင်လည်ကျက်စားနေကြ
[Credit Line]
Agriculture Western Australia
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စင်မစန်သဲကန္တာရနယ်စပ်တွင် ဘရန်ဘီမြင်းရိုင်းများ လွတ်လပ်စွာကျင်လည်ကျက်စားကြ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သိုးမွေးသယ်ဆောင်သည့် ကုလားအုတ်ဆွဲယာဉ်၊ ၁၉၂၉
[Credit Line]
Image Library, State Library of New South Wales
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဘရန်ဘီမြင်းရိုင်းများကို ဝိုင်းဖမ်းပုံ—လွင်တီးခေါင်ဒေသဓလေ့
[Credit Line]
© Esther Beaton
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သစ္စာဖောက်မြည်းတစ်ကောင်အား ရေဒီယိုအသံလွှင့်ကိရိယာတပ်ဆင်ပေး
[Credit Line]
Agriculture Western Australia