မူးယစ်ဆေးဝါးတလွဲသုံးမှု—အဖြေတစ်ခုရှိ!
“ဝိုင်ပုလင်းများထဲတွင် မှောင်ခိုသွင်းလာသော ကိုကင်းအမြောက်အမြား ရှာဖွေတွေ့ ရှိသည်။” ထိုဖော်ပြပါခေါင်းစီးတပ်ထားသည့် သတင်းစာဆောင်းပါးက တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် တောင်အမေရိကဝိုင်ပုလင်း ၁၁,၆၀၀ ပါရှိသည့် သင်္ဘောကွန်တိန်နာတစ်လုံးကို ရဲများသိမ်းဆည်းရမိပုံကို ရှင်းလင်းဖော်ပြခဲ့သည်။ ဝိုင်ထဲတွင် ရောထည့်ထားသည့် ကိုကင်းမှာ ၁၅၀ နှင့် ၁၈၀ ကီလိုဂရမ်ကြားရှိ၏။ ယင်းသည် နိုင်ငံအတွင်းဝင်ရောက်လာသည့် ကိုကင်းပမာဏအများဆုံးကို တစ်ချီတည်းဖမ်းမိခြင်းဖြစ်ကြောင်း ယခုအချိန်ထိ ယူမှတ်ထားကြ၏။
ထိုတွေ့ရှိချက်များသည် အားရစရာကောင်းသော်လည်း အမှန်မှာ ကမ္ဘာတစ်ဝန်း တရားမဝင် မူးယစ်ဆေးဝါး၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းခန့်ကိုသာ ရဲများဖမ်းဆီးမိခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။ ယင်းသည် အဆိပ်အတောက်ဖြစ်စေသော ပေါင်းပင်တစ်ပင်ကို အရွက်များညှပ်ပစ်လိုက်သော်လည်း အမြစ်များကိုမူ မြေကြီးထဲချန်ထားသည့် ဥယျာဉ်မှူးတစ်ဦးနှင့်တူပေသည်။
မူးယစ်ဆေးဝါးမှရရှိသည့် ဧရာမအမြတ်အစွန်းများသည် ၎င်းတို့၏ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကို တားဆီးထိန်းချုပ်မည့် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကို အဟန့်အတားဖြစ်စေခဲ့သည်။ ယူနိုက်တက်စတိတ်တစ်နိုင်ငံတည်းတွင် တရားမဝင်သည့် မူးယစ်ဆေးဝါးအရောင်းအဝယ်မှာ နှစ်စဉ် ဒေါ်လာဘီလီယံမြောက်မြားစွာရှိကြောင်း ခန့်မှန်းထားသည်။ ထိုမျှများပြားလှသည့်ငွေများကြောင့် ရဲများ၊ အစိုးရအရာရှိများနှင့် အဆင့်မြင့်ရာထူးရှိသူတချို့ပင် အဂတိလိုက်စားခြင်းကို အံ့ဩစရာမဟုတ်ပေ။
ပါလီမန်လွှတ်တော်မှ မေးမြန်းစုံစမ်းချက်အရ “ဘရာဇီးနိုင်ငံတွင် စနစ်တကျစီစဉ်ထားသော ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုများ၌ ပါဝင်ပတ်သက်နေကြသူ အယောက် ၈၀၀ ကျော်ထက်မကသည့် စာရင်းတစ်ခုတွင် . . . လွှတ်တော်အမတ်သုံးဦး၊ ပြည်နယ်ကိုယ်စားလှယ် ၁၂ ဦးနှင့် မြို့တော်ဝန်သုံးဦးတို့ကို အမည်နှင့်တကွဖော်ပြထား” ကြောင်း ဘရာဇီးနိုင်ငံထုတ် သည်ဂါးဒီးယန်းပတ်စဉ်သတင်းစာတွင် အဲလက်စ် ဘဲလ်လို့စ်က ရေးသားဖော်ပြထားသည်။ အဆိုပါစာရင်းတွင် “ပြည်နယ် ၂၇ ခုရှိသည့်အနက် ပြည်နယ် ၁၇ ခုမှ ရဲများ၊ ရှေ့နေများ၊ စီးပွားရေးသမားများနှင့် လယ်သမားများ” လည်းပါဝင်၏။ အဆိုပါတွေ့ရှိချက်များနှင့်ပတ်သက်၍ ဘရာစီးလီယာတက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခတစ်ဦးက “ဘရာဇီးလူ့အသိုင်းအဝိုင်း၏ ကဏ္ဍအားလုံးတွင် ယင်းသည် ကြီးလေးသောစွဲဆိုချက်တစ်ခုဖြစ်သည်” ဟုပြောဆိုလိုက်သည်။ နေရာတကာတွင် မူးယစ်ဆေးဝါးများဖြင့် ခြေကုပ်ယူထားသည့် အဖွဲ့အစည်းများစွာနှင့်ပတ်သက်၍လည်း အလားတူပြောဆိုနိုင်ကြပေမည်။ ရောင်းလိုအားနှင့် ဝယ်လိုအားဆိုင်ရာ ဈေးကွက်ဥပဒေများမှာ ပြဿနာကိုစေ့ဆော်သည့်အရာများသာ ဖြစ်ကြသည်။
တရားဝင်ပိတ်ပင်တားမြစ်ချက်များ၏ မဆိုစလောက်သောအောင်မြင်မှုကို သုံးသပ်ကြည့်ရာ၌ လူတချို့သည် အချို့သောမူးယစ်ဆေးဝါးများအား တရားဝင်သုံးစွဲရေးကို ထောက်ခံကြသည်။ ယေဘုယျယူဆချက်မှာ လူတို့သည် ကိုယ်ပိုင်အသုံးပြုဖို့အတွက် အနည်းငယ်ပိုင်ဆိုင်ခွင့်ပြုသင့်သည်ဟူ၏။ ယင်းက အစိုးရထိန်းချုပ်မှုကို ပိုလွယ်ကူစေမည်ဖြစ်ပြီး မူးယစ်ဆေးဝါးခြယ်လှယ်သူများ၏ ဧရာမအမြတ်အစွန်းများကို လျော့နည်းစေမည်ဟု ယူဆရသည်။
အောင်မြင်မှုအချို့
အဆိပ်ဖြေခြင်းသည် ဆေးစွဲသူများအား ဦးဆုံးဆေးဖြတ်ပေးပြီးနောက် သူတို့၏ကာယကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေပေမည်။ ဝမ်းနည်းစရာကား ဆေးစွဲသူတစ်ဦးသည် နေသားကျပြီးသောဝန်းကျင်သို့ ပြန်သွားပြီးနောက် မူးယစ်ဆေးဝါးဘက်သို့ ပြန်သွေးဆောင်ခံရနိုင်သည်။ ယင်းသို့ဖြစ်ရသည့် အကြောင်းရင်းကို စာရေးဆရာ လူဂျီ ဇိုဂျာက ဤသို့ဆိုသည်– “လူနာအား လုံးလုံးလျားလျားသစ်လွင်သည့် ရှုထောင့်တစ်ခုသို့ ဦးတည်မပေးဘဲ အမူအကျင့်တစ်ခုကို ဖျောက်ဖျက်ပေးရုံမျှနှင့်တော့ မဖြစ်နိုင်ချေ။”
ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သည့် ဒါရန်သည် သူ၏ဘဝကိုပြောင်းလဲပေးခဲ့သည့် “သစ်လွင်သောရှုထောင့်” တစ်ခု တွေ့ရှိခဲ့၏။ သူက ဤသို့ရှင်းပြသည်– “ကျွန်တော်ဟာ ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်တယ်၊ မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဆေးစွဲနေပေမဲ့ အချိန်တန်တော့ ဘုရားသခင်တစ်ပါးရှိရမယ်ဆိုတာကို ကျွန်တော်သဘောပေါက်လာတယ်။ ဆေးဖြတ်ဖို့ နှစ်လသုံးလလောက်ကြိုးစားခဲ့ပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေက အဲဒါတွေကို ဖြတ်ခွင့်မပြုကြဘူး။ ကျွန်တော် ဆေးသုံးစွဲနေဆဲဖြစ်ပေမဲ့ အိပ်ရာမဝင်ခင် ကျမ်းစာပုံမှန်စဖတ်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အရင်လောက် မပေါင်းတော့ဘူး။ တစ်ညနေမှာ ကျွန်တော်နဲ့ ကျွန်တော့်အခန်းဖော်တို့ဟာ ဆေးအရမ်းမူးနေကြတယ်။ ကျွန်တော် သူ့ကို ကျမ်းစာအကြောင်း ပြောမိတယ်။ နောက်နေ့မနက်ရောက်တော့ ယေဟောဝါသက်သေဖြစ်တဲ့ သူ့အစ်ကိုဆီ ဖုန်းဆက်လိုက်တယ်။ သူ့အစ်ကိုက ကျွန်တော်တို့နဲ့ တစ်မြို့တည်းမှာနေတဲ့ သက်သေခံတစ်ယောက်ကို ညွှန်လိုက်တာနဲ့ ကျွန်တော်သွားတွေ့ခဲ့တယ်။
“ကျွန်တော်တို့ ည ၁၁ နာရီအထိ စကားပြောခဲ့ကြတယ်၊ အဲဒီနောက် ကျမ်းစာလေ့လာဖို့အထောက်အကူပြုတဲ့ စာပေတစ်ဒါဇင်လောက်နဲ့ ကျွန်တော်ပြန်လာခဲ့တယ်။ သူနဲ့ကျမ်းစာစလေ့လာခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ဆေးလိပ်ကိုဖြတ်ပစ်လိုက်တယ်။ ကိုးလလောက်ကြာတဲ့အခါ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်တော်နှစ်ခြင်းခံခဲ့ပါတယ်။”
မူးယစ်ဆေးဖြတ်ခြင်းသည် မလွယ်ကူချေ။ ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သည့် မိုက်ကယ်သည် ၁၁ နှစ်ကြာ မူးယစ်ဆေးဝါးသုံးစွဲပြီးနောက် ရပ်တန့်လိုက်သောအခါ ခံစားခဲ့ရသည့် အခက်အခဲများကို ဤသို့ရှင်းပြ၏– “အစာစားဖို့ အတော်လေးကို ခက်ခဲတယ်၊ ဒါကြောင့် ကိုယ်အလေးချိန်လည်း ကျသွားခဲ့တယ်။ ဒါ့အပြင် ခြေတွေလက်တွေကျဉ်လာတယ်၊ ချွေးထွက်လာတယ်၊ ပြီးတော့ လူလိုလိုအသွင်တွေ တွေ့မြင်ရတယ်။ မူးယစ်ဆေးဝါးပြန်သုံးစွဲချင်တဲ့ဆန္ဒက အရမ်းပြင်းထန်လာတယ်၊ ဒါပေမဲ့ ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်ပြီး ကျမ်းစာလေ့လာတဲ့အတွက် ရှောင်နိုင်ခဲ့တယ်။” ယခင်မူးယစ်ဆေးတလွဲသုံးခဲ့ဖူးသော ထိုသူတို့သည် အပေါင်းအသင်းဟောင်းများကို လုံးဝအဆက်မဖြတ်လျှင် မဖြစ်ကြောင်း သဘောတူကြသည်။
လူ့ကြိုးပမ်းမှုများ မအောင်မြင်ရသည့်အကြောင်း
တရားမဝင်ဆေးဝါးတလွဲသုံးမှုသည် သာ၍ကြီးမားသော ကမ္ဘာချီပြဿနာ၏ အသွင်အပြင်တစ်ရပ်မျှသာဖြစ်၏။ ကမ္ဘာတစ်ဝန်းလုံးတွင် ဆိုးသွမ်းမှု၊ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်လျက်ရှိသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လော[က]သားအပေါင်းတို့သည် [စာတန်] ၏လက်၌ရှိကြသည်။” (၁ ယောဟန် ၅:၁၉) ထို “စာတန်” ကိုတမန်တော်ယောဟန်က ဗျာဒိတ် ၁၂:၉ တွင် ဤသို့ခွဲခြားဖော်ပြထားသည်– “စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ချလိုက်ကြ၏။”
လူသားတို့သည် မိမိတို့၏အားနည်းချက်များအပြင် ဤတန်ခိုးကြီးသောရန်သူနှင့် တိုက်လှန်နေခဲ့ရပြီ။ အစကတည်းက လူသားတို့ကို ပျက်စီးဆုံးရှုံးစေခဲ့သူမှာ စာတန်ပင်ဖြစ်၏။ သူသည် လူသားထုအပေါ် ထပ်၍ပျက်စီးယိုယွင်းစေရန်နှင့် ဘုရားသခင်ထံမှ လှည့်ထွက်သွားစေရန် ဆုံးဖြတ်ချက်ချထားသည်။ လူသားတို့၏ မူးယစ်ဆေးဝါးတလွဲသုံးမှုသည် သူ၏မဟာဗျူဟာအဝင်ဖြစ်ဟန်တူသည်။ “မိမိကာလ တစ်ခဏသာရှိသည်ကို သိ” သောကြောင့် သူသည် ဒေါသတကြီး ပြုမူနေ၏။—ဗျာ. ၁၂:၁၂။
ဘုရားသခင့်ဖြေရှင်းချက်ကား အဘယ်နည်း
လူသားတို့ကို အပြစ်ရှိသည့်အခြေအနေမှ ကယ်လွှတ်ပေးရန် ဖန်ဆင်းရှင်၏ မေတ္တာပါသောပြင်ဆင်ပေးချက်ကို သမ္မာကျမ်းစာက ဖော်ပြပေးသည်။ ကောရိန္သုပထမစောင် ၁၅:၂၂ တွင် ကျွန်ုပ်တို့ကို ဤသို့ဆိုထား၏– “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။” ယေရှုသည် စုံလင်သည့်လူသားတစ်ဦးအဖြစ် စိတ်လိုကိုယ်လျောက် မြေကြီးပေါ်ဆင်းလာပြီး အပြစ်နှင့်သေခြင်းမှ လူသားတို့ကို ကယ်လွှတ်ပေးရန် မိမိ၏မြေကြီးအသက်တာကို ပူဇော်ခဲ့သည်။
သေရသည့်အကြောင်းရင်းအပြင် လူသားတို့၏ ပြဿနာများအတွက် ဖြေရှင်းချက်ကိုပါ သိရှိခြင်းက လူများစွာအား ဆေးစွဲခြင်းကိုဖြတ်ဖို့ လှုံ့ဆော်မှုနှင့် ရဲရင့်မှုဖြစ်စေခဲ့ပြီ။ သို့တိုင် သမ္မာကျမ်းစာသည် ယခုအခါ မူးယစ်ဆေးပြဿနာကို တစ်ဦးချင်းစီအား ဖြေရှင်းပေးရုံထက်မက ကူညီပေးနေပါသည်။ စာတန့်သြဇာလွှမ်းမိုးမှု ဆုံးခန်းတိုင်ပြီး မူးယစ်ဆေးဝါးတလွဲသုံးမှုအပါအဝင် ကမ္ဘာ့ပြဿနာအားလုံး ထာဝစဉ်အဆုံးတိုင်မည့်အချိန်ကို ဖော်ပြသည်။
ဗျာဒိတ်ကျမ်းက “ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲကထွက်သော၊ အသက်ရေစီးရာမြစ်” တစ်စင်းကို ဖော်ပြထားသည်။ (ဗျာ. ၂၂:၁) ဤပုံဆောင်မြစ်သည် ယေရှုခရစ်အားဖြင့် လူသားတို့ကို ပရဒိသုမြေကြီးပေါ်တွင် စုံလင်သည့်အသက်တာသို့ ပြန်ရောက်စေမည့် ဘုရားသခင့်ပြင်ဆင်ပေးချက်ကို ဖော်ပြသည်။ ဗျာဒိတ်ကျမ်းသည် မြစ်တစ်လျှောက် ရှင်သန်ကြီးပွားနေသည့် အသက်ပင်အကြောင်းကို ဤသို့ဖော်ပြထားသည်– “အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။” (ဗျာ. ၂၂:၂) ထိုပုံဆောင်အရွက်များသည် လူသားတို့ကို ဝိညာဉ်ရေးနှင့်ကာယရေး စုံလင်မှုသို့ပြန်ရောက်စေရန် ယေဟောဝါကုသပျောက်ကင်းစေမည့် အစီအစဉ်များကို ဖော်ပြပေးသည်။
နောက်ဆုံးတွင် လူသားတို့သည် မူးယစ်ဆေးဝါးတလွဲသုံးမှုမှသာမက ယိုယွင်းသည့်ဤစနစ်ရှိ ဆင်းရဲမှုဖြစ်စေသည့် ပြဿနာအခက်အခဲမှန်သမျှမှပါ လွတ်မြောက်ကြပေတော့မည်!
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဆေးခြောက်သည် မည်မျှဘေးကင်းသနည်း
နိုင်ငံအတော်များများသည် ဆေးခြောက်ကို အဓိကအားဖြင့် ဆေးဝါးအဖြစ် တရားဝင်အသုံးပြုရေးအတွက် စဉ်းစားသုံးသပ်နေကြသည်။ အဆိုပါဆေးသည် ဓာတုကုထုံးကြောင့်ဖြစ်သည့် မူးဝေအော့အန်ခြင်းကို သက်သာစေကြောင်း တွေ့ ရှိခဲ့ကြပြီး အေ့ဒ်စ်ဝေဒနာသည်များကိုလည်း ခံတွင်းပျက်ခြင်းမရှိစေရန် ကူညီပေးသည်။ ယင်းကို အကိုက်အခဲပျောက်ဆေးအဖြစ်လည်း အသုံးပြုခဲ့ပြီ။
နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းတွင် တင်ပြထားသည့် သုတေသနတွေ့ ရှိချက်များ၊ စမ်းသပ်မှုများ၏ အကျိုးရလဒ်များနှင့်ပတ်သက်၍ သဘောကွဲလွဲမှုရှိနေသော်လည်း ဆေးခြောက်၏ ဘေးသင့်စေသော အကျိုးဆက်တချို့ကိုမူ ခိုင်မာစေခဲ့ကြပြီဖြစ်သည်။
ဟားဗာ့ဒ်တက္ကသိုလ်သည် နေ့စဉ်ဆေးခြောက်ရှူသည့်အုပ်စုနှင့် ရံဖန်ရံခါသာရှူသည့်အုပ်စုတို့ကို ယှဉ်ပြီးစမ်းသပ်ခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုစံချိန်တွင် ကွာခြားချက်မရှိသည်ကို သူတို့တွေ့ ရှိခဲ့ကြ၏။ သို့ရာတွင် အလိုက်သင့်ပြုပြင်နိုင်စွမ်းနှင့်ပတ်သက်သည့် စမ်းသပ်မှုတစ်ခုတွင် ဆေးခြောက်အလွန်အမင်းသုံးစွဲသူများမှာ အမှတ်ပို၍နည်းကြသည်။
နောက်တက္ကသိုလ်တစ်ခုသည် ပုံမှန်ဆေးခြောက်ရှူသူအုပ်စုနှင့် ၁၅ နှစ်ကျော်ကြာ စီးကရက်သောက်သူအုပ်စုတို့ကို စမ်းသပ်မှုပြုခဲ့သည်။ စီးကရက်သောက်သူများသည် တစ်နေ့လျှင် စီးကရက် အလိပ် ၂၀ သို့မဟုတ် ထိုထက်မက သောက်သုံးကြသော်လည်း ဆေးခြောက်ရှူသူများမှာမူ အများအားဖြင့် တစ်နေ့လျှင် ဆေးခြောက်ပါသည့်စီးကရက် သုံးလိပ်လေးလိပ်သာ သောက်သုံးခဲ့ကြသည်။ အုပ်စုနှစ်စုစလုံးသည် ချောင်းဆိုးခြင်းနှင့် လည်ချောင်းရောင်နာဝေဒနာတို့ကို ခံစားခဲ့ကြသည်။ အဆုတ်ကို စစ်ဆေးစမ်းသပ်မှု၌ အုပ်စုနှစ်စုစလုံးတွင် ဆဲလ်ပျက်စီးမှုမှာ အတူတူပင်ဖြစ်ကြောင်း ဖော်ပြခဲ့ကြ၏။
ဆေးခြောက်ရှူသူများမှာ အကြိမ်အနည်းငယ်သာ ရှူကြသော်လည်း ဆေးခြောက်ပါသည့် ဆေးလိပ်တစ်လိပ်သည် [ရိုးရိုး] စီးကရက်တစ်လိပ်ထက် ဆေးချေးသုံးဆမျှပိုထွက်ကြောင်း တွေ့ ရှိရသည်။ ထို့ပြင် “ဆေးခြောက်ရှူသူများသည် ပို၍ပြင်းပြင်းရှူသွင်းကြပြီး အသက်ပို၍ကြာကြာအောင့်ထားကြသည်” ဟုနယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက ဖော်ပြခဲ့၏။
ထို့ပြင် ဆေးခြောက်ရှူသူများ၏ အဆုတ်မှ ရောဂါပြီးဆဲလ်များသည် စီးကရက်သောက်သူများ၏ဆဲလ်များထက် ဘက်တီးရီးယားခုခံတိုက်ခိုက်နိုင်စွမ်းအား ၃၅ ရာခိုင်နှုန်းနည်းကြောင်း တွေ့ရှိရသည်။
[Credit Line]
U.S. Navy photo
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
မိဘများ၏ “စိတ်ဆင်းရဲဖွယ်ကောင်းသော စွပ်စွဲချက်တစ်ရပ်”
တောင်အာဖရိကနိုင်ငံသတင်းစာ ဆဲက်သဒေး စတားပါ အယ်ဒီတာ့အာဘော်တွင် တောင်အာဖရိကနိုင်ငံလူငယ်များအကြား မူးယစ်ဆေးဝါးတလွဲသုံးခြင်း ထိတ်လန့် ဖွယ်တိုးများလာမှုကို စိုးရိမ်ကြောင်းဖော်ပြပြီး ဤသို့ မှတ်ချက်ချခဲ့သည်–
“ကျွန်ုပ်တို့၏သားသမီးများ မူးယစ်ဆေးသုံးခြင်းသည် ယေဘုယျအားဖြင့် မိဘများနှင့် လူ့ဘောင်အဖွဲ့အစည်းအတွက် စိတ်ဆင်းရဲဖွယ်ကောင်းသော စွပ်စွဲချက်တစ်ရပ် ဖြစ်လေ့ရှိ၏။ ကျွန်ုပ်တို့သည် အပတ်စဉ်အပတ်တိုင်း ပင်ပင်ပန်းပန်း ငွေရှာဖွေကြသည်၊ ရုပ်ပစ္စည်းချမ်းသာကြွယ်ဝရေးအတွက် ဘုရားကျောင်းတွင် ဝတ်ပြုကြသည်။ ကျွန်ုပ်တို့၏သားသမီးများကမူ ကျွန်ုပ်တို့၏စိတ်၊ ကျွန်ုပ်တို့၏ခွန်အားကို ကုန်ခန်းစေကြ၏။ အကျိုးပြုသည့်အချိန်ကော။ ကျွန်ုပ်တို့ အနှောင့်အယှက်မဖြစ်ဖို့ သူတို့ကို လွယ်လွယ်နှင့် ငွေပေးလိုက်ကြသည်။ ယင်းသည် သူတို့၏ကြောက်ရွံ့ မှုများ၊ မျှော်လင့်ချက်များ၊ စိတ်ပူပန်မှုများကို နားထောင်ပေးခြင်းထက် ပို၍လွယ်ကူ၏။ ယနေ့ည၊ စားသောက်ဆိုင်စားပွဲမှာ ကျွန်ုပ်တို့ထိုင်ကြသည့်အခါ၊ တီဗွီရှေ့အနားယူသည့်အခါ သူတို့လေးတွေ ဘာတွေလုပ်နေကြသည်ကိုပင် ကျွန်ုပ်တို့သိကြပါမည်လော။”
သို့မဟုတ်၊ သူတို့ဘာတွေစဉ်းစားနေတာကိုရော သိပါ၏လောဟု ကျွန်ုပ်တို့ထပ်ဆင့်လိုပါသည်။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လူများစွာတို့သည် မူးယစ်ဆေးဝါး ဖြတ်လိုက်ရန် လှုံ့ဆော်ခံခဲ့ရကြ