ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဆေးလိပ်ငွေ့ရှူခြင်း အန္တရာယ်များ
ဂျပန်နိုင်ငံတွင် မကြာသေးမီက လေ့လာမှုအစီရင်ခံစာနှင့်ပတ်သက်၍ ကနေဒါနိုင်ငံ၏ ကလုပ်ဘဲအဲန်မေးလ် သတင်းစာက “စီးကရက်ငွေ့ကို မိနစ် ၃၀ လောက်သာ ရှူခြင်းဖြင့် ကျန်းမာသောဆေးလိပ်မသောက်သူ၏ နှလုံးကို ထိခိုက်စေနိုင်သည်” ဟုဆို၏။ အသံလှိုင်းလွန်နည်းပညာသစ်ကို အသုံးပြု၍ အိုဆာကာမြို့တက္ကသိုလ်မှ သုတေသီများသည် ဆေးလိပ်ငွေ့ရှူခြင်းဖြင့် နှလုံးပေါက်များနှင့် သွေးပြွန်ငယ်များ ဆက်ထားသော အတွင်းမြှေးဆဲလ်များကို တိုက်ရိုက်သက်ရောက်သည့် ဆိုးကျိုးများကို တိုင်းတာနိုင်ခဲ့ကြသည်။ ကျန်းမာချိန်၌ အဆိုပါဆဲလ်များသည် သွေးပြွန်နံရံများတွင် ချေးကပ်ခြင်းနှင့် သွေးခဲခြင်းတို့ကို ကာကွယ်ပေးခြင်းဖြင့် သွေးကို ကောင်းစွာလည်ပတ်စေသည်။ ဆေးလိပ်မသောက်သူများ၏နှလုံးတွင် စီးဆင်းနေသော သွေးသည် “ဆေးလိပ်သောက်သူများ၏နှလုံးထက် ၂၀ ရာခိုင်နှုန်းခန့် ပိုကောင်းသော်လည်း မိနစ် ၃၀ မျှသာ ဆေးလိပ်ငွေ့ရှူပြီးနောက်တွင်” သူတို့၏သွေးစီးဆင်းမှုသည် ဆေးလိပ်သောက်သူများကဲ့သို့ ဖြစ်သွားသည်ဟု သုတေသီများက တွေ့ရှိခဲ့ကြ၏။ သုတေသီဒေါက်တာရာယို အိုတ်ဆာကာ၏အဆိုအရ “ယင်းသည် ဆေးလိပ်မသောက်သူများ၏ နှလုံးသွေးလည်ပတ်မှုအပေါ် ဆေးလိပ်ငွေ့ရှူခြင်း၏ တိုက်ရိုက်သက်ရောက်သည့် ဆိုးကျိုးကို ဖော်ပြသည်ဟုဆို၏။”
အလင်းရောင်အသစ်–ညစ်ညမ်းသောမြေပုံ
“နဂါးငွေ့တန်း ပျောက်ကွယ်သွားရခြင်းမှာ အာကာသပြောင်းလဲမှုကြောင့်မဟုတ်ဘဲ ကျွန်ုပ်တို့၏ ကျယ်ပြန့်သောမြို့များ၏ တောက်ပသောအလင်းရောင်တန်းများသည် ဥရောပတိုက်သားနှင့် အမေရိကန်သားအများစု၏ မြင်ကွင်းမှ နဂါးငွေ့တန်းကြယ်များကို ကွယ်ထားသောကြောင့် ဖြစ်သည်။ အဆိုပါလူလုပ်အလင်းရောင်ထုသည် နက္ခတ္တဗေဒပညာရှင်များ၏ လေ့လာမှုများကို ဟန့်တားနိုင်ရာ စိတ်ကသိကအောက်ဖြစ်ခဲ့ရသည်” ဟုသိပ္ပံဂျာနယ်မှ သတင်းတစ်ပုဒ်က ဆိုသည်။ စိတ်အနှောင့်အယှက်ဖြစ်နေသော ကြယ်စူးစမ်းသူများကို ကူညီပေးရန် အီတလီနှင့် ယူနိုက်တက်စတိတ်မှ သိပ္ပံပညာရှင်များသည် ကမ္ဘာတစ်ဝန်းရှိ အလင်းရောင်ညစ်ညမ်းမှုကို ရေးဆွဲထားသည့် မြေပုံအသစ်ကို ပြုစုပေးခဲ့ကြသည်။ “ညအချိန် တိုက်ကြီးများပေါ်ရှိ ပြန့်ကြဲနေသောအဖြူရောင်အလင်းများ” ရှိသည့်နေရာကိုသာ ဖော်ပြထားသည့် မြေပုံဟောင်းများနှင့်မတူဘဲ အင်တာနက်မှ ရရှိနိုင်သော မြေပုံအသစ်တွင် “တိုက်ကြီးမြေပုံများနှင့် နောက်ထပ်အသေးစိတ်အချက်အလက်အနည်းငယ် ပါရှိသည်၊ ဥပမာ၊ ဥရောပဒေသအသီးသီးမှ မြင်ရသောကြယ်ကိုဖော်ပြထား၏” ဟုသိပ္ပံဂျာနယ်ကဆိုသည်။
သမုဒ္ဒရာကြမ်းခင်းကို မြေပုံဆွဲခြင်း
နိုဗာစကိုးရှားပြည်နယ်ရှိ ဘက်ဒ်ဖော့ဒ်အဏ္ဏဝါဗေဒဌာနမှ သိပ္ပံပညာရှင်များသည် သမုဒ္ဒရာကြမ်းခင်းပုံဆွဲရန် လက်ရှိအတတ်ပညာနှင့်အညီ ဦးစီးလုပ်ဆောင်လျက်ရှိသည်ဟု ကနေဒါနိုင်ငံမှ ဖိုင်နန်ရှယ်ပို့စ် သတင်းစာကဖော်ပြသည်။ အသံလှိုင်းမျိုးစုံကို အသုံးပြုသည့် အတတ်ပညာဖြင့် သိပ္ပံပညာရှင်များသည် သုံးဖက်မြင်ပင်လယ်အောက်ခြေပုံကို ဆွဲနိုင်ခဲ့သည်။ နောက်ဆုံးအဆင့်တွင် “အဝေးထိန်းဗီဒီယိုကင်မရာများကို သမုဒ္ဒရာကြမ်းခင်းသို့ချပြီး ကြမ်းခင်းပုံနမူနာများကို ယူခဲ့သည်။” မှတ်တမ်းအရ၊ ပင်လယ်အောက်ခြေပုံဆွဲခြင်းသည် အလွန်အကျိုးရှိ၏။” အောက်ခြေတွင် နေထိုင်ကြသော မျိုးစိတ်အမျိုးမျိုးကို “သမုဒ္ဒရာကြမ်းခင်း၏ တခြားအပိုင်းများကို မထိခိုက်မပျက်စီးစေဘဲ ဖမ်းယူကိုင်တွယ်” နိုင်ကြသည်။ “ကြေးနန်းဆက်သွယ်ရေးကုမ္ပဏီများကလည်း ရေအောက်ကြိုးများချရန် စိတ်အချရဆုံးနှင့် အထိရောက်ဆုံးနေရာကို သတ်မှတ်ပေးနိုင်ကြသည်။ ရေနံကုမ္ပဏီများသည် အန္တရာယ်ကင်းပြီး ရေနံများစွာထွက်ရှိမည့်ဧရိယာများတွင် ကိရိယာများကို နေရာတကျထားရှိနိုင်၏။” ဤသို့သောပုံဆွဲခြင်းသည် ပင်လယ်အောက်ခြေတွင် ပေါများစွာတွေ့ရှိရသည့် သဲနှင့် ကျောက်စရစ်ခဲတို့ကိုလည်း ထုတ်ယူနိုင်ပေမည်။ ယင်းသည် ကျောက်တူးရာ တောင်ကုန်းများထက် “အချို့ကိစ္စများတွင် ပို၍အကုန်အကျသက်သာပြီး ဘေးကင်းနိုင်ပေမည်” ဟု ပို့စ်သတင်းစာက ဆို၏။
စိတ်ရောဂါအကြောင်း နားလည်လာခြင်း
“ကမ္ဘာပေါ်ရှိ လူလေးဦးလျှင် တစ်ဦးသည် သူတို့ဘဝ တစ်ချိန်ချိန်တွင် စိတ်ရောဂါ သို့မဟုတ် အကြောရောဂါ ဖြစ်လာလိမ့်မည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ်အို) ကဖော်ပြသည်။ စိတ်ရောဂါအများစုကို ကုသပေးနိုင်သော်လည်း ရောဂါရှင် သုံးပုံနှစ်ပုံသည် တစ်ခါမျှ ဆေးကုသမှုမခံယူကြချေ။ “စိတ်ရောဂါသည် ကိုယ်ကိုယ်နှိုက်၏ချို့တဲ့ပျက်ကွက်မှုကြောင့် ဖြစ်လာခြင်းမဟုတ်ချေ။ အမှန်တွင် အကယ်၍ ချို့တဲ့ပျက်ကွက်မှုရှိလျှင် စိတ်ရောဂါရှင်များ သို့မဟုတ် ဦးနှောက်ရောဂါရှင်များအား ကျွန်ုပ်တို့၏တုံ့ပြန်ပုံတွင် ချို့တဲ့ပျက်ကွက်နေခြင်းဖြစ်သည်” ဟူ၍ ဒဗလျူအိပ်ချ်အိုမှ ညွှန်ကြားရေးမှူး ဒေါက်တာဂရို ဟယ်လင် ဘရမ်တ်လာန်က ဆို၏။ သူက ဤသို့ထပ်ဆင့်ဆိုသည်– “ဤမှတ်တမ်းသည် တရားသေကိုင်စွဲထားသော သံသယများနှင့် အယူဝါဒကို ပယ်ဖျယ်ပြီး စိတ်ကျန်းမာရေးနယ်ပယ်တွင် ပြည်သူ့ကျန်းမာရေးခေတ်သစ်ကို အစပျိုးပေးမည်ဖြစ်သည်ဟု ကျွန်ုပ်ယူမှတ်ပါသည်။” လက်ရှိကျန်းမာရေးမှတ်တမ်းများအရ၊ “စိတ်ကျရောဂါများသည် . . . ၂၀၂၀ ပြည့်နှစ်တိုင်သော် သွေးအရောက်နည်းနှလုံးရောဂါပြီးလျှင် ဒုတိယနေရာတွင်ရှိလိမ့်မည်ဟု ယူမှတ်ရကာ တခြားရောဂါရှိသမျှ၏ ထိပ်ဆုံးတွင်ရှိနေသည်” ဟူ၍ ဒဗလျူအိပ်ချ်အိုကဆို၏။ သို့သော် မှန်ကန်သောကုသနည်းဖြင့် ကုသခံရသော ရောဂါရှင်များသည် “အကျိုးရှိသောအသက်တာဖြင့် နေထိုင်နိုင်ပြီး သူတို့၏အသိုင်းအဝိုင်းတွင် အရေးပါသောကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်။”
“အမွှေးတိုင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်”
“အမွှေးတိုင်၏မွှေးရနံ့သည် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်” ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက ဖော်ပြသည်။ “ကမ္မဋ္ဌာန်းထိုင်ဖို့၊ ဆေးဖက်ဝင်ဖို့ . . . ၊ ဟိန္ဒူနှင့် ခရစ်ယာန်တို့၏နေအိမ်များနှင့် ဝတ်ပြုရာနေရာများတွင် အမွှေးတိုင်ထွန်းခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများပါရှိသော အခိုးအငွေ့သည် လူတို့ကို အန္တရာယ်ရှိစေ၏။” ထိုင်ဝမ် ထိုင်နန်မြို့ရှိ နေရှယ်နယ်ဂျန်ဂိုင်းတက္ကသိုလ်မှ ဒါဂျင်းလင်းဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က “ထိုင်နန်မြို့ရှိ ဘုရားကျောင်း အတွင်းအပြင်မှ လေများကို စုဆောင်း၍ လမ်းဆုံလမ်းခွနေရာရှိ လေများနှင့် နှိုင်းယှဉ်ခဲ့သည်” ဟုမှတ်တမ်းက ဆို၏။ “ဘုရားကျောင်းတွင်းရှိ ကွင်းဆက်အေရိုမက်တစ်ဟိုက်ဒရိုကာဗွန် (PAHs) စုစုပေါင်းသည် ဘုရားကျောင်းပြင်ပထက် ၁၉ ဆပိုများပြီး လမ်းဆုံလမ်းခွထက် မဆိုစလောက်ပိုများသည်။” နယူးဆိုင်းယင်းတစ် ၏အဆိုအရ၊ အဆိုပါဒြပ်ပေါင်းများမှ တစ်ခုဖြစ်သည့် “ဆေးလိပ်သောက်သူများကို အဆုတ်ကင်ဆာဖြစ်စေသည့်ဟုထင်မှတ်ရသော ဗင်ဇိုပိုင်ရင်းသည် ဆေးရွက်ကြီးသုံးစွဲသူများ နေထိုင်သည့် အိမ်များတွင်ထက် ၄၅ ဆပိုများသည်” ကိုတွေ့ရှိခဲ့ရသည်။
မျက်မှောက်ခေတ် စကျင်ကျောက် ပြန်လည်တောက်ပြောင်စေခြင်း
“ရက်အနည်းငယ်အတွင်း ဗက်တီးရီးယားပိုးမှ စကျင်ကျောက်ဖြစ်ပေါ်စေသည့် နည်းသစ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပြီ” ဟုလန်ဒန်တိုင်းမ်စ်က ဖော်ပြသည်။ မြေဆီလွှာတွင် သဘာဝအလျောက် တွေ့ရှိရသည့် အလွန်သေးငယ်သော ကယ်လ်ဆီနိုဂျဲနီခ်ဗက်တီးရီးယားပိုးများကို ဓာတ်ခွဲခန်းတွင် ထားရှိပြီး ပက်တင်ပါရှိသည့် ပွားစာအရည်တွင် ကြီးထွားစေသည်။ ဗက်တီးရီးယားပိုး၏ တွင်းထွက်သတ္တုအစာ ကုန်သောအခါ သေဆုံးသွားပြီး ဖျော်ရည်တွင် သန့်စင်သောကယ်လ်ဆီယံကာဗွန်နိတ်—စကျင်ကျောက်—ဖြစ်ပေါ်လာ၏။ သက်တမ်း သို့မဟုတ် သဘာဝဒဏ်ကြောင့် ပျက်စီးစပြုလာသည့် ပန်းပုရုပ်များနှင့် တခြားစကျင်ကျောက်များအပေါ် ယင်းဖျော်ရည်ကို ဖျန်းလိုက်သောအခါ မျက်နှာပြင်အတွင်းထဲ အလွှာပါးဝင်သွားကာ ကျောက်သားကို ပြန်ပူးကပ်သွားစေ၏။ ယခု အရည်အသွေးကောင်းမွန်သော စကျင်ကျောက် ရှားပါးလျက်ရှိရာ နည်းသစ်ဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဈေးပေါပေါနှင့် ထိုဖျော်ရည်ကို မြန်မြန်ဆန်ဆန်၊ အရေအတွက်များများ ထုတ်လုပ်ပေးသည်ဟု အင်္ဂလန်နိုင်ငံ၊ မာရ်ဇီဆိုက်မြို့ရှိ အမျိုးသားပြတိုက်နှင့် ပြခန်းများမှ ပန်းပုရုပ် ထိန်းသိမ်းရေး တာဝန်ခံ ဂျွန် လာဆန်ကဆို၏။
ဘုရားသခင့်နာမတော်ဖြင့် ခိုးယူခြင်း
“အနှစ် ၂၀ ကျော်အထိ အစုရှယ်ယာလက်မှတ်ထိန်းအရာရှိအဖြစ် ကျွန်မလုပ်ဆောင်ခဲ့ပါတယ်၊ တခြားနည်းတွေထက် ဘုရားသခင့်နာမတော်နဲ့ ငွေခိုးယူတာ ပိုများတာကို ကျွန်မတွေ့ရတယ်။ သင် ရင်းနှီးမြှုပ်နှံတဲ့အခါ သင့်ရဲ့ဘာသာရေး ဒါမှမဟုတ် ယုံကြည်ခြင်းကို ဗန်းပြပြီး တစ်ဦးတစ်ယောက်က အသနားခံတတ်တာမို့ သင်,သတိထားသင့်တယ်” ဟုမြောက်အမေရိကအစုရှယ်ယာစီမံခန့်ခွဲသူများ အသင်းဥက္ကဋ္ဌ ဒယ်ဘရာ ဘောတ်နာက ဆိုသည်။ ခရစ်ယာန်ရာစုနှစ် မဂ္ဂဇင်း၏အဆိုအရ “လွန်ခဲ့သောသုံးနှစ်က ပြည်နယ် ၂၇ နယ်မှ အစုရှယ်ယာလက်မှတ်ထိန်းအရာရှိများသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကိုရရှိရန် ဝိညာဉ်ရေး သို့မဟုတ် ဝတ်ပြုရေးယုံကြည်ချက်များကို အသုံးပြုခဲ့ကြသူများနှင့် ကုမ္ပဏီများ ရာနှင့်ချီကို အရေးယူဆောင်ရွက်ခဲ့ရသည်။ . . . [ငါးနှစ်ကျော်] ကြာရှည်ခဲ့သည့် နာမည်ကြီးအမှုတစ်ခုတွင်” ပရိုတက်စတင့်ဖောင်ဒေးရှင်းတစ်ခုသည် “နိုင်ငံတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူ ၁၃,၀၀၀ ကျော်မှ ဒေါ်လာသန်းပေါင်း ၅၉၀ ကျော်မက ကောက်ခံခဲ့သည်။ ပြည်နယ်အစုရှယ်ယာလက်မှတ်ထိန်းများနှင့် ၎င်း၏အရာရှိသုံးဦးသည် လိမ်လည်တောင်းဆိုသည့်စွဲချက်အတိုင်း အပြစ်ရှိကြောင်းဝန်ခံခဲ့သည်” ဟူ၏။ တခြားအမှုသုံးခုတွင် စုစုပေါင်းဒေါ်လာ ၁.၅ ဘီလီယံ ဆုံးရှုံးခဲ့သည်” ဟုခရစ်ယာန်ရာစုနှစ်က အစီရင်ခံသည်။
ကမ္ဘာချီပူနွေးမှု ဘေးအန္တရာယ်များဖြစ်စေ
“၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ သိသိသာသာတိုးများလာမှုကို အစီရင်ခံပြီးနောက် အပြည်ပြည်ဆိုင်ရာထောက်ပံ့မှုသည် ကမ္ဘာချီပူနွေးမှုဒဏ်ကို အလုံအလောက်ကူညီပေးနိုင်မည်မဟုတ်ကြောင်း” ကြက်ခြေနီအသင်းက ယူဆသည်ဟု ဗြိတိန်သတင်းစာ အပတ်စဉ်ဂါးဒီးယန်က ဆို၏။ “နှစ်ပတ်လည် ကမ္ဘာ့ဘေးအန္တရာယ်များ အစီရင်ခံစာတွင် ကြက်ခြေနီနှင့် လခြမ်းနီတပ်ဖွဲ့များ၏ နိုင်ငံတကာအဖွဲ့ချုပ်က ရေလွှမ်းမိုးမှုများ၊ လေမုန်တိုင်းများ၊ တောင်ကမ်းပါးပြိုကျမှုများနှင့် မိုးခေါင်မှုများတို့သည် ၁၉၉၆ ခုနှစ်မတိုင်မီက တစ်နှစ်လျှင် အကြိမ်ပေါင်း ၂၀၀ ခန့်ဖြစ်ပေါ်ခဲ့ပြီး အနှစ် ၂၀၀၀ တွင် ၃၉၂ ကြိမ်အထိ တဖြည်းဖြည်းတိုးများလာခဲ့သည်ဟု ဆိုသည်။” သဘာဝကပ်ဘေးများ ပို၍ပင်အံ့သြဖွယ်တိုးများလာခြင်းကို စိုးရိမ်လာကာ ကပ်ဘေးကယ်ဆယ်ရေးကော်ပိုရေးရှင်းများ၏ အဖွဲ့ချုပ်ခေါင်းဆောင် ရော်ဂျာ ဘရခ်က “လူသားချင်းစာနာအကျိုးဆောင်ပေးနိုင်ရာ အကန့်အသတ်ရှိသည်; ကျွန်ုပ်တို့ မကူညီပေးနိုင်တော့မှာကို စိုးရိမ်သည်” ဟုပြောခဲ့သည်။ ဂါးဒီးယန်းသတင်းစာ၏အဆိုအရ “လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လူပေါင်း [၂၁၁ သန်း] ၏သုံးပုံနှစ်ပုံကျော်သည် သဘာဝဘေးဒဏ်များမှ ရေလွှမ်းမိုးဘေးကပ်သင့်ခဲ့သည်။ မိုးခေါင်ခြင်းကြောင့် ငါးပုံတစ်ပုံသည် အစာငတ်ကာ သေဆုံးမှုအများဆုံးဖြစ်ပေါ်ပြီး သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူအားလုံး၏ ၄၂ ရာခိုင်နှုန်းခန့်ဖြစ်၏။